တိုင်တောခြင်း
Vol. 13 Ch. 186
တိကျန့်မှာ ပါးစပ်လေးဟလျက် ဘာစကားတစ်ခွန်းမှ မပြောနိုင်တော့ဘဲ သူ့လက်ကလေးများကို ဘယ်ထားရမှန်းမသိဘဲ တစ်စုံတစ်ခုကို အသည်းအသန် တွက်ချက်နေတော့သည်။
ယွီဟွေးဖေးမှာမူ ကြည်လင်နေသောကောင်းကင်ကြီး မိုးကြိုးပစ်ချလိုက်သည်ကို မြင်လိုက်ရသည့်နှယ် ထိုနေရာတွင် အနေရခက်စွာ ရပ်နေမိပြီး ဘာပြောရမည်ကိုပင် မသိတော့ပေ။ သူ့ဦးနှောက်ထဲတွင် ကျောက်စိမ်းဧကရာဇ်ကို မီးမွှေးခိုင်း၊ ထမင်းချက်ခိုင်း၊ အဝတ်အစားများဆွဲချွတ်ခိုင်းပြီး ထောင်နှစ်သေကွင်းဖြင့် ဘောကိုထိုးခဲ့သည့် မြင်ကွင်းများက လျှပ်စီးကဲ့သို့ တစ်ဖြတ်ဖြတ် ပေါ်လာနေ၏။ သူ့စိတ်ထဲတွင် မိုးကြိုးကိုးစင်းအပစ်ခံရပြီး မြားပေါင်းသောင်းချီ အစိုက်ခံရတော့မည့် သူ့ပုံရိပ်ကိုပင် မြင်ယောင်နေမိတော့သည်။
“အားလုံးပဲ၊ ခင်ဗျားတို့ ဒါဘယ်လိုဖြစ်သွားကြတာလဲ။ ခင်ဗျားတို့ အရင်က ဒီကိုရောက်လာရင် အားလုံးတန်းတူပဲလို့ ပြောခဲ့ကြတယ်မဟုတ်လား” ဟု ကျန်းရန်က ပြုံးပြုံးရွှင်ရွှင်ဖြင့် မေးလိုက်သည်။
စကားပြောနေစဉ်မှာပင် သူက ထိုင်ချလိုက်သည်။ သို့သော် ဤအခိုက်အတန့်တွင် သူ၏ဟန်ပန်မှာ မူလပုံစံသို့ ပြန်လည်ရောက်ရှိသွားပြီး အထက်စီးမှ လွှမ်းမိုးထားသော ဂုဏ်သရေနှင့် လူကိုငိုချင်လာအောင် ပြုစားနိုင်သော ကြင်နာမှုတို့ ပေါင်းစပ်နေတော့သည်။
နွားခေါင်းက ငိုသံစွက်လျက် “ကျောက်စိမ်းဧကရာဇ်... ကိုယ်တော်... အကြောင်းမဲ့ ဘာလို့ဆင်းလာတာလဲဗျာ” ဟု ဆိုသည်။
မြင်းမျက်နှာက “ကျောက်စိမ်းဧကရာဇ်... ကျွန်တော်... ကျွန်တော်တို့... အင်း... တကယ်တော့...”
