← Chapters

ထိပ်တိုက်ရင်ဆိုင်ခြင်း

Vol. 13 Ch. 193

ထိပ်တိုက်ရင်ဆိုင်ခြင်း

Vol. 13 Ch. 193

စုန့်ချင်းလည်း ကြောင်ငေးသွားသည်။ သူမထင်ခဲ့သည်မှာ ယွီဟွေးဖေးက တကယ်ပဲ မျက်နှာချိုသွေးရန်သွားသည်ဟုပင်။ နောက်ဆုံးတွင် ဤသို့သောစကားများထွက်လာရာ၊ လုံးဝပြောင်းပြန်လှန်သွားသည်တကား။

ချက်ချင်းပင် စုန့်ချင်းမှာ နှုတ်ခမ်းကိုကိုက်လိုက်သည်။ မုရှောင်ကျိုမှာမူ စိတ်လှုပ်ရှားစွာဖြင့် “မြင်တယ်မလား၊ မြင်တယ်မလား။ ကျွန်မခေါ်လာတာလေ... သူကလူမိုက်မဟုတ်လောက်ဘူးလို့ ကျွန်မပြောသားပဲ” ဟုဆိုသည်။

အားလုံးမှာလည်း တစ်ခဏတိတ်ဆိတ်သွားကြသည်။

စင်မြင့်ပေါ်တွင် ဖန်းချောင်၏မျက်နှာမှာမူ သံပုရာသီးကိုက်မိသလို ရှုံ့မဲ့နေတော့သည်။ ဆရာများ၏မျက်နှာမှာလည်း ပျက်ယွင်းနေပြီ ထိုအထဲမှ အမျိုးသမီးဆရာမတစ်ဦးက စားပွဲကိုရိုက်ကာ ဆူလေတော့၏။

“နင်ဘာနားလည်လို့လဲ။ ဖန်းချောင်ဆရာမကြီးရေးတာက အမှန်တရားပဲ။ လူ့အဖွဲ့အစည်းရဲ့အမှောင်ဘက်ကို နက်နက်ရှိုင်းရှိုင်းတူးဆွပြီး ဒီလူ့အဖွဲ့အစည်းရဲ့ရှုပ်ထွေးမှုကို ဝေဖန်တာ”

“ကျွန်တော်လည်းမကောင်းဘူးလို့ မပြောထားတာကို ဘာလို့စိတ်လှုပ်ရှားနေတာလဲ။ ဆရာမလည်း အဲ့ဒီစာအုပ်ကို ဖတ်ဖူးတာလား”

စကားပြောနေစဉ်မှာပင် ယွီဟွေးဖေးက ထိုအမျိုးသမီးဆရာမကို မျက်ခုံးပင့်ပြ၊ မျက်စိမှိတ်ပြလိုက်သည်။ ထိုအကြည့်မှာ “လမ်းစဥ်တူတွေပဲ” ဟုဆိုနေသည့်နှယ်။

ထိုခံစားချက်မှာ ရှက်တတ်သော ယောက်ျားလေးအချို့ အတူတူထိုင်ကာ ဂိမ်းကစားနေရင်း အားလုံး၏ကွန်ပျူတာပေါ်တွင် သိုင်းကားအချို့ရှိနေသည်ကို တွေ့ရှိလိုက်ရသကဲ့သို့ပင်။ ငါတို့ တွေ့ဆုံရသည်မှာ နောက်ကျလေစွ၊ စိတ်တူကိုယ်တူဖြစ်လေစွ။

အမျိုးသမီးဆရာမ၏မျက်နှာမှာ ချက်ချင်းပင် မျောက်ဖင်ကဲ့သို့ နီရဲသွားပြီး ထိုနေရာတွင်ရပ်ကာ ဖတ်ဖူးသည်ဟုပြောရမည်မှာလည်းမကောင်း၊ မဖတ်ဖူးဟုပြောရမည်မှာလည်းမကောင်း ဖြစ်နေသည်။

ထိုအချိန်တွင် အမျိုးသားဆရာတစ်ဦးက “ကျောင်းသား... မင်းကျေးဇူးတင်သင့်တာတွေ ကျေးဇူးတင်ပြီးပြီ၊ ကိစ္စမရှိရင် ဆင်းသွားတော့။ ဆရာမက သင်ခန်းစာဆက်သင်ရဦးမယ်...”

