ပို့ဆောင်နှုတ်ဆက်ခြင်း
Vol. 13 Ch. 190
“မင်းဘိုးအေကြီး” ယွီဟွေးဖေးက တိုက်ရိုက်ဆဲရေးလိုက်သည်။
သရဲနက်က အတည်ပေါက်ပြောနေသော်လည်း ယွီဟွေးဖေးမှာ ရှင်းရှင်းလင်းလင်းသိသည်။ သူတို့အရင်က ကြားခဲ့သည့် ဤစီးပွားရေးမှာ လေဖောနေသော အရူးအနှမ်းအချို့၏ ကြွားဝါမှုသာဖြစ်သည်။
မိန်းကလေးအဆောင်သို့ သခွားသီးသွားရောင်းခြင်းဆိုသည်မှာ မည်သည့်အကောင်က လုပ်မည်နည်း၊ ရောင်းထွက်မလားမထွက်မလားကို ထားလိုက်ဦး အရိုက်အနှက်ကိုတော့ ရှောင်လွှဲနိုင်မည်မဟုတ်ပေ။
တစ်ညတာလုံး ဤသို့သော အဓိပ္ပာယ်မဲ့စကားများဖြင့် ကုန်ဆုံးသွားသည်။ နောက်ရက်များတွင် ဘာကိစ္စအထွေအထူးမှမရှိ၊ ယွီဟွေးဖေးမှာလည်း မိမိ၏တန်ခိုးကို မဖြုန်းတီးပေ။
အားသည့်အခါတိုင်း သခွားသီးအချို့ထုတ်ကာ ကြက်၊ ဘဲ၊ ဝက်တို့ကို ကျွေးမွေးခြင်းမှာလည်း မဆိုးလှပေ။ သို့သော် ရှောင်ထျန်းချန်မှာ သခွားသီးမြင်တိုင်း မျက်လုံးများတွင် လူသတ်ချင်သောအရိပ်အယောင်များ ထင်ဟပ်နေသည်။ ယွီဟွေးဖေးကို ကြည့်သည့်အကြည့်မှာမူ ပို၍ပင် ထူးဆန်းပြီး ကြမ်းကြုတ်နေသည်။
ယွီဟွေးဖေးမှာပင် မသိစိတ်ဖြင့် ဤကောင်ကို ရှောင်ရှားနေမိသည်။ ဤကောင်က သူသတိမထားမိသည့်အချိန်တွင် သူ့မူရင်းသခွားသီးကို ကိုက်ဖြတ်သွားမည်ကို အမြဲစိုးရိမ်နေရ၏။
မီးရှူးမီးပန်းများ ပေါက်ကွဲသံနှင့်အတူ နောက်ဆုံးတွင် လပြည့်နေ့သို့ ရောက်ရှိလာပြီ။ ဤနေ့တွင် အိမ်တိုင်းမီးရှူးမီးပန်းများ ဖောက်ကြပြီး၊ အိမ်တိုင်းမီးပုံးများ ထွန်းညှိကြသည်။ သို့သော် စိတ်ဝင်စားဆုံးမှာမူ အရှေ့မြောက်ပိုင်း၏ ရိုးရာဓလေ့ဖြစ်သော လမ်းမီးဖြန့်ခြင်းပင်ဖြစ်သည်။
လမ်းမီးဖြန့်ခြင်းဆိုသည်မှာ ရွာမှငွေကြေးစိုက်ထုတ်ကာ ပြောင်းဖူးရိုးတစ်လှည်းလုံးကို စုဆောင်းပြီး၊ ဒီဇယ်ဆီလောင်းကာ မီးရှို့လိုက်ခြင်းဖြစ်သည်။ ထို့နောက် ခရီးတစ်ထောက်လျှောက်တိုင်း မီးပုံတစ်ပုံကို ဖြန့်ချသွားသည်။ တစ်လမ်းလုံးဖြန့်ချသွားရာ တစ်ရွာလုံး၏ လမ်းမကြီးလမ်းကြားများအားလုံးကို ထွန်းလင်းတောက်ပသွားစေသည်။
