နောက်ဆုံးတော့ တန်ခိုးရပြီ
Vol. 13 Ch. 188
“သူ့ကိုယ်ပေါ်မှာ ဘယ်လိုပြောရမလဲ။ အရင်က နတ်တွေချီးမြှောက်တုန်းက ချီးမြှောက်မခံခဲ့ရဘူး၊ အကျိုးကျေးဇူးလည်းမရှိဘူး။ ကောင်းကင်ဘုံက သူ့အပေါ်အကြွေးတင်နေတော့၊ ဘေးဒုက္ခကြီးကျူးလွန်ခဲ့ပေမဲ့ တိုက်ရိုက်အရေးယူဖို့မကောင်းဘူး။ ပြီးတော့ ဒီကိစ္စက သူ့အမှားမဟုတ်ဘူး၊ ဟိုယုန်က ပစ်လိုက်တာ... ဒါကြောင့် သူ့အပြစ်က မကြီးဘူး။ ဒါပေမဲ့ မင်းလည်းသိမှာပါ။ မိန်းမတွေကို အမျက်ထွက်အောင်လုပ်မိရင်၊ ပြီးတော့ မိန်းမတွေထဲမှာ ခေါင်းဆောင်ကိုမှ သွားလုပ်မိရင်... အဲ့ဒီ့နောက်ဆက်တွဲကတော့ ငါမပြောပြဘဲသိမှာပါ”
ယွီဟွေးဖေးက မေးစေ့ကိုပွတ်သပ်ကာ “နားလည်ပြီ၊ ဒါပေမဲ့ ဟိုယုန်က ဘာကောင်ကြီးလဲ။ ဒီလောက်ကြီးတဲ့ကိစ္စကြီးလုပ်ခဲ့တာတောင် သူက ရှီဝမ့်မူဧကရီ ပြုတ်စားတာမခံရဘူးလား”
“အဲ့ဒီ့ကောင်စုတ်အကြောင်း မပြောကြနဲ့တော့... အဲ့ဒီ့ကောင်စုတ်အကြောင်းပြောရင် ငါစိတ်မသက်မသာဖြစ်တယ်။ အတိုချုပ်ပြောရရင်တော့ ကိစ္စကဒီလိုပဲ၊ အဲ့ဒီ့ရတနာကျပိုက်ဆံပြား ဆင်းလာပြီးတော့... ဟေ့... ဟေ့ ယုန်မသား... ငါမင်းကိုပြောနေတာမဟုတ်ဘူး။ မင်းမရိုက်နဲ့... ဟေ့၊ ဘောင်းဘီ၊ ဘောင်းဘီ... ငါ့ခါးပတ်ကြိုးပြန်ပေး...”
ထို့နောက် လူယာဆီမှ အသံတိတ်သွားတော့သည်။ ယွီဟွေးဖေးက ခဏစောင့်ကြည့်ပြီးနောက် အကြိမ်အနည်းငယ်ထပ်မေးကြည့်သော်လည်း တစ်ဖက်မှ အသံမကြားရတော့ပေ။ မတတ်နိုင်သည့်အဆုံးတွင် ယွီဟွေးဖေးမှာ တံဆိပ်ကို သိမ်းဆည်းလိုက်ရတော့သည်။ ထို့နောက် သူက ထိုရတနာကျပိုက်ဆံပြား ဘယ်မှာရှိနေမလဲဟု စဉ်းစားနေတော့၏။
ယွီဟွေးဖေးက ဤကိစ္စကို ချွေ့ကျွယ်တို့အား ပြောပြရာ၊ အားလုံးက ဤနေရာတွင် ညီအစ်ကိုတစ်ယောက်ရှိနေသေးကြောင်း ကြားသိသွားကြသည်။ ပြီးတော့ ဒီကောင်က အရင်က အဲ့ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ကိစ္စကြီးကို လုပ်ခဲ့ဖူးတယ်ဆိုတော့ တစ်ယောက်ချင်းစီ၏ မျက်လုံးများမှာ အရောင်တောက်လာကြပြီး လူလွတ်တစ်သိုက်၊ အဘိုးကြီးတစ်သိုက်၊ အရူးအနှမ်းတစ်သိုက်တို့က အိမ်ကိုလှန်လှောကာ အသည်းအသန်ရှာဖွေကြတော့သည်။
ရှာဖွေနေရင်း တစ်စုံတစ်ယောက်က တီးတိုးရေရွတ်နေသည်။ “ညီအစ်ကို ထွက်ခဲ့ပါ၊ တောင်းဆိုပါတယ်...”
“ညီအစ်ကို၊ မှတ်ဉာဏ်ထဲက အပိုင်းအစလေးတွေကို လူသိရှင်ကြားပြသပေးပါလား”
…
ယွီဟွေးဖေးမှာ ဤစကားများကိုကြားရင်း နဖူးပေါ်တွင် ဒေါသသွေးကြောများ ထောင်ထလာသည်။ ဒီကောင်တွေ ဒီလောက်စိတ်အားထက်သန်နေတာ အကြောင်းရှိသားပဲ၊ အားလုံးက ဒီကိစ္စကို စိတ်ဝင်စားနေကြတာကိုး။
အရာရာတွင် ခြွင်းချက်ရှိစမြဲ။ ဥပမာအားဖြင့် နွားကျောင်းသားက “ညီအစ်ကို ထွက်ခဲ့၊ နောက်မှ ပူးပေါင်းပြီး ရှီဝမ့်မူဧကရီကိုလည်း ရှင်းလိုက်ကြရင် ဘယ်လိုနေမလဲ” ဟု ဆိုသည်။
ယွီဟွေးဖေး၏နဖူးပေါ်တွင် ချွေးများစီးကျလာသည်။ ဒီကောင်က တကယ်ပဲ ဇွဲမလျှော့တတ်ဘူးပဲ။
ရှောင်ထျန်းချန်ကမူ အခြားစကားတစ်ခွန်းကို ဆိုသည်။ “ညီအစ်ကို၊ ထွက်ခဲ့ပါ၊ ငါမိန်းမတွေကို စိတ်မဝင်စားဘူး။ ဒါပေမဲ့ အရင်တစ်ခေါက်က ခွေးမလေးတစ်ကောင်တွေ့ခဲ့တယ်၊ မင်းငါ့ကိုကူပြီး သူ့ကိုလည်း ကျအောင်လုပ်ပေးပါလား”
ယွီဟွေးဖေးက ထိုကောင်ကို ခြေထောက်ဖြင့်တစ်ချက်ကန်လိုက်တော့သည်။
လူအားလုံးထဲတွင် ချွေ့ကျွယ်နှင့် တိကျန့်တို့သာလျှင် ပုံမှန်အတိုင်း ပြုမူကြသည်။
ချွေ့ကျွယ်မှာ စိတ်နှလုံးအေးချမ်းတည်ငြိမ်ပြီး ထိုသို့သော မကောင်းသောအတွေးများ မရှိပေ။
တိကျန့်မှာမူ မိန်းမများကို ကင်းမြီးကောက်ကဲ့သို့ သဘောထားပြီး ရှောင်ရှားနေသူဖြစ်ရာ၊ အများကြီးစဉ်းစားမည်မဟုတ်ပေ။
ကံဆိုးစွာပင် အားလုံးစုပေါင်းရှာဖွေကြသော်လည်း တစ်နေ့လုံးရှာဖွေပြီးနောက်တွင် ထိုဒဏ္ဍာရီလာ ရတနာကျပိုက်ဆံပြားကို မတွေ့ရှိခဲ့ကြပေ။ ဒင်္ဂါးပြားတစ်ပြားပင် မတွေ့ရှိခဲ့။ မတတ်နိုင်သည့်အဆုံးတွင် အားလုံးမှာ ယာယီအားဖြင့် လက်လျှော့လိုက်ကြရတော့သည်။
ယွီဟွေးဖေးမှာ နဝမဆောင်တံဆိပ်ကို ပိုက်ထားပြီး အားသည့်အခါတိုင်း လူယာထံ စာတိုလေးများ ပို့နေသည်။ ကံဆိုးစွာပင် လူယာ့မှာ ဘာကြုံတွေ့နေရသည်မသိ၊ ဘာပဲဖြစ်ဖြစ် အဆက်အသွယ်မရပေ။
ရှောင်ထျန်းချန်က ခေါင်းမော့ကာ ယွီဟွေးဖေးကိုကြည့်ပြီး ဟဲဟဲရယ်မောလျက် “မကြည့်နဲ့တော့၊ ဟိုကောင်က ဟိုယုန်ရဲ့ ပစ်မှတ်ဖြစ်သွားပြီ၊ အခွံမခွာခံရရင်တောင် ကောင်းမှာမဟုတ်ဘူး”
