← Chapters

ဖိအားပေးခြင်း

Vol. 22 Ch. 317

ဖိအားပေးခြင်း

Vol. 22 Ch. 317

ဟွမ်းသည် ဤနေရာသို့ ရောက်ရှိနေသည့် ကျင့်ကြံသူများကို ဝေ့ဝှိုက်ကြည့်လိုက်၏။ ထိုသူများသည် ဤနယ်မြေ၏ ထိပ်သီးတည်ရှိမှုများ ဖြစ်နိုင်ပေသည်။

“မင်း...ဘယ်နေရာကလာတဲ့ ကျင့်ကြံသူလဲ...”

ရွှမ်းဝူကျန်းသည် ခက်ထန်သည့် လေသံနှင့် မေးလိုက်၏။ သူ၏ လေလံအိမ်တော်ဖျတ်ဆီးခံရခြင်းကြောင့် အလွန်ဒေါသထွက်နေရသည်။

သို့သော် သူသည် အလျှင်စလို မပြုမူသေးချေ။ ရွှမ်းဝူကျိကို အပြင်းအထန်ရိုက်နှက်ထားသူသည် သာမန်ကျင့်ကြံသူ မဖြစ်နိုင်ပေ။

“ရွှမ်းလင်..ဘယ်မှာလဲ..”

ဟွမ်းသည် ပြန်လည်မေးခွန်းထုတ်လိုက်၏။ ယခုကဲ့သို့ အခြေအနေမျိုးမှာပင် သူမ၏ အရိပ်အယောင်ကို မတွေ့ရသေးချေ။ ထိုအရာက သူ၏ သံသရများ ပို၍တိုးပွားလာစေသည်။

အပြန်အလှန် မေးခွန်းများသာ ထုတ်ဖော်နေကြ၏။ သို့သော် ထိုမေးခွန်းများတွင် အဖြေများ ပါဝင်နေလေသည်။

ရွှမ်းဝူကျန်း၏ ခန္ဓာကိုယ်တွင် လျှပ်စီးစွမ်းအင်များ အပြင်းအထန် လည်ပတ်လာသည်။

သူသည် သတ်ဖြတ်ချင်သည့် အကြည့်နှင့် ဟွမ်းကို ကြည့်ကာ ထပ်မံမေးခွန်းထုတ်လိုက်ပြန်သည်။

“မင်းနဲ့ ဘယ်လိုပတ်သက်လဲ..”

“သူမရဲ့ တည်နေရာကို ပြောရင် ခင်ဗျားကို သက်သက်သာသာနဲ့ သေခွင့်ပေးမယ်...”

ဟွမ်း၏ လေသံသည် သာမန်စကား တစ်ခွန်းကို ထုတ်ဖော်ပြောသည့်အလားပင်။ အမူအယာလည်း တည်ငြိမ်နေသည်။ သူ၏ အကြည့်များက ရွှမ်းဝူကျန်းကို စူးစိုက်ထား၏။

ကောင်းကင်ထက်မှ ဂိုဏ်းချုပ်နှစ်ဦးသည် ဟွမ်းကို အသေအချာလေ့လာနေကြ၏။ ဟွမ်း၏ မောက်မာမှုကြောင့် အနည်းငယ် အံအားသင့်သွားရသည်။

“ဟားဟား..”

ရွှမ်းဝူကျန်းသည် ပြက်လုံးတစ်ခုကို ကြားလိုက်ရသည့်အလား ရယ်မောလိုက်၏။ လျှပ်းစီးနယ်မြေတွင် သူ့အား ချိန်းခြောက်နိုင်သူသည် အနည်းငယ်မျှသာရှိသည်။ ထို့အထဲတွင် လူငယ်များ မပါချေ။

သို့သော် တစ်ခဏအတွင်း သူ၏ မျက်နှာသည် ဒေါသအငွေ့အသက်များ လွှမ်းခြုံလာသည်။

သူ့ထံမှ သတ်ဖြတ်လိုသည့် အငွေ့အသက်များသည် ပိုမိုပြင်းထန်လာကာ ထပ်မေးလိုက်၏။

“မင်းက အဲ့ဒီကမ္ဘာငယ်က ကျင့်ကြံသူလား..”

“ကောင်းတယ်...၊ မင်း ကမ္ဘာငယ်မှာပဲရှိနေရင် ငါတို့အတွက် ခက်ခဲနေရဦးမယ်...၊ အခုတော့ မင်းကိုယ်တိုင် အသေခံဖို့ရောက်လာပြီ...”