…
“ကျွန်တော်တိုင်ကြားပါတယ်၊ ကျွန်တော်ဝန်ခံပါတယ်” ထိုအချိန်တွင် တိကျန့်က ရုတ်တရက် ခုန်ထွက်လာပြီး လက်သေးသေးလေးကို မြှောက်ကာ “ဒီကိစ္စ ကျွန်တော်နဲ့မဆိုင်ပါဘူးနော်၊ ကျွန်တော်က ကလေးပဲရှိပါသေးတယ်။ ကျွန်တော်က နောက်ဆုံးမှရောက်လာတာမို့ သူတို့နဲ့လည်း မရင်းနှီးဘူး။ အရင်က ကျွန်တော်ပြောမှားဆိုမှားရှိခဲ့တာတွေက သူတို့သင်ပေးလို့ပါ။ ကျွန်တော်လိုကလေးတစ်ယောက်က ဘာနားလည်မှာလဲ။ ကျွန်တော်က မကောင်းတဲ့သူတွေနဲ့ပေါင်းမိလို့ ဖြူစင်လှတဲ့ ပိုးပဝါလေး အမည်းစက်စွန်းသွားတာပါ။ မသိသူကို အပြစ်မယူရဘူးလေ၊ ကလေးစကားဆိုတာ အတည်ယူလို့မရပါဘူး...” ဟု အော်ဟစ်တော့သည်။
အားလုံးကြားသော် နဖူးပေါ်တွင် ဒေါသသွေးကြောများ ထောင်ထလာပြီး ထိုကောင်ကို ပါးတစ်ချက်ရိုက်ချင်စိတ် ပေါက်သွားကြသည်။
ကျန်းရန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ယွီဟွေးဖေးကို ကြည့်ကာ “ညီလေး၊ မင်းက ဘာလို့စကားမပြောတော့တာလဲ” ဟု မေးလိုက်သည်။
ယွီဟွေးဖေးမှာ ဤအချိန်မှ ကျန်းရန်သည် ကျန်းပိုင်ရန်ဖြစ်ပြီး၊ ကျောက်စိမ်းဧကရာဇ်ဖြစ်သည်ဆိုသော တုန်လှုပ်မှုမှ သတိပြန်ဝင်လာတော့သည်။
ကျောက်စိမ်းဧကရာဇ် ဒီကိုရောက်လာပြီးနောက် ကြုံတွေ့ခဲ့ရသည်များကို ပြန်စဉ်းစားကြည့်လျှင် ယွီဟွေးဖေးခန့်မှန်းကြည့်ရသလောက် ကောင်းကင်ဘုံ၏ ဥပဒေအတိုင်းသာ အရေးယူမည်ဆိုလျှင် ဤခြံဝင်းထဲမှ လူအားလုံးကို ကောင်းကင်ဘုံသို့ ဆွဲတင်ကာ ကွပ်မျက်လိုက်လျှင်ပင် လွန်မည်မထင်ပေ။ ကွပ်မျက်စင်မြင့်ပေါ်က ဓားတွေ လောက်ပါ့မလားတော့ မသိဘူးလေ။
ဘယ်လိုပဲဖြစ်ဖြစ် သေရမှာအတူတူပဲဟု တွေးမိသောအခါ ယွီဟွေးဖေး၏ ခေါင်းမာလှသည့် စိတ်ဓာတ်မှာလည်း ပေါ်ထွက်လာပြီး လည်ပင်းကိုမော့ကာ လက်အုပ်ချီလျက် “အစ်ကိုကြီး၊ နောက်မနေပါနဲ့တော့။ ခင်ဗျားက ကျောက်စိမ်းဧကရာဇ်ဆိုတော့ ကျွန်တော်တို့အားလုံး လန့်ကုန်ကြပြီ...” ဟု ဆိုလိုက်သည်။
ဤစကားထွက်လာသည်နှင့် နွားခေါင်း၊ မြင်းမျက်နှာတို့မပြောနှင့်၊ ကြယ်ဖြူနတ်မင်းပင် ဒူးထောက်လုမတတ် ဖြစ်သွားသည်။
ကျောက်စိမ်းဧကရာဇ်ကို အစ်ကိုကြီးဟု ခေါ်ရဲသည်တဲ့လား။ ဒီကောင်လေး တော်တော်သတ္တိကောင်းနေပါလား။ လူ့ပြည်ကလာတဲ့ကောင်တွေက တစ်ယောက်တစ်ယောက် ဒီလောက်တောင်မာကြသလား။
သို့သော် ကြယ်ဖြူနတ်မင်းကို အံ့ဩစေသည်မှာ ကျောက်စိမ်းဧကရာဇ်က ဒေါသမထွက်ခြင်းပင်။
ကျောက်စိမ်းဧကရာဇ်က ရယ်မောလိုက်ရင်း “ဒါမှမှန်တာပေါ့... အလုပ်ကြမ်းဌာန၊ အကျဥ်းဌာန ရောက်လာရင် အကျဉ်းသားပဲ။ ငါက အကျဉ်းသားအဖြစ်နဲ့ လာခဲ့တာဆိုတော့ သဘာဝအတိုင်း အကျဉ်းသားပဲပေါ့။ ဒီမှာတော့ မင်းက အကြီးဆုံးပဲ”
