← Chapters

ဉာဏ်အလင်းဖွင့်ပေးခဲ့သော ဆရာမ

Vol. 13 Ch. 192

ဉာဏ်အလင်းဖွင့်ပေးခဲ့သော ဆရာမ

Vol. 13 Ch. 192

ဖန်းချောင်က အနည်းငယ်ပြုံးကာ “ကျောင်းသားကျောင်းသူတို့အားလုံး မင်္ဂလာပါ၊ ကျွန်မက ဖန်းချောင်ပါ” ဟုဆိုရာ အောက်တွင် လက်ခုပ်သံများ တစ်ခဲနက်ထွက်ပေါ်လာသည်။

သူမက အနည်းငယ်ခေါင်းညိတ်ပြကာ “ဒီနေ့တော့ ကျွန်မတို့ရဲ့ခေါင်းစဉ်က လက်တွေ့ဘဝကိုရေးသားခြင်း၊ အကောင်းစားလက်ရာများကို ဖန်တီးခြင်း၊ ကမ္ဘာ့အဆင့်သို့ လှမ်းခြင်းဖြစ်ပါတယ်” ဟုဆိုသည်။

ဤသို့ပြောပြီးနောက် ဖန်းချောင်က ကိုယ်ကိုမတ်လိုက်ပြီး တည်ကြည်သောဟန်ပန်ဖြင့် စလေတော့သည်။

“ဘာကြောင့် လက်တွေ့ဘဝကို ရေးသားရမှာလဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတွေ့ရှိထားတာက အခုခေတ်လူငယ်တွေက အရမ်းပေါ့ပျက်ပျက်နိုင်တယ်၊ အကျိုးအမြတ်လိုချင်စိတ် အရမ်းပြင်းထန်တယ်။ အခုခေတ်စားနေတဲ့ အဲ့ဒီအွန်လိုင်းဝတ္ထုတွေကိုပဲကြည့်လေ။ တစ်ပုဒ်ပြီးတစ်ပုဒ် ရေးထားတာတွေက ဘာတွေလဲ”

“လျှောက်တွေးထားတာတွေ၊ မိုးပျံတာမဟုတ်ရင် မြေလျှိုးတာ၊ ကမ္ဘာကြီးကိုဖျက်ဆီးတာမဟုတ်ရင် တစ်ယောက်တည်းက ကမ္ဘာကြီးကိုကယ်တင်တာတွေချည်းပဲ။ အဲ့ဒီ့အရာတွေက လက်တွေ့ကျတဲ့ ကျိုးကြောင်းဆီလျော်မှုနဲ့ တစ်စက်မှမကိုက်ညီဘူး။ အကြောက်စရာအကောင်းဆုံးကတော့ တချို့လူတွေက... စာရေးတာကိုက အမြင်မမှန်ဘူး။ နည်းနည်းလေးရှိ ရည်းစားထားတယ်။ တစ်ယောက်မလောက်ဘူး နှစ်ယောက်ထားတယ်။ နှစ်ယောက်မလောက်ဘူး သုံးယောက်ထားတယ်... ထပ်မလောက်သေးရင် မောင်းမဆောင်ဖွင့်တယ်၊ မဖြစ်သမျှ အကုန်စားတယ်။ တစ်ယောက်ချင်းတောင်မရဘူး၊ တစ်ယောက်နဲ့ အများဖြစ်ရမယ်။ တစ်ယောက်နဲ့ အများကြီးတောင် အားမရသေးဘူး၊ လူနဲ့တိရစ္ဆာန်ပါ လိုချင်သေးတယ်”

ဤစကားများထွက်လာသည်နှင့် ပရိသတ်တစ်ခွင်လုံး ဆူညံသွားတော့သည်။

ယွီဟွေးဖေးလည်း မျက်မှောင်ကြုတ်သွား၏။ သူမှတ်မိသလောက်ဆိုလျှင် ဤအဘွားအို၏ ကိုယ်စားပြုလက်ရာထဲတွင် သူပြောခဲ့သည့်အရာများအားလုံးကို ရေးသားခဲ့ပြီးသားဖြစ်သည်။ ပြီးတော့ အဖွင့်မှာပင် ဇာတ်ဝင်ခန်းကြမ်းကြမ်းများဖြင့် စတင်ခဲ့သည် မဟုတ်လော။