ယွီဟွေးဖေးက လက်ဝှေ့ယမ်းပြကာ “ဘယ်သူက ကိစ္စမရှိဘူးပြောလို့လဲ။ ကျွန်တော်အပေါ်တက်လာတဲ့ရည်ရွယ်ချက် ပထမတစ်ခုက ဖန်းချောင်ဆရာမကြီးရဲ့ ဉာဏ်အလင်းဖွင့်ပေးတဲ့ပညာရေးကို ကျေးဇူးတင်ဖို့ပါ။ ဒုတိယတစ်ခုကတော့ ဖန်းချောင်ဆရာမကြီးကို မေးချင်တာက ဆရာမရေးထားတာ တကယ်လက်တွေ့ဘဝလား။ ဆရာမသွားခဲ့တဲ့ရွာက ဘယ်မှာလဲ။ ပြောပြပါဦး၊ ကျွန်တော်တို့ကူပြီး စစ်ဆေးပေးရမလား။ ကျွန်တော်တို့ လက်တွေ့ဘဝအကြောင်းရေးတာက ပုံပြောတာမဟုတ်ဘူး။ အပေါ်နှုတ်ခမ်း အောက်နှုတ်ခမ်း တစ်ချက်ထိလိုက်ရုံနဲ့ လျှောက်ပြောလို့မရဘူး”

ဖန်းချောင်က “စာအုပ်ထဲမှာ ရှင်းရှင်းလင်းလင်းရေးထားပါတယ်။ အဲ့ဒါကရွာတစ်ရွာတည်းရဲ့ကိစ္စမဟုတ်ဘူး။ နေရာအများအပြားရဲ့ကိစ္စတွေကို ကျွန်မစုစည်းထားတာ။ စာပေဆိုတာ ဘဝကနေလာပြီး ဘဝထက်မြင့်မားတယ်”

“အော်... ဆိုတော့ အစစ်အမှန်မဟုတ်ဘူးပေါ့” ယွီဟွေးဖေးက အသံရှည်ဆွဲကာ “လက်တွေ့ဘဝအကြောင်းအရာဆိုရင် လက်တွေ့ဘဝဆီကို ပြန်သွားသင့်တာမဟုတ်ဘူးလား။ ဆရာမက ကမ္ဘာပေါ်ကအမှောင်တွေကို ရွာတစ်ရွာထဲမှာ ဖိသိပ်ထည့်လိုက်တော့ ဒါကလူတွေကို ကျွန်တော်တို့နိုင်ငံရဲ့ ရွာတွေက ဒီလိုပဲလို့ ထင်သွားစေနိုင်တယ်။ ပြီးတော့ ဆရာမရေးထားတဲ့ ရွာက အစစ်အမှန်နာမည်၊ ဒေသခံတွေကို ဘယ်လောက်ကြီးမားတဲ့ ထိခိုက်မှုဖြစ်စေလဲဆိုတာ သိရဲ့လား။ ဒါက လက်တွေ့ဘဝကိုရေးတာမဟုတ်ဘူး၊ ဒါက ပြောင်ပြောင်တင်းတင်း စွပ်စွဲတာ၊ အသရေဖျက်တာ”

“မင်း... မင်း...” ဖန်းချောင်မှာ ဒေါသထွက်လွန်း၍ သွားများကိုကြိတ်ကာ “ငါထင်ခဲ့တာက ဒီတက္ကသိုလ်ထဲမှာ နိုင်ငံရဲ့အနာဂတ်မျှော်လင့်ချက်တွေရှိတယ်လို့။ မထင်ထားဘူး ဦးနှောက်မရှိတဲ့ကောင်တွေတစ်စုပဲ။ မင်းတို့ငါ့ကို အရမ်းစိတ်ပျက်စေတယ်”

အမျိုးသားဆရာက ဒေါသတကြီးဟောက်လိုက်သည်။ “မင်း ဆင်းသွားစမ်း”

“မေးခွန်းမေးလို့ မပြီးသေးဘူးလေ၊ ဘာလို့ဆင်းရမှာလဲ” ယွီဟွေးဖေးက ခေါင်းခါသည်။

အမျိုးသားဆရာ၏မျက်နှာမှာ အနည်းငယ်ပျက်ယွင်းသွားသည်။ သူကဌာနမှူးဖြစ်ပြီး မျက်နှာအတော်အတန်ရှိ၏။ သူထရပ်ပြီး အဲ့လိုစကားတွေပြောပြီး မောင်းချလိုက်တော့ ကျောင်းသားတစ်ယောက်က စင်မြင့်ပေါ်မှာ ရပ်မနေရဲတော့လောက်ဘူးလို့ သူထင်ခဲ့သည်။

နောက်ဆုံးတွင် မထင်မှတ်ဘဲ တကယ်ခေါင်းမာတဲ့ကောင်တစ်ကောင်က စင်မြင့်ပေါ်မှာရပ်ပြီး မဆင်းပေ။ သူအလွန်မကျေမနပ်ဖြစ်သွားသလို သူ့နောက်မှကျောင်းအုပ်ကြီးလည်း မကျေမနပ်ဖြစ်နေသည်ကိုပင် ခံစားလိုက်ရသည်။

ဖန်းချောင်မှာမူ စိတ်ထိန်းကာ ပြုံးတစ်ဝက်မပြုံးတစ်ဝက်ဖြင့် “အော်... မင်းမှာမေးခွန်းရှိသေးတယ်လား” ဟုဆိုသည်။

ယွီဟွေးဖေးက ပြုံးလျက် “ဖန်းချောင်ဆရာမကြီးကို ကျွန်တော်မေးချင်တာက ဂျာမနီက ရှန်တုံပြည်နယ် ချင်တောင်မြို့မှာ ဒီနေ့အထိသုံးနေတုန်းဖြစ်ပြီး၊ တစ်နိုင်ငံလုံးကိုကျော်လွန်တဲ့ ရေနုတ်စနစ်ကို တည်ဆောက်ခဲ့တယ်ဆိုတာ ဘယ်ကနေသိတာလဲ”

“ဒါကမေးစရာလိုသေးလို့လား။ အဲ့ဒီ့တုန်းက ဒီသတင်းက ကမ္ဘာအနှံ့ပျံ့နေတာ ငါဘယ်လိုလုပ်မသိဘဲနေမလဲ”

ဤသို့ပြောပြီးနောက် ဖန်းချောင်က နာကျင်ကြေကွဲစွာဖြင့် “အား... တိုင်းသူပြည်သားတွေ ဘယ်တော့မှ ကိုယ့်အားကိုယ်ကိုးနိုင်မှာလဲ” ဟုဆိုသည်။

ယွီဟွေးဖေးကလည်း လိုက်ပါသက်ပြင်းချကာ “ဟုတ်တယ်... တိုင်းသူပြည်သားတွေ ဘယ်တော့မှ သတင်းအမှန်ကိုကြည့်မှာလဲ။ ဘယ်တော့မှ ဦးနှောက်မပါဘဲ ကောလာဟလတွေကို တစ်ဆင့်စကား တစ်ဆင့်နားမယောင်တော့မှာလဲ”

ဖန်းချောင်မှာ ကြောင်သွားသလို ကျောင်းသားများလည်း ကြောင်သွားကြသည်။ စုန့်ချင်း၏မျက်လုံးများမှာမူ ပို၍ပင်အရောင်တောက်လာပြီး ယွီဟွေးဖေးကိုကြည့်သည့်အကြည့်မှာ အနည်းငယ်မတူတော့ပေ။

ယွီဟွေးဖေးက ပြုံးစိစိဖြင့် ဖန်းချောင်ကိုကြည့်ကာ “ဖန်းချောင်ဆရာမကြီး အဲ့ဒီ့ပြဿနာကို အဲ့လောက်ဂရုစိုက်တာ ဒီကိစ္စက ကောလာဟလဖြစ်ကြောင်း ရှင်းလင်းပြီးသားဆိုတာ မသိဘူးလား။ ဂျာမနီက ချင်တောင်မှာ ရက်အနည်းငယ်ပဲနေခဲ့တာ။ သူတို့မှာ ပြည့်စုံတဲ့ရေနုတ်စနစ်ကို တည်ဆောက်ဖို့ အချိန်နဲ့စွမ်းအင် လုံးဝမရှိဘူး။ သူတို့တည်ဆောက်ခဲ့တဲ့ ရေနုတ်စနစ်အပိုင်းက ရေဘေးပြဿနာကိုဖြေရှင်းဖို့ ရည်ရွယ်တာမဟုတ်ဘူး။ အဲ့ဒါက မိလ္လာတွေကို တရုတ်လူမျိုးတွေနေတဲ့နေရာကို စွန့်ပစ်ဖို့ပဲ”

“အဲ့ဒီ့တုန်းက တရုတ်လူမျိုးတွေရဲ့ ဆဲရေးခြင်းကို အလွန်ခံခဲ့ရတယ်။ နောက်ပိုင်းမှာ ဂျာမန်တွေထွက်သွားပြီး ရှုပ်ပွနေတဲ့ အပျက်အစီးတစ်ပုံတစ်ပင်ကို ချန်ထားခဲ့တယ်။ ချင်တောင်တစ်ခုလုံးမှာ ကီလိုမီတာသုံးထောင်ကျော်ရှည်တဲ့ မြေအောက်ရေနုတ်စနစ်မှာမှ ဂျာမန်တွေတည်ဆောက်ခဲ့တာက ၂.၆၆ ကီလိုမီတာပဲရှိတယ်။ အဲ့ဒါတောင် ပျက်စီးနေတဲ့အမှိုက်... နောက်ပိုင်းရေနုတ်စနစ်က ကျွန်တော်တို့နိုင်ငံက နည်းပညာလုပ်သားတွေ ကြိုးစားအားထုတ်မှုရဲ့ရလဒ်ပဲ၊ ဘယ်လိုလုပ် သူတို့ရဲ့လက်ရာဖြစ်သွားရတာလဲ။ ဒီကိစ္စကလည်း သတင်းပေါ်ခဲ့ဖူးတယ်။ ဆရာမ မမြင်ဖူးဘူးလား”

ဤစကားကိုကြားသော် ဖန်းချောင်၏မျက်နှာမှာ အနည်းငယ်နီရဲသွားသည်။ မျက်နှာကို အရိုက်ခံလိုက်ရသလိုပင်။

ယွီဟွေးဖေးက ပြုံးလျက် “တကယ်ပြောရရင် ဆရာမ သတင်းကြည့်တာက သူငယ်ချင်းအပေါင်းအသင်းတွေရဲ့ သတင်းမဟုတ်ဘူးမလား။ ဒါမှမဟုတ် ချစ်ခင်ရင်းနှီးတဲ့မိသားစုတစ်စုရဲ့ သတင်းလား။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် ဆရာမကိုသတိပေးရမယ်။ အဲ့ဒီ့မှာ မကောင်းတဲ့ အချက်တွေအများကြီးရှိတယ်၊ ကြည့်ရှုသူများများရဖို့၊ သက်ကြီးရွယ်အိုတွေရဲ့ မသိနားမလည်မှုကိုလှည့်စားဖို့၊ မျက်စိကျစရာကောင်းတဲ့ သတင်းအတုတွေအများကြီး ဖန်တီးထားတယ်။ ဆရာမ အလိမ်ခံလိုက်ရတာဖြစ်နိုင်တယ်...”

ဖွီး... ဟားဟားဟား...

အောက်မှကျောင်းသားများမှာ ပေါက်ကွဲရယ်မောလိုက်ကြသည်။ ယွီဟွေးဖေး၏စကားမှာ အလွန်ထိမိသည်၊ ဘာချစ်ခင်ရင်းနှီးတဲ့မိသားစုတစ်စုလဲ။ ဘာသူငယ်ချင်း အပေါင်းအသင်းတွေရဲ့သတင်းလဲ။ ဒါကတစ်ဖက်သားကို အသိပညာမရှိ၊ မသိနားမလည်တဲ့သက်ကြီးရွယ်အိုလို့ ဆဲနေတာပဲ။

ဖန်းချောင်၏မျက်နှာမှာ တကယ်ပဲ မည်းမှောင်နေပြီး မျက်နှာမည်းကာ နှုတ်ခမ်းများပင်တုန်ခါနေသည်။

“ဖန်းချောင်ဆရာမကြီးကို နောက်မေးခွန်းတစ်ခုမေးပါရစေ။ ဆရာမက နိုင်ငံခြားက ဂန္ထဝင်တွေထွက်တယ်တဲ့။ ကျွန်တော်စာနည်းနည်းပဲ ဖတ်ဖူးတော့ ကျွန်တော့်ကိုမလိမ်ပါနဲ့။ ကျွန်တော်သိသလောက်တော့ နိုင်ငံခြားက စာအုပ်တွေအများကြီးထွက်တာမှန်တယ်။ ဒါပေမဲ့ တိုင်းသူပြည်သားတွေရဲ့ အလှအပစံနှုန်းနဲ့မကိုက်ညီဘူး၊ လူတော်တော်များများက ဖတ်လို့မဝင်ဘူး။ ကောင်းမကောင်းကိုတော့ ကျွန်တော်တို့မဝေဖန်ဘူး၊ ဒါပေမဲ့ ဆရာမက တကယ်ပဲ ကျွန်တော်တို့လက်ရှိလက်ရာတွေမှာ အကောင်းစားမရှိဘူးလို့ ထင်နေတာလား”

ဖန်းချောင်က ဤစကားကိုကြားသော် အေးစက်စွာပြုံးလျက် “မင်းကအကောင်းစားရှိတယ်လို့ ထင်နေတာလား။ အွန်လိုင်းပေါ်မှာ ညစ်ညမ်းတာတွေချည်းပဲ...”

ဤစကားထွက်လာသည်နှင့် အောက်မှတစ်စုံတစ်ယောက်က ရှူးကနဲအသံပြုလိုက်ရာ ဖန်းချောင်၏မျက်နှာမှာ ချက်ချင်းနီရဲသွားသည်။

ယွီဟွေးဖေးက ပြုံးလျက် “ဆရာမပြောပုံအရဆိုရင် ညစ်ညမ်းတဲ့နယ်ပယ်မှာ ဘယ်သူက ဆရာမနဲ့ယှဉ်နိုင်မှာလဲ”

ဖန်းချောင်မှာ ဒေါသထွက်လွန်း၍ စားပွဲရိုက်ကာ ထွက်သွားချင်နေပြီ။

ထိုဌာနမှူးမြင်သော် ဒေါသတကြီးဖြင့် ယွီဟွေးဖေးထံလျှောက်လာပြီး၊ လက်ဆန့်ကာ ယွီဟွေးဖေးလက်ထဲမှမိုက်ခရိုဖုန်းကို လုယူရန်ပြင်ရင်း “တော်ပြီ... မမေးနဲ့တော့၊ ဆင်းသွားပြီးနားထောင်နေ” ဟုဟောက်လိုက်သည်။

“ခင်ဗျားမလာနဲ့နော်... ကျွန်တော်တခြားဘာမှမတတ်ဘူး။ ဒါပေမယ့် ရန်ဖြစ်တာတော့ တတ်တယ်”

ယွီဟွေးဖေး နောက်သို့ဆုတ်လိုက်ပြီး မျက်လုံးများမှာ ချက်ချင်းပင် စူးရှသွားသည်။ သူကသွေးမြင်ဖူးသူ အကြိမ်ကြိမ်သေဘေးမှလွတ်မြောက်ခဲ့သူဖြစ်ရာ မျက်လုံးများတွင် လူသတ်လိုသော အရိပ်အယောင်များ ပေါ်ထွက်နေပြီ။ ထိုအကြည့်မှာ ဝံပုလွေကဲ့သို့စူးရှရာ ဌာနမှူး၏စိတ်ထဲတွင် အေးစက်သွားပြီး တကယ်ပဲမတက်ရဲတော့ပေ။

“ဆရာမကြီး... ဒါဆိုနောက်မေးခွန်းတစ်ခုမေးပါရစေ။ ခုနက အကောင်းစားလက်ရာ ဘယ်လို ထွက်အောင်လုပ်ရမလဲဆိုတဲ့ နည်းလမ်းတွေ အများကြီးပြောခဲ့တယ်နော်။ နိုင်ငံခြားသားတွေကိုလေ့လာတာတို့၊ ကြိုးစားပမ်းစားလေ့လာတာတို့၊ အောင်မြင်မှုကိုမလောဘဲ၊ အတွင်းကျတဲ့စာပေကိုရေးတာတို့၊ လူ့အဖွဲ့အစည်းရဲ့အမှောင်ဘက်ကိုတူးဆွတာတို့က တကယ်ပဲလား”

ဖန်းချောင်က အေးစက်စွာ ပြန်ဖြေလိုက်သည်။ “ဟုတ်တယ်... စာပေပညာရှင်တစ်ယောက်အနေနဲ့ ဝေဖန်ရေးစိတ်ဓာတ်ရှိရမယ်။ မျက်နှာချိုသွေးတာ မြှောက်ပင့်ဖားယားတာ မလုပ်ရဘူး”

ယွီဟွေးဖေးက လက်ခုပ်တီးကာ “ကောင်းတယ်၊ တကယ်ကောင်းတယ်။ ဒါဆိုကျွန်တော်မေးပါရစေ၊ ဆရာမနဲ့ ဆရာမလိုပဲ အတွေးအခေါ်တူတဲ့ စာရေးဆရာမကြီးတွေ ဒီလောက်နှစ်တွေလေ့လာပြီးတော့... ဆရာမပြောတဲ့ အဲ့လိုဂန္ထဝင်မျိုး ရေးထုတ်နိုင်ခဲ့ပြီလား။ ကမ္ဘာအနှံ့ပျံ့နှံ့ပြီး ကမ္ဘာပေါ်ကလူတွေအားလုံး ဆရာမကိုချီးကျူးကြတဲ့ဟာမျိုးလေ။ ဟိုသူများတံတွေးခွက်မှောက်သောက်တဲ့စာအုပ် တစ်ချို့တော့ မပြောနဲ့နော်၊ မဟုတ်ရင် အရှက်ကွဲလွယ်တယ်”

ဖန်းချောင်မှာ စကားမပြောနိုင်ဖြစ်သွားသည်။

“ဆရာမ စကားမပြောတာက ရှိတယ်ဆိုတဲ့သဘောပေါ့။ ဒါဆိုခင်ဗျားကျွန်တော့်ကိုပြောပြပါ၊ ဆရာမရဲ့ အဲ့ဒီကမ္ဘာ့ဂန္ထဝင်စာအုပ်က နာမည်ဘယ်လိုခေါ်လဲ။ နောက်မှ ကျွန်တော်လည်း တစ်အုပ်လောက်စုဆောင်းပြီး၊ ကျွန်တော့်ကလေးကို ဉာဏ်အလင်းဖွင့်ပေးတဲ့ စာအုပ်အဖြစ်ထားမယ်”

ဖွီး...

အစဉ်အမြဲအေးစက်တည်ငြိမ်သော စုန့်ချင်းမှာ မထိန်းနိုင်ဘဲ ရယ်မောလိုက်သည်၊ တစ်ခဏသာဖြစ်သော်လည်း ဘေးမှအမြီးလေးက တွေ့ရှိသွား၏။ မုရှောင်ကျိုက နှုတ်ခမ်းလေးစူကာ “အစ်မချင်းက ကျွန်မလူမှားကြည့်မိတယ်လို့ ထင်နေတုန်းလား”

စုန့်ချင်းက သူမကိုမျက်ဖြူလန်ပြကာ “သူဘယ်လောက် ကောင်းကောင်းပြောနေပါစေ၊ လူယုတ်မာက လူယုတ်မာပဲ”

မုရှောင်ကျို “@#...”

ဖန်းချောင်က “တော်ပြီ... ငါ့ပညာမပြည့်စုံသေးဘူးဆိုတာ ဝန်ခံတယ်။ အဲ့လိုစာအုပ်မျိုး မရေးနိုင်သေးဘူး။ ဒါပေမဲ့ ဒီဆယ်စုနှစ်တွေမှာ ငါတို့တစ်နိုင်ငံလုံးမှာလည်း ဘယ်သူမှ အဲ့လိုကမ္ဘာ့ဂန္ထဝင်စာအုပ်မျိုး မရေးထုတ်နိုင်ခဲ့ဘူးလေ”

ယွီဟွေးဖေးက လက်ခုပ်တီးကာ “ကြည့်... ဆရာမတို့ အဲ့လောက်များတဲ့လူတွေ၊ အဲ့လောက်ခေါင်းမာ၊ အဲ့လောက်ဇွဲရှိရှိကြိုးစားခဲ့တာ ဒီလောက်နှစ်တွေကြာတာတောင် နောက်ဆုံးမှာ ဘာတစ်ခုမှမရေးထုတ်နိုင်ခဲ့ဘူး။ ပြောကြည့်... ခင်ဗျားတို့မတော်လို့လား။ ဒါမှမဟုတ် ဆရာမတို့ လေ့လာတဲ့လမ်းကြောင်း မှားနေလို့လား”

“ကျွန်တော်ထင်တာတော့ ခင်ဗျားတို့မလုပ်နိုင်ရင် လက်ထဲက အဲ့ဒီအကြီးအကျယ် အကြောင်းပြချက်တွေကို ချထားလိုက်ပါတော့။ လူငယ်တွေကို နေရာလေးနည်းနည်းပေးပြီး သူတို့ကိုလွတ်လွတ်လပ်လပ် ဖန်တီးခွင့်ပေးလိုက်ပါလား။ ဘာပဲဖြစ်ဖြစ် အရင်က ဉာဏ်သစ်လောင်းခေတ်ကလည်း အတွေးအခေါ်ရှုပ်ထွေးပြီး ဘယ်သူမှ မအုပ်ချုပ်တဲ့ အခြေအနေအောက်မှာ ပြန်လည်နိုးထလာတာပဲ”

“လူတော်တော်များများက ညစ်ညမ်းစာအုပ်တွေရေးပြီး အောင်မြင်လာကြတာ... ကျွန်တော်တို့ အဲ့လိုပြောင်ပြောင်တင်းတင်းတွေမရေးဘူး။ ကောင်းကင်ဘုံကမြင်းပျံလို စိတ်ကူးယဉ်တာမျိုးပဲရေးချင်တာ။ ပြီးတော့ ကျွန်တော်တို့က ခေတ်နဲ့အညီသွားချင်တယ်၊ အတိတ်ရဲ့အရိပ်ထဲမှာ ဆက်မနေချင်ဘူး။ တစ်သက်လုံး အမှောင်ဘက်ကိုပဲကြည့်ပြီး ကိုယ့်ကိုယ်ကို မကျေနပ်ချက်တွေပြည့်နေတဲ့ မိန်းမတစ်ယောက်လို ဖြစ်မခံနိုင်ဘူး”