ယွီဟွေးဖေးမှာ နားမလည်တော့ပေ။ “ဟိုယုန်က တကယ်တော့... ထားလိုက်ပါတော့၊ ခင်ဗျားတို့ပုံစံကြည့်ရတာ ပြောမှာလည်းမဟုတ်ဘူး”
ညရောက်သော် ယွီဟွေးဖေးမှာ အိပ်မပျော်နိုင်ဖြစ်နေ၏။ အဓိကအားဖြင့် စိတ်ထဲတွင် ကိစ္စရှိနေသောကြောင့်ဖြစ်သည်။
အရင်က လူယာပြောခဲ့သည်။ သူသာမပြောလျှင် ယွီဟွေးဖေးမှာ ဤပထမဆုံးအကျဉ်းသားကြောင့် ပြဿနာတက်နိုင်သည်ဟု ဆိုသည်။ ထို့ကြောင့် ယွီဟွေးဖေးမှာ အမှန်တကယ်ပင် ထိုင်မရထမရဖြစ်နေတော့၏။
အိပ်မပျော်သည့်အတွက် ယွီဟွေးဖေးမှာ ထထိုင်လိုက်ပြီး ခြံထဲတွင် အရက်တစ်ပုလင်းယူကာ ထိုင်သောက်နေတော့သည်။
မျက်ပြူးကြီးလည်း ရောက်လာပြီး ထိုကောင်က ပန်းကန်တစ်လုံးယူကာ မျက်လုံးပေါ်သို့ တိုက်ရိုက်လောင်းချနေသည်။ ယွီဟွေးဖေးက မျက်ပြူးကြီးကိုကြည့်ကာ မျက်လုံးများအရောင်တောက်လာသည်။
“ဟေ့... မင်းပထမဆုံးအကျဉ်းသား ဘယ်မှာရှိလဲသိလား။ ရတနာကျပိုက်ဆံပြားလေ”
“မသိဘူး... ငါလာတုန်းက လူယာဒီမှာရှိနေတာကြာပြီ။ ဒါပေမဲ့ ငါလည်း ဟိုပထမဆုံးအကျဥ်းသားဆိုတာကို မမြင်ဖူးဘူး... ငါပြောတာနားထောင်၊ လူယာဆိုတဲ့ အဘိုးကြီးက လိမ်ညာတတ်တဲ့ကောင်၊ လူယုတ်မာပဲ။ သူပြောတဲ့စကားကို အကုန်မယုံနဲ့။ သူကမင်းတိုင်တောတဲ့ကိစ္စကို လက်စားချေချင်လို့ တမင်တကာ နှစ်ခွဖြစ်အောင်ပြောပြီး မင်းကို စိတ်အနှောင့်အယှက်ပေးနေတာဖြစ်နိုင်တယ်။ ဒီလောက်ရက်တွေကြာတာတောင် ဘာမှမဖြစ်ဘဲ၊ မင်းက ဘာကြောက်နေတာလဲ”
ယွီဟွေးဖေး စဉ်းစားကြည့်တော့လည်း ဟုတ်နေတာပဲ။ မျက်လုံးကြီးက လူယာနောက်လိုက်နေတာ နှစ်တွေအကြာကြီးရှိပြီ၊ လူယာရဲ့အကျင့်စရိုက်ကို အလွန်နားလည်သည်။ သူဒီလိုပြောတော့ အမှန်ဖြစ်ဖို့များသည်။
ယွီဟွေးဖေး စိတ်သက်သာရာရသွားပြီးနောက် တစ်ကိုယ်လုံး ပို၍သက်တောင့်သက်သာဖြစ်လာ၍ အရက်ပုလင်းကိုချကာ အခန်းထဲပြန်၍ ကျင့်ကြံတော့သည်။
နောက်တစ်နေ့တွင် တံခါးထပ်မံခေါက်သံကြားရသည်။ ဖွင့်ကြည့်လိုက်ရာ ကြယ်ဖြူနတ်မင်း ထပ်မံရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။
ဤအဘိုးကြီးမှာ အစဉ်အမြဲ ဖော်ရွေသောမျက်နှာထားဖြင့် ကြည့်ရသည်မှာ နှစ်လိုဖွယ်ကောင်းလှသည်။