သူမက ကိုယ့်ကိုယ်ကို ဝေဖန်နေခြင်းလော။

ဖန်းချောင်က ဆက်ပြောသည်။ “ဒါကြောင့် ကျွန်မတို့က မူလရည်ရွယ်ချက်ကိုမမေ့ဘဲ စာရေးခြင်းရဲ့ အစဦးဆုံးက ဖြူစင်တဲ့နှလုံးသားဆီကို ပြန်သွားရမယ်။ ကျွန်မတို့က ထိုင်ချပြီး ခြေစုံရပ်ကာ လက်တွေ့ကျကျစာရေးရမယ်၊ ကိုယ့်ပတ်ဝန်းကျင်က စာကိုရေးရမယ်၊ အတွင်းကျတဲ့စာကိုရေးရမယ်၊ အနှစ်သာရရှိတဲ့စာကိုရေးရမယ်၊ ဂန္ထဝင်ဖြစ်မြောက်နိုင်တဲ့စာကို ရေးရမယ်။ ကျွန်မအကြံပေးချင်တာက အားလုံးထိုင်ချပြီး အနောက်တိုင်းဂန္ထဝင်စာပေတွေကို များများဖတ်ကြပါ။ သူတို့က လက်တွေ့ဘဝကို ဘယ်လိုရေးသားလဲဆိုတာကို ကြည့်ကြပါ”

ထိုအချိန်တွင် ကျောင်းသားတစ်ဦးက လက်ထောင်ကာ “ဆရာမခင်ဗျာ... အနောက်တိုင်းဂန္ထဝင်စာပေတွေထဲမှာလည်း စိတ်ကူးယဉ်အမျိုးအစားတွေ ရှိပါတယ်။ ဥပမာ သေနတ်သမားသုံးယောက်လိုမျိုးပေါ့။ လူသုံးယောက်က နိုင်ငံတစ်နိုင်ငံကို ကယ်တင်တာလေ...”

ဖန်းချောင်က ခေါင်းခါသည်။ “ကလေး... မင်းနားမလည်ဘူး။ သူတို့ရဲ့အဓိကအချက်က သေနတ်သမားသုံးယောက်ကို ချီးမြှောက်တာမဟုတ်ဘူး။ သူတို့ရဲ့အဓိကအချက်က အနောက်တိုင်းရဲ့ သူရဲကောင်းစိတ်ဓာတ်တစ်မျိုးကို ဖော်ကျုးဖို့ပဲ။ ကျွန်မတို့က အပေါ်ယံကိုကျော်လွန်ပြီး အတွင်းအနှစ်သာရကိုကြည့်ရမယ်၊ သာမန်လူတစ်ယောက်က အခွင့်အရေးကနေတစ်ဆင့် ထွန်းတောက်လာတာကို မြင်ရမယ်၊ ကြီးမားပြီး နက်ရှိုင်းတဲ့ စိတ်ဓာတ်အတွေးအခေါ်တွေကို မြင်ရမယ်”

ကျောင်းသားများမှာ မျက်မှောင်ကြုတ်သွားကြပြီး နောက်တစ်ယောက်က လက်ထောင်ကာ “အွန်လိုင်းဝတ္ထုတွေထဲမှာလည်း သာမန်လူထွန်းတောက်လာတာ၊ ပုန်ကန်တဲ့စိတ်ဓာတ်၊ အခွင့်အရေးကနေတစ်ဆင့် ကံကြမ္မာကိုပြောင်းလဲတာတွေ ရေးကြပါတယ်” ဟုဆိုသည်။