ဤစကားကို အခြားနတ်ဘုရားများသာ ကြားလိုက်လျှင် သေလုမတတ် လန့်သွားပေလိမ့်မည်။
သို့သော် ယွီဟွေးဖေးကတော့ မတူပေ။ ဤကောင်မှာ ကမ္ဘာပေါ်တွင် နေထိုင်သူဖြစ်ပြီး ကျောက်စိမ်းဧကရာဇ်မှာ အလွန်တန်ခိုးကြီးမှန်း သိသော်လည်း ငယ်စဉ်ကတည်းက ဘုရားမရှိဝါဒသမားဖြစ်ပြီး ကျောက်စိမ်းဧကရာဇ်၏ အကြောင်းအရာများဖြင့် ဦးနှောက်ဆေးအကြောမခံရဖူးပေ။ သူ့အရိုးထဲတွင် ကျောက်စိမ်းဧကရာဇ်ဆိုသည်မှာ ဒဏ္ဍာရီထဲမှ ပုံရိပ်တစ်ခုသာဖြစ်သည်။ ထို့ကြောင့် သူ့စိတ်ရင်းထဲတွင် အမှန်တကယ် မကြောက်ပေ။
တုန်လှုပ်ခြင်းက ကြောက်ရွံ့ခြင်းထက် ပိုနေခြင်းသာ။
ယွီဟွေးဖေးက ပြုံးလျက် “နောက်မနေပါနဲ့တော့... ခင်ဗျားက ကျောက်စိမ်းဧကရာဇ်၊ သုံးလောက လောကသုံးပါးမှာ ခင်ဗျားက အကြီးဆုံးပဲ။ ကျွန်တော်က... အများဆုံးတော့ ခင်ဗျားရဲ့ အလုပ်သမားတစ်ယောက်ပါပဲ။ တကယ်ပြောရရင် ခင်ဗျားက ကျောက်စိမ်းဧကရာဇ်မှန်းသာသိရင်... သောက်ကျိုးနည်း... ကျွန်တော် အဲ့ဒီနေ့ကတည်းက ထွက်ပြေးပြီ”
ကျောက်စိမ်းဧကရာဇ်မှာ ဟားတိုက်ရယ်မောလိုက်ပြီး လက်ယပ်ခေါ်ကာ “တော်ပြီ၊ အားလုံးမတ်တပ်မရပ်ကြနဲ့တော့။ ထိုင်ကြ... အစ်ကိုနွား...”
နွားခေါင်းမှာ တစ်ချက်တုန်သွားပြီး ငိုသံပါကြီးဖြင့် “ကျောက်စိမ်းဧကရာဇ်... မခေါ်ပါနဲ့၊ မခေါ်ပါနဲ့၊ ကိုယ်တော် ကျွန်တော့်ကို နွားလေးလို့ပဲခေါ်ပါ။ ကိုယ်တော်က ကျွန်တော့်ကို အစ်ကိုနွားလို့ခေါ်တော့ ကျွန်တော့်ကို အခေါင်းသွင်းနေသလို ခံစားရတယ်၊ ကြောက်လို့ပါ...” ဟု အော်ပြောသည်။
မြင်းမျက်နှာကလည်း “ကျွန်တော့်ကို မြင်းလေးလို့ခေါ်ရင် ရပါပြီ” ဟု ဆိုသည်။
သရဲဖြူ၊ သရဲနက်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး သရဲနက်က လည်ပင်းကိုမော့ကာ တစ်စုံတစ်ခုပြောရန် ပြင်လိုက်သည်။
သို့သော် သရဲဖြူက သူ့ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်ပြီး “အနက်လေးနဲ့ အဖြူလေးပါ...” ဟု ဆိုလိုက်၏။
ရှောင်ထျန်းချန်က ထိုနှစ်ယောက်ကို မျက်လုံးစွေကြည့်လိုက်သည်။ သူက အနက်လေးဟု ခံယူရန် ကြံရွယ်ခဲ့သော်လည်း နာမည်အလုခံလိုက်ရသည်။ မတတ်နိုင်သည့်အဆုံးတွင် ရှောင်ထျန်းချန်က “ကျွန်တော့်ကို ခွေး...”
“ကိုခွေးကြီးလား” ဟု ကျောက်စိမ်းဧကရာဇ်က ပြုံးစိစိဖြင့် မေးလိုက်သည်။
ရှောင်ထျန်းချန်က ငိုသံပါကြီးဖြင့် “မခေါ်ပါနဲ့... အဲ့လိုခေါ်ရင် ကျွန်တော်အသက်ကြီးနေသလိုပဲ၊ ကျွန်တော်ငယ်ပါသေးတယ်။ ခွေးလေးလို့ပဲခေါ်ပါ... ကိုခွေးကြီးလို့တော့လုံးဝမခေါ်ပါနဲ့၊ ကျွန်တော်ပြန်သွားရင် သခင်လေးက ရိုက်သတ်မှာစိုးလို့ပါ...”