တစ်ချိန်တည်းမှာပင် အခြားရွာများကလည်း လမ်းမီးဖြန့်ကြရာ ရွာအများအပြား၏ လမ်းမီးများ တစ်ခုနှင့်တစ်ခု ဆက်သွယ်သွားသောအခါ လမ်းဆုံတွင်ရပ်ကြည့်လျှင် မြေပြင်ပေါ်မှ မီးပင်လယ်ကြီး၏ လှပသောမြင်ကွင်းကို မြင်တွေ့နိုင်သည်။
အိမ်တိုင်းမှလူများမှာ အိမ်တွင်မနေကြတော့ပေ။ ကလေးများက မီးပုံးများကိုင်ကာ လမ်းမပေါ်တွင် ပြေးလွှားဆော့ကစားကြပြီး လူကြီးများကလည်း လမ်းမများပေါ်တွင် လျှောက်သွားကြသည်။ လမ်းမီးရှိတော့ အမှောင်ကိုမကြောက်ရသလို မိမိတို့ရွာငယ်လေးတွင်သာ ကန့်သတ်မနေတော့ဘဲ ရွာအများအပြားမှလူများမှာ လျှောက်သွားနေကြရာ အလွန်စည်ကားလှသည်။
အပျော်ဆုံးမှာမူ ခရီးသွားဧည့်သည်များပင်ဖြစ်သည်။ သူတို့မှာ ဤကဲ့သို့သော မီးပုံးပွဲတော်မျိုးကို ဘယ်မှာမြင်ဖူးမည်နည်း၊ တစ်ယောက်ချင်းစီမှာ အလွန်စိတ်လှုပ်ရှားနေကြသည်။ တောင်ပိုင်းမှခရီးသွားများမှာ လမ်းမပေါ်တွင် အပြေးအလွှားဆော့ကစားကြပြီး အလွန်ပျော်ရွှင်နေကြသည်။
နွားကျောင်းသားမှာလည်း ဘယ်လက်တွင် ဝက်ရိုင်းတစ်ကောင်၊ ညာလက်တွင် ဝက်ဖြူကြီးတစ်ကောင်ကို ဆွဲကာ ထွက်ခွာသွားရာ ကလေးများစွာ၏ ဝိုင်းအုံကြည့်ရှုခြင်းကို ခံရသည်။
ယွီဟွေးဖေးအိမ်သို့ ထူးဆန်းသောဆွေမျိုးများစွာ ရောက်ရှိလာသည့်ကိစ္စကို အားလုံးမှာ ကြာမြင့်စွာကတည်းက သိရှိပြီးဖြစ်သည်။ ကျေးလက်တောရွာမှလူများမှာ အတင်းအဖျင်းပြောရသည်ကို ကြိုက်သော်လည်း မည်သူမျှ တကယ်တမ်း အရင်းစစ်အမြစ်မြေလှန်ကာ စုံစမ်းမေးမြန်းခြင်းမပြုကြပေ။ ထိုသူမှာ လူဆိုးမဟုတ်ကြောင်း သိရုံဖြင့် လုံလောက်ပြီ။
ထို့အပြင် နွားကျောင်းသားမှာလည်း စိတ်ထားကောင်းသူဖြစ်ပြီး ခွန်အားမှာလည်း ကြောက်ခမန်းလိလိကြီးမားရာ ဤအချိန်အတွင်း အပြင်ထွက်သည့်အခါ လူများကို ပြဿနာအချို့ဖြေရှင်းပေးခဲ့သဖြင့် နာမည်ကောင်းရရှိခဲ့သည်။
နွားကျောင်းသားလာသည်ကိုမြင်သော် မိန်းကလေးငယ်များက နွားကျောင်းသားကို စားစရာကောင်းများ ပေးပို့ကြပြီး အဒေါ်အချို့ကလည်း သူ့ရင်ဘတ်ကြွက်သားများကို ပုတ်ကာ ဖော်ရွေသောမျက်နှာဖြင့် မျက်စိမှိတ်ပြလျက် “လူငယ်လေးက တကယ် သန် မာ တာပဲ” ဟု ဆိုကြသည်။