ဖန်းချောင်က “ဒါကတူလို့လား။ အနောက်တိုင်း စာရေးဆရာတွေရေးတာက ဒဿနိကဗေဒ၊ အခုခေတ်အမှိုက်တွေရေးတာက အမှိုက်ပုံတစ်ပုံပဲ။ ဘာအခွင့်အရေးက ကံကြမ္မာကိုပြောင်းလဲတာလဲ၊ ဒါက အခွင့်အရေးသမား လုပ်တာမဟုတ်ဘူးလား။ လက်တွေ့ဘဝမှာ ဘယ်သူက အခွင့်အရေးသမားလုပ်နိုင်မှာလဲ။ နည်းနည်းလေးရှိ ရန်ဖြစ်တယ်၊ ရိုက်နှက်တယ်၊ စည်းကမ်းဆိုတာမရှိဘူး။ သူတို့ဒါက အကြမ်းဖက်မှုကိုအားပေးနေတာ၊ ဥပဒေချိုးဖောက်မှုကိုအားပေးနေတာ၊ ဒီလူတွေက လက်တွေ့ဘဝမှာ အကြမ်းဖက်သမားတွေပဲ”

ဤအထိကြားသော် ယွီဟွေးဖေးမှာ ဆက်နားမထောင်နိုင်တော့ပေ။ ဤသူမှာ သာမန်ဝေဖန်ရေးဆရာမဟုတ်၊ စံနှစ်မျိုးကိုင်တဲ့ ခွေးတစ်ကောင်ပဲ။ သို့သော် ယွီဟွေးဖေးမှာ နောက်ဆုံးတွင် ဤကျောင်းမှလူမဟုတ်ရာ ထပြောရန်မကောင်းပေ။

အမှန်ပင် ဖန်းချောင်ဤသို့ပြောရာ လူများစွာမကျေမနပ်ဖြစ်သွားကြပြီး အမြင်များပြောကြားလိုကြသည်။ သို့သော် ချက်ချင်းပင် ဆရာတစ်ဦးက “အားလုံးတိတ်ဆိတ်ကြပါ၊ ဆရာမပြောပြီးတဲ့အထိ အရင်နားထောင်ကြပါ။ မေးခွန်းရှိရင် နောက်မှမေးခွန်းမေးချိန်ပေးပါမယ်” ဟုဆိုကာ ဝင်ထိန်းလေမှ ကျောင်းသားများမှာ တိတ်ဆိတ်သွားကြသည်။

ဖန်းချောင်က စေတနာပြည့်ဝသောလေသံဖြင့် မြင့်မြတ်သောဘုရားတစ်ဆူကို ကိုးကွယ်ချီးကျုးနေသည့်နှယ် ထောပနာပြုလေတော့သည်။

“ကျွန်မမျှော်လင့်တာက အားလုံးတိတ်ဆိတ်ငြိမ်သက်စွာနဲ့ အနောက်တိုင်းစာပေကို သွားဖတ်ကြဖို့ပါပဲ။ အဲ့ဒါမှ တကယ့်စာပေအစစ်အမှန်ပါ။ ရှင်တို့သိထားရမှာက ဉာဏ်သစ်လောင်းခေတ်ကတည်းက ကမ္ဘာ့ဂန္ထဝင်စာပေတွေ ဘယ်လောက်များများထွက်ပေါ်ခဲ့လဲ။ ဒါပေမဲ့ ဘယ်လောက်များများက စိတ်တည်ငြိမ်စွာနဲ့ ဖတ်ရှုနိုင်ကြလို့လဲ”

“တရုတ်လူမျိုးတွေရဲ့ မွေးရာပါအားနည်းချက်က တကယ်ပဲသိသာလွန်းတယ်၊ ပေါ့ပျက်တယ်၊ ဟန်ဆောင်တယ်၊ လောဘကြီးတယ်၊ ရုပ်ဝတ္ထုပစ္စည်းကို မက်မောတယ်၊ တစ်နေ့လုံး နာမည်နဲ့အကျိုးအမြတ်ကိုပဲ လိုက်စားနေကြတယ်”