ရှောင်ထျန်းချန်က ပြောပြီးသည်နှင့် မျက်ရည်များ တသွင်သွင်စီးကျလာတော့သည်။ ထိုနေ့က ကျောက်စိမ်းဧကရာဇ်နှင့် ကြွားလုံးထုတ်ခဲ့သည်ကို သူအမှန်တကယ် နောင်တရနေမိသည်။ ဒါက အကြောင်းမဲ့ သေလမ်းရှာနေခြင်းမဟုတ်ပါလား။
အာလန်က ကျောက်စိမ်းဧကရာဇ်ကို ဦးလေးတော်တယ်၊ ကျောက်စိမ်းဧကရာဇ်က ရှောင်ထျန်းချန်ကို ကိုခွေးကြီးလို့ခေါ်တယ်။ ဒါဆို အာလန်က ရှောင်ထျန်းချန်ကို ဘယ်လိုခေါ်ရမှာလဲ။ ခန့်မှန်းရသလောက်တော့ ပြန်သွားရင် ခွေးသားလေးလို့ နာမည်ပြောင်းခံရလောက်ပြီ။
ကျောက်စိမ်းဧကရာဇ်က ပြုံးလိုက်ပြီးနောက် ခေါင်းခါကာ ချွေ့ကျွယ်ကို ကြည့်လိုက်သည်။ “အစ်ကိုကြီး၊ ထိုင်ပါ”
ချွေ့ကျွယ်ကမူ တည်ငြိမ်လှသည်။ သူသည် ယွီဟွေးဖေးကဲ့သို့ပင် ဘယ်လိုပဲဖြစ်ဖြစ် လုပ်သင့်သည်ဖြစ်စေ၊ မလုပ်သင့်သည်ဖြစ်စေ အားလုံးလုပ်ပြီးသွားပြီ။ သေမည်ဆိုလျှင် တိုက်ရိုက်သေရုံသာရှိသည်။ ကျောက်စိမ်းဧကရာဇ်သာ ဒေါသမထွက်လျှင် ဤအခေါ်အဝေါ်ကိုလည်း ဂရုစိုက်မည်မဟုတ်ပေ။
ထို့ကြောင့် ချွေ့ကျွယ်က တည်ငြိမ်စွာပင် ထိုင်ချလိုက်သည်။
ကျောက်စိမ်းဧကရာဇ်က ကျေနပ်စွာပြုံးလိုက်ပြီး တိကျန့်ကို ကြည့်ကာ “ဗောဓိသတ္တလည်း ထိုင်ပါ”
တိကျန့်မှာ မျက်နှာနီရဲသွားပြီး ထိုင်ချလိုက်သည်။
ကျောက်စိမ်းဧကရာဇ်က နွားကျောင်းသားကို အရေးမလုပ်ဘဲ ယွီဟွေးဖေးကို ကြည့်ကာ “ယွီလေး... ငါရောက်လာတဲ့ ဒီရက်ပိုင်းအတွင်းမှာ အကြာကြီး... အကြာကြီး မကြုံဖူးတဲ့ အဖြစ်အပျက်တွေ အများကြီးကြုံခဲ့ရတယ်။ ဒီအတွေ့အကြုံတွေက သာယာလှပတာမျိုး မဟုတ်ပေမဲ့၊ ဒါပေမဲ့ ဒါတွေက ငါ့ကို မရေမတွက်နိုင်တဲ့ နှစ်တွေမတိုင်ခင်က အမှတ်တရတချို့ကို ပြန်သတိရစေတယ်၊ အရမ်းနွေးထွေးပြီး အရမ်းကောင်းပါတယ်”
ယွီဟွေးဖေးက “ကောင်းရင်ပြီးတာပါပဲ” ဟု ဆိုသည်။
ကျောက်စိမ်းဧကရာဇ်က ဆက်ပြောသည်။ “ငါရောက်လာလက်ဆနဲ့ မင်းမှာအခက်အခဲရှိရင် ငါ့ကိုပြောလို့ရတယ်၊ အားမနာနဲ့”
ယွီဟွေးဖေးကြားသည်နှင့် ချက်ချင်းဆိုသလို “ရှိတယ်... အခက်အခဲရှိတယ်။ ကျွန်တော်တို့ဒီမှာ ဆင်းရဲတယ်ဗျ၊ အစ်ကိုကြီး ကျွန်တော်တို့ကို ရန်ပုံငွေလေးဘာလေး ချပေးပါလား။ အဲ့ဒီ အနီရောင်အဘိုးကြီးပုံပါတဲ့ဟာမျိုးလေ...”
