← Chapters

မျှော်လင့်ချက်အလင်းတန်း

Vol. 157 Ch. 2232

မျှော်လင့်ချက်အလင်းတန်း

Vol. 157 Ch. 2232

အင်ပါယာကြယ်က အမှန်တကယ် ရှိပါရဲ့လားဟု ရီဖူရှင်းက တွေးလိုက်သည်.

သူက ၎င်းကို စတင်၍ပင် သံသယဖြစ်လာပြီ ဖြစ်သည်။ ရက်များစွာကြာသည့်တိုင် သူ့ စိတ်အာရုံက ကောင်းကင်မှ ကြယ်များကို လေ့လာစစ်ဆေးနိုင်သော်လည်း တည်နေရာကို မထောက်လှမ်းနိုင်သေးပေ။

အစောပိုင်း၌ အင်ပါယာကြယ်၏ တည်နေရာကို ရှာဖွေတွေ့ရှိခဲ့ကြသော ပါရမီရှင်များသည်လည်း ၎င်းကို ရှာမတွေ့ခဲ့ကြပေ။

၎င်းက ရီဖူရှင်း၏ သံသယကို နှိုးဆော်လိုက်ခြင်း ​ဖြစ်သည်။

သူက ပြန်လှည့်ကာ အခြားဘက်သို့ ကြည့်လိုက်သည်။ ကြယ်ကောင်းကင်ရှိ လူများက သူ့ကို ကြည့်နေသည်အား မြင်လိုက်ရသည်။ သူတို့သည် သူ နောက်ဆုံးအင်ပါယာကြယ်အား ရှာတွေ့သည်ကို စောင့်ဆိုင်းနေပုံရသည်။

"ကျုပ် ကြယ်ကောင်းကင်ကို လေ့လာစစ်ဆေးကြည့်ခဲ့ပေမယ့် နောက်ဆုံးအင်ပါယာကြယ်ကို ရှာမတွေ့ခဲ့ဘူး။ အရင်တုန်းက စီဝေ့မဟာအင်ပါယာလက်အောက်မှာ မဟာအင်ပါယာ ရှစ်ယောက် ရှိတယ်ဆိုတာ သေချာရဲ့လား။" ရီဖူရှင်းက လူအုပ်ကြီးကို ကျယ်လောင်စွာ မေးလိုက်သည်။

"ဒဏ္ဍာရီတွေက ပြောတာတော့ စီဝေ့မဟာအင်ပါယာရဲ့ လက်အောက်မှာ မဟာအင်ပါယာအဆင့် ရှစ်ယောက်ရှိတယ်တဲ့။ အဲဒီမှာ အမှားတော့ မရှိလောက်ဘူး။ ပြီးတော့ ဆက်သွယ်ပြီးသွားတဲ့ အင်ပါယာကြယ်တွေကလည်း အဲဒီအချက်ကို သက်သေပြနေတယ်။ ဟိုနေရာမှာ ရှိနေတဲ့ အင်ပါယာကြယ်က မဟာအင်ပါယာထျန်းခွေနဲ့ သက်ဆိုင်တဲ့ ကြယ်ဖြစ်လိမ့်မယ်။" တစ်စုံတစ်ယောက်က တစ်နေရာကို ညွှန်ပြရင်း ပြောလိုက်သည်။ ထိုလူက အခိုင်အမာ ပြောဆိုနေသည်။ ဤသည်က ရီဖူရှင်း၏ မျက်လုံးများထဲတွင် အလင်းရောင်များ ထွက်ပေါ်လာစေသည်။ သူက ခေါင်းညိတ်လိုက်၏။

"အဲဒီလိုဆိုရင် နောက်ဆုံးအင်ပါယာကြယ်က ဒီလေဟာပြင်ထဲ အနက်ရှိုင်းဆုံးမှာ ပုန်းကွယ်နေတာ ဖြစ်လိမ့်မယ်။ လွယ်လွယ်ရှာတွေ့မှာတော့ မဟုတ်ဘူးပဲ။" ရီဖူရှင်းက ပြောလိုက်သည်။ "လူတိုင်းပဲ အတူတူ ကြိုးစားကြည့်ရအောင်။"