“ရှင်တို့ ဂျာမန်လူမျိုးတွေ၊ ဂျပန်လူမျိုးတွေကို ပြန်ကြည့်ကြပါဦး၊ သူတို့အလေးထားတာက ဘာလဲ။ တိကျတယ်၊ စည်းကမ်းလိုက်နာတယ်၊ သူတို့လိုက်စားတာက လက်မှုပညာရှင်စိတ်ဓာတ်။ အရင်က ဂျာမနီက ရှန်တုံမှာ ဆောက်ခဲ့တဲ့ မြေအောက်ရေနုတ်စနစ်က ဒီနေ့အထိသုံးနေတုန်းပဲ။ ကျွန်မတို့ခေတ်သစ်မြို့ကြီးတွေအားလုံးရဲ့ ရေနုတ်စနစ်ကိုတောင် ကျော်လွန်နိုင်သေးတယ်။ အဲ့ဒါက ဘယ်ခေတ်ကနည်းပညာလဲ။ ဆယ်စုနှစ်တွေကြာသွားပြီးတာတောင် သူတို့ကတိုးတက်နေတုန်းပဲ။ ကျွန်မတို့ကရော... သူတို့ဖိနပ်ကိုင်ပေးဖို့တောင် အရည်အချင်းမရှိဘူး။ ဒါကဘာကြောင့်လဲ။ ဒါက တရုတ်လူမျိုးတွေ ပေါ့ပျက်လို့ပဲ၊ အလုပ်လုပ်ရင် နာမည်နဲ့အကျိုးအမြတ်ကိုပဲ အလေးထားတယ်၊ အရည်အသွေးကို လုံးဝဂရုမစိုက်ဘူး”

“မကျေမနပ်မဖြစ်ကြနဲ့၊ ရှင်တို့သေချာစဉ်းစားကြည့်ကြပါ။ ဒီလောက်ကြီးမားတဲ့နိုင်ငံ လူဦးရေသန်းထောင်ချီ ဒီလောက်နှစ်တွေကြာတာတောင် ထုတ်ပြနိုင်တဲ့လက်ရာ ဘာရှိလို့လဲ။ လက်မှုပညာမှာ ဂျာမနီကိုမမီဘူး၊ ကျွမ်းကျင်မှုမှာ ဂျပန်ကိုမမီဘူး၊ နည်းပညာမှာ အမေရိကန်ကိုမမီဘူး၊ ဒီမိုကရေစီမှာ အိန္ဒိယကိုမမီဘူး၊ ပတ်ဝန်းကျင်မှာ အာဖရိကကိုမမီဘူး၊ ကျွန်မတို့မှာ ဘာဂုဏ်ယူစရာရှိသေးလို့လဲ။ သနားစရာကောင်းတာမဟုတ်ဘူးလား။ နိုင်ငံတကာဆုရခဲ့တဲ့ အနည်းငယ်ကလည်း သူများတံတွေးခွက်ကို မှောက်သောက်တာပဲ။ သူများက မင်းကိုသနားလို့ ပေးတာကို ကိုယ့်ကိုယ်ကို တကယ်ပဲ တစ်ခုခုရေးထုတ်နိုင်တယ်လို့ ထင်နေတာလား”

“ကျွန်မနေ့တိုင်းအွန်လိုင်းပေါ်မှာ လူတွေပြောနေကြတဲ့ နိုင်ငံကြီးစကားလုံးတွေကို ကြည့်ပြီး စိတ်မကောင်းဘူး... ဒီကလေးတွေရဲ့ အသိပညာကင်းမဲ့မှု၊ အပြင်လောကအကြောင်း ဘာမှမသိဘဲ အမှောင်ထဲမှာနေနေရတာကို စိတ်မကောင်းဘူး။ ဒါကြောင့် ကျွန်မတိုက်တွန်းချင်တာက အားလုံးအကျိုးအမြတ်လိုချင်စိတ်ကို စွန့်လွှတ်ပါ၊ နိုင်ငံနယ်နိမိတ်စိတ်ကို စွန့်လွှတ်ပါ၊ နိုင်ငံခြားကို ကောင်းကောင်းကြည့်ရှုပါ၊ သူတို့ရဲ့အနှစ်သာရကို လေ့လာပါ၊ ကိုယ့်ကိုယ်ကို အထင်ကြီးမနေကြပါနဲ့တော့။ စိတ်တည်ငြိမ်စွာနဲ့ ကောင်းကောင်းဖန်တီးကြပါ၊ လျှောက်မတွေးကြပါနဲ့တော့။ တကယ့်စာပေအစစ်အမှန်ကို သွားရေးကြပါ။ အ‌တွေးအခေါ်နက်နဲတဲ့ စာပေကို သွားရေးကြပါ”

ဤစကားများထွက်လာရာ အောက်မှကျောင်းသားများ၏မျက်နှာများမှာ အလွန်မကောင်းလှပေ။ အားလုံးမှာ သူမကနိုင်ငံခြားကို ချီးကျူးသည်ကို မကန့်ကွက်ကြသော်လည်း ချီးကျူးရင်းနင်းခြေသွားရာ ဤသွေးဆူလွယ်သောကျောင်းသားများမှာ အလွန်မခံမရပ်နိုင်ဖြစ်သွားကြသည်။ သူတို့မှာ စကားပြောလိုကြသော်လည်း ဆရာများက အကြိမ်ကြိမ်ဖိနှိပ်ထားရာ စကားပြောခွင့်လုံးဝမရကြပေ။

စုန့်ချင်းမှာ ထိုင်နေရင်း မျက်နှာတစ်ခုလုံး သံမဏိကဲ့သို့စိမ်းနေပြီး နှုတ်ခမ်းများမှာ အနည်းငယ်တုန်ခါနေကာ လက်သေးသေးလေးများကို တင်းတင်းဆုပ်ထားသည်။ ဒေါသအလွန်ထွက်နေသည်မှာ ထင်ရှားလှသည်။

မုရှောင်ကျိုဆိုတဲ့မိန်းကလေးမှာမူ ဒေါသထွက်လွန်း၍ သရေစာများကို အသည်းအသန်စားနေပြီး ပါးလေးများမှာ ဖောင်းကားနေတော့သည်။ ထိုအချိန်မှာပင် အသံတစ်သံထွက်ပေါ်လာ၏။

“ဆရာမကို မေးခွန်းတစ်ခုလောက် မေးလို့ရမလား”

အားလုံးကြားသော် စကားပြောသူကို လှည့်ကြည့်လိုက်ကြသည်။ ထိုသူမှာ ဝတ်ရုံအနီဝတ်ဆင်ထားသော လူငယ်တစ်ဦးဖြစ်ပြီး အနည်းငယ်ချောမောကာ ဟန်ပန်ကောင်းမွန်သည်။

ဖန်းချောင်က ဤလူငယ်ကိုမြင်သော် မျက်မှောင်ကြုတ်ကာ “လူငယ်လေး... မင်းယောက်ျားလေးမဟုတ်လား”

ယွီဟွေးဖေးက ခေါင်းညိတ်ပြရာ ဖန်းချောင်က “ဒါဆိုရင်တော့ မင်းစကတ်မဝတ်တာ ပိုကောင်းမယ်” ဟုဆိုသည်။

ဤစကားထွက်လာသည်နှင့် အချို့ကရယ်မောကြသော်လည်း ထိုဟန်ဖုဝတ်ရုံတူ ဝတ်ဆင်ထားသူများမှာမူ ဒေါသထွက်သွားကြသည်။ စုန့်ချင်းမှာမူ မထိန်းနိုင်ဘဲ ခြေထောက်ကိုဆောင့်လိုက်သော်လည်း ကံဆိုးစွာပင် သူမထရပ်ရဲခဲ့ပေ။

ယွီဟွေးဖေးပြုံးလိုက်ပြီး ဘာမှမပြောဘဲ တိုက်ရိုက်လျှောက်သွားလိုက်သည်။

ဖန်းချောင်မြင်သော် မျက်မှောင်ကြုတ်ကာ “ကျောင်းသား၊ မင်းအဲ့ဒီမှာရပ်ပြောရင်ရပြီ၊ အပေါ်တက်မလာနဲ့၊ ငါကြားရပါတယ်” ဟုဆိုသည်။

ယွီဟွေးဖေးက တိုက်ရိုက်ဖန်းချောင်ရှေ့သို့ရောက်လာပြီး နေရာတွင်တစ်ပတ်လှည့်ကာ ဖန်းချောင်ရှေ့မှ မိုက်ခရိုဖုန်းတစ်လုံးကို ယူလိုက်သည်။

“မင်းဘာလုပ်တာလဲ” ဆရာတစ်ဦးက မကျေမနပ်ဖြစ်သွားသည်။

ယွီဟွေးဖေးက သူ့ကိုမကြည့်ဘဲ ဖန်းချောင်အား “ကျွန်တော်အပေါ်တက်လာတာက အဓိကအားဖြင့် ဖန်းချောင်ဆရာမကြီး မျက်စိမကောင်းလို့ပါ။ ကျွန်တော်ဝတ်ထားတာက ဟန်ဖုဖြစ်ပြီး စကတ်မဟုတ်ဘူးဆိုတာ မမြင်နိုင်မှာစိုးလို့ပါ” ဟုဆိုသည်။

ဤစကားထွက်လာသည်နှင့် ဖန်းချောင်၏မျက်နှာမှာ မကောင်းတော့ပေ။ အမျိုးသမီးဆရာမတစ်ဦးမှာမူ ဟောက်ရန် ပါးစပ်ဟလိုက်သည်။

ယွီဟွေးဖေးက ချက်ချင်းဦးညွှတ်အရိုအသေပေးကာ “ဆရာမခင်ဗျာ... ကျွန်တော်အပေါ်တက်လာတာက အဓိကအားဖြင့် ဆရာမရဲ့ဆုံးမသွန်သင်မှုကျေးဇူးကို ကျေးဇူးတင်ချင်လို့ပါ”

ဤမြင်ကွင်းကိုမြင်သော် ထိုအမျိုးသမီးဆရာမမှာ သက်ပြင်းချလိုက်ပြီး ဖန်းချောင်မှာမူ ပြုံးလျက် “သင်ကြားပေးလို့ရတဲ့ ကလေးပဲ” ဟုဆိုသည်။

အောက်မှကျောင်းသားများမှာမူ ဒေါသထွက်နေကြသည်။

တစ်စုံတစ်ယောက်က အသံတိုးတိုးဖြင့် “ဒီအရိုးပျော့ကောင်... တော်တော်မျက်နှာချိုသွေးတတ်တာပဲ” ဟုကျိန်ဆဲလိုက်သည်။

“ရုပ်ကတော့လူရုပ် လုပ်တဲ့အလုပ်က တကယ်ရွံစရာကောင်းတယ်”

ဟန်ဖုဝတ်ထားသူများဘက်တွင်... “ရှောင်ကျို... နင်ခေါ်လာတာ ဘယ်လိုလူလဲ။ ဒါကအရိုးမရှိလွန်းတယ်၊ စာရိတ္တက အရမ်းနိမ့်ကျတာပဲ”

“ဟုတ်တယ်... ဟိုအဘွားကြီးက တကယ်ပဲရောဂါသည်ပဲ၊ ကမ္ဘာပေါ်မှာ ငါတို့နိုင်ငံနဲ့ နိုင်ငံခြားပဲရှိတာလား။ ငါတို့နိုင်ငံက ကမ္ဘာကိုအဘက်ဘက်ကနေ မကျော်လွန်နိုင်ရင် အမှိုက်ဖြစ်သွားတာလား။ သောက်ကျိုးနည်း အဘွားကြီးကို သူကအပေါ်တက်ပြီး ဦးညွှတ်အရိုအသေပေးတာက တကယ်ရွံစရာကောင်းတယ်”

အားလုံးက တစ်ယောက်တစ်ပေါက်ဖြင့် ဤသို့သောလူမိုက်ကို ခေါ်ဆောင်မလာသင့်ကြောင်း မုရှောင်ကျိုကို ဝိုင်းအပြစ်တင်ကြရာ သူမ၏မျက်နှာလေးမှာ နီရဲနေပြီး ငိုတော့မတတ်ဖြစ်နေသည်။

စုန့်ချင်းက ချောင်းတစ်ချက်ဟန့်လိုက်မှ အားလုံးတိတ်ဆိတ်သွားကြသည်။

မုရှောင်ကျိုက သနားစရာမျက်နှာလေးဖြင့် စုန့်ချင်းကိုကြည့်ရာ စုန့်ချင်းက “ရှောင်ကျို... နောက်ဆိုသူနဲ့ဝေးဝေးနေ။ ငါတို့ဝတ်ရုံတူတွေထဲမှာ ဒီလိုအမှိုက်မျိုးမရှိဘူး! ဟန်ဖုကိုမတ်တပ်ရပ်စေခြင်းက ဟန်လူမျိုးတွေရဲ့ကျောရိုးကို တည်ဆောက်စေခြင်းပဲ။ သူဟန်ဖုဝတ်ပြီး ကပ်ဖားယက်ဖား လုပ်ဖို့မဟုတ်ဘူး” ဟုဆိုသည်။

မုရှောင်ကျိုက ဝမ်းနည်းစွာဖြင့် နှုတ်ခမ်းကိုကိုက်ကာ “ကျွန်မထင်တာတော့ သူအဲ့လိုလူမျိုးမဟုတ်လောက်ဘူး...”

“ဒီလူက မျက်နှာထားကောက်ကျစ်ပြီး လူကောင်းတစ်ယောက်မဟုတ်ဘူး” စုန့်ချင်းက မျက်လုံးစွေကြည့်၍ ပြောလိုက်ရာ သူမခေါင်းငုံ့ကာ အသံမထွက်ရဲတော့ပေ။

ထိုအချိန်တွင် ယွီဟွေးဖေးက “ကျွန်တော့်ကို ဉာဏ်အလင်းဖွင့်ပေးခဲ့တဲ့ ဆရာမရဲ့ကျေးဇူးကို ကျေးဇူးတင်ပါတယ်” ဟုဆိုသည်။

ဖန်းချောင်လည်း အနည်းငယ် စိတ်ဝင်စားသွားသည်။ “အော်။ ဉာဏ်အလင်းဖွင့်ပေးတယ် ဟုတ်လား။ ဒါ... ဘာကိုပြောတာလဲ”

ယွီဟွေးဖေးက အမှတ်တရများပြည့်နှက်နေသောမျက်နှာဖြင့် “ဟိုးအရင် ကျွန်တော်ငယ်ငယ်တုန်းက...”

အောက်မှလူများမှာမူ မထီမဲ့မြင်သောအမူအရာဖြင့် ဤသူမှာ အလွန်ရွံစရာကောင်းသည်ဟု ထင်နေကြသည်။

သို့သော် ဖန်းချောင်မှာ အလွန်ကျေနပ်နေပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့် ယွီဟွေးဖေးကိုကြည့်ကာ ဆက်ပြောရန် အချက်ပြ၏။

ယွီဟွေးဖေးက နောက်ဆုံးတန်းကိုညွှန်ပြကာ “အဲ့ဒီ့တုန်းက ကျွန်တော်စာအရမ်းညံ့တော့ နောက်ဆုံးတန်းမှာထိုင်ရတယ်လေ။ ကျွန်တော်ထင်ခဲ့တာက ကျွန်တော်ဒီတစ်သက်တော့ လမ်းပေါ်ထွက်ပြီး သူများမှန်တွေခွဲ၊ ဂိမ်းတွေဆော့ရင်းဘဲ ဘဝကုန်ဆုံးတော့မယ်လို့ပေါ့။ ဒါပေမဲ့ ဖန်းချောင်ဆရာမကြီးရဲ့လက်ရာက ကျွန်တော့်ဘဝရဲ့ ပြတင်းပေါက်တစ်ချပ်ကို ဖွင့်ပေးခဲ့တယ်။ ဘဝမှာ အဲ့လိုအဆင့်တစ်ခုရှိသေးတယ်ဆိုတာကို နားလည်စေခဲ့တယ်”

ဖန်းချောင်မှာ ပို၍ပင်ကျေနပ်သွားပြီး ပြုံးလျက်ခေါင်းညိတ်ကာ “ဒါကတော့ ပြောပလောက်တာမဟုတ်ပါဘူး” ဟုဆိုသည်။

ကျောင်းသားများမှာမူ အန်ချင်သလိုဖြစ်သွားသည်။ သူတို့က ဖန်းချောင်ကိုမလှောင်ရဲသော်လည်း ယွီဟွေးဖေးကိုလှောင်ရန်မှာမူ ပြဿနာမရှိပေ။