ဤစကားထွက်လာသည်နှင့် ကြယ်ဖြူနတ်မင်းမှာ ချက်ချင်းချောင်းဆိုးသွားတော့သည်။ သူကောင်းကင်ဘုံတွင် နှစ်ပေါင်းများစွာနေလာရာ အထူးအဆန်းပေါင်းစုံကို မြင်ဖူးခဲ့သည်။ သို့သော် ကျောက်စိမ်းဧကရာဇ်ဆီက ရန်ပုံငွေတောင်းတာ၊ လူ့ပြည်က ပိုက်ဆံကိုတောင်းတာကတော့ သူတကယ်ပဲ ပထမဆုံးအကြိမ် ကြုံဖူးတာဖြစ်သည်။
ကျောက်စိမ်းဧကရာဇ်လည်း ကြားသော် မျက်နှာတွင် အနေရခက်သည့်အရိပ်အယောင်များ ပေါ်လာပြီး ချောင်းဟန့်ကာ “ဒါက... ယွီလေး၊ မင်းတခြားတစ်ခု တောင်းဆိုပါဦး။ လောကသုံးပါးမှာ စည်းကမ်းရှိတယ်၊ ဘယ်သူမဆို လူ့ပြည်ကိုရောက်ရင် လူ့ပြည်ရဲ့ စည်းကမ်းတွေကို လိုက်နာရတယ်။ စည်းမဲ့ကမ်းမဲ့လုပ်လို့မရဘူး... လူ့ပြည်ရဲ့ငွေကြေးကလည်း စည်းကမ်းတစ်မျိုးပဲ၊ ငါတို့ဝင်စွက်ဖက်လို့မကောင်းဘူး။ ငါ့မှာ တန်ခိုးအနည်းငယ်သုံးလို့ရပေမဲ့ အမြဲတမ်း ကိုယ့်ကိုယ်ကို ထိန်းချုပ်နေတာကလည်း ဒီအကြောင်းပြချက်ကြောင့်ပဲ”
ယွီဟွေးဖေးမှာ ကြောင်ငေးသွားသည်။ သူက မိမိတောင်းဆိုသည့်အရာမှာ အလွန်ရိုးရှင်းသည်ဟု ထင်ခဲ့သော်လည်း ကျောက်စိမ်းဧကရာဇ်ကို အခက်တွေ့စေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ယွီဟွေးဖေးက ခဏစဉ်းစားပြီးနောက် “ဒါဆို ခြံဝင်းကိုချဲ့ပေးပြီး နောက်ဘက်မှာ အိမ်တွေအများကြီး ဆောက်ပေးပါလား။ ခင်ဗျားလည်း ကြုံဖူးသားပဲ၊ ဒီ... အခန်းတွေက နည်းနည်းမလောက်ဘူးလေ”
ကျောက်စိမ်းဧကရာဇ်မှာ ရယ်ရခက်ငိုရခက်ဖြစ်သွားပြီး “ဒါကိုတော့ နောက်မှလေ့လာကြည့်ကြတာပေါ့။ တခြားဘာရှိသေးလဲ” ဟု ဆိုသည်။
“ရှိသေးတယ်၊ အပြင်မှာ နှင်းမုန်တိုင်းက ဆိုးနေတယ်၊ ခင်ဗျားကြည့်ပေးပါဦး ဘယ်အဘိုးကြီးက နှင်းတွေလျှောက်ချနေတာလဲ၊ ဆုံးမသင့်ရင်ဆုံးမလိုက်ပါဦး”
ကျောက်စိမ်းဧကရာဇ်မှာ ထပ်မံ၍ စကားမပြောနိုင်ဖြစ်သွားသည်။ ဤကောင်က စနေပြီ။
ကြယ်ဖြူနတ်မင်းက “အဆောင်မှူးယွီ၊ လူ့ပြည်ရဲ့ စည်းကမ်းတွေကို နတ်ဘုရားတွေက ထိန်းချုပ်တာမဟုတ်ပါဘူး။ ဒီမှာရှိတဲ့ အရာအားလုံးက သူ့အကြောင်းအကျိုးနဲ့သူ စည်းကမ်းဖွဲ့တည်နေတာပါ။ ဒီသဘာဝဘေးအန္တရာယ်တွေက အများအားဖြင့် သဘာဝဘေးမဟုတ်ဘဲ လူတွေကြောင့်ဖြစ်တဲ့ ဘေးအန္တရာယ်တွေပါ။ အကြောင်းအရင်းