တောင်စိတ်အဆီအနှစ်
Vol. 1 Ch. 15
“အရာအားလုံးမှာ စိတ်ဝိညာဉ်ဆိုတာ ရှိတယ် ... အဲဒီစိတ်ဝိညာဉ်ဆိုတာ ဝိညာဉ်တစ်ခု ကနေ မွေးဖွားလာတာပဲ ... ဝိညာဉ်တွေကနေ စိတ်ဆိုတာ ဖြစ်လာတယ် ...”
“ငါတို့တွေက တောင်စိတ်အဆီအနှစ်ကို ရှာဖွေနေကြတာ ... အဲဒီတော့ ငါတို့ အရင်ဆုံး ရှာရမှာက စိတ်ဝိညာဉ် စွမ်းအင်တွေ စုဆုံနေတဲ့ နေရာကိုပဲ ...”
စုရှောင်လန်က အဖြူရောင် တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး အန်လင်းဆီသို့ ကျက်သရေရှိစွာ လျှောက်လှမ်းလာရင်း အခြေအနေကို ရှင်းပြသည်။
ရွှေနှင့်ကျောက်စိမ်း ရောထားသည့် ခေါင်းလောင်းလေးများကို သူမခါးတွင် ချိတ်ဆွဲထားပြီး သူမလျှောက်လှမ်းသည့် အခါတိုင်း တချွင်ချွင်မြည်လျက် ရှိနေသည်မှာ သာယာနာပျော်ဖွယ် ကောင်းသည့် ငှက်ကလေးများ အော်မြည်သံကဲ့သို့ပင်။
“ဒါနဲ့ ငါတို့က စိတ်ဝိညာဉ် စွမ်းအင်တွေ စုဆုံတဲ့နေရာကို ဘယ်လိုသိနိုင်မလဲ ...” အန်လင်းက မေးသည်။
“နင့်အဆင့်က အခုချိန်မှာ အရမ်း နိမ့်နေသေးသည် ... အဲတော့ စိတ်ဝိညာဉ်စွမ်းအင်တွေ သိပ်သည်းမှုရဲ့ ခြားနားချက်ကို သိမြင်နားလည် နိုင်သေးမှာ မဟုတ်ဘူး ...”
“နင်က ဒါကို မသင်ယူ နိုင်သေးတာကြောင့် ငါ့ကို အားကိုးလို့ရတယ် ...”
စုရှောင်လန်က အန်လင်းအား အနိုင်ရသည့် အမူအရာဖြင့် ကြည့်လိုက်သည်။
“ငါကအခု တာအိုခန္ဓာ အဆင့် ၇ ကို ရောက်နေပြီလေ နင်က အဆင့် ၉ ပဲ ရှိသေးတာ ... အဲဒါကို ဘာတွေ ဘဝင်မြင့် နေတာတုန်း ...” စုရှောင်လန် အမူအရာကို မြင်လိုက်သည့်အခါ သူက မကျေမနပ် ပြောလိုက်သည်။
“အိုး ... အားနာလိုက်တာ ... ပြီးခဲ့တဲ့လကပဲ ငါက တာအိုခန္ဓာ အဆင့် ၁၀ ကို တက်သွားပြီလေ ...” စုရှောင်လန်က ပြုံးကာ အလွန် အံ့ဩနေပုံ ရသည့် အန်လင်းအား မျက်စိစွေကြည့်လိုက်သည်။ “နင်တစ်ယောက်ပဲ အဆင့်တက်ခွင့်ရှိပြီး တခြားသူတွေက အဆင့်တက်ခွင့် မရှိဘူးလို့တော့ မပြောနဲ့နော် ...”
အန်လင်းက ကြက်သေသေနေပြီး ရုတ်တရက်ဆိုသလို ပြင်းပြင်းထန်ထန် ငိုချင်လာသည်။
စုရှောင်လန်က ရည်ရွယ်ချက် မရှိဘဲနဲ့တောင် ဘာလို့များ သူ့ကိုအမြဲ နာကျင်အောင် လုပ်ရတာလဲ ...
တာအိုခန္ဓာ အဆင့် ၃ မှနေ အဆင့် ၄ ကို မြှင့်တင်နိုင်ရန် အန်လင်းအတွက် သုံးလ အချိန်ယူခဲ့ရသည်။ ထိုသည်မှလွဲ၍ အခြားသော အဆင ့်ချိုးဖျက်နိုင်မှုများသည် စနစ်၏ကျေးဇူးကြောင့်သာ ဖြစ်သည်။
သို့ပေမဲ့လည်း စုရှောင်လန်မှာတော့ နှစ်လတည်းနှင့် တာအိုခန္ဓာ အဆင့် ၉ မှ အဆင့် ၁၀ သို့ ရောက်ရှိခဲ့သည် မဟုတ်ပါလား ...။
လူတိုင်း သိထားသည်မှာ ကျင့်ကြံခြင်းအဆင့် မြင့်လာသည်နှင့်အမျှ အဆင့်မြှင့်တင်ရန် ခက်ခဲလာခြင်း ဖြစ်သည်။
အန်လင်းက ပုံမှန်အတိုင်းသာ ကျင့်ကြံမည်ဆိုလျှင် တာအိုခန္ဓာ အဆင့် ၉ မှ အဆင့် ၁၀ သို့ ရောက်ရှိရန် အချိန်မည်မျှ ကြာလောက်မည်နည်း။
နှစ်နှစ် လား ... အနှစ် နှစ်ဆယ် လား ...
အန်လင်းက ထိုသည်ကို တွေးမိသည်နှင့် ပါရမီရှင်များသည် ထူးခြားသည့် ဉာဏ်ရည်ဉာဏ်သွေးများ ပါလာကြသည်ဟု ခံစားမိသည်။
သူက စုရှောင်လန် အနောက်မှနေ စိတ်အားငယ်စွာဖြင့် လိုက်ပါလာပြီး သူ့စိတ်ထဲတွင် မရေမတွက် နိုင်သည့် အတွေးများ ပြည့်နှက်လာခဲ့သည်။
သူ မသိလိုက်ခင်မှာပင် စုရှောင်လန်၏ လမ်းပြမှုဖြင့် တောင်ကျချောင်း တစ်ခုသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ကြည်လင်သည့် ရေများက ချောင်းအတွင်း စီးဆင်းနေကာ ရဲရဲတောက်နေသည့် အနီရောင် ပန်းပွင့်များက ပတ်ဝန်းကျင်တွင် ပွင့်ဖူးနေကြသည်။ လေထုမှာလည်း ထူးခြားသင်းပျံ့သည့် ရနံ့များ အပြည့်နှင့်ပင်။
အန်လင်းက ထိုရနံ့များကို အဆုတ်အပြည့် ရှူသွင်းလိုက်ပြီးနောက် သူ့ခန္ဓာကိုယ် တစ်ခုလုံး ပင်ပန်း နွမ်းလျလာပြီး အားအင်တစ်စက်မှ မကျန်တော့သည် အထိ အသုံးပြု လိုက်မိသည်ဟုပင် ခံစားနေရသည်။
“ဒီပန်းတွေက အဆိပ်ရှိတာလား ...”
အန်လင်းက အသိပြန်ဝင်လာပြီး နောက်တွင် ကြောက်လန့်မှုဖြင့် ရေရွတ်လိုက်သည်။ ထို ထူးခြားလွန်းစွာ ရဲရဲတောက်နေသည့် ပန်းနီနီများကို ညွှန်ပြလိုက်သည်။
စုရှောင်လန်က သူမမျက်ဝန်းများကို သူ့ဆီသို့ ဝေ့ဝဲကြည့်လာပြီး “နင်က မီးကြာပန်းကိုတောင် မမှတ်မိဘူးလား ... အတန်းပိုင်ဆရာက နင့်ဆေးရည် သင်ခန်းစာအတွက် တာဝန်ရှိတဲ့သူ မဟုတ်ဘူးလား ...”
စုရှောင်လန် ထိုသို့ ပြောသည်ကို ကြားမှ အန်လင်းက ထိုအပင်ကို မှတ်မိတော့သည်။
မီးကြာပန်းများသည် ရဲရဲနီသည့် အရောင်ရှိကာ ကြာပန်းနှင့် သဏ္ဌာန်တူသည်။ ရနံ့သည် ကြည်နူးဖွယ်ရာ ဖြစ်ပြီး ထိုရနံ့ကို ရှူလိုက်ပါက အားအင်ပြန်ပြည့် လာစေနိုင်သည့်အပြင် စိတ်ဝိညာဉ် စုစည်းခြင်းကိုလည်း အထောက်အပံ့ ပေးနိုင်သည်။ ထိုအပင်သည် အဆင့် ၈ ဝိညာဉ်ဆေးပင် ဖြစ်သည်။
တန်ဖိုးရှိသည့် ဆေးပင်များကို အမျိုးအစား သုံးမျိုး ခွဲခြားထားသည်။ ဝိညာဉ်ဆေးပင်၊ ကောင်းကင်ဆေးပင် နှင့် နတ်ဘုရားဆေးပင် တို့ ဖြစ်သည်။
မတူကွဲပြားသည့် ဆေးပင် အမျိုးအစားများကို အသုံးပြု၍ ဆေးဖော်စပ်ရာတွင် ရရှိမည့် ဆေးလုံးများသည်လည်း အဆင့်အတန်း ကွဲပြားမည် ဖြစ်သည်။ ဥပမာ ဆိုရသော် ဝိညာဉ်ဆေးပင်များကို ဝိညာဉ်ဆေးလုံး ဖော်စပ်ရာတွင် အသုံးပြုနိုင်ပြီး ကောင်းကင်ဆေးပင်များကို ကောင်းကင်ဆေးလုံး ဖော်စပ်ရာတွင် အသုံးပြုနိုင်မည် ဖြစ်သည်။
အဆင့် ၁ ဝိညာဉ်ဆေးပင်များသည် တန်ဖိုးအမြင့်ဆုံး ဖြစ်ပြီး အဆင့် ၉ ဝိညာဉ်ဆေးပင်များသည် တန်ဖိုးအနိမ့်ဆုံး ဖြစ်သည်။
အဆင့် ၈ ဝိညာဉ်ဆေးပင် ဖြစ်သည့် မီးကြာပန်းသည် တန်ဖိုး အလွန်နိမ့်လှသည်။ သို့ပေမဲ့လည်း ထိုအပင်များသည် ဝိညာဉ်ဆေးပင်များ ဖြစ်နေသော်လည်း အဖိုးတန်ဆေးပင်များ အဖြစ် ထည့်သွင်းရေတွက်ခြင်း မရှိပါ။
ထိုသည်ကို စဉ်းစားမိသဖြင့် အန်လင်းက ဆောင့်ကြောင့်ထိုင်လိုက်ကာ ရိတ်သိမ်းသူအဖြစ် စတင်လုပ်ကိုင်တော့သည်။
အန်လင်းက အလွန်တန်ဖိုး ရှိလှသည့် အရာများကဲ့သို့ သဘောထားကာ မီးကြာပန်းများကို ရင်ဘတ်ထဲထည့်ပြီး ရတနာများ ကောက်ယူသကဲ့သို့ ပြုမူနေသည်ကို စုရှောင်လန် မြင်လိုက်ရသည်။ သူက ဒီနေရာကို ဘာအတွက်ကြောင့် လာသည်ကို မေ့နေပုံရသည်။ “ဘာမှကို သုံးစားမရဘူး ...” စုရှောင်လန်က တီးတိုးဆိုသည်။
အန်လင်းကို ကြည့်နေတာကို ရပ်လိုက်ပြီး သူမလက်ကို ကြမ်းတမ်းသည့် ကျောက်နံရံပေါ်တွင် ထားကာ မြေကြောထဲရှိ စွမ်းအင်စီးဆင်းမှုကို အာရုံခံလိုက်သည်။
“ဒီနေရာပဲ ကောင်းပါတယ် ...” သူမ ရေရွတ်လိုက်သည်။
ချက်ချင်း ဆိုသလိုပင် အသက်ပြင်းပြင်း ရှူလိုက်ပြီး ကြည်လင်ပြတ်သားသည့် အသံဖြင့် အော်လိုက်သည်။
“မြေကမ္ဘာဘိုးဘိုး ... ထွက်လာပါဦး ...”
မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်နေသည့် အန်လင်းမှာ သူမ အသံကျယ်ကြောင့် ထိတ်လန့်သွားသည်။
အန်လင်း အသိပြန်မကပ်ခင် မှာပင် မြေပြင်က ရုတ်တရက် ဆိုသလို ပြင်းထန်စွာ တုန်ခါလာသည်။
“င ... ငလျင်လား ...” အန်လင်းမှာ ထိတ်လန့်သည့် အမူအရာနှင့် ဖြစ်သည်။ များမကြာမီမှာပင် ပိုလို့ အံ့အားသင့်ဖွယ် အရာကို မြင်တွေ့လိုက်ရသည်။
ကျောက်တုံးများဖြင့် ပေါင်းစပ်ထားသည့် အလွန်ကြီးမားသည့် ခန္ဓာကိုယ် တစ်ခုသည် မြေပြင်မှနေ ဖြည်းညင်းစွာ မြင့်တက်လာသည်။
၎င်းသည် အမြင့်နှင့် ထု သုံးမီတာကျော် ရှိကာ အဝါရောင် မျက်ဝန်းများထဲတွင် မီးတောက်များ လောင်ကျွမ်းလျက်ရှိသည်။ ရွေ့လျားသည့် အခါတွင်တော့ ကျောက်တုံးများ ပွတ်တိုက်မိသည့် အသံများ ထွက်လာကာ ၎င်းကို အလွန်တရာ စွမ်းအားကြီးပုံ ပေါ်စေသည်။
အန်လင်းက ထိုကျောက်တုံး သတ္တဝါကြီးကို မြင်သည့်အခါ သူဆော့နေကျ League of Legends ဂိမ်းထဲမှ ကာရိုက်တာ Malphite, Shard of the Monolith ကိုပင် တွေးမိလိုက်သည်။
ထိုသတ္တဝါကြီးကို စုရှောင်လန်က ဘယ်လိုခေါ်လိုက်တာ ... မြေကမ္ဘာဘိုးဘိုး ... ဟုတ်လား။
“ကောင်မငယ်လေး ... မင်းငါ့ကို ခေါ်လိုက်တာလား ...”
ထိုချော်ရည် သတ္တဝါကြီး၏ အသံမှာ ကျယ်လောင်ခြင်း မရှိပေမဲ့ ခပ်ဩဩဖြစ်ကာ လူများအား ဖိအားရစေသည်။
စုရှောင်လန်က ခေါင်းညိတ်လိုက်ပြီးနောက် “ကျွန်မ ဒီကိုလာခဲ့တာက မြေကမ္ဘာဘိုးဘိုးက ကျွန်မတို့ကို တောင်စိတ်အဆီအနှစ် အနည်းငယ်လောက် ပေးနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ ဘိုးဘိုး ...”
သူမပြောနေရင်း တစ်ဝက်လောက်မှာပင် စုရှောင်လန်က အန်လင်းကို လှည့်ကြည့်လိုက်ကာ သူမမျက်ခုံးများကို အနည်းငယ် ပင့်လိုက်ပြီး “၁၀ ဂရမ်လောက်ပါပဲ ...” ဟု ဆက်ပြောသည်။
“အိုး ... တောင်စိတ်အဆီအနှစ် ... ဘိုးဘိုးမှာ ပိုနေတာတွေ ရှိတယ်ကွဲ့ ... လူသားတွေ အခုထိ ရှိနေသေးတယ်လို့ ဘယ်သူက ထင်မှာလဲ ... ဒီမှာရော့ ... လက်ဆောင်ယူသွား ...”
ချော်ရည် သတ္တဝါကြီးသည် ၎င်းလက်ကို ဆန့်ထုတ်လိုက်ပြီးနောက် လက်ဖဝါးပေါ်တွင် သေးငယ်သည့် မြေဝါလုံးလေး တစ်ခု ဖြည်းညင်းစွာ ပေါ်လာသည်။
စုရှောင်လန်က ထိုအလုံးလေးကို လေးစားမှု အပြည့်ဖြင့် ယူလိုက်ပြီးနောက် ချော်ရည် သတ္တဝါကြီးကို အရိုအသေ ပြုလိုက်သည်။
ထိုသည်ကို မြင်သည်နှင့် အန်လင်းသည်လည်း စုရှောင်လန်ကို အတုခိုးကာ ချော်ရည် သတ္တဝါကြီးကို ကျေးဇူးတင်သည့် အမူအရာ ပြုလိုက်သည်။
ချော်ရည် သတ္တဝါကြီးက ခေါင်းကို အသာညိတ်ပြပြီးနောက် မြေကြီးထဲသို့ တစ်ဖန် ပြန်ဝင်သွားသည်။
“ရော ... တောင်စိတ်အဆီအနှစ် ရလာပြီ ... မြန်မြန်လုပ်လေ ... မျိုလိုက်တော့ ...”