"အင်း။" လူအုပ်ကြီးက ခေါင်းညိတ်ကာ ပြန်တုံ့ပြန်လိုက်သည်။ ထို့နောက် ရီဖူရှင်းက မျက်လုံးများကို မှိတ်ကာ တင်ပျဥ်ခွေထိုင်၍ ထိုင်ချလိုက်သည်။ နတ်အလင်းက သူ့ပုံရိပ်ကို ရစ်ပတ်နေကာ သူ၏ စိတ်အာရုံက ကြယ်ကောင်းကင်တွင် မျောလွင့်နေသည်။ သူက အင်ပါယာကြယ်ကို စတင်ကာ ရှာဖွေလိုက်သည်။

လျှို့ဝှက်နက်နဲသော ကြယ်ကောင်းကင်က အကန့်အသတ်မဲ့ ကျယ်ပြောလှသည်။ ရီဖူရှင်းက ယခင်ကထက်ပင် ပို၍ အလေးအနက်ထားနေခဲ့သည်။ သူက ရှိသမျှ အင်အား အားလုံးကို ကောင်းကင်အတွင်း လေ့လာစစ်ဆေးရာ၌ အာရုံစိုက်ထားသည်။ ဤအင်ပါယာကြယ်က အလွန် အရေးပါပေသည်။ ခမ်းနားကြီးကျယ်သော အင်ပါယာကြယ်များ ပေါ်ထွက်လာသောအခါ အားလုံးသော အစိတ်အပိုင်းများက  ပြီးပြည့်စုံသွားပြီး စီဝေ့မဟာအင်ပါယာ ချန်ရစ်ခဲ့သော လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်သည့် လျှို့ဝှက်ခလုတ် ဖြစ်လာနိုင်ပေသည်။

ထို့ကြောင့် ဤတစ်ကြိမ်၌ ရီဖူရှင်းက အလွန် အာရုံစိုက်နေခဲ့သည်။

ကြယ်ကောင်းကင်က ကျယ်ပြောပြီး အလွန် တိတ်ဆိတ်နေပုံပေါ်သည်။ ဤတိတ်ဆိတ်သော ကြယ်ကောင်းကင်၌ အချိန်က မစီးဆင်းတော့သလိုပင်။ ရီဖူရှင်းက အချိန်အကြာကြီး သုံးကာ ကြယ်ကောင်းကင်တစ်ခွင်လုံး၌ ကြယ်များ၏ နေရာတစ်ခုချင်းစီကို ဂရုတစိုက် စစ်ဆေးကြည့်​နေသည်။

သို့သော် သူက မည်သည့်အရာကိုမှ ရှာမရသေးပေ။

သူသာလျှင်မဟုတ်ဘဲ အခြားကျင့်ကြံသူများအတွက်လည်း အတူတူပင် ဖြစ်သည်။ မည်သူကမှ နောက်ဆုံး အင်ပါယာကြယ်ကို ရှာတွေ့ရန် မတတ်နိုင်တော့ပေ။

ရီဖူရှင်းက ကြယ်ကောင်းကင်အောက်ခြေ၌ ထိုင်နေခဲ့သည်။ သူ၏ မှင်ကဲ့သို့မည်းနက်သော မျက်လုံးများက ကြယ်ကောင်းကင်ကို စိုက်ကြည့်နေခဲ့၏။ သူက သံသယဝင်နေပြီ ဖြစ်သည်။ စီဝေ့မဟာအင်ပါယာ၏ လက်အောက်၌ မဟာအင်ပါယာ ရှစ်ယောက် ရှိသည် မှန်သော်လည်း သူတို့ထဲမှ တစ်ယောက်က စွမ်းအား မချန်ရစ်ခဲ့သည်လား။

သို့ဆိုလျှင် ကျန်သည့် အင်ပါယာကြယ်ခုနစ်ခုက ကြယ်ကောင်းကင်၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် လုံလောက်နိုင်ပါ့မည်လား။

သူက အင်ပါယာကြယ်ခုနစ်ခု တည်ရှိရာကို လှမ်းကြည့်လိုက်သည်။ သူက မျက်လုံးများကို မှိတ်ကာ အစွမ်းထက်သော သိမြင်နားလည်ခြင်း နတ်အာရုံကို ထုတ်လွှတ်လိုက်သည်။ ကြယ်ကောင်းကင်တစ်ခွင်လုံးက သူ့စိတ်ထဲတွင် ပေါ်လာပြီး အင်ပါယာကြယ် ခုနစ်ခုက တောက်ပလာပေသည်။

ရီဖူရှင်း၏ သက်စောင့်ဟော်နန်းအတွင်း သူက အင်ပါယာကြယ်တစ်ခုချင်းစီ၏ တည်နေရာနှင့် ကိုက်ညီသော အဆုံးမဲ့ကြယ်ကောင်းကင်နှင့် လောကတစ်ခု ဖြစ်ပေါ်လာသည်။ သူက ထိုသို့လုပ်ဆောင်ခြင်းဖြင့် အင်ပါယာကြယ်များမှ သင်္ကေတပုံစံတစ်ခုခုကို ရှာဖွေဖော်ထုတ်နိုင်မလား သိချင်မိပေသည်။

အချိန်အတော်ကြာပြီးနောက်၌ပင် သူက မည်သည့်အရာကိုမှ ရှာမတွေ့နိုင်ဘဲ ရှိနေဆဲ ရှိသေးပေသည်။ သူက စိတ်အာရုံကို တစ်ဖန် ပြန်ဆုတ်ခွာကာ မျက်လုံးများကို ဖွင့်လိုက်သည်။ ကြယ်ကောင်းကင်က မည်သည့်အခါကမှ မဖြေရှင်းနိုင်ခဲ့သော ပဟေဠိတစ်ခုသဖွယ် ကျယ်ပြောကာ လျှို့ဝှက်ဆန်းကြယ်နေဆဲပင်။ ၎င်း၌ မသိနိုင်သည့်အရာ အပြည့်ပင် ဖြစ်သည်။

နောက်ဆုံးကြယ်ကို ရှာဖွေရန် ကြိုးစားနေသည့် အခြားကျင့်ကြံသူများသည်လည်း ရီဖူရှင်းကဲ့သို့ပင် အချည်းနှီးဖြစ်မှုဖြင့်သာ တွေ့ကြုံရပေသည်။ ဤကြယ်ကောင်းကင်၌ ရှိနေသော လူတိုင်း အကူအညီမဲ့သလို ခံစားနေရပေသည်။ သူတို့က အကြံကုန်ဉာဏ်ကုန် ဖြစ်နေပြီ ဖြစ်၏။

သူတို့က ကြိုးစားရှာဖွေနေသည်ကို ရပ်တန့်သွားခဲ့သည်။ သူတို့ထဲတွင် ရီဖူရှင်းက အောင်မြင်ရန် အခွင့်အရေး အများဆုံးဖြစ်သော်လည်း သူသည်ပင် အကူအညီမဲ့သလို ခံစားနေရပုံရလေသည်။ ထိုသည်ကိုကြည့်လျှင် သူတို့က ကြယ်ကောင်းကင်၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်ရန် ဝေးကွာနေဆဲ ဖြစ်ပုံရသည်။

ရီဖူရှင်းက ကြယ်ကောင်းကင်နှင့် စီဝေ့မဟာအင်ပါယာကို ကြည့်လိုက်သည်။ အခြားမဟာအင်ပါယာများ၏ ပုံရိပ်များအားလုံးက စီဝေ့မဟာအင်ပါယာ၏ ပုံရိပ်အတွင်းမှ အစိတ်အပိုင်းများ ဖြစ်သည်။ ၎င်းတို့က တစ်ခုခု ဆက်စပ်နေသည်လား။

သို့သော် ရီဖူရှင်းက ထိုပုံရိပ်များကို အချိန်အကြာကြီး စိုက်ကြည့်နေပြီးနောက်၌ပင် မည်သည့်အရာကိုမှ ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။

"ခင်ဗျားရော ဘာမှ ရှာမတွေ့သေးဘူးလား။" တစ်စုံတစ်ယောက်က ရီဖူရှင်းကို မေးလိုက်သည်။

ရီဖူရှင်းက ပြန်လှည့်မကြည့်ခဲ့ပေ။ သူက တိတ်ဆိတ်စွာနှင့်သာ ခေါင်းကို ယမ်းပြခဲ့သည်။ သူ၏ အကြည့်​က ကောင်းကင်ထက်၌သာ တည်မြဲနေခဲ့၏။ သူက အသံတိုးတိုးနှင့် ပြောလိုက်သည်။ "မရှာနိုင်ဘူး။ အဲဒါက ဘယ်တုန်းကမှ မတည်ရှိခဲ့သလိုမျိုး ထင်ရတယ်။ ကျုပ် အကြိမ်ရေအနည်းငယ် ကြိုးစားကြည့်ပေမယ့် အချည်းနှီးဖြစ်နေတုန်းပဲ။"

သူ၏ စကားလုံးများကို ကြားပြီးနောက် လူတိုင်းက တိတ်ဆိတ်သွားသည်။ ရီဖူရှင်းက သူ နောက်ဆုံးကြယ်၏ တည်နေရာကို မရှာနိုင်ဟု ပြောခဲ့သည်။ ၎င်းက ရှာတွေ့ရန် အမှန်တကယ် ခက်ခဲလှသည်။

အခြားလူများအတွက် နောက်ဆုံးကြယ်ကို ရှာဖွေရန် ကြိုးစားခြင်းမှာ ပို၍ပင် ခက်ခဲပေလိမ့်မည်။

ကြယ်ကောင်းကင်၏ လျှို့ဝှက်ချက်များကို ဤနေရာတွင် စုစည်းနေသော ဘုံအသီးသီးမှ ပါရမီရှင်များသည်ပင် ဖော်ထုတ်နိုင်စွမ်းမရှိသည်လား။

သို့ဆိုလျှင် သူတို့ ရရှိနိုင်သော အကောင်းဆုံး အမွေဆက်ခံမှုမှာ သူတို့နှင့် လိုက်ဖက်ညီသော အင်ပါယာကြယ် အနည်းငယ်နှင့် ဆက်သွယ်နိုင်ရန် ဖြစ်သည်။ စီဝေ့မဟာအင်ပါယာ၏ လျှို့ဝှက်ချက်များအတွက်မူ ၎င်းတို့က အဆုံးမဲ့ ကြယ်ကောင်းကင်တွင် ပုန်းကွယ်နေပြီး အနာဂတ်မျိုးဆက်သစ်များအတွက် ကျန်ရစ်နေပေလိမ့်တော့မည်။

"ကျုပ်တို့ အင်ပါယာကြယ်တွေ အားလုံးကို တပြိုင်တည်း ဆက်သွယ်ကြည့်ပြီး ကြယ်တွေကနေ နတ်အလင်းတွေ ဖြာကျလာစေရင်ရော လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ အကူအညီ ဖြစ်စေနိုင်မလား။" တစ်စုံတစ်ယောက်က အကြံပြုလိုက်သည်။ ဤအကြံအစည်က လူအများကို ထူးဆန်းသည့် အမူအရာတို့ ဖြစ်ပေါ်လာစေသည်။ ထိုအကြံဉာဏ်က ကြိုးစားကြည့်ရန် ထိုက်တန်ပါရဲ့လား။

"ကျုပ်တို့ ကြိုးစားကြည့်နိုင်တယ်။" အင်ပါယာကြယ်များထဲမှ တစ်ခုနှင့် ဆက်သွယ်နိုင်ခဲ့သော ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။

"ကျုပ်တို့ တခြားနည်းလမ်းနဲ့ မရှာနိုင်မှတော့ ကြိုးစားကြည့်တာ အရှုံးမရှိပါဘူး။" နောက်ထပ်အင်ပါယာကြယ်နှင့် ဆက်သွယ်နိုင်ခဲ့သော နောက်တစ်ယောက်ကလည်း ပြောလိုက်သည်။ ကြည့်ရသည်မှာ အများစုက ထိုနည်းလမ်းအား စမ်းကြည့်ရန် သဘောတူကြပုံရသည်။  ရီဖူရှင်းက သူတို့ကို လှမ်းကြည့်လိုက်ပြီးနောက် ခေါင်းညိတ်သဘောတူလိုက်သည်။ သူတို့အားလုံးက အကြံဉာဏ်ကုန်ခမ်းနေပြီဖြစ်ရာ ဖြစ်နိုင်သမျှကို ကြိုးစားကြည့်ရုံသာ တတ်နိုင်တော့သည်။

ချက်ချင်းပင် ရီဖူရှင်း၊ မျက်မမြင်ထျယ်၊ ဂူတုံးလျှို နှင့် အခြားလူများက သူတို့နှင့် သက်ဆိုင်သော အင်ပါယာကြယ်များသို့ သွားရောက်ကာ ဆက်သွယ်လိုက်ကြသည်။ အခြားကျင့်ကြံသူများကလည်း နေရာယူလိုက်ကြ၏။ ဤတစ်ကြိမ်၌ သူတို့က ကောင်းကင်ရှိ အင်ပါယာကြယ်များကို စတင်၍ တပြိုင်တည်း ဆက်သွယ်လိုက်ကြသည်။

သိပ်မကြာခင်မှာပင် ကောင်းကင်မှ နတ်အလင်းတို့ ဖြာကျလာခဲ့၏။ နတ်အလင်းတန်းခုနစ်ခုက တစ်ချိန်တည်း ဖြာကျလာခဲ့ပေသည်။ တခဏအတွင်း ကြယ်ကောင်းကင်တစ်ခွင်လုံး လင်းလက်လာခဲ့သည်။ ၎င်းက အလွန်အမင်း တောက်ပနေခဲ့သည်။ ကျဆင်းလာသော နတ်အလင်းများက ကြယ်ကမ္ဘာကို ထောက်ပံ့ပေးထားသည့် ထောက်တိုင်ခုနစ်ခုကဲ့သို့ ထင်မှတ်ရပေသည်။

ရီဖူရှင်းက ထိုအင်ပါယာကြယ်များထဲမှ တစ်ခု၏ နတ်အလင်းတို့နှင့် လွှမ်းခြုံခံထားရသည်။ တစ်ချိန်တည်းတွင် သူက အခြားသူများ၏ နေရာကို လေ့လာကြည့်လိုက်၏။ နတ်အလင်းတန်းခုနစ်ခုက တစ်ခုနှင့်တစ်ခု ပတ်သတ်မှုမရှိဘဲ အချင်းချင်းကြား၌ ဆက်စပ်မှု မရှိကြပေ။

ကြယ်ကောင်းကင်က မည်သည့် တုံ့ပြန်မှုလက္ခဏာမှ မပြသဘဲ အရာအားလုံးက ပုံမှန်သာ ဖြစ်နေပုံရသည်။

အခြားကျင့်ကြံသူများက ကောင်းကင်အတွင်းရှိ အပြောင်းအလဲများကို စူးစမ်းလေ့လာနေခဲ့သည်။ သူတို့သည် ကြယ်အလင်းရောင်များက စီးဆင်းနေသော်လည်း မည်သည့်ပုံစံအစီအရင်မှ ပေါ်ပေါက်လာခြင်း မရှိပေ။

အချိန်တချို့ကြာပြီးနောက် ရီဖူရှင်းက အင်ပါယာကြယ်နှင့် ဆက်သွယ်နေမှုကို ရပ်တန့်လိုက်ပြီး ထိုအခြေအနေမှ ဆုတ်ခွာလိုက်သည်။

သူက ကြယ်ကောင်းကင်ကို ကြည့်ရင်းနှင့် အကူအညီမဲ့သလို ခံစားနေရပေသည်။ သူက ယခုထိ မည်သည့်အရာမှ မရရှိသေးပေ။

ဤနှစ်များတလျှောက်၌ စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများ၏ ကြိုးစားမှုများသည်လည်း ကျရှုံးခဲ့ပုံရလေသည်။

ယခု ရီဖူရှင်းသည် စီဝေ့အင်ပါယာနန်းတော်၏ တန်ခိုးရှင်များက ဤနေရာရှိ အင်ပါယာကြယ်များနှင့် ဆက်သွယ်ကြည့်ခဲ့ပြီး ဖြစ်သည်ကို သေချာပေသည်။ သူတို့​က အင်ပါယာကြယ် မည်မျှများများနှင့် ဆက်သွယ်နိုင်ခဲ့သည်ကို သူ မသိပေ။ သို့သော် သူတို့သည်လည်း စီဝေ့မဟာအင်ပါယာ ချန်ရစ်ခဲ့သော လျှို့ဝှက်ချက်ကို မည်သို့ ဖော်ထုတ်ရမည်အား လေ့လာနေကြပေလိမ့်မည်။

ကံမကောင်းစွာနှင့် ယခုထိတိုင် လျှို့ဝှက်ချက်အား ဖော်ထုတ်နိုင်သူ မရှိသေးပေ။

သူတို့က နည်းလမ်းပေါင်းများစွာနှင့် ကြိုးစားခဲ့သော်လည်း အချည်းနှီး ဖြစ်ခဲ့ရသည်။

ကောင်းကင်မှ ကြယ်များကို စိုက်ကြည့်နေသည့် ရီဖူရှင်း၏ မျက်လုံးများက ထူးဆန်းလာသည်။ သူသည် ကြယ်အလင်းရောင်များက ကြယ်မြေပုံတစ်ခု သဏ္ဌာန် စီးဆင်းနေသည်အား မြင်နိုင်ပေသည်။ ကြယ်အလင်းရောင်များက အင်ပါယာကြယ်ခုနစ်ခုရှိရာသို့ စီးဆင်းနေခဲ့သည်။ ကြယ်ခုနစ်ခုက ကြယ်အလင်းရောင်များကို အကန့်အသတ်မရှိ စုပ်ယူနေသော ဆုံမှတ်များ ဖြစ်နေသကဲ့သို့ ထင်မှတ်ရသည်။

"ဟမ်" ရီဖူရှင်းက ထူးဆန်းသော အမူအရာတစ်ခု ပြသလာသည်။ အပြင်ဘက်မှ လေ့လာမှုအရ သူသည် ကြယ်များကြား၌ ရှိနေသောအခါ မတူထူးခြားသည့် ခံစားမှုတစ်ခုကို ခံစားမိပေသည်ယ

ကျယ်ပြောလှသည့် ကြယ်မြေပုံက ပြိုင်ဘက်ကင်း အစီအရင်တစ်ခုကဲ့သို့ ထင်မှတ်ရသော်လည်း အစရှာမရနိုင်သလို ခံစားမိပေသည်။ သို့သော် ရီဖူရှင်းက ယခု မျှော်လင့်ချက် အလင်းတန်းတစ်ခုကို ခံစားမိပြီ ဖြစ်၏။

***

All Chapters