တွေ့တွေ့ချင်းမှာပင် ကြယ်ဖြူနတ်မင်းက လက်အုပ်ချီကာ ပြုံးလျက် “သူဌေးယွီ၊ ဂုဏ်ယူပါတယ်” ဟု ဆိုသည်။
ယွီဟွေးဖေးမှာ ကြောင်ငေးသွားပြီး “ဘာအခြေအနေလဲ။ ဘာဂုဏ်ယူတာလဲ” ဟု ဆိုသည်။
ကြယ်ဖြူနတ်မင်းက “ခင်ဗျားဒီဘက်က အခြေအနေနဲ့ပတ်သက်ပြီး ကျောက်စိမ်းဧကရာဇ်က အသစ်ပြန်လည်ဆုံးဖြတ်ချက်ချထားပါတယ်။ လူယာဘက်ကကိစ္စကို ပြန်လိုက်တောင်းမယ်၊ ခင်ဗျားဒီဘက်ကတော့ လစာကို အပိုဆောင်းထုတ်ပေးသွားမှာပါ...”
ယွီဟွေးဖေးကြားသော် မျက်လုံးများချက်ချင်းအရောင်တောက်လာပြီး ကပ်သွားကာ “ဒါဆို လစဉ်ဘယ်နေ့ထုတ်ပေးမှာလဲ” ဟု မေးလိုက်သည်။
ကြယ်ဖြူနတ်မင်းက ပြုံးလျက် “ခင်ဗျားမလောပါနဲ့၊ နတ်ဘုရားတွေကတော့ နတ်ဘုရားတွေရဲ့ ပြက္ခဒိန်အတိုင်းသွားမှာပေါ့”
ဤစကားကိုကြားသော် ယွီဟွေးဖေးမှာ ရုတ်တရက် နိမိတ်မကောင်းသလို ခံစားလိုက်ရသည်။
“ကောင်းကင်တစ်ရက် မြေကြီးတစ်နှစ်ဆိုသလိုပဲ၊ ရက်သုံးဆယ်ကို တစ်လ၊ တွက်ချက်ကြည့်ရင် နောင်နှစ်သုံးဆယ်ကြာရင် ပထမလစာကို ထုတ်ယူနိုင်ပါပြီ။ ဘယ်လိုလဲ။ ပျော်ရဲ့လား”
ယွီဟွေးဖေးကြားသော် စားပွဲကိုမှောက်လှန်ပစ်ချင်စိတ် ပေါက်သွားသည်။
“အစ်ကိုကြီး... နှစ်သုံးဆယ်မှ တစ်ခါထုတ်ပေးမှာလား။ ကျွန်တော်ပျော်ရဦးမှာလား။ သောက်ကျိုးနည်း... နှစ်သုံးဆယ်ကြာရင် ခင်ဗျားတို့လာကောက်ရမှာက အလောင်းဖြစ်နေလောက်ပြီ။ ထမင်းငတ်သေတာတောင်ကြာပြီ”
ယွီဟွေးဖေးမှာ တကယ်ပဲ ရူးသွားလုနီးပါးဖြစ်နေပြီ။ သူတစ်ယောက်တည်း ပိုက်ဆံရှာပြီး ကိုယ့်ကိုယ်ကိုကျွေးမွေးရင်တော့ ဖြစ်နိုင်သေးသည်။ ဒါပေမဲ့ ဒီလောက်ပစပ်ပေါက်ကြီးတွေကို ကျွေးမွေးပြီး၊ နေ့တိုင်းအရက်အသားတွေ ထောက်ပံ့နေရတာ၊ ဒီတစ်နေ့တစ်နေ့ကုန်ကျစရိတ်က ကစားစရာမဟုတ်ဘူး။
သူက ကျောက်စိမ်းဧကရာဇ်က ပြဿနာကိုဖြေရှင်းပေးမယ်လို့ မျှော်လင့်နေခဲ့တာ၊ နောက်ဆုံးတော့... ဒါက လေထဲတိုက်အိမ်ဆောက်နေတာပဲ။
“သူဌေးယွီ၊ စိတ်မဆိုးပါနဲ့။ ကျွန်တော်မျိုးက သတင်းကောင်းလို့ပြောတော့ သတင်းကောင်းပါ”
ယွီဟွေးဖေးက အားမရှိသောအသံဖြင့် “ကောင်းပြီလေ၊ ခင်ဗျားပြောပါ”
“ခင်ဗျားရဲ့အခုအခြေအနေကြောင့် ခင်ဗျားကို လစာတစ်လကြိုထုတ်ခွင့်ပေးပါတယ်”
ယွီဟွေးဖေး၏မျက်လုံးများ အရောင်တောက်သွားသည်။ နှစ်သုံးဆယ်မှ လစာတစ်ခါထုတ်ပေးတာက နည်းနည်းဝေးလွန်းပေမဲ့၊ ဒါပေမဲ့ ဒါကနတ်ဘုရားတွေရဲ့လစာပဲ။
နတ်ဘုရားတွေရဲ့လစာက တူနိုင်မလား။ နတ်ဘုရားတစ်ယောက် လေလည်လိုက်တာတောင် လူ့ပြည်မှာဆို အကြီးအကျယ်ဖြစ်သွားနိုင်တယ်လေ။
ထို့ကြောင့် ယွီဟွေးဖေးက “ဘယ်တော့ထုတ်ပေးမှာလဲ” ဟု မေးလိုက်သည်။
“အခုပဲ” ကြယ်ဖြူနတ်မင်းက ပြုံးပြုံးရွှင်ရွှင်ဖြင့် ဆိုသည်။
ယွီဟွေးဖေးကြားသော် ကြယ်ဖြူနတ်မင်းကို ပွေ့ဖက်ပြီး နမ်းချင်စိတ်ပေါက်သွားသော်လည်း၊ နောက်ဆုံးတွင် ထိုမုတ်ဆိတ်ဖြူတစ်ခင်းကြီးကို ကြည့်ပြီး လက်လျှော့လိုက်သည်။
ကြယ်ဖြူနတ်မင်းက လက်စွပ်ထဲမှ အိတ်ငယ်လေးတစ်လုံးကို ထုတ်ယူကာ ယွီဟွေးဖေးထံ ကမ်းပေးလိုက်သည်။ “သူဌေးယွီရဲ့ လစာတွေအားလုံး ဒီထဲမှာပါ။ မများပေမဲ့ ကောင်းကောင်းသုံးတတ်ရင် ဒီလူ့ပြည်မှာ အသုံးဝင်ပါတယ်”
ထိုလက်ဖဝါးအရွယ် အိတ်ငယ်လေးကိုကြည့်ကာ မျက်လုံးများ တလက်လက်တောက်ပနေပြီး အသံတုန်တုန်ဖြင့် "ဒါ... ဒါက ဒဏ္ဍာရီထဲက သုမိရအိတ်လား။ အာကာသအိတ်လား" ဟု မေးလိုက်သည်။
ယွီဟွေးဖေးမှာ အခြားလစာများကို မစဉ်းစားတော့ပေ၊ ဒီပစ္စည်းရတာနဲ့ကို ချမ်းသာသွားပြီ။
ကြယ်ဖြူနတ်မင်းက ပြုံးလိုက်ပြီးနောက် မသိစိတ်ဖြင့် ခါးမှအခြားအိတ်တစ်လုံးကို တင်းတင်းဆုပ်ကိုင်ကာ "ကျွန်တော်မျိုးက တရားဝင်နတ်ဖြစ်လို့ ဒီမှာအကြာကြီးမနေနိုင်ပါဘူး၊ နှုတ်ဆက်ပါတယ်” စကားဆုံးသော် လှည့်ထွက်သွားတော့သည်။
ယွီဟွေးဖေးက အနည်းငယ်လိုက်ပို့ပြီးနောက် တံခါးကိုအမြန်ပိတ်ကာ ထိုသုမိရအိတ်ကို စစ်ဆေးကြည့်ဖို့ ဖွင့်ကြည့်လိုက်ရာ ချက်ချင်းကြောင်ငေးသွားသည်။
ထိုအိတ်ထဲတွင် စာလိပ်တစ်လိပ် လဲလျောင်းနေ၏။
"တစ်ခုတည်းလား"
"ငါရူးနေတာလား။ ဒါကနေရလပ်အိတ် သုမိရအိတ် အာကာသအိတ်လေ၊ အတွင်းမှာ ကမ္ဘာတစ်ခုလုံးရှိနေတာ၊ ဘယ်လိုလုပ် စာလိပ်တစ်ခုတည်းဖြစ်နိုင်မှာလဲ"
ထို့ကြောင့် ယွီဟွေးဖေးက အပြင်သို့ မှောက်ချကြည့်လိုက်သည်။ ထို့နောက်...
ဖလပ်...
ထိုစာလိပ်မှာ မြေပေါ်သို့ကျသွားသည်။ စာလိပ်ဟုဆိုသော်လည်း လက်သန်းအရွယ်သာရှိပြီး အိတ်ထဲတွင် မြင်ရသည်နှင့် အရွယ်အစားတူညီသည်။ ယွီဟွေးဖေးက အိတ်ကိုကြည့်ပြီးနောက် အားကုန်မှောက်ချကြည့်သည်။ သူကစာလိပ်တစ်ခုတည်းဖြစ်သည်ကို မကျေနပ်ပေ။ သို့သော် အားလွန်သွားရာ...
ဖြတ်...
ထိုအိတ်မှာ သူ့လက်ထဲတွင် စုတ်ပြဲသွားရာ ယွီဟွေးဖေး၏စိတ်ထဲတွင် နာကျင်သွားသည်၊ ဒါကနေရာလပ်အိတ်လေ။ ဒီလိုနဲ့ပျက်စီးသွားတာက တော်တော်နှမြောစရာကောင်းတယ်။
သို့သော် သူဘယ်လိုပဲမှောက်ချနေပါစေ ပစ္စည်းဘာမှထွက်မလာတော့ပေ။ နောက်ဆုံးတွင် သူဒေါသထွက်လာပြီး အိတ်ကို တိုက်ရိုက်ဆွဲဖြဲလိုက်သည်၊ အတွင်းမှာ ဘာရှိသေးလဲဆိုတာကို သူသေချာပေါက်ကြည့်ချင်နေပြီ။
သို့သော်...
ဗလာနတ္ထိ။
ထိုသုမိရအိတ်မှာ အဝတ်စအနည်းငယ်သာ ကျန်တော့သည်။ ဤအထိရောက်မှ ယွီဟွေးဖေးမှာ နားလည်သွားပြီ။ ဒါကလုံးဝ သုမိရအိတ်မဟုတ်ဘဲ အိတ်ငယ်လေးတစ်လုံးသာဖြစ်သည်။ သူကြယ်ဖြူနတ်မင်း၏ လိမ်လည်ခြင်းကို ခံလိုက်ရပြီ။
ထိုအဘိုးကြီး ဘာကြောင့်အဲ့လောက်မြန်မြန်ပြေးသွားလဲဆိုတာ အံ့ဩစရာမရှိတော့ပေ၊ သူလည်းတွေ့ရှိသွားမှာကိုကြောက်ပြီး ရှင်းပြရမှာခက်မှာစိုးလို့ပဲ။
"ကျောက်စိမ်းဧကရာဇ်၊ မင်းကွာ တော်တော်ကပ်စေးနှဲတာပဲ”
ထိုစာလိပ်ငယ်လေးကို ကောက်ယူကာ သေချာကြည့်လိုက်ရာ အပေါ်တွင် စာလုံးကြီးအနည်းငယ် ရေးထားသည်။
"ကျပန်းတန်ခိုးစာလိပ်”
ယွီဟွေးဖေး၏မျက်လုံးများ ချက်ချင်းတောက်ပသွားသည်။ "တန်ခိုးတဲ့လား။ သောက်ကျိုးနည်း... ဒါဆိုငါတကယ်ပဲ နတ်ဘုရားဖြစ်တော့မှာလား"
ချက်ချင်းဝမ်းသာသွားသည်။ ကျပန်းဖြစ်သော်လည်း ဘာပဲကျပန်းရရ၊ ဒါကတန်ခိုးပဲလေ။ ယွီဟွေးဖေးက ကောင်းကင်ကိုမော့ကြည့်ကာ "ကျောက်စိမ်းဧကရာဇ်၊ တောင်းပန်ပါတယ်၊ ခုနက ဆဲမှားသွားတယ်။ ခင်ဗျားလိုလူကြီးလူကောင်းက ကျွန်တော့်လိုလူငယ်လေးရဲ့အပြစ်ကို ခွင့်လွှတ်ပါနော်..."
ထို့နောက် ယွီဟွေးဖေးက စာလိပ်ကိုဆွဲဖွင့်လိုက်ရာ၊ ထိုအခိုက်အတန့်တွင် ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ယွီဟွေးဖေး၏နဖူးထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီးနောက် ဦးနှောက်ထဲတွင် စာလုံးကြီးအနည်းငယ် ပေါ်လာ၏။
တန်ခိုးမဟာ သခွားသီး။
ယွီဟွေးဖေးမှာ ကြောင်ငေးသွားသည်၊ ဒီကမ္ဘာပေါ်မှာ သခွားသီးလို့ခေါ်တဲ့ တန်ခိုးရှိသေးလား။ ဒီနာမည်က တော်တော်လျှောက်ပေးထားတာပဲ။ ထို့နောက် ယွီဟွေးဖေးက လက်ထဲမှစာလိပ်ကို ကြည့်လိုက်ရာ၊ စာလိပ်ထဲတွင် မိတ်ဆက်စာများစွာ ပိုလာသည်။
တန်ခိုး - သခွားသီး။
တန်ခိုးအဆင့် - အမှိုက်။
တန်ခိုးသုံးသပ်ချက် - အသုံးမဝင်။
တန်ခိုးအာနိသင် - ဘောင်းဘီကြားမှ စိုစွတ်လတ်ဆတ်ပြီး၊ အပွင့်နှင့်ဆူးပါသော သခွားသီးနုများကို ထုတ်ယူနိုင်သည်၊ အရေအတွက်ကန့်သတ်မရှိ။
ယွီဟွေးဖေးမြင်သော် မျက်နှာတစ်ခုလုံး မည်းမှောင်သွားတော့သည်။ ကောင်းကင်ကိုမော့ကြည့်ချိန် မျက်ခွံများတစ်လှုပ်လှုပ်ဖြစ်နေ၏။ ထင်ရှားစွာပင် ဒေါသထွက်လွန်း၍ သွေးကြောများပင် တုန်ခါနေပြီ။
နောက်ဆုံးတွင် ယွီဟွေးဖေးက ကောင်းကင်ကိုမော့ကာ ဒေါသတကြီးအော်ဟစ်လိုက်သည်။
"ကျောက်စိမ်းဧကရာဇ်၊ သောက်အဘိုးကြီး”
တစ်ချိန်တည်းမှာပင် နောက်တောင်မှ အော်သံတစ်ခု ထပ်ဆင့်ထွက်ပေါ်လာသည်။ "ရှီဝမ့်မူဧကရီ၊ သောက်အဖွားကြီး”
"..."
ယွီဟွေးဖေးမှာ တကယ်ပဲဒေါသထွက်နေ၏။ ဒီတန်ခိုးက တော်တော် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည်။ သခွားသီးပြောင်းတာကို သူသည်းခံလိုက်ဦး၊ ပြဿနာက ဒီသခွားသီးကို ဘောင်းဘီကြားကနေ ထုတ်ယူရမှာ၊ အပွင့်နဲ့ဆူးပါနေပြီး လတ်ဆတ်နေတယ်ဆိုပေမဲ့ ဒီပစ္စည်းကို ဘယ်သူကစားဝင်မှာလဲ။ ပြီးတော့ အပွင့်နဲ့ဆူးပါတာကို အပြင်ထုတ်ယူရတာ၊ ပေါင်ကိုခြစ်မိမှာပေါ့။