ရွှမ်းဝူကျန်းသည် ဟွမ်းကို တိုက်ခိုက်တော့မည့် အသွင်ဆောင်၏။

ဟွမ်း၏ မျက်ဝန်းများမှေးကျဉ်းသွားသည်။ ထိုလူပြောသည်များကို နားမလည်သော်လည်း ရွှမ်းလင်သည် တစ်ခုခု ဖြစ်ပျက်သွားဟန်ပင်။

ရွှမ်းဝူကျန်း၏ လက်တွင် လျှပ်စီးများတလျပ်လျပ်နှင့် ပြေးလွှားနေသည့် ဓားတစ်လက်ပေါ်ထွက်လာ၏။

ထို့နောက် ချက်ချင်းဆိုသလို ဟွမ်းကို စတင် တိုက်ခိုက်လိုက်သည်။ သူသည် မြန်ဆန်စွာ ဟွမ်း၏ အနားရောက်ရှိလာ၏။

“သေစမ်း...”

ဟွမ်းသည် မတုန်မလှုပ်ရပ်နေဆဲပင်။ ဖျတ်ဆီးအားကောင်းသည့် လျှပ်စီးလှိုင်းများ ပါဝင်နေသည့် ဓားတစ်လက်သည် သူ၏ လည်တိုင်သို့ ချည်းကပ်လာ၏။

လျှပ်စီးဓားသည် သူ၏ လည်တိုင်ကို ထိစပ်လုနီးနီး အချိန်တွင် သူ၏ ခန္ဓာကိုယ်ကို အနည်းငယ်တိမ်းညွှတ်လိုက်သည်။

ထိုအချိန်တွင် လျှပ်စီးသားသည် ပွတ်ကာသီကာလေး လွဲချော်သွား၏။

ထိုအချိန်တွင် ဟွမ်းသည် ရွှမ်းဝူကျန်း၏ ဝမ်းဗိုက်ကို ဦးတည်ကာ ပြင်းထန်သည့် ကန်ချက်ထုတ်ဖော်လိုက်သည်။

ရွှမ်းဝူကျန်း၏ တုန့်ပြန်ချက်သည် မြန်ဆန်၏။ လျှပ်စီးစွမ်းအင်များ လည်ပတ်ကာ တားဆီးလိုက်သည်။

“ဝုန်း..”

သို့သော် ဟွမ်း၏ ကန်ချက်ကြောင့် သူသည် ဟန်ချက်ပျက်ကာ အကွာအဝေးတစ်ခုသို့ ရောက်ရှိသွားရ၏။

ရွှမ်းဝူကျန်း၏ မျက်ဝန်းများ ပို၍ လေးနက်လာသည်။ ဟွမ်း၏ ကန်ချက်သည် သာမန်ကန်ချက်တစ်ခုသာ ဖြစ်သော်လည်း ၎င်းတွင် ပါဝင်သည့် ခွန်အားသည် ပြင်းထန်၏။

“ဒီကျင့်ကြံသူက မိန်းကလေးရွှမ်းလင်နဲ့ ပတ်သက်နေတဲ့ပုံပဲ..”

ယန်ကျီးဝေ့သည် ဆွေးနွေးဟန်နှင့် တီးတိုးရေရွတ်လိုက်၏။ သူသည် ရွှမ်းဝူကျန်း ကန်ထုတ်ခံလိုက်ရသောကြောင့် အံ့အားသင့်မိသည်။

“စိတ်ဝင်စားစရာပဲ...၊ ရွှမ်းဝူကျိရဲ့ လုပ်ရပ်ကို သူသာ သိသွားရင်တော့ လျှပ်စီးမျိုးနွယ်အတွက် ဘာတွေဖြစ်လာမယ်ထင်လဲ...”

ဟွားရှီးယင်သည် မခို့တရို့ ပြုံးကာ ဆိုလိုက်၏။ သူမ၏ သွယ်လျသည့် လက်နှင့် ထိုအပြုံးအား ဖုံးကွယ်ချင်သယောင်ယောင်...။

“ဂိုဏ်းချုပ်ဟွား...ဘာတွေတွေးနေတာလဲ...”

ယန်ကျီးဝေ့၏ မျက်ဝန်းများသည် အနည်းငယ်မှေးကျဉ်းသွား၏။ ထိုအမျိုးသမီး၏ ချိုသာသည့် အပြုံးအောက်တွင် ဖုံးကွယ်ထားသည့် မိစ္ဆာဆန်သည့် အပြုံးကို ခံစားမိသည်။

“ဂိုဏ်းချုပ်ယန်...၊ ဒီနေ့မှာ လျှပ်စီးမျိုးနွယ်က အပြောင်းအလဲတွေကို ကြေညာခဲ့တယ်မလား...”

