ပူဇော်ပသခြင်း
Vol. 13 Ch. 181
ယွီဟွေးဖေးအဖို့ ဒီစကားကို ပထမဆုံးအကြိမ်ကြားဖူးခြင်းမဟုတ်ပေ။ ထို့ကြောင့် သူက စပ်စုစွာဖြင့် "တကယ်လား၊ အတည်လား" ဟု မေးလိုက်သည်။
နွားခေါင်းနှင့် မြင်းမျက်နှာတို့ကလည်း "ဟုတ်ပါ့မလား" ဟု မေးလိုက်ကြသည်။
တိကျန့်က ပြုံးလျက် "ထားလိုက်ပါတော့၊ ဒီအကြောင်းကို အများကြီးပြောလို့မဖြစ်ဘူး။ နောက်ပိုင်း သူသာ ဒီကိုရောက်လာခဲ့ရင် မင်းတို့ကိုယ်တိုင်သာ မေးကြပေတော့" ဟု ဆိုလေ၏။
ချွေ့ကျွယ်ကမူ "မင်း ခုနကပြောတဲ့ပုံစံက နည်းနည်းတော့ ချဲ့ကားရာကျပေမဲ့ ငါလည်း ကြားဖူးပါတယ်။ ရှေးတုန်းက ဒီလိုလုပ်တဲ့လူတွေ ရှိခဲ့တယ်။ ဖက်ထုပ်ရဲ့ တရုတ်အသံက ရှေးခေတ်ငွေကြေးရဲ့ အသံထွက်နဲ့ ဆင်တူတယ်။ ပြီးတော့ ဖက်ထုပ်ပုံစံက ရွှေတုံးငွေတုံးတွေနဲ့လည်း တူနေပြန်တော့ ပိုက်ဆံကို ကိုယ်စားပြုတဲ့ အဓိပ္ပာယ်အဖြစ် သုံးခဲ့ကြတာပေါ့။ ဖက်ထုပ်ထဲ ပိုက်ဆံထည့်တယ်ဆိုတာက ပိုက်ဆံပေါ် ပိုက်ဆံဆင့်တာပဲ။ ကောင်းတဲ့နိမိတ်လို့တော့ ဆိုရမှာပဲ။ ဒါပေမဲ့ ပိုက်ဆံပါတဲ့ ဖက်ထုပ်စားရင် ချမ်းသာမယ်ဆိုတာကတော့ နည်းနည်းအယူသည်းရာမကျဘူးလား" ဟု ပြောလေသည်။
ယွီဟွေးဖေးက သူ့ကို ခပ်စောင်းစောင်းကြည့်လိုက်သည်။ ခင်ဗျားတို့တစ်အုပ်လုံး ဒီမှာပေါ်လာနေတာတောင် ကျွန်တော့်ကိုလာပြီး အယူသည်းတယ်ပြောနေရသေးတယ်။ ခင်ဗျားတို့ကိုယ်တိုင်က အကြီးမားဆုံးသော အယူသည်းစရာပဲ။
သို့သော် ယွီဟွေးဖေးက ခေါင်းခါကာ "ဒါက အယူသည်းတာမဟုတ်ဘူးဗျ၊ သူ့မှာ ပြောစရာအကြောင်းရင်းရှိတယ်" ဟု ဆို၏။
ချွေ့ကျွယ်က "မင်းအဘိုးပြောတာတော့ မဟုတ်ပြန်ဘူးမလား" ဟု ရယ်သွမ်းသွေးလိုက်သည်။
ယွီဟွေးဖေးက ခေါင်းခါပြန်သည်။ "မဟုတ်ဘူး၊ ကျွန်တော့်အဘွားပြောတာ"
နွားခေါင်းက စိတ်ဝင်တစားဖြင့် "ဒါက ဖက်ထုပ်တစ်လုံးပဲဟာ၊ ဘာများပြောစရာရှိလို့လဲ" ဟု မေးတော့သည်။
ယွီဟွေးဖေးက ရှင်းပြလေသည်။ "အရင်တုန်းကလေ၊ ကျွန်တော်တို့နိုင်ငံက အရမ်း အရမ်းကို ဆင်းရဲခဲ့တယ်။ ဘယ်လောက်တောင် ဆင်းရဲလဲဆိုတော့၊ ဖက်ထုပ်တစ်နပ်စားရဖို့ကို တစ်မိသားစုလုံး တစ်နှစ်ပတ်လုံး အားကုန်စိုက်မှ နှစ်သစ်ကူးမှာ အသားတစ်ဖဲ့လောက်ဝေပြီး ဖက်ထုပ်လုပ်စားနိုင်ကြတာ။ ဒါပေမဲ့ လူကများပြီး ဖက်ထုပ်ကနည်းနေတော့...။ တစ်နှစ်လုံးမှာမှ ဒီတစ်ခါပဲ အသားအဆီမြင်ဖူးရတာဆိုတော့ မိဘတွေက ကလေးတွေကို များများစားစေချင်တာပေါ့။ ဒီတော့ ကလေးတွေကို 'ဒီဖက်ထုပ်ထဲမှာ ပိုက်ဆံပါတယ်၊ စားလို့ရတဲ့သူက နောက်နှစ်မှာ ချမ်းသာပြီး ကံကောင်းမယ်' လို့ ပြောကြတာ"
မြင်းမျက်နှာက "ဒါဆို ကလေးတွေက အသေအလဲစားကြမှာပေါ့၊ လူကြီးတွေကတော့ နည်းနည်းပဲ စားရတော့မှာလား" ဟု မေးလိုက်သည်။
ယွီဟွေးဖေးက ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်... လူကြီးတွေကတော့ နည်းနည်းပဲ စားရတော့တာပေါ့"
စကားဆုံးသည်နှင့် ယွီဟွေးဖေးက ဖက်ထုပ်ပန်းကန်ကို မကာ ထွက်သွားတော့သည်။ ကျန်ရစ်သူများမှာ ကြောင်ငေးနေကြပြီး အတော်ကြာအောင် စဉ်းစားနေပြီးမှ သက်ပြင်းကိုယ်စီချလိုက်ကြသည်။ ထိုအရာသည် လူကြီးများက ကလေးများကို ဖက်ထုပ်ပိုစားစေရန် လိမ်ပြောသည့် နည်းလမ်းတစ်ခုဖြစ်သလို၊ ကလေးများအပေါ်ထားရှိသည့် မေတ္တာပင်ဖြစ်ကြောင်း သူတို့ နားလည်သွားကြလေပြီ။
ယွီဟွေးဖေး ဖက်ထုပ်ပန်းကန်မကာ အပြင်ထွက်လာတော့ တံခါးဝတွင် ကျန်းရန် ရပ်နေသည်ကို တွေ့လိုက်ရသည်။
"ခင်ဗျား... ဘာလာလုပ်တာလဲ"
ကျန်းရန်က "ရေနွေးဆူပြီ၊ လာပြောတာ" ဟု ပြန်ဖြေသည်။
"ဒါဆိုလည်း မြန်မြန်သွားကြစို့”
လမ်းတွင် ကျန်းရန်က "မင်း ခုနကပြောတဲ့စကားတွေက မင်းအဘွားပြောတာလား" ဟု မေးလာသည်။
ယွီဟွေးဖေးက ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်”
"မင်းအဘွားက လူကောင်းတစ်ယောက်ပဲ”
ယွီဟွေးဖေးက ခေါင်းခါလိုက်ပြီး "ကံဆိုးတာက လူကောင်းတွေက အသက်မရှည်တတ်ဘူးဗျာ”
ကျန်းရန်ကမူ ခေါင်းခါကာ "အသက်မရှည်တိုင်း မကောင်းတဲ့ကိစ္စလို့ ဆိုလိုတာမဟုတ်ဘူး။ ဒီလူ့ဘုံလောကကြီးက ငရဲလိုပဲ၊ ထွက်သွားနိုင်တာလည်း ကောင်းတာပါပဲ" ဟု ဆိုလေသည်။
ယွီဟွေးဖေးမှာ သူ့ကို အရူးတစ်ယောက်လို ကြည့်လိုက်ပြီး "ခင်ဗျားပြောတဲ့စကားက အဆင့်မြင့်လွန်းတယ်၊ လက်တွေ့မကျဘူး။ ခင်ဗျားကရော ငါးတွေရဲ့ ပျော်ရွှင်မှုကို ဘယ်လိုလုပ်သိမှာလဲ" ဟု ပြန်ပြောလိုက်သည်။
ထို့နောက် ယွီဟွေးဖေးက မီးဖိုချောင်ထဲဝင်ကာ ဖက်ထုပ်များကို အိုးထဲသို့ လောင်းထည့်လိုက်သည်။ ကျန်းရန်က နောက်ကလိုက်လာပြီး "ငါးတွေရဲ့ ပျော်ရွှင်မှုကိုတော့ ငါမသိဘူး၊ ဒါပေမဲ့ ဘာကကောင်းတယ်၊ ဘာကဆိုးတယ်ဆိုတာကိုတော့ ငါကောင်းကောင်းသိတယ်။ မေးပါရစေ၊ နတ်ဘုရားနဲ့ လူ၊ မင်း ဘယ်ဘက်ကိုရွေးမလဲ" ဟု မေး၏။
ယွီဟွေးဖေးက စဉ်းပင်မစဉ်းစားဘဲ ဖြေလိုက်သည်။ "ကျွန်တော်ကတော့ မိသားစုစုံစုံညီညီပဲ နေချင်တယ်”
ကျန်းရန်မှာ တစ်ဖန် စကားအကျပ်ရိုက်သွားပြန်တော့သည်။
ဖက်ထုပ်များ ကျက်သွားသောအခါ ကြက်သွန်ဖြူထောင်း၊ ပဲငံပြာရည်၊ ကြက်သွန်မြိတ်၊ တို့ဟူး၊ ရှာလကာရည်၊ နှမ်းဆီ၊ ငရုတ်ဆီတို့နှင့်အတူ စားပွဲပေါ်သို့ တင်လိုက်သည်။ အားလုံးက မိမိနှစ်သက်ရာ အချဉ်ရည်ကို ကိုယ်တိုင်ဖျော်စပ်ကြရာ မကြာမီမှာပင် အရသာစုံလင်သော အချဉ်ရည်ပန်းကန်လေးများ စားပွဲပေါ်တွင် နေရာယူသွားသည်။
ထိုအထဲတွင် အထင်ရှားဆုံးမှာ နွားခေါင်းပင်။ ထိုအကောင်က သူစားရမည့်ပမာဏ နည်းသွားမည်စိုးသည့်အလား အရာအားလုံးကို အနည်းငယ်စီလောင်းထည့်ရာ နောက်ဆုံးတွင် အချဉ်ရည်ပန်းကန်လုံးက အချဉ်ရည်အိုးကြီးဖြစ်သွားပြီး လျှံကျမတတ်ပြည့်နေသည့်မြင်ကွင်းကပင် အစားစားချင်စိတ်ကို တိုးပွားစေသည်။
တိကျန့်တစ်ယောက်သာလျှင် အသန့်ရှင်းဆုံးဖြစ်ပြီး သူ့ပန်းကန်ထဲတွင် ဘာမျှမရှိသလောက်ပင်။ ထိုအကောင်က မျက်စိရှေ့မှ အရာအားလုံးသည် အသားများသာဖြစ်ပြီး စားလိုက်လျှင် လူကိုဉာဏ်ထိုင်းစေကာ မိမိ၏တွေးခေါ်မှုကို ထိခိုက်စေနိုင်သည်ဟု အမြဲတစေ ထင်နေလေသည်။
ယွီဟွေးဖေးက "တိကျန့်... မြည်းကြည့်ပါဦး၊ အရသာက တကယ်ကောင်းတာ။ ဟိုမှာ နွားခေါင်းတို့ကိုကြည့် အများကြီးထည့်ထားတာပဲ။ သူတို့ထဲက ဘယ်တစ်ယောက်က စားပြီး ဉာဏ်ထိုင်းသွားလို့လဲ" ဟု ပြောလိုက်သည်။
သို့သော် တိကျန့်က မျက်လုံးစွေကြည့်ကာ ယွီဟွေးဖေးတို့ကို ပြုံးစိစိဖြင့် ကြည့်နေသည်။ ထိုအကြည့်မှာ 'မင်းတို့ထဲက ဘယ်တစ်ယောက်ကရော ဉာဏ်မထိုင်းလို့လဲ' ဟု မေးနေသည့်ဟန်ပင်။ နောက်တစ်ခဏမှာတော့ ထိုကလေးမှာ အားလုံးဝိုင်းပြီး အပြင်သို့ လွှင့်ပစ်ခြင်းခံလိုက်ရတော့သည်။
ယွီဟွေးဖေးက ဘေးမှကျန်းရန်ကို ကြည့်ကာ "ခင်ဗျားလည်း ဘာမှမသုံးဘူးလား" ဟု မေးလိုက်သည်။
ကျန်းရန်က သူ့ရှေ့မှ အချဉ်ရည်များကို ကြည့်ပြီး "မစားဖြစ်တာ နှစ်ပေါင်းများစွာကြာပြီဆိုတော့ ဘယ်လိုအရသာရှိလဲတောင် မေ့နေပြီ။ ဘယ်လိုဖျော်ရမှန်းလည်း မသိတော့ဘူး..." ဟု ဆိုသည်။
ယွီဟွေးဖေးက သူ့အချဉ်ရည်ပန်းကန်ကို တိုက်ရိုက်ကမ်းပေးလိုက်ပြီး "ဒါလေးမြည်းကြည့်... ကျွန်တော်အကြိုက်ဆုံးပဲ။ ဖက်ထုပ်နဲ့တို့စားရင် ရှယ်မွှေးတာပဲ။ ခင်ဗျားကိုပြောရဦးမယ် ကျွန်တော်တို့ဆီက ဖက်ထုပ်က တခြားသူတွေဆီကနဲ့မတူဘူး။ ဒီထဲက ချဉ်ဖတ်က..."
ဤနေရာသို့ရောက်သောအခါ ယွီဟွေးဖေး စကားစပြတ်သွားသည်။ ချဉ်ဖတ်ကို လျိုရှင်းကိုယ်တိုင်တည်ထားခြင်းဖြစ်သည်။ ယခု ချဉ်ဖတ်များစားလို့ရပြီဖြစ်သော်လည်း လူကမူ ဤနေရာတွင် မရှိတော့ပေ။
"အိုး... ဒီဖက်ထုပ် စားလို့ကောင်းလိုက်တာ၊ ကောင်းလိုက်တာ” ဟု နွားခေါင်းက အော်လိုက်သည်။ ထိုအသံက အနေရခက်နေသော အခြေအနေကို ဖြိုခွင်းသွား၏။
ယွီဟွေးဖေးလည်း ပြုံးလိုက်ကာ "စားကြ၊ စားကြ..." ဟု ဆိုလိုက်သည်။
ကျန်းရန်ကလည်း ထပ်မမေးတော့ဘဲ ဖက်ထုပ်တစ်လုံးကို စားကြည့်လိုက်ပြီးနောက် မျက်မှောင်အနည်းငယ်ကြုတ်ကာ ပြုံးလိုက်သည်။ ပြီးသည်နှင့် မည်သူ့ထက်မဆို ပို၍ပင် အားရပါးရ စားတော့သည်။
"ကဲ... ဖက်ထုပ်ချည်းပဲမစားနဲ့၊ အရက်လည်းရှိသေးတယ်! ကျွန်တော်တို့ အရှေ့မြောက်ဒေသမှာ စကားပုံတစ်ခုရှိတယ်၊ အစားထဲမှာ ဖက်ထုပ်အကောင်းဆုံး၊ အပျော်ထဲမှာတော့... အဟမ်း...မှားလို့။ ဖက်ထုပ်နဲ့အရက်၊ သောက်လေရှိလေပဲ၊ ချီးယားစ်” ဟု ယွီဟွေးဖေးက အားရပါးရ အော်လိုက်သည်။
အားလုံးကလည်း ဝိုင်းဝန်းအော်ဟစ်ကြတော့သည်။
အခွင့်အရေးရတုန်း ယွီဟွေးဖေးက လျိုရှင်းထံသို့ နှစ်သစ်ကူးမင်္ဂလာပါဟု စာတစ်စောင်ပို့လိုက်သည်။ တစ်ဖက်မှ မျက်နှာငယ်လေးဖြင့် စတစ်ကာတစ်ခု ပြန်ပို့လာပြီး ဗီဒီယိုအတိုလေးတစ်ခုကို ခိုးရိုက်ကာ ပို့ပေးသည်။ ထိုကောင်မလေးက လသာဆောင်ပေါ်တွင် ရပ်ကာ ပျော်ရွှင်စွာ ပြုံးနေလေသည်။
ယွီဟွေးဖေးက ချက်ချင်းပင် ဗီဒီယိုကောလ်ခေါ်လိုက်ပြီး အိမ်ထဲသို့ လှမ်းအော်သည်။ "လျိုရှင်းလေးနဲ့ ဗီဒီယိုကောလ်ပြောနေတယ်နော်၊ စကားပြောချင်တဲ့သူ မြန်မြန်လာ”
ထိုအခါ သရဲဖြူ၊ သရဲနက်၊ တိကျန့်နှင့် ချွေ့ကျွယ်တို့ ချက်ချင်းခုန်ထလာကြပြီး တစ်ယောက်နှင့်တစ်ယောက် တိုးဝှေ့ကာ ကင်မရာရှေ့သို့ ရောက်အောင်လာကြသည်။ အားလုံးက လျိုရှင်းကို နှုတ်ဆက်ကာ နှစ်သစ်ကူးဆုတောင်းများ ပေးကြလေသည်။ နွားခေါင်းနှင့် မြင်းမျက်နှာတို့လည်း သွားချင်ကြသော်လည်း နောက်ဆုံးတွင် စိတ်ထိန်းလိုက်ကြသည်။
နွားကျောင်းသားကမူ "မိန်းမတစ်ယောက်ကို ဘာများတွယ်တာစရာရှိလို့လဲ" ဟု နှုတ်မှပြောနေသော်လည်း သူ့ခြေထောက်များကမူ မထိန်းနိုင်ဘဲ ရှေ့သို့တိုးသွားပြီး လူအုပ်ကြားထဲတွင် ခေါင်းကြီးထိုးထည့်ကာ "နှစ်သစ်မှာ ပျော်ရွှင်ပါစေ” ဟု အတင်းအကျပ်ခိုင်းစေခံရသည့်ပုံစံဖြင့် အော်ပြောလိုက်သည်။
ရှောင်ထျန်းချန်လည်း မတ်တပ်ထရပ်လိုက်သော်လည်း စကားတော့ မပြောနိုင်ပေ။
တစ်ဖက်မှ လျိုရှင်းမှာမူ အဆက်မပြတ်ပြုံးနေပြီး အားလုံးကို တစ်ယောက်ချင်းစီ နှုတ်ဆက်နေလေသည်။
ထိုစဉ် နွားကျောင်းသားက "မင်းဆီမှာ ဘာလို့ နေ့ခင်းကြီးဖြစ်နေတာလဲ" ဟု မေးလိုက်သည်။
ထိုစကားထွက်လာသည်နှင့် အားလုံးအံ့အားသင့်သွားကြပြီး လျိုရှင်းရှိရာဘက်တွင် အမှန်တကယ်ပင် နေ့အချိန်ဖြစ်နေသည်ကို သတိပြုမိသွားကြသည်။
လျိုရှင်းက ခါးသီးစွာပြုံးလျက် "ကျွန်မ နိုင်ငံခြားမှာ ရောက်နေလို့” ဟု ပြန်ဖြေသည်။
ယွီဟွေးဖေး၏ နှလုံးသားမှာ တစ်ချက်တုန်လှုပ်သွားသည်။ လျိုရှင်းမထွက်သွားခင် လှည့်ကြည့်ခဲ့စဉ်က မျက်ရည်တစ်စကို သူသတိရသွားသည်။ သူမ ထိုစဉ်ကတည်းက နိုင်ငံခြားသွားရမည်ကို သိနေခဲ့သည် ဖြစ်မည်။
ယွီဟွေးဖေးက ပြုံးကာ "နိုင်ငံခြားမှာ ကျောင်းသွားတက်တာလား။ ဘယ်တော့ပြန်လာမှာလဲ" ဟု မေးလိုက်သည်။
လျိုရှင်းက "အနည်းဆုံးတော့ သုံးလေးနှစ်လောက် ကြာမယ်ထင်တယ်..." ဟု ဆိုသည်။
ထိုမျှကြာမည်ဟု ကြားရသောအခါ ယွီဟွေးဖေးမှာ အနည်းငယ် စိတ်ပျက်သွားသည်။ သို့သော် လျိုရှင်းက ရုတ်တရက်တောက်ပစွာပြုံးလိုက်ပြီး "ဒါပေမဲ့ သူတို့သာ ကျွန်မကို စိတ်မချမ်းသာအောင်လုပ်ရင်တော့ ကျောင်းကြိုထွက်လိုက်မှာပေါ့။ မလုပ်ဖူးတာလည်း မဟုတ်ဘူး..." ဟု ဆို၏။
ဤသို့ကြားသောအခါ ယွီဟွေးဖေး ပြုံးမိသွားသည်။
သရဲနက်က အသံကျယ်ကျယ်ဖြင့် "လုပ်မယ်ဆို လုပ်ပစ်လိုက်၊ ကျောင်းထွက်လိုက်” ဟု အော်သည်။ အခြားသူများကလည်း ဝိုင်းပြီး အားပေးကြသည်။ တစ်ခဏအတွင်းမှာပင် ဆူညံပွက်လောရိုက်သွားပြီး ပတ်ဝန်းကျင်က ပြန်လည်စည်ကားလာပြန်သည်။
ထိုအချိန်တွင် လျိုရှင်းဘက်မှ တစ်စုံတစ်ယောက်က သူမကို ခေါ်သဖြင့် အားလုံးကို နှုတ်ဆက်စကားဆိုကာ ဖုန်းချလိုက်ရတော့သည်။
ဖုန်းချပြီးနောက် ယွီဟွေးဖေးက အရက်ပုံးတစ်ပုံးကို မလာပြီး "ဆက်မကြည့်နဲ့တော့၊ အရက်သောက်မယ်” ဟု အော်လိုက်သည်။
"သောက်ကြမယ်ဟေး” လူတစ်စုက ဝိုင်းအော်ကြသည်။
ထိုအချိန်မှာပင် တီဗီထဲမှ နှစ်သစ်ကူး နှစ်သစ်ကြိုဆိုပွဲ၏ နောက်ပြန်ရေတွက်သံ ထွက်ပေါ်လာပြီး 'တစ်' ဟု အော်လိုက်သည်နှင့်... ခြံအပြင်ဘက်တွင် မြေကြီးတုန်ခါလောက်အောင် ဆူညံသွားတော့သည်။
ရှို့လင်လမ်းမတစ်ခုလုံး ပွက်ပွက်ဆူနေပြီး ဗြောက်အိုးဖောက်သံ၊ ဒုံးပျံလွှတ်သံများနှင့် အခြားမီးရှူးမီးပန်းအမျိုးမျိုးတို့ ကောင်းကင်ယံတွင် ပျံဝဲနေကြသည်။ တစ်ချို့က ပျော်ရွှင်စွာ အော်ဟစ်နေကြပြီး တစ်ချို့က ကျယ်လောင်စွာ အော်ဟစ်နေကြသည်။
ယွီဟွေးဖေးမှာ ထိုအခါမှ သတိရကာ "သေစမ်း... ငါတို့ မီးပန်းမဖောက်ရသေးဘူး” ဟု အော်လိုက်သည်။ ထို့နောက် ယွီဟွေးဖေးက အားလုံးကိုခေါ်ကာ အပြင်သို့ ပြေးထွက်သွားပြီး ဗြောက်အိုးတွဲကို နံရံပေါ်မှကျော်ကာ ချိတ်လိုက်ပြီး မီးညှိလိုက်သည်။ နောက်ထပ် ဒုံးပျံအနည်းငယ်ပါ လွှတ်လိုက်သောအခါ နှစ်သစ်ကူး၏ အရသာကို ခံစားလာရတော့သည်။