ယွီဟွေးဖေးက နောက်လှည့်ကာ အလျင်အမြန်လက်ဝှေ့ယမ်းပြပြီး “ဘယ်လိုလုပ် ပြောပလောက်တာမဟုတ်ဘူးလို့ ပြောနိုင်မှာလဲ။ ဆရာမသာမရှိရင် ကျွန်တော် သူများမိန်းမနဲ့ အဝတ်မပါဘဲ ချစ်တင်းနှောလို့ရတယ်ဆိုတာ လုံးဝသိမှာမဟုတ်ဘူး”

ဤစကားထွက်လာသည်နှင့် အားလုံးကြောင်သွားကြသည်။ ဤအလှည့်အပြောင်းက နည်းနည်းမမှန်သလိုပင်။

ထို့နောက် ယွီဟွေးဖေးက ဆက်ပြောသည်။ “ဆရာမရဲ့ကိုယ်စားပြုလက်ရာ ‘မြို့ပြနှင့်ကျေးလက်တိမ်တိုက်’ ကို ကျွန်တော်တစ်လုံးမကျန်အကုန်ဖတ်ပြီးပြီ။ အဲ့ဒီ့ရွာတစ်ရွာလုံးကလူတွေ နေ့တိုင်းပဲ ယောက်ျားတွေကခိုး၊ မိန်းမတွေကဖောက်ပြန်နေကြတာ”

“အဲ့ဒီရှုပ်ထွေးနေပုံက ဆရာမချီးကျူးတဲ့ ဂရိဒဏ္ဍာရီလို အကုန်လူမိုက် လူယုတ်မာတွေချည်းပဲ။ ဆရာမရဲ့ စာအုပ်ကိုမဖတ်ခင်ကဆိုရင် ကျွန်တော်ယောက်ျားနဲ့မိန်းမ အဲ့လိုဆက်ဆံရေးမျိုးရှိနိုင်တယ်ဆိုတာတောင် မသိလောက်ဘူး။ နေ့တိုင်းပဲ ကြက်လိုက်၊ ခွေးစ၊ ပြတင်းပေါက်ရိုက်ခွဲဖို့ပဲ စဉ်းစားနေတာ။ တကယ်ပြောရရင် ဆရာမက လိင်ပညာပေးတဲ့နေရာမှာ ကျွန်တော်တို့ခေတ်ရဲ့ တကယ့်ဆရာမအစစ်ပဲ။ ကျွန်တော်တို့အတန်းနောက်တန်းက ယောက်ျားလေးတွေအားလုံး ခင်ဗျားကိုကျေးဇူးတင်နေကြတာ”

“ကံဆိုးတာက နောက်ပိုင်းမှာ စာအုပ်ကိုအတန်းပိုင်ဆရာမက တွေ့သွားပြီး၊ သူကကျွန်တော်တို့ကို ‘မင်းတို့ကလူမိုက်တွေပဲ၊ ဒီလိုအောက်တန်းကျတဲ့စာအုပ်မျိုးကို ဖတ်ရဲတယ်လား’ လို့ဆဲတယ်။ ပြီးတော့ ကျွန်တော်တို့စာအုပ်ငှားတဲ့ဆိုင်ကိုပါ တိုင်ကြားလိုက်တယ်။ သနားစရာကောင်းတဲ့ဆိုင်ရှင်က အိမ်ကလည်းမပြေလည်ဘူး၊ စာအုပ်ဆိုင်ဖွင့်တာတောင် အပိတ်ခံလိုက်ရတယ်။ နောက်ပိုင်းမှာ မာလာရှမ်းကောရောင်းပြီး အသက်မွေးရတော့တယ်... ဆရာမမှာသာ စိတ်ကောင်းလေးရှိရင် သူ့ဆိုင်ကိုသွားအားပေးလိုက်ပါဦး”

ဤအထိကြားသော် အောက်မှလူများမှာ သတိပြန်ဝင်လာကြသည်။

ဖွီး...

တစ်စုံတစ်ယောက်က ဦးဆောင်ရယ်မောလိုက်ရာ ပရိသတ်တစ်ခွင်လုံး ဝေါကနဲ ပေါက်ကွဲသွားပြီး အားလုံးစုပေါင်းရယ်မောကြတော့သည်။

All Chapters