ဤအပေါ်တွင်မူ နွားကျောင်းသားမှာ အပြေးအလွှားထွက်ခွာသွားတော့သည်။ ဤမြင်ကွင်းကိုမြင်သော် အပျိုကြီးအများအပြားမှာ အလွန်ပျော်ရွှင်နေကြ၏။ သူတို့မှာ ဖောက်ပြန်လိုခြင်းမဟုတ်ဘဲ ဤနှစ်မီတာခန့်အရပ်ရှည်သော လူငယ်လေးကို စနောက်ရသည်မှာ အလွန်စိတ်ဝင်စားစရာ ပျော်စရာကောင်းသည်ဟု ထင်သောကြောင့်သာဖြစ်သည်။
နွားခေါင်း၊ မြင်းမျက်နှာတို့မှာမူ နောက်တောင်သို့ ထပ်မံသွားကြပြန်သည်။ ဘာလုပ်ရန်သွားသည်ကိုတော့ ယွီဟွေးဖေးမသိပေ။
ယွီဟွေးဖေးမှာမူ အပြင်မထွက်ဘဲ လှေကားထစ်တွင်ထိုင်ကာ မေးစေ့ကိုထောက်လျက် ရှေ့မှမီးရှူးမီးပန်းများကို ကြည့်နေ၏။ တစ်ချိန်က သူ့ဘေးတွင် ချစ်သူခင်သူရှိခဲ့ဖူးသည်။ ယခုအခါတွင်မူ မိမိတစ်ယောက်တည်းသာ ကျန်ရစ်တော့ရာ ထိုသို့သောအရာများမရှိတော့သည့် ခံစားချက်ကြောင့် သူအနည်းငယ် မပျော်ရွှင်နိုင်ဖြစ်နေသည်။
နောက်တစ်နေ့တွင် ယွီဟွေးဖေး အပြင်ထွက်ခဲ့သည်။ ချွေ့ကျွယ်တို့က အပြင်သို့ထွက်ခွာတော့မည့် ယွီဟွေးဖေးကို ကြည့်ကာ တစ်ယောက်ချင်းစီ မျက်ရည်များသုတ်၊ နှာရည်များယိုစီးကာ တစ်တန်းတည်းရပ်နေကြ၏။
နွားခေါင်းက အရင်ဆုံးရှေ့တိုးလာပြီး ယွီဟွေးဖေး၏ပခုံးကို ပုတ်ကာ “ညီလေး... လမ်းခရီးဖြောင့်ဖြူးပါစေ” ဟု ဆိုသည်။ ထို့နောက် ဤကောင်က ခေါင်းငုံ့ကာ နှာရည်ညှစ်နေတော့သည်။
မြင်းမျက်နှာက လက်ကြီးကိုဆန့်ထုတ်ကာ ယွီဟွေးဖေးကို ပုတ်ရန်ပြင်လိုက်ရာ၊ ယွီဟွေးဖေးက ချက်ချင်း ခြေထောက်ဖြင့် တစ်ချက်ကန်လိုက်သည်။
“ငါ့အနားကခွာ”
အဘယ်ကြောင့်ဆိုသော် ယွီဟွေးဖေးမှာ ဤကောင်က နှာရည်ညှစ်ပြီးမှ လာခြင်းဖြစ်ပြီး ဤကောင်၏လက်ချောင်းများပေါ်တွင် နှာရည်တစ်စက်ရှိနေသည်ကို မြင်လိုက်ရသောကြောင့်ဖြစ်သည်။
မြင်းမျက်နှာက လက်ကောက်ဝတ်ကိုတစ်ချက်လှုပ်လိုက်ရာ ထိုနှာရည်မှာ မြားပျံကဲ့သို့ နှင်းပုံထဲသို့ ထိုးစိုက်ဝင်ရောက်သွားပြီး တွင်းငယ်လေးတစ်ခုဖြစ်သွား၏။ ထို့နောက် လက်ကြီးကို ဘောင်းဘီပေါ်တွင် ပွတ်သပ်ပြီးနောက်မှ ငိုသံပါကြီးဖြင့် “ညီလေး... မင်းဒီလောက်စောစောသွားမယ်လို့ မထင်ထားခဲ့ဘူး။ ဘာမှလည်းမပြင်ဆင်ထားရဘူး... ထားလိုက်ပါတော့... လမ်းခရီးဖြောင့်ဖြူးပါစေ” ဟု ဆိုသည်။