“ကျွန်တော်တို့ငယ်သေးတယ်၊ ကျွန်တော်တို့စိတ်ထဲမှာ နေမင်းရှိတယ်၊ ကျွန်တော်တို့သွေးကြောထဲမှာ တိုင်းပြည်ချစ်စိတ်ပြင်းပြနေတယ်၊ ကျွန်တော်တို့အရိုးထဲမှာ တရုတ်တို့ရဲ့ယုံကြည်မှုကို ထွင်းထုထားတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့၊ ကျွန်တော်တို့ရဲ့ နေရောင်ခြည်တောက်ပတဲ့ခေတ်ကို ရေးသားနိုင်မယ်ဆိုတာကျွန်တော်တို့ယုံကြည်မှုရှိတယ်။ အဓိကအချက်က ကျွန်တော်တို့ လူငယ်တွေရေးတဲ့အရာတွေက နောက်ဆုံးမှာ သူများအကူအညီမလိုဘဲ ဖတ်တဲ့လူအနည်းငယ်တော့ရှိတယ်။ ဆရာမလိုမဟုတ်ဘူး။ ရေးတဲ့အရာတွေကို သူများကိုအတင်းဖတ်ခိုင်းမှ၊ မဟုတ်ရင် ဘယ်သူမှမသိလောက်ဘူးမလား”

“ဘန်း” ဖန်းချောင်က စားပွဲကိုရိုက်ကာ ထရပ်ပြီး၊ မျက်လုံးပြူးကာ ယွီဟွေးဖေးကိုကြည့်လိုက်သည်။

ယွီဟွေးဖေးက ပါးစပ်ကိုဖြဲကာပြုံးလိုက်ပြီး ဘေးမှကုလားထိုင်ကို ပခုံးပေါ်ထမ်းတင်လိုက်ကာ “ဆရာမဒါက ကျောင်းသားနဲ့ ဟန်ရိုးရာနည်းလမ်းအတိုင်း တိုက်ခိုက်ခြင်းဖြင့် အမှန်တရားကို ဆွေးနွေးချင်တာလား။ ဒီကျောင်းသားက အရည်အချင်းမရှိပေမဲ့ ဆရာမကိုဆယ်ယောက်လောက် အကျောပေးပြီး ရိုက်နိုင်မယ်လို့ထင်တယ်”

ဟားဟားဟား...

အောက်မှကျောင်းသားများမှာ ထပ်မံပေါက်ကွဲရယ်မောကြသည်။

စုန့်ချင်းလည်း မထိန်းနိုင်တော့ပေ။ သူမပါးစပ်ကို အသည်းအသန်အုပ်ထားသော်လည်း လုံးဝမထိန်းနိုင်ဘဲ ကိုယ်မှာရယ်မောလွန်း၍ တက်နေသလို တုန်ခါနေသည်။

မုရှောင်ကျိုဆိုတဲ့မိန်းကလေးမှာမူ သရေစာလေးကိုပိုက်ထားပြီး ဘာမှမဖုံးကွယ်ဘဲ ပါးစပ်လေးဟကာ ဟားတိုက်ရယ်မောလိုက်သည်။

စုန့်ချင်းက သူမကိုတစ်ချက်ကြည့်လိုက်ပြီး ပေါက်ပေါက်ဆုပ်တစ်ဆုပ်ကို တိုက်ရိုက်သူမပါးစပ်ထဲသို့ ထည့်လိုက်၏။

…

ဖန်းချောင်မှာ နောက်ဆုံးတွင် မတက်ရဲခဲ့ပေ။ ဌာနမှူးမှာ ဒေါသထွက်လာပြီး ယွီဟွေးဖေးကိုညွှန်ပြကာ “မင်းဘယ်ဌာနကလဲ။ ဘယ်အတန်းကလဲ။ နာမည်ဘယ်လိုခေါ်လဲ”

ယွီဟွေးဖေးက ပြုံးလျက် “ဘာလုပ်မလို့လဲ။ သန်းခေါင်စာရင်းစစ်မလို့လား”

ဌာနမှူးက ဒေါသတကြီး “ဆင်းသွား... ဒီမှာမင်းစကားပြောစရာနေရာမရှိဘူး”

All Chapters