ဟွားရှီးယင်သည် လေးနက်သည့် အသွင်သို့ ပြောင်းလဲသွားကာ ဆိုလိုက်၏။ ဤနေ့ ဆွေးနွေးပွဲတွင် လျှပ်စီးမျိုးနွယ်သည် အပြောင်းအလဲအချို့ရှိကြောင်း ဂိုဏ်းများကို အသိပေးထုတ်ဖော်ခဲ့လေသည်။

ထိုအရာသည် လျှပ်စီးမျိုးနွယ်ခေါင်းဆောင်နေရာကို ရွှမ်ဝူကျန်းသည် ရယူလိုက်ခြင်းပင်။ သို့သော် မည်သည့် အကြောင်းအရင်းကြောင့် ဖြစ်သည်ကို အတိအလင်း မကြေညာခဲ့ပေ။

“လွန်ခဲ့တဲ့ နှစ်ပိုင်းလောက်က လျှပ်စီးမျိုးနွယ်အတွင်း ရှုပ်ထွေးခဲ့တာ မျိုးနွယ်ခေါင်းဆောင်နေရာအတွက် ဖြစ်မယ်...”

ယန်ကျီးဝေ့သည် တွေးဆကာဆိုရင်း တစ်စုံတစ်ခုကို တွေးမိသွားသည်။ ထိုဆွေးနွေးပွဲတွင် လျှပ်စီးမျိုးနွယ်ခေါင်းဆောင်နှင့် ရွှမ်းလင်တို့ ရှိမနေချေ။

“ဒါဆိုဖြစ်နိုင်တာက...”

“ဒီလူနဲ့ ပတ်သက်နေရမယ်...”

ဟွားရှီးယင်သည် ယန်ကျီးဝေ့၏ စကားကို ဆက်ပေးလိုက်၏။ သူမ၏ စွဲမက်ဖွယ် ခန္ဓာကိုယ်က စတင် လှုပ်ရှားလာသည်။

“ဂိုဏ်းချုပ်ယန်လည်း စိတ်ဝင်စားမယ်လို့ ထင်မိတယ်...”

“ဂိုဏ်းချုပ်ဟွားက...ဘာလုပ်ဖို့ ကြံစည်နေတာလဲ...”

ယန်ရှီးဝေ့သည် ဟွားရှီးယင်၏ အပြုအမူကို နားမလည်နိုင်သည့် အသွင်နှင့် မေးလိုက်၏။

“ရှုပ်ထွေးမှုကို ဖြေရှင်းပေးရုံသက်သက်ပါ...”

ဟွားရှီးယင်သည် ကောင်းကင်ထက်မှ သတ်ဖြတ်လိုစိတ်များ ပြင်းထန်နေသည့် တည်နေရာသို့ သက်ဆင်းသွား၏။

“သူမက ပိုရှုပ်ထွေးအောင် လုပ်လိမ့်မယ်...”

ယန်ကျီးဝေ့သည် ထိုသို့ ပြောလိုက်သော်လည်း သူ၏ လေသံသည် ပေါ့ပေါ့ပါးပါးပင်။

ထို့နောက် ဟွားရှီးယင်နှင့်အတူ ဟွမ်း၏ အနားတွင် ပေါ်ထွက်လာ၏။ ကျန်းချီချီလည်း တိတ်တဆိတ်နှင့် ချည်းကပ်သွားသည်။ သူမသည် ထိုအကြောင်းအရာများကို သိရှိချင်နေ၏။

ထို့အပြင် ဂိုဏ်းကြီးနှစ်ခု၏ လျှပ်စီးမျိုးနွယ်ပေါ်ထားသည့် သဘောထားကို သိရှိနေသည်။ သူတို့သည် အပြင်ပိုင်းတွင် လျှပ်စီးမျိုးနွယ်ကို နာခံဟန်ရှိသော်လည်း မှန်းဆရ ခက်ခဲသည့် အတွေးများရှိနေကြ၏။

“ဒီက ရောင်းရင်း...၊ ရွှမ်းလင်ကို လာရှာတာလား...”

ဟွားရှီးယင်သည် ညို့ငင်နှိုင်စွမ်းများပါဝင်နေသည့် လေသံနှင့် ဆိုလိုက်၏။ သူမသည် ဟွမ်း၏ အနီးကို ချည်းကပ်နေသည်။

သူမ၏ လျှောက်လှမ်းလာသည့်အသွင်က ပုရိသအမျိုးသားများ၏ နှလုံးသားကို အရည်ပျော်သွားနိုင်သည်အထိ စွဲမက်ဖွယ်ကောင်းလွန်း၏။ မျက်ဝန်းများသည် ဟွမ်းကိုသာ အာရုံစူးစိုက်ထားပြီး စွဲဆောင်ရန် ကြိုးစားနေသည့်အလားပင်။

“ခင်ဗျား...သိလား...”

ဟွမ်းသည် သာမန်ဆန်သည့် လေသံနှင့်သာ မေးလိုက်၏။ သူ၏ အမူအယာသည် တည်ငြိမ်နေဆဲပင်။

ရွှမ်းလင်သည် ကမ္ဘာငယ်မှ ကျင့်ကြံသူများကို အကာအကွယ်ပေးမည်ဟု ကတိပြုခဲ့သော်လည်း ယခုအထိ အရိပ်အယောင်ပင် မတွေ့ရချေ။

ဟွားရှီးယင်သည် ဟွမ်း၏ အပြုအမူကြောင့် အနည်းငယ်စိတ်ပျက်သွား၏။ သူမ၏ စွဲဆောင်မှုသည် သူ့အပေါ် သက်ရောက်ဟန် မရှိသည့်အလားပင်။

သို့သော် သူမသည် လှပစွာပြုံးလိုက်ပြီးနောက် ထင်မြင်ချက်ကို ထုတ်ပြောလိုက်၏။

“ကျွန်မ ခန့်မှန်းချက်ကတော့ အကြီးအကဲ ရွှမ်းဝူကျန်းက ထိန်းသိမ်းထားမှာ စိုးရိမ်မိတယ်...”

“ဂိုဏ်းချုပ်ဟွား...၊ ဒီကိစ္စက မင်းတို့နဲ့ မဆိုင်ဘူး...၊ မလျော်ညီတဲ့ စကားလုံးတွေနဲ့ ငါ့ကို အပုပ်ချဖို့ မကြိုးစားနဲ့...”

ရွှမ်းဝူကျန်းသည် ဟွမ်း၏ အပြုအမူများကပင် ဒေါသထွက်နေရပြီးဖြစ်သည်။ ထို့အပြင် အခွင့်အရေးရပါက ပုန်ကန်ရန်ကြိုးစားနေသည့် ဂိုဏ်းချုပ်များသည် ဝင်ရောက်စွက်ဖက်နေပြီဖြစ်၏။

“ကျုပ်တို့က လျှပ်စီးမျိုးနွယ်ခေါင်းဆောင်က ဖိတ်ကြားတဲ့ ဆွေးနွေးပွဲမို့ တက်ရောက်လာခဲ့တာ...၊ ဒါပေမဲ့ မျိုးနွယ်ခေါင်းဆောင်နဲ့ သူ့ရဲ့ မြေးမလေး ရွှမ်းလင်ကို မတွေ့မိတာကြောင့် စိုးရိမ်စိတ်နဲ့ မေးမိတာပါ...”

ယန်ကျီးဝေ့သည် စိတ်ရှုပ်ထွေးနေသည့် လေသံနှင့် ဆိုလိုက်၏။ သူတို့သည် လျှပ်စီးမျိုးနွယ်ကို ဖိနှိပ်ရန် အခွင့်အရေးပင်။ ထိုအရာမျိုး လက်လွတ်မခံချေ။

“ဂိုဏ်းချုပ်ယန်...၊ ဂိုဏ်းချုပ်ဟွား...၊ ခင်ဗျားတို့က ဒီလူနဲ့ ပူးပေါင်းပြီး လျှပ်စီးမျိုးနွယ်ကို ဖိအားပေးချင်နေတာလား...”

ရွှမ်းဝူကျန်းသည် တင်းမာသည့် လေသံနှင့် မေးလိုက်၏။ ထိုဂိုဏ်းချုပ်များသည် နယ်မြေသခင်များဖြစ်ကြသည်။ သို့သော် သူသည် စိုးရိမ်ဟန် ရချေ။

“အကြီးအကဲချုပ်က အထင်လွဲနေပါပြီ...၊ ကျွန်မတို့က ဒီရောင်းရင်းရဲ့ စိတ်ရှုပ်ထွေးနေတာကို ရှင်းပေးရုံပါ...”

ဟွားရှီးယင်သည် အားတုံ့အားနာလေသံနှင့် ဆိုလိုက်၏။ သို့သော် သူမ၏ အမူအယာသည် အားနာနေဟန်မရှိချေ။

All Chapters