ယွီဟွေးဖေးက ငွေစက္ကူအချို့ကို ထပ်ယူလာပြီး သင်္ချိုင်းကုန်းပေါ်တွင် မီးရှို့ရန် ပြင်ဆင်လိုက်သည်။ ပုံမှန်အားဖြင့်ဆိုလျှင် ဤအချိန်တွင် သင်္ချိုင်းသို့ သွားစရာမလိုဘဲ မိမိတို့အိမ်ခြံဝင်းထဲတွင် စက်ဝိုင်းတစ်ခုဆွဲကာ မီးရှို့လိုက်ရုံသာဖြစ်သည်။ သို့သော် ယွီဟွေးဖေး၏ နေရာကတော့ မတူပေ။ ပထဝီအနေအထားအရ အားသာချက်ရှိသည် မဟုတ်လော။ သင်္ချိုင်းကုန်းကို စောင့်ကြပ်နေရသူက ခြံထဲမှာပဲ မီးရှို့မည်ဆိုလျှင်တော့ အပျင်းကြီးရာကျပေလိမ့်မည်။
ထိုစဉ် တံခါးခေါက်သံထွက်ပေါ်လာရာ ယွီဟွေးဖေးမှာ အံ့ဩသွားသည်။ ဤကဲ့သို့ ညဉ့်နက်သန်းခေါင်ယံတွင် အိမ်မှာနှစ်သစ်မကူးဘဲ၊ လမ်းပေါ်ထွက်မဆူဘဲ သူ့ဆီသို့ ဘာလာလုပ်ကြသနည်း။
တံခါးဖွင့်လိုက်သောအခါ ကျန်းစန်းရှန်း ဦးဆောင်ကာ အဘိုးကြီးတစ်အုပ်စုကြီးက မိသားစုအလိုက် ရောက်လာကြသည်ကို တွေ့လိုက်ရသည်။ ကလေးတစ်သိုက်က မျက်လုံးပြူးလေးများဖြင့် ယွီဟွေးဖေးကို စပ်စုစွာ ကြည့်နေကြသည်။
ယွီဟွေးဖေးမှာ အနည်းငယ်ကြောင်သွားပြီး "ရွာသူကြီး၊ ခင်ဗျားတို့ ဒါဘာလုပ်ကြတာလဲ" ဟု မေးလိုက်သည်။ ယွီဟွေးဖေးက ဤလူများ လေစိမ်းအနံ့ရပြီး ဂြိုလ်သားလာဖမ်းကြသည်ဟု အလေးအနက် သံသယဝင်နေမိသည်။
ထိုအခါ ကျန်းစန်းရှန်းက လေးနက်သောအသံဖြင့် "ယွီလေး... မင်းက အရင်က ဒီမှာ နှစ်သစ်မကူးဖူးတော့ ရွာရဲ့ဓလေ့တချို့ကို မသိဘူး...။ တို့ရွာမှာ နှစ်သစ်ကူးပြီဆိုရင် သူရဲကောင်းတွေကို ပူဇော်ပသရတယ်။ အချိန်ကျပြီမို့လို့ အားလုံးရောက်လာကြပြီ။ အရင်တုန်းကတော့ မင်းအဘိုးက ဦးဆောင်တာ၊ ဒီနေ့တော့ မင်းဦးဆောင်ရတော့မယ်”
ယွီဟွေးဖေး၏ နှလုံးသားမှာ တစ်ချက်တုန်လှုပ်သွားသည်။ ထိုအခါမှ အားလုံး၏ လက်ထဲတွင် စားစရာများ ကိုင်ဆောင်ထားသည်ကို သူသတိပြုမိသွားသည်။ ဖက်ထုပ်တွေက အများကြီးပင်၊ ကောင်းမွန်သော အရက်များလည်း မနည်းမနော။ ယွီဟွေးဖေးက မော်ထိုင်းအရက်ပုလင်းကိုပင် တွေ့လိုက်ရသည်။ ထို့အပြင် အသားဟင်းအမျိုးမျိုးကိုလည်း ပန်းကန်လုံးကြီးများဖြင့် ထည့်ယူလာကြသည်။ နောက်တွင်မူ တစ်စုံတစ်ယောက်က ဝက်ခေါင်းအကြီးကြီးတစ်လုံးကို ထမ်းလာသည်ကိုပင် တွေ့ရသည်။
"ကောင်းပြီ... ကျွန်တော်ဦးဆောင်မယ်”
ယွီဟွေးဖေးက လှည့်ကာ ရွာသားများကို သင်္ချိုင်းဝင်းထဲသို့ ခေါ်ဆောင်သွားသည်။ ထို့နောက် ဤနေရာတွင် ဆွေမျိုးသားချင်းများရှိသူများက မိမိတို့ဆွေမျိုးများအတွက် ငွေစက္ကူမီးရှို့ကာ ပူဇော်သက္ကာရများ ဆက်သကြသည်။ ဆွေမျိုးမရှိသူများကမူ နောက်ဘက်ရှိ သူရဲကောင်းသင်္ချိုင်းကုန်းသို့ တန်းတန်းမတ်မတ် သွားကြသည်။
ရှို့လင်ရွာတွင် လူမည်မျှရှိသနည်း။ ယွီဟွေးဖေးမသိ...။ သူအမှန်တကယ်မသိပေ။
သို့သော် အိမ်ခြေသုံးရာခန့်တော့ ရှိမည်ဟု သူခန့်မှန်းမိသည်။ အပြင်မှပြောင်းလာသူများနှင့်ပါဆိုလျှင် အိမ်ခြေငါးရာ၊ ခြောက်ရာခန့်တော့ ရှိပေလိမ့်မည်။ တစ်အိမ်လျှင် သုံးယောက်နှုန်းဖြင့် တွက်လျှင်ပင် လူဦးရေ တစ်ထောင်ကျော်ရှိပေမည်။ သို့သော် ပြဿနာမှာ ဤနေရာတွင် အဘိုးအဘွားများကများပြီး လူငယ်များကနည်းပါးခြင်းပင်။ နှစ်သစ်ကူးရောက်သောအခါ လူငယ်များအားလုံး မိသားစုအလိုက် ပြန်လာကြသည်။ ထိုအခါ လူဦးရေက ချက်ချင်းပင် နှစ်ဆတိုးသွားရာလူနှစ်ထောင်၊ သုံးထောင်ခန့်တော့ ရှိပေလိမ့်မည်။
ယွီဟွေးဖေးက ယခင်က ဤနေရာတွင် နှစ်သစ်မကူးဖူးပေ။ အကြောင်းမှာ ထိုစဉ်က သူငယ်သေးပြီး သူ့မိဘများနှင့်အတူ နေရသောကြောင့်ဖြစ်သည်။ အဘိုးဖြစ်သူနှင့် သူ့မိဘများကလည်း အဆင်မပြေကြသဖြင့် နှစ်ဖက်စလုံး ကောင်းမွန်သော နှစ်သစ်ကူးပွဲကို တစ်ခါမျှ အတူတကွ မကျင်းပခဲ့ကြပေ။ ယနေ့တွင်မူ သူ အမြင်ကျယ်သွားပြီဖြစ်သည်။
ရှို့လင်ရွာမှဖြစ်စေ၊ မဖြစ်စေ၊ ဤတစ်ခဏတွင် အားလုံးရောက်ရှိလာကြသည်။ လူသုံးထောင်ဆိုသည့် မြင်ကွင်းက မည်သို့ရှိသနည်း။ တောင်ကုန်းတစ်ခုလုံး လူပင်လယ်ကြီးဖြစ်နေသည့် မြင်ကွင်းပင်။
လူတိုင်းက မီးပုံးမကိုင်ကြဘဲ မီးတုတ်များကိုသာ ကိုင်ဆောင်ထားကြသည်။ မီးတုတ်များက သင်္ချိုင်းတစ်ခုလုံးကို နေ့ခင်းကြောင်တောင်ကဲ့သို့ ထိန်လင်းနေစေသည်။ ရွာခံများသာမက အနီးအနားရွာများမှ လူများပါ ရောက်ရှိလာကြသည်။ ရှို့လင်ရွာ၏ နှစ်သစ်ကူး သူရဲကောင်းပူဇော်ပွဲသည် အလေ့အထတစ်ခုအဖြစ်တည်ရှိနေပြီး ပတ်ဝန်းကျင်ရွာများကိုပါ လွှမ်းမိုးနေသည်မှာ ထင်ရှားလှပေသည်။