အန်လင်းလက်ထဲသို့ မြေဝါလုံးကို ထည့်ပြီးနောက် စုရှောင်လန် မျက်ဝန်းထဲတွင် မျှော်လင့်တကြီး စောင့်စားနေသည့် အရိပ်အယောင်များ ပေါ်နေသည်။
“ဒါရလာတာ အရမ်းလွယ်နေသလိုပဲနော် ... မလွယ်ဘူးလား ...”
အန်လင်း ထင်ခဲ့သည်မှာ တောင်စိတ်အဆီအနှစ်ကို ရှာဖွေရန် လွန်စွာရှားပါးသည့် ရတနာများကို ရှာဖွေရသကဲ့သို့ ခက်ခဲမည်ဟုပင်။ မြေကမ္ဘာဘိုးဘိုးကို ဆင့်ခေါ်လိုက်ပြီး ပေးပါဟု တောင်းဆိုလိုက်ရုံနှင့် ရလာလိမ့်မည်ဟု ဘယ်သူက သိမတဲ့တုန်း။ သူမျှော်လင့်ထားသည်နှင့် လုံးလုံးကြီး ကွဲပြား လွန်းနေသည်လေ။
တာဝန်တွေ ထမ်းဆောင်ဖို့ မလိုဘူးတဲ့လား ... ရတနာတွေ ရှာဖွေဖို့ကော မလိုဘူးတဲ့လား ...
ဒါက ရတနာတစ်ခု မဟုတ်ဘူးလား။ ဘာလို့ငါတို့ကို အလွယ်ကလေး ပေးလိုက်ရတာလဲ။
စုရှောင်လန်က ထိုသည်ကို ကြားလိုက်ရသည်နှင့် တခစ်ခစ် ရယ်မောလိုက်သည်။ “ဘာဖြစ်နေတာလဲ ... ငါက ပြဿနာတွေကို ကြောက်ရွံ့တဲ့သူကိုပဲ တွေ့ဖူးတာပါဟယ် ... နင့်ကျမှ အရမ်းကို လွယ်ကူနေရင်လည်း ကြောက်သတဲ့လား ...”
အန်လင်းက မည်ကဲ့သို့ ပြန်ဖြေရမည်ကို မသိသဖြင့် ခြောက်ကပ်ကပ်သာ ရယ်မိတော့သည်။ တုံ့ဆိုင်း မနေတော့ဘဲနှင့် တောင်စိတ်အဆီအနှစ်ကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။
တောင်စိတ်အဆီအနှစ်၏ အထိအတွေ့နှင့် အရသာသည် အန်လင်း မျှော်မှန်းထားသည်သည် လွန်ကဲစွာ ပိုနေသေးသည်။ လျှာပေါ် တင်လိုက်သည်နှင့် ချက်ချင်းဆိုသလို ပျော်ဝင်သွားပြီး အရသာမှာ အတော်လေး ထူးကဲကောင်းမွန်ကာ ချိုချဉ်အရသာ သကြားလုံး ငုံလိုက်ရသလိုပင်။
“အား ... အရသာက ကောင်းလိုက်တာ ...” အန်လင်းက နှစ်ထောင်းအားရ ဖြစ်စွာ ခေါင်းညိတ်သည်။
စုရှောင်လန်က အားပါးတရ ရယ်မောလိုက်သည်။ “အဲတော့ နင်အခု ဘယ်လိုခံစားရသလဲ ...” သူမက မျှော်လင့်တကြီး မေးသည်။
“တကယ်ဘာမှ မခံစားရဘူး ... တစ်ခုခု ခံစားရသင့်တာလား ...” အန်လင်းက စုရှောင်လန်အား အံ့ဩတကြီး ကြည့်လာသည်။
ဒီတစ်ကြိမ်တွင်တော့ စုရှောင်လန်က စိတ်ဓာတ်ကျသွားသည်။ တစ်ခုခု ဖြစ်လာမည်ဟု သူမ မျှော်လင့်ထားပေမဲ့ သက်ရောက်မှု ရှိမလာခြင်းက သူမအား စိတ်ပျက်စေသည်။
ရုတ်တရက် ဆိုသလို စစ်နတ်ဘုရားစနစ်တွင် ‘တင်’ ခနဲ အသံမြည်ကာ မက်ဆေ့ချ်တစ်ခု ပေါ်လာသည်။
“တောင်စိတ်အဆီအနှစ် ၁၀ ဂရမ် စုပ်ယူမှု ပြီးစီးပါပြီ ... ဂုဏ်ယူပါတယ် ... အခြေခံအဆင့် စစ်နတ်ဘုရား အင်မော်တယ်မန္တန် ‘တောင်ခွင်းလက်သီး’ ကို သင်ယူပြီးပါပြီ ...”
ချက်ချင်းဆိုသလိုပင် တောင်ခွင်းလက်သီးနှင့် ပတ်သက်သည့် အချက်အလက်များ အန်လင်း စိတ်ထဲသို့ ရောက်ရှိလာသည်။ အယူအဆများ၊ မန္တန်အသက်သွင်းပုံ၊ သက်ရောက်မှုများ စသဖြင့် ...
ခေတ္တမျှ ကြာပြီးသည့်နောက်တွင် အန်လင်းက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူ့မျက်ဝန်းများသည် တလက်လက် တောက်ပနေသည်။ သူက ထိုအခြေခံအဆင့် အင်မော်တယ်မန္တန်ကို နားလည် သဘောပေါက် သွားသည်မှာ သိသိသာသာပင်။
သူက တောင်ခွင်းလက်သီးနှင့် ပတ်သက်၍ ကျွမ်းကျင်အဆင့်သို့ လုံးလုံးလျားလျား ရောက်ရှိသွားသည်ကို သိသည်အပြင် လက်သီးတစ်ချက်သည် တောင်တစ်လုံးကို ဖျက်ဆီးနိုင်သည့် စွမ်းအားရှိသည်။
အန်လင်းက တောင်ခွင်းလက်သီး မန္တန်ကို စတင် ရွတ်ဆိုလိုက်သည်။ သူ့လက်သီးတွင် ရွှေရောင်အလင်းများ စုစည်းလာပြီး ပြင်းထန်သည့် စွမ်းအင်များ ပါဝင်နေသည်။
အန်လင်း၏ လက်သီးတွင် စုဆုံနေသည့် ရွှေရောင်အလင်းကို မြင်လိုက်သည့်အခါ သူမမျက်နှာတွင် အံ့အားသင့်မှုများ ပေါ်ပေါက်လာသည်။
အန်လင်းက အဝေးတွင်ရှိသည့် တောင်နံရံဆီသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည့် အခါ စူးရှလွန်းသည့် ရွှေအလင်းများသည် သူ့လက်သီးမှနေ ပေါက်ကွဲထွက်လာသည်။
သူ့လက်သီးမှနေ သုံးမီတာမျှ ရှိမည့် ရွှေရောင်လက်သီး စက်ဝန်း ပေါ်လာပြီး အလွန့်အလွန် များပြားသည့် စွမ်းအားများဖြင့် နံရံကို ထိုးချလိုက်သည်။
ဘုန်း ... အန်လင်းအရှေ့ရှိ တောင်ကြီးသည် တုန်ခါလာပြီး တောင်နံရံမှာနေ ကျောက်တုံးကျောက်စများ ပေါက်ကွဲထွက်လာသည်။
တောင်နံရံတွင် မြင်လိုက်ရသည်ကြောင့် သူအလွန် အံ့အားသင့် သွားသည်မှာ သုံးမီတာကြီးသည့် လက်သီးသဏ္ဌာန်သည် မယုံနိုင်လောက်အောင် နက်နက်ရှိုင်းရှိုင်း စွဲထင်နေတော့သည်။
***