ထို့နောက် မြင်းမျက်နှာက လှည့်ထွက်သွားပြီး နွားခေါင်း၏ရင်ခွင်ထဲသို့ တိုးဝင်ကာ ရှိုက်ကြီးတငင်ငိုကြွေးတော့သည်။
ယွီဟွေးဖေးမှာ ဤမြင်ကွင်းကိုကြည့်ရင်း ဘယ်လိုခံစားရမှန်းမသိတော့ပေ။ ဒါက ပို့ဆောင်နှုတ်ဆက်တာလား။ ထပ်မံမစဉ်းစားမီမှာပင် သရဲနက်ရောက်လာပြီး အလွန်တိုက်ရိုက်ဆန်စွာပင် “ညီလေး၊ လမ်းခရီးဖြောင့်ဖြူးပါစေ” ဟု ဆိုသည်။
ထို့နောက် သရဲနက်က မျက်နှာမည်းဖြင့် ထွက်ခွာသွားသည်။
သရဲဖြူရှေ့တိုးလာပြီး ယွီဟွေးဖေး၏ပခုံးကို ပုတ်ကာ သက်ပြင်းရှည်တစ်ချက်ချလျက် “အား... ညီလေး၊ ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့... ထားလိုက်ပါတော့၊ လမ်းခရီးဖြောင့်ဖြူးပါစေ” ဟု ဆိုပြန်သည်။
တိကျန့်လည်းရောက်လာပြီး ယွီဟွေးဖေးကို မော့ကြည့်ကာ “မင်း... အနိုင်ကျင့်ခံရရင် ငါ့နာမည်ပြောလိုက် အကုန်အဆင်ပြေသွားမယ်တယ်” ဟု ဆိုကာ လှည့်ထွက်သွားပြီး လက်ကိုနောက်ပစ်ကာ၊ ခြေလှမ်းများလှမ်းလျက်၊ လူကြီးတစ်ယောက်ကဲ့သို့ ထွက်ခွာသွားသည်။
ယွီဟွေးဖေးမှာ ဤကောင်၏ကျောပြင်ကိုကြည့်ရင်း မျက်မှောင်ကြုတ်သွား၏။ သူ့နာမည်ပြောရမည်တဲ့လား။ သူ့မူရင်းနာမည်က အလွန်ကျော်ကြားသော်လည်း၊ လူ့ပြည်တွင် ဘာအသုံးမှမဝင်ပေ။ ဤကောင်က ဘယ်ကလာတဲ့ ယုံကြည်မှုနဲ့ ပြောနေတာတုန်း။
နွားကျောင်းသားရောက်လာပြီး ခေါင်းငုံ့ကာ ယွီဟွေးဖေးကို တည်ကြည်သောမျက်နှာဖြင့် “ညီလေး... စိတ်အေးချမ်းသာစွာ သွားပါတော့၊ လမ်းခရီးဖြောင့်ဖြူးပါစေ” သူလည်း ထွက်ခွာသွားပြီး မျက်ရည်သုတ်ရန် မမေ့ပေ။
သို့သော် ယွီဟွေးဖေးမှာ ရှင်းရှင်းလင်းလင်းမြင်သည်။ ဤကောင်၏လက်ပေါ်တွင် ရေစက်ရှိသော်လည်း မျက်လုံးထဲတွင် မျက်ရည်တစ်စက်မှမရှိ လုံးဝဟန်ဆောင်နေခြင်းသာဖြစ်သည်။
တစ်စုံတစ်ခုပြောရန်ပြင်လိုက်စဉ်... ခွမ်ကနဲအသံတစ်သံထွက်ပေါ်လာပြီး ဇလုံတစ်ခုက ရှေ့တွင် ကျရောက်လာသည်။ ထို့နောက် ရှဲကနဲအသံတစ်သံနှင့်အတူ မီးပုံတစ်ပုံတောက်လောင်လာ၏။
“ညီလေး...”
ငိုရှိုက်သံ၊ နာကျင်စွာငိုကြွေးသံတစ်သံထွက်ပေါ်လာသည်။ ထို့နောက် ခွေးနက်ကြီးတစ်ကောင် ခေါင်းပေါ်တွင် အဝတ်ဖြူစည်းကာ ပြေးဝင်လာပြီး သံဇလုံရှေ့တွင် ဝမ်းလျားမှောက်ကာ ရှိုက်ကြီးတငင်ငိုကြွေးတော့သည်။
“ညီလေး... ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ထွက်ခွာသွားရတယ်၊ လမ်းမှာသတိထားနော်။ လမ်းမှာလုယက်တဲ့သူရှိရင် ပိုက်ဆံပေးသင့်ရင်ပေးလိုက်နော်၊ ဟန်မဆောင်နဲ့နော်။ မင်းကအမှိုက်တစ်ယောက်ဆိုတာ မမေ့နဲ့နော်... ပိုက်ဆံမလောက်မှာမစိုးရိမ်နဲ့၊ ငါနှစ်စဉ်ပွဲတော်တွေမှာ မင်းအတွက်ရှို့ပေးမယ်”
စကားပြောနေစဉ်မှာပင် ဤကောင်က တကယ်ပင် စက္ကူငွေအချို့ထုတ်ကာ ဇလုံထဲသို့ ပစ်ထည့်လိုက်သည်။ ယွီဟွေးဖေးမြင်သော် မျက်နှာတစ်ခုလုံး မည်းမှောင်သွားတော့သည်။
ဤအထိရောက်မှ သူလုံးဝနားလည်သွားသည်။ ဤကောင်စုတ်များက သူ့ကိုပို့ဆောင်နှုတ်ဆက်နေခြင်းမဟုတ်ဘဲ သူ့အတွက်အသုဘပို့နေခြင်းသာ။ တိုက်ရိုက်ဇလုံကိုကောက်ကိုင်ကာ ဤခွေးသေ၏ခေါင်းပေါ်သို့ စွပ်ချလိုက်၏။
“သွားစမ်း”
ရှောင်ထျန်းချန်က ဟဲဟဲရယ်မောကာ သံဇလုံကိုဖယ်ရှားလိုက်ပြီး ပါးစပ်ကိုဖြဲကာ “ဇာတ်လမ်းကမပြီးသေးဘူးလေ...”
“သွား သွား သွား...” ယွီဟွေးဖေးက နောက်တစ်ချက်ကန်လိုက်သည်။
ထိုအချိန်တွင် ချွေ့ကျွယ်ရောက်လာတော့ ယွီဟွေးဖေးက “အဘိုးကြီးချွေ့၊ ခင်ဗျားလည်း သူတို့လိုပဲမလား။ ဒီလိုပို့ဆောင်နှုတ်ဆက်တာမျိုး ရှိလို့လား” ဟု မေးသည်။
သရဲနက်က အခိုင်အမာတည်တံ့စွာဖြင့် “ဒီလိုပို့ဆောင်နှုတ်ဆက်တာတွေ အများကြီးရှိတယ်၊ တို့တွေနှစ်စဉ်လူလာခေါ်တိုင်း သူတို့ဒီလိုပဲ ပို့ဆောင်နှုတ်ဆက်ကြတယ်” ဟု ဆိုသည်။
“ခင်ဗျားပါးစပ်ပိတ်ထား” ယွီဟွေးဖေးက ဟောက်လိုက်ပြီးနောက် သရဲဖြူကို မျက်လုံးစွေကြည့်ကာ “ခင်ဗျားကဘာခေါင်းညိတ်နေတာလဲ။ ဒါကတူလို့လား”
သရဲဖြူမှာမူ တည်ငြိမ်စွာပင် “အတူတူလောက်ပါပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် ခရီးဝေးထွက်တာပဲလေ” ဟု ဆိုသည်။
“@#¥@...”
ချွေ့ကျွယ်က လက်ဝှေ့ယမ်းကာ “တော်ပြီ... အားလုံးဘာမှမပြောကြနဲ့တော့၊ ငါစကားနှစ်ခွန်းလောက်ပြောမယ်”
ယွီဟွေးဖေးက ချွေ့ကျွယ်ကို ကြည့်လိုက်ရာ ချွေ့ကျွယ်က “ယွီလေး... ဒီကောင်တွေက နည်းနည်းအရိုင်းဆန်ပေမဲ့ ခုနကစကားကို မင်းနားထဲထည့်ထား။ ဒီလမ်းမှာသတိထား၊ သတိထား၊ ထပ်ပြီးသတိထား။ လူ့အဖွဲ့အစည်းက မတူတော့ဘူး၊ အဲ့လောက်မရှုပ်ထွေးတော့ဘူးဆိုပေမဲ့ အပြင်ထွက်ရင်တော့ လုံခြုံရေးကိုဂရုစိုက်ရမယ်။ တို့တွေကို ဒီအခမ်းအနားကို တကယ်လုပ်ခိုင်းတာမျိုးမဖြစ်စေနဲ့။ အဲ့ဒါဆိုရင်တော့ စိတ်ဝင်စားစရာမကောင်းတော့ဘူး”
ယွီဟွေးဖေး ဘာပြောနိုင်မည်နည်း၊ ခေါင်းညိတ်ကာ “စိတ်ချပါ၊ အခုလုံခြုံရေးက ကောင်းနေပါပြီ။ အိမ်ကိုတော့ ညီအစ်ကိုတို့ စောင့်ရှောက်ပေးကြပါဦး”
နွားခေါင်းက “နောက်ထပ်အကျဉ်းသားလာရင် ဘယ်လိုလုပ်မလဲ” ဟု မေးလိုက်သည်။
ယွီဟွေးဖေးက ခေါင်းမော့ကာ အလွန်ဟန်ပါပါဖြင့် “သူ့ကိုစောင့်ခိုင်းလိုက်” ဟု ဆိုရာ အားလုံးရယ်မောလိုက်ကြသည်။
နောက်ဆုံးတွင် ယွီဟွေးဖေးမှာ နဝမဆောင်မှ ထွက်ခွာခဲ့ပြီး၊ ကားငှားကာ ဂူဂူလင်းသို့ သွားခဲ့သည်။ ထို့နောက် ရထားဖြင့် လေဆိပ်သို့သွားပြီး၊ နေ့လည်တွင် လေယာဉ်ပေါ်သို့ တက်ခဲ့ရာ ညနေနှစ်နာရီကျော်တွင် မြို့တော်၏ လေဆိပ်ဝတွင် ရပ်နေပြီဖြစ်သည်။ ယွီဟွေးဖေးက ဖုန်းပေါ်မှလမ်းညွှန်အတိုင်း မြေအောက်ရထားကိုရှာဖွေပြီး ပေကျင်းအနုပညာတက္ကသိုလ်သို့ တိုက်ရိုက်သွား၏။
ကားပေါ်မှဆင်းသည်နှင့် ယွီဟွေးဖေးမှာ လျိုကျွမ်းက ဆိုင်းဘုတ်တစ်ခုကိုင်ကာ လူအုပ်ထဲတွင် အလွန်ထင်ရှားစွာ ဝှေ့ယမ်းနေသည်ကို တွေ့လိုက်ရသည်။ အပေါ်တွင် "သူဌေးယွီ၊ ဒီဘက်ကိုကြည့်" ဟု ရေးထားရာ ယွီဟွေးဖေးက ပြုံးကာ လက်ဝှေ့ယမ်းပြလိုက်သည်။
လျိုကျွမ်းနောက်မှ ဆံပင်တိုမိန်းကလေးတစ်ယောက်က ခြေဖျားထောက်ကာ "သူဌေးယွီ၊ ဒီဘက်” ဟု အော်ခေါ်လိုက်ရာ မကြည့်ဘဲနှင့်ပင် ခယ်လီဖြစ်ကြောင်း သိနိုင်သည်။
နှစ်ဖက်လူစုတွေ့ဆုံပြီးနောက် ခယ်လီက အလွန်စိတ်လှုပ်ရှားစွာဖြင့် "သူဌေးယွီ သွားကြစို့။ ကျွန်မ ရှင့်ကို အခန်းသွားဖွင့်ပေးမယ်” ဟု အော်ခေါ်လိုက်သည်။ ထိုအခိုက်အတန့်တွင် ယွီဟွေးဖေးမှာ ပတ်ဝန်းကျင်မှ မရေမတွက်နိုင်သော မျက်လုံးများက သူ့ထံသို့ ကြည့်လာသည်ကို တွေ့လိုက်ရသည်၊ သူ့ကိုကြည့်သည့်အကြည့်မှာ အလွန်တူညီနေသည်၊ အဓိပ္ပာယ်မှာ အလွန်ရှင်းလင်းသည်။ တစ်ပုံစံတည်းပင်။
"ပန်းတစ်ပွင့်က အဲ့ဒီအရာပေါ်မှာ စိုက်နေပါလား”
ယွီဟွေးဖေး၏ မျက်နှာထူမှာပင် အနည်းငယ်နီရဲသွားပြီး ခယ်လီနှင့် လျိုကျွမ်းကို အမြန်ဆွဲခေါ်ကာ ထွက်ခွာသွားတော့သည်။ ခယ်လီမှာလည်း မျက်နှာတစ်ခုလုံး နီရဲနေပြီး မိမိစကားမှားသွားမှန်း သိလိုက်သည်။
လျိုကျွမ်းမှာမူ နဖူးကိုပွတ်သပ်ကာ "တို့တွေအသံနည်းနည်းတိုးလို့မရဘူးလား" ဟု ဆိုသည်။
ခယ်လီက သူ့ကို မျက်လုံးစွေကြည့်ကာ "နင်နဲ့ဘာဆိုင်လို့လဲ" ဟု ပြောလိုက်၏။
ယွီဟွေးဖေးတည်းခိုသည့်နေရာမှာ အနုပညာတက္ကသိုလ်ဘေးရှိ လိမ္မော်ရောင်ဟိုတယ်၊ ကြယ်လေးပွင့်အဆင့်ဖြစ်သည်။
"သူဌေးယွီကို အားနာလိုက်တာ။ ဒီနားက အနီးဆုံးကြယ်ငါးပွင့်ဟိုတယ်တွေက တော်တော်ဝေးတာ။ ရှင်အဲ့လောက်ဝေးမှာနေရင် အဆင်မပြေလောက်ဘူးထင်လို့။ ဒါကြောင့် ဒီဟာကိုပဲ ကြိုတင်မှာလိုက်တာ..."
ယွီဟွေးဖေးမှာမူ တည်ငြိမ်စွာပင် "တကယ်ပြောရရင် ကျွန်တော်ဒီတစ်သက်နေဖူးတဲ့ အကောင်းဆုံးဟိုတယ်က ကျွန်တော့်ဟိုတယ်ပဲ။ ပြီးတော့ အရင်က ရှန်းရှီးမှာ တက္ကသိုလ်တက်တုန်းက နေခဲ့တဲ့ ရွာငယ်လေးမှာဆိုရင် တစ်ညကို ယွမ်နှစ်ဆယ်တန် တည်းခိုခန်းလေးပဲ။ တခြားအချိန်တွေမှာတော့ ဟိုတယ်မတည်းဖူးဘူး။ ကြယ်လေးပွင့်ဆိုတော့ ဒါကဒဏ္ဍာရီထဲက ဟိုတယ်လို့ ပြောရမှာပေါ့"
ခယ်လီနှင့် လျိုကျွမ်းမှာမူ အတည်မယူဘဲ "သူဌေးယွီက တော်တော်နောက်တတ်တာပဲ" ဟု ပြုံးလျက်ဆိုသည်။
တည်းခိုရန်စာရင်းသွင်းပြီးနောက် ခယ်လီက ယွီဟွေးဖေးကို ကောင်းကောင်းအနားယူရန် ပြောသည်။ နောက်မှသူတို့က ယွီဟွေးဖေးကိုရှာပြီး ထမင်းစားခေါ်သွားကာ ပွဲသွားကြည့်ကြမည်ဖြစ်သည်။
သူတို့မှာမူ သင်တန်းတစ်ချိန်တက်ရန်ရှိသေးသည်။ ခုနက သင်တန်းလစ်ထွက်လာခြင်းဖြစ်ပြီး ယခုအခါတွင် သင်တန်းသို့ ပြန်သွားရတော့မည်ဖြစ်သည်။
နှစ်ယောက်သားထွက်ခွာသွားပြီးနောက် ယွီဟွေးဖေးမှာလည်း အိပ်မပျော်နိုင်ဖြစ်နေသည်။ ပုစဉ်းခွံကိုလွှာကျင့်စဉ်ကို ကျင့်ကြံပြီးနောက် သူ့အိပ်ချိန်မှာ တဖြည်းဖြည်းနည်းလာကာ နေ့တိုင်း အလွန်လန်းဆန်းတက်ကြွနေ၏။ အိပ်မပျော်သည့်အတွက် အပြင်ထွက်၍ လျှောက်သွားရန် ဆုံးဖြတ်လိုက်သည်။
ယွီဟွေးဖေးက ပေကျင်းအနုပညာတက္ကသိုလ်၏ တံခါးကြီးရှေ့တွင်ရပ်ကာ ဝင်ထွက်သွားလာနေသော ခြေတံရှည်များကို ကြည့်ပြီးနောက် ခေါင်းကိုတစ်ချက်ပုတ်ကာ လှည့်ထွက်သွားပြီး ဘေးရှိ နှစ်ယွမ်တန်ဆိုင်တစ်ခုထဲသို့ ဝင်သွားသည်။
ဆိုင်ထဲတွင် လက်ရှိတွင် အရောင်းအဝယ်ရေးမရှိ ယောက်ျားတစ်ယောက်က ထိုင်ကာ ဖုန်းကစားနေသည်။ ယွီဟွေးဖေးဝင်လာသည်ကိုမြင်သော် ပြုံးလျက် "ဘာဝယ်မလို့လဲ ညီလေး" ဟု ဆိုသည်။
"ကျွန်တော့်ကိုမျက်မှန်အကြီးဆုံး၊ အမည်းဆုံးတစ်လက်ပေးပါ" ဟု ယွီဟွေးဖေးက မျက်မှန်ကိုညွှန်ပြရင်းပြောသည်။
"မင်းက… သူများကိုမြင်ရပြီး သူများကမင်းမျက်လုံးကိုမမြင်ရတဲ့ဟာမျိုးလိုချင်တာမလား" ဟု ဆိုင်ရှင်က တစ်ချက်ကြောင်သွားပြီးနောက် ရယ်ကျဲကျဲဖြင့်ပြုံးကာ စိတ်ထဲမှသဘောပေါက်သွားပြီးအနားသို့တိုးကပ်မေးလိုက်သည်။