← Chapters

သဲလွန်စတောင်းခံခြင်း

Vol. 13 Ch. 187

သဲလွန်စတောင်းခံခြင်း

Vol. 13 Ch. 187

စကားဆုံးသော် ကျောက်စိမ်းဧကရာဇ်က ထရပ်လိုက်ပြီး “ယွီလေး... ဒီကိစ္စအတွက် စိတ်မပူနဲ့။ ငါပြန်ရောက်ရင် ဒီအဘိုးကြီးနဲ့ ရှင်းမယ်။ ယုန်တစ်ကောင်ကြောင့် ငါသူ့ကို မဆုံးမရဲဘူးလို့ တကယ်ထင်နေတာလား” ဟု ဆိုသည်။

ထို့နောက် ကျောက်စိမ်းဧကရာဇ်က အဆောင်တော်တံဆိပ်တစ်ခုကို ထုတ်ယူကာ ယွီဟွေးဖေးထံ ပစ်ပေးလိုက်ပြီး “ဒီတံဆိပ်က ငါနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်တယ်၊ ဒါပေမဲ့ တစ်ခါပဲသုံးလို့ရတာကြောင့် မင်းစဉ်းစားပြီးသုံးပေါ့”

ယွီဟွေးဖေးမှာ ကျောက်စိမ်းဧကရာဇ်က သူ့အား ကောင်းကင်ဘုံသို့ တိုက်ရိုက်အသံလွှင့်နိုင်သည့် ဓားတစ်လက် ပေးလိုက်မှန်း သိလိုက်သည်။ နောင်တွင် တစ်စုံတစ်ယောက်က သူ့ပစ္စည်းများကို ခေါင်းပုံဖြတ်လျှင် သူတိုက်ရိုက် တိုင်ကြားနိုင်ပြီဖြစ်သည်။ ဤကိစ္စသာ ပြန့်သွားလျှင် သူ့ပစ္စည်းများကို မည်သူမျှ ခေါင်းပုံဖြတ်ရဲတော့မည် မဟုတ်ပေ။

ယွီဟွေးဖေးပင်လျှင် မိမိ၏တစ်သက်တာတွင် ကျောက်စိမ်းဧကရာဇ်ထံ တိုင်ကြားမှ ဖြေရှင်းနိုင်မည့် ကိစ္စမျိုး ကြုံတွေ့ရမည်လောဟု သံသယဝင်မိသည်။ ထို့ကြောင့် တစ်ခါသာသုံးနိုင်သော်လည်း လုံလောက်ပေသည်။ ဤပစ္စည်းမှာ အမှန်စင်စစ် ခြိမ်းခြောက်ဟန့်တားသည့် အာနိသင်သာရှိသည်။

ယွီဟွေးဖေးက ကျေးဇူးတင်စကားဆိုပြီးနောက် ကျောက်စိမ်းဧကရာဇ်က အပြင်သို့ထွက်ရန် ပြင်လိုက်သည်။ ကြယ်ဖြူနတ်မင်းမြင်သော် အမြန်လိုက်ပါသွားပြီး ယွီဟွေးဖေးဘေးမှ ဖြတ်သွားစဉ် အသံတိုးတိုးဖြင့် “ကောင်းကောင်းကြိုးစား၊ အမြန်ဆုံး တက်မြန်းပြီး အတူတူလက်ဖက်ရည်သောက်ကြတာပေါ့” ဟု ဆို၏။

ယွီဟွေးဖေးက လက်အုပ်ချီကာ “ကြိုးစားပါ့မယ်...” ဟု ဆိုလိုက်သည်။

ထိုအချိန်မှာပင် ကျောက်စိမ်းဧကရာဇ်က ရုတ်တရက်လှည့်ကာ နွားကျောင်းသားကို ကြည့်လိုက်ပြီး “သားမက်၊ တို့နှစ်ယောက် စကားနည်းနည်းပြောကြမလား” ဟု ပြောသည်။

နွားကျောင်းသားက မျက်လုံးနှစ်လုံးကို လှန်ကာ “ဘာပြောမှာလဲ” ဟု ပြန်မေးရာ ကျောက်စိမ်းဧကရာဇ်က ပါးစပ်ကိုဖြဲကာ ပြုံးလျက် “ရင်ဖွင့်စကားလေးတွေ ပြောကြတာပေါ့” ဟု ဆိုသည်။

နွားကျောင်းသားက နှုတ်ခမ်းမဲ့လိုက်ချိန် ကျောက်စိမ်းဧကရာဇ်က ထပ်ဖြည့်စွက်လိုက်၏။

“ဟိုမိန်းမကြီးကို ဆဲရေးကြတာပေါ့”

နွားကျောင်းသား၏မျက်လုံးများမှာ ချက်ချင်းပင် အရောင်တောက်သွားတော့သည်။ ထို့နောက် ကျောက်စိမ်းဧကရာဇ်က နွားကျောင်းသားကို ဆွဲခေါ်ကာ ထွက်သွားပြီး မကြာမီမှာပင် တောင်ထဲမှ ဟိန်းဟောက်သံများ ထွက်ပေါ်လာတော့သည်။ ယွီဟွေးဖေးတို့မှာမူ နားများကို တိုက်ရိုက်ပိတ်ထားလိုက်ကြ၏။

ထောင့်တစ်နေရာတွင် ထိုင်ချလိုက်ပြီးနောက် ယွီဟွေးဖေးက ကြယ်ဖြူနတ်မင်းကို “ကျောက်စိမ်းဧကရာဇ်က မိဖုရားကြီးအပေါ်မှာ အမြင်မကြည်တာတွေ မနည်းဘူးပဲ” ဟု မေးလိုက်သည်။

ကြယ်ဖြူနတ်မင်းက ခါးသီးစွာပြုံးလျက် “ယောက်ျားမှန်ရင် နားလည်ပါတယ်... မိန်းမတွေဆိုတာ အားနေရင်လည်း အားနေသလိုပဲ လျှောက်တွေးချင်ကြတယ်၊ ဒါမှမဟုတ် အကြောင်းမဲ့အကြောင်းရှာပြီး ကိုယ့်ကို လာချွဲနွဲ့၊ ကိုယ်ကသူတို့ကို ချော့မြူတဲ့ခံစားချက်ကို ခံစားချင်ကြတယ်။ ကိုယ်က မချော့ပြန်ရင်လည်း သူတို့က စိတ်ဆိုးရော... ကိုယ်က တကယ်ချော့လိုက်ပြန်ရင်လည်း ကိုယ်ကအမှားလုပ်ထားတယ်လို့ သူတို့က တကယ်ထင်သွားရော။ အဲ့ဒီ့နောက်ဆက်တွဲကတော့... မင်းနားလည်မှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် မငြိမ်းချမ်းဘူးပေါ့... ဘယ်ယောက်ျားက ကိုယ့်မိန်းမအပေါ်မှာ စိတ်ထဲမှာ အနည်းနဲ့အများ မကျေနပ်ချက်မရှိဘဲနေမလဲ။ ဒါပေမဲ့ တစ်မျိုးပြန်ပြောရရင် အတူတူဒီလောက်နှစ်တွေအကြာကြီး ဖြတ်သန်းလာနိုင်တာက အားသာချက်က အားနည်းချက်ထက်များလို့ပဲ။ မဟုတ်ရင် ဘယ်ယောက်ျားက မိန်းမတစ်ယောက်ကို မရေမတွက်နိုင်တဲ့နှစ်တွေအကြာကြီး သည်းခံနေမှာလဲ။ ပြောင်းပြန်ပြောရရင်လည်း ဘယ်ယောက်ျားက အကျင့်ဆိုးလေးတွေ မရှိဘဲနေမလဲ။ မိန်းမတွေကလည်း သည်းခံနေရတာပဲ၊ အားလုံးက မလွယ်ပါဘူး။ အိမ်တွင်းရေးကိစ္စကို အပြင်လူက ပြောလို့မရှင်းပါဘူး”

ယွီဟွေးဖေး စဉ်းစားကြည့်တော့လည်း ဟုတ်နေတာပဲ။ ပြီးတော့ ကျောက်စိမ်းဧကရာဇ်၏ လေသံအရ ဒေါသထွက်နေသည်ဆိုသော်လည်း စိတ်ရင်းထဲတွင်မူ ချစ်ခင်မြတ်နိုးမှုတစ်မျိုးသာဖြစ်သည်။ ထင်ရှားစွာပင် သူက ရှီဝမ့်မူဧကရီကို ကြောက်ခြင်းမဟုတ်ဘဲ၊ ယောက်ျားတစ်ယောက်၏ နှလုံးသားကြီးအောက်မှ ထူးခြားသော ချစ်ခင်ယုယမှုတစ်မျိုးသာ ဖြစ်ပေလိမ့်မည်။

နောက်ဆုံးတွင် ကျောက်စိမ်းဧကရာဇ်မှာ ထွက်ခွာသွားလေသည်။

တံခါးကြီးပိတ်လိုက်သည်နှင့် အခန်းထဲရှိလူအားလုံးမှာ ဘုန်းကနဲ မြေပေါ်သို့ စုပြုံထိုင်ချလိုက်ကြပြီး အသက်ကိုပြင်းပြင်းရှူကာ နဖူးပေါ်မှ ချွေးစေးများကို သုတ်နေကြရင်း တစ်စုံတစ်ယောက်က တီးတိုးရေရွတ်နေ၏။

“အစ်ကိုနွား... ခင်ဗျားအရင်က ကျောက်စိမ်းဧကရာဇ်အပေါ်ထားတဲ့ သဘောထားက မကောင်းဘူးနော်”

“ငါ့ကိုများပြောနေသေးတယ်။ မင်းသဘောထားက ကောင်းလို့လား။ မြင်းမျက်နှာကြီးက ဆွဲဆန့်ထားတဲ့ ခေါက်ဆွဲပြားကျနေတာပဲ...”

“တော်ပြီ... အားလုံးဘာမှမပြောကြနဲ့တော့။ ငါစကားတစ်ခွန်းပဲမေးမယ်၊ ဒီနေ့ ကျောက်စိမ်းဧကရာဇ်ရဲ့ ဘောင်းဘီကို ဘယ်သူဆွဲချွတ်တာလဲ” ဟု သရဲနက်က မေးလိုက်ရာ အားလုံးက မြင်းမျက်နှာကို စုပြုံကြည့်လိုက်ကြသည်။

မြင်းမျက်နှာက “ခင်ဗျားတို့က သူ့အင်္ကျီကို အရင်ချွတ်တာလေ ဟုတ်တယ်မလား။ နွားခေါင်း... မင်းသူ့ကို ရေထဲပစ်ချတာ”

သရဲဖြူက လျှာကိုဆွဲထုတ်ကာ “ငါမမှားဘူးဆိုရင် ရှောင်ထျန်းချန်လည်း သူ့ကို ထောင်နှစ်သေကွင်း တစ်ချက်ကျွေးလိုက်သေးတယ်” ဟု ဆိုသည်။

ရှောင်ထျန်းချန်၏မျက်နှာမှာ မည်းမှောင်သွားပြီး ချွေးများမိုးကဲ့သို့ ရွာကျလာကာ “လျှောက်မပြောနဲ့၊ မင်းမှတ်မှားတာဖြစ်မှာပါ” ဟု ဆိုပြန်သည်။

ထို့နောက် အားလုံးက ယွီဟွေးဖေးကို ထပ်ကြည့်ကြပြန်သည်။

ယွီဟွေးဖေးက ခါးသီးစွာပြုံးလျက် “ကျွန်တော့်ကို မကြည့်ကြပါနဲ့တော့၊ ကျွန်တော်လုပ်ခဲ့တာတွေက ခင်ဗျားတို့ထက်တောင် ပိုဆိုးတယ်။ ကျွန်တော်ကွာ သူ့ကို ချန်အာက သူ့ရဲ့မယားငယ်လား၊ ရှီဝမ့်မူက မနာလိုဖြစ်လို့ ချန်အာကို ပြည်နှင်ဒဏ်ပေးခဲ့တာလားလို့တောင် မေးခဲ့မိတယ်...”

အားလုံးကြားသော် စကားမပြောနိုင်ဖြစ်သွားကြပြီးနောက် ဟားတိုက်ရယ်မောလိုက်ကြတော့သည်။

…

အားလုံးမှာ နောက်ဆုံးတွင် နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့ကြသူများဖြစ်ပြီး၊ အထူးသဖြင့် နွားခေါင်း၊ မြင်းမျက်နှာတို့ကဲ့သို့သော ငရဲမှနတ်များမှာ ပို၍ပင်ဖြစ်သည်။ သူတို့မှာ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို မြင်တွေ့လေ့ရှိရာ အမှန်တကယ်တွင် ထင်သလောက် သေရမည်ကို မကြောက်ကြပေ။

စကားပြောလိုက်ကြတော့လည်း စိတ်ရှင်းသွားကြသည်။ မနက်ဖြန် သေမလားရှင်မလားကို ဂရုမစိုက်တော့ဘဲ ဒီနေ့ ပျော်ရွှင်ဖို့က အဓိကပဲ။

ထိုအထဲတွင် နွားကျောင်းသား၏ ရယ်သံမှာ အကျယ်လောင်ဆုံးဖြစ်သည်။ ယွီဟွေးဖေးက သူ့ကို ခြေထောက်ဖြင့်တစ်ချက်ကန်လိုက်ပြီး “ဟေ့... နွားကျောင်းသား ယောက္ခထီးနဲ့အတူ ယောက္ခမကို ဆဲရတဲ့ခံစားချက် ဘယ်လိုနေလဲ” ဟု မေးလိုက်သည်။

နွားကျောင်းသားက ပါးစပ်ကိုဖြဲလိုက်ချိန် သူစကားမပြောမီမှာပင် ရှောင်ထျန်းချန်က ဟက်ဟက်ပက်ပက်ရယ်မောကာ “ဒါက ယောက္ခထီးနဲ့အတူတူ ပြည့်တန်ဆာအိမ်သွားတာနဲ့ တူတူပဲမလား” ဟုဆိုရာ အားလုံးမှာ တစ်ချက်ကြောင်သွားကြသည်။

နွားကျောင်းသားက ထိုကောင်ကို ခြေထောက်ဖြင့်တစ်ချက်ကန်လွှတ်လိုက်ပြီး “သွားစမ်း” ဟု အော်လိုက်သည်။

အားလုံးရယ်မောလိုက်ကြပြီးနောက် တိကျန့်ကို စုပြုံကြည့်လိုက်ကြချိန် နွားခေါင်းက လက်ကြီးများကို ပွတ်သပ်ကာ “တိကျန့်လေး၊ မင်းအရင်က တို့တွေနဲ့မရင်းနှီးဘူးလို့ ပြောခဲ့တယ်မဟုတ်လား” ဟု ဆို၏။

မြင်းမျက်နှာက “မကောင်းတဲ့သူနဲ့ပေါင်းရင် မကောင်းတဲ့အစွန်းအထင်းတွေ စွန်းထင်းတတ်တယ်လို့လည်း ပြောခဲ့သေးတယ်ထင်တယ်”

သရဲနက်က “ပြီးတော့ မင်းက ကလေးပဲရှိသေးတယ်၊ ပြောတဲ့စကားတွေက တို့တွေသင်ပေးလို့ပါလို့လည်း ပြောခဲ့သေးတယ်ထင်တယ်”

တိကျန့်မှာ ကိုယ်ကိုကျုံ့ကာ သနားစရာမျက်နှာလေးဖြင့် အားလုံးကိုကြည့်လျက် “အဲ့ဒါ... ကျွန်တော်အရင်က... ဟေ့ဟေ့ဟေ့၊ လက်မပါကြနဲ့နော်... ကယ်ကြပါဦး... ကျောက်စိမ်းဧကရာဇ် ကယ်တော်မူပါ... လူသတ်မှုပါ၊ ကလေးသူငယ်ညှင်းပန်းမှုပါ၊ ကလေးကိုရိုက်နေကြပါတယ်”

ကံဆိုးစွာပင် သူဘယ်လိုပင်အော်ဟစ်နေပါစေ အသုံးမဝင်ပေ။ ယနေ့ညတွင် အားလုံးက တစ်လှည့်စီ ခေါင်းလောင်းကို ခေါက်... မဟုတ်ဘူး၊ ခေါင်းတုံးကို ခေါက်ကြတော့သည်။

နောက်တစ်နေ့တွင် ယွီဟွေးဖေး၏ နဝမဆောင်တံဆိပ်မှာ ပူလောင်လာတော့သည်။ ကောက်ကိုင်ကြည့်လိုက်ရာ အပေါ်တွင် “မင်း တိုင်တောရဲတယ်လား။ မင်းလူမှဟုတ်သေးရဲ့လား။ အား... တင်ပါးနာလိုက်တာ...” ဟု ရေးထားသည်ကို တွေ့လိုက်ရသည်။

ယွီဟွေးဖေးက နှုတ်ခမ်းမဲ့လိုက်ပြီး “ခင်ဗျားဒီစကားကိုပြောတုန်းက မျက်နှာမပူဘူးလား။ ခင်ဗျားအကြွေးတွေ တစ်ပုံတစ်ပင်တင်နေတာထားလိုက်တော့၊ ခင်ဗျားက ကျွန်တော့်လစာကို နောင်နှစ်သုံးသိန်းအထိ ကြိုထုတ်သွားသေးတယ်... ခင်ဗျားလူမှဟုတ်ရဲ့လား။ ဒါလူလုပ်တဲ့အလုပ်လား” ဟု စာပြန်လိုက်သည်။

လူယာက “ငါကမင်းကိုကောင်းစေချင်လို့ပါ၊ ကောင်းကင်ဘုံက လူတစ်ယောက်ကို ကြီးကျယ်တဲ့တာဝန်ပေးတော့မယ်ဆိုရင်...” ဟု ပြန်ဖြေသည်။

“တော်စမ်းပါ၊ ခင်ဗျားကျွန်တော့်ကို ဘာကိစ္စနဲ့ရှာတာလဲ” ဟု ယွီဟွေးဖေးက တိုက်ရိုက်မေးလိုက်သည်။ သူသိသည်၊ လူယာဆိုတဲ့ကောင်က အကြောင်းမရှိဘဲ သူ့ကိုမရှာပေ။ ပြီးတော့ ဒီကောင်က လစာကိုကြိုထုတ်ထားတော့ ကျောက်စိမ်းဧကရာဇ် သူ့ကိုပြဿနာရှာမှာကိုလည်း မကြောက်လောက်။ ပြီးတော့ ကျောက်စိမ်းဧကရာဇ်၏စကားမှတစ်ဆင့် ယွီဟွေးဖေးမှာ အနည်းငယ်သဘောပေါက်လာသည်။

ဒီလူ့ပြည်က တကယ်ပဲ ဘယ်သူမှမအုပ်ချုပ်တဲ့နေရာတစ်ခုပဲ။ လောကပေါင်းစုံရဲ့ဘုရင် ကျောက်စိမ်းဧကရာဇ်တောင်မှ ဝင်စွက်ဖက်ဖို့မလွယ်ဘူး။

ဒါကြောင့် ယွီဟွေးဖေးက လူယာကိုမကြောက်ဘဲ တိုက်ရိုက်ဆဲရေးလိုက်သည်။

လူယာက “ဟေ့... ငါကမင်းကို သတင်းပေးမလို့ပါ။ မင်းဒီလိုပြောတော့ ငါမပြောတော့ဘူး... ဒါပေမဲ့ နောက်ပိုင်းပြဿနာကြုံလာရင် ငါမင်းကိုသတိမပေးခဲ့ဘူးလို့တော့ မပြောနဲ့နော်”

ယွီဟွေးဖေးကြားသော် စိတ်ထဲတစ်ချက်တုန်လှုပ်သွားပြီး “ဟေ့... ဟေ့... အဘိုးကြီးလူယာ၊ စိတ်မဆိုးပါနဲ့။ ခင်ဗျားလိုလူကြီးလူကောင်းက ကျွန်တော့်လိုလူငယ်လေးရဲ့အပြစ်ကို ခွင့်လွှတ်ပါ၊ ပြောပြပါဦး၊ ဘာအခြေအနေလဲ” ဟု မေးလိုက်သည်။

လူယာက ဟက်ဟက်ပက်ပက်ရယ်မောကာ “ချော့မော့တဲ့စကားလေးတွေ ပြောပြစမ်း” ဟု ဆိုသည်။

ယွီဟွေးဖေးက ခဏစဉ်းစားပြီး “ကိုယ်တော်အဘိုးကြီးက အသက်ကြီးပေမဲ့ စိတ်ကမအိုသေးဘူး၊ ငှက်ကြီးက ကောင်းကင်ကိုထိုးဖောက်နေသလိုပဲ...”

“တော်ပြီ တော်ပြီ... မင်းပါးစပ်ပိတ်ထားလိုက်တော့” ဟု လူယာ့က အမြန်တားလိုက်သည်။

ထို့နောက် လူယာ့က “ငါလည်းဖုံးကွယ်မနေတော့ဘူး။ အဲ့ဒါ... မင်းမှတ်မိသေးလား၊ အရင်ကငါမင်းကိုသတိပေးခဲ့တယ်၊ မင်းရဲ့ဌာနထဲမှာ အကျဉ်းသားတစ်ယောက်ရှိသေးတယ်ဆိုတာ” ဟု ဆိုသည်။

ယွီဟွေးဖေးမှာ တစ်ချက်ကြောင်သွားသည်။ “ကျွန်တော်သိပါတယ်... မျက်ပြူးကြီးမဟုတ်လား”

“သူက ဘာအကျဉ်းသားဖြစ်ရမှာလဲ၊ သူကဘူးခွံတစ်ခုပဲ။ သူ့ကိုကျွေးမွေးရတာ ပိုက်ဆံမကုန်ရင် ငါခေါ်သွားတာကြာပြီ”

ယွီဟွေးဖေးမှာ စကားမပြောနိုင်ဖြစ်သွားသည်။ နတ်များချီးမြှောက်ခံရသောစစ်ပွဲအတွင်း လူယာက ဘူးခွံကိုပေးလိုက်ပြီး နောက်ပိုင်းတွင် သူ့လက်ထဲပြန်ရောက်လာသည်မှာ အံ့ဩစရာမရှိတော့ပေ။ ဘူးခွံက အလွန်တန်ခိုးကြီးပြီး သူ့မျက်နှာကြောင့် ပြန်ပေးရခြင်းမဟုတ်ဘဲ၊ တစ်ဖက်က ကျွေးမွေးမနိုင်သောကြောင့်ဖြစ်နေပါတကား။

သို့သော် ချက်ချင်းပင် ယွီဟွေးဖေး၏ဦးခေါင်းကို ထုံကျင်သွားစေသော ပြဿနာတစ်ခုကို စဉ်းစားမိလိုက်သည်။

“ခင်ဗျားဆိုလိုတာက ကျွန်တော့်ဒီမှာ ကျွန်တော်တစ်ခါမှမတွေ့ဖူးတဲ့ အလုပ်ကြမ်းသမားတစ်ယောက် ရှိနေသေးတယ်ဆိုတဲ့သဘောလား”

“မင်းဖြေတာမှန်တဲ့အတွက် ဂုဏ်ယူပါတယ်”

ယွီဟွေးဖေး၏စိတ်ထဲတွင် အေးစက်သွားသည်။ ဤမျှကြာအောင် နဝမဆောင်၏ အတွင်းအပြင်ကို သူကြည့်ရှုပြီးသားဖြစ်သည်။ အခြားသက်ရှိတစ်ကောင်တစ်လေမျှ မတွေ့ခဲ့ပေ။ ထိုအလုပ်ကြမ်းသမားက သက်ရှိမဟုတ်ဘူးလား။

“သက်ရှိပဲ၊ ဒါပေမဲ့ အဲ့ဒီ့ပစ္စည်းက အရမ်းထူးဆန်းတယ်၊ မင်းရတနာကျပိုက်ဆံပြားအကြောင်း ကြားဖူးလား”

ယွီဟွေးဖေးက မျက်လုံးကိုမှေးလိုက်ပြီး “ကြားဖူးတယ်” ဟု ဆိုသည်။

“အဲ့ဒီ့ပစ္စည်းက သက်မဲ့မဟုတ်ဘူး၊ သက်ရှိပဲ။ အဲ့ဒါမင်းရဲ့ ပထမဆုံးအလုပ်ကြမ်းသမားပဲ”

ယွီဟွေးဖေးမှာ ကြောင်ငေးသွားသည်။ “ဘာအခြေအနေလဲ။ ဆိုတော့ ကျွန်တော့်ရဲ့ ပထမဆုံးအလုပ်ကြမ်းသမားက ပိုက်ဆံပြားတစ်ပြားပေါ့။ မဟုတ်သေးဘူး... ဒီပစ္စည်းက ဘယ်လိုလုပ်ဆင်းလာတာလဲ။ ကျိုးကြောင်းဆီလျော်စွာပြောရရင် သူကဖျက်ဆီးအားမရှိလောက်ဘူးမလား”

လူယာ့က ဟက်ဟက်ပက်ပက်ရယ်မောသည်။ “ဖျက်ဆီးအားမရှိဘူးလား။ အရင်က ရှီဝမ့်မူဧကရီရဲ့ရထားတန်း ကူလွန်တောင်ကထွက်လာတုန်းက ဒီကောင်ကို ယုန်တစ်ကောင်က ပစ်လွှတ်လိုက်တာ ရထားတန်းထဲကို တန်းဝင်သွားတယ်၊ မင်းဘယ်လိုထင်လဲ”

ယွီဟွေးဖေးမှာ ဘာမှမခံစားရ။ “ဆိုတော့ ရှီဝမ့်မူဧကရီကို တိုက်ခိုက်မိတာပေါ့။ ဒါဆို... တကယ်ပဲ နည်းနည်းတော့ ပြဿနာရှိတယ်”

ယွီဟွေးဖေးမှာ ထိုယုန်ကို စိတ်ဝင်စားသွားသည်။ ဒီကောင်က ဘယ်နေရာမှာမဆို ပါတာပဲ။

ရှီဝမ့်မူဧကရီနှင့် မိဖုရားကြီးမှာ တစ်ယောက်တည်းမဟုတ်ကြောင်း ယွီဟွေးဖေးအနည်းငယ်သိထားသည်။

မိဖုရားကြီးမှာ ကျောက်စိမ်းဧကရာဇ်၏ ဇနီးဖြစ်ပြီး၊ ရှီဝမ့်မူဧကရီမှာမူ ကောင်းကင်ဘုံမှ နတ်သမီးအားလုံး၏ အကြီးအကဲဖြစ်ကာ၊ ယောက်ျားနတ်များ၏ အကြီးအကဲဖြစ်သော အရှေ့ဘုရင်မင်းမြတ်နှင့် တန်းတူဖြစ်သည်။

ထိုနှစ်ပါးမှာ ဇာစ်မြစ်ကြီးမားပြီး နေရာလည်းအလွန်မြင့်မားကာ၊ ကျောက်စိမ်းဧကရာဇ် ကောင်းကင်ဘုံသို့မတက်မီကပင် ကမ္ဘာမြေ၏ အရှင်သခင်များဖြစ်ခဲ့ကြသည်။

ထိုနှစ်ပါးမှာ ကျောက်စိမ်းဧကရာဇ်ထက်ပင် မျိုးဆက်ပိုမြင့်သည်။

သို့သော် ကျောက်စိမ်းဧကရာဇ်မှာ နောက်ဆုံးတွင် သာသနာသုံးရပ်၏ အင်အားကိုစုစည်းပြီး သူတော်စင်များကိုယ်တိုင် အသိအမှတ်ပြုထားသော လောကပေါင်းစုံ၏ ဧကရာဇ်ဖြစ်သည်။ သူ့ရှေ့တွင် ဘယ်သူပဲဖြစ်ဖြစ် တစ်ဆင့်နိမ့်ကျရသည်။

ဒါက ကောင်းကင်နှင့်မြေကြီး၏ တရားဝင်အုပ်စိုးသူ၏ အစွမ်းဖြစ်သည်။ သို့သော်လည်း ကျောက်စိမ်းဧကရာဇ်မှာ ရှီဝမ့်မူဧကရီ၊ အရှေ့ဘုရင်မင်းမြတ်တို့ကဲ့သို့သော ပုဂ္ဂိုလ်များကို အလွယ်တကူ မထိပါးရဲဘဲ လုံလောက်သောလေးစားမှုကို ပေးရသည်။

ထို့ကြောင့် ရှီဝမ့်မူဧကရီကို တိုက်ခိုက်မိခြင်းမှာ ကျောက်စိမ်းဧကရာဇ်ကို တိုက်ခိုက်မိသည်နှင့် များစွာမကွာ... ပြည်နှင်ဒဏ်ပေးခံရခြင်းမှာလည်း အံ့ဩစရာမရှိပေ။

“မင်းသိထားရမှာက သူက ရတနာကျပိုက်ဆံပြားဖြစ်ပြီး၊ ဟိုနတ်သမီးတွေဝတ်ထားတဲ့အရာတွေက ဘယ်ဟာမဆို ရတနာနဲ့လုပ်ထားတာ”

ယွီဟွေးဖေး၏စိတ်ထဲတွင် တစ်ချက်တုန်လှုပ်သွားပြီး ဦးနှောက်ထဲတွင် ရုပ်ပုံကားချပ်တစ်ခု ချက်ချင်းပေါ်လာသည်။ ရွှေဒင်္ဂါးပြားတစ်ပြားက လှလှပပနတ်သမီးအုပ်စုထဲသို့ ပြေးဝင်သွားပြီး၊ အစမှအဆုံးတိုင် ပြေးလွှားသွားရာ အော်ဟစ်သံများသာကျန်ရစ်ပြီး အဝတ်အစားများ ကောင်းကင်တွင် လွင့်ကျနေတော့သည်။

ယွီဟွေးဖေး၏မျက်လုံးများမှာ ချက်ချင်းပင် နီရဲသွားပြီး မသိစိတ်ဖြင့် “ကျွန်တော်ကို ပြောမပြနိုင်ဘူးလား” ဟု တစ်ခွန်းမေးလိုက်သည်။

“သွားစမ်း... မင်းသေချင်နေပေမဲ့ ငါမသေချင်သေးဘူး”

ယွီဟွေးဖေးက “ဒီညီအစ်ကို တော်တော်စွမ်းတာပဲ... စကားမစပ်မေးရဦးမယ်၊ အဲ့ဒီ့ရှီဝမ့်မူဧကရီ အဲ့ဒီ့တုန်းက မိသွားသေးလား”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ရှီဝမ့်မူဧကရီက တန်ခိုးကြီးမားလှတာ၊ ဒီလိုပစ္စည်းလေးနဲ့ ဘယ်လိုလုပ်အငိုက်မိနိုင်မှာလဲ။ ဒါပေမဲ့ ဒီကောင်ကတော့ ဘေးဒုက္ခကြီးဆိုက်ရောက်သွားပြီး အောက်ကိုပစ်ချခံလိုက်ရတာ...”

ယွီဟွေးဖေးက နားမလည်။ “ဒီပစ္စည်းက ဒီလောက်ဒုက္ခကြီးပေးတာကို ဒီဆီကိုပစ်ချလိုက်ရုံပဲလား။ ကျိုးကြောင်းဆီလျော်စွာဆိုရင် ကွပ်မျက်သင့်တာမဟုတ်ဘူးလား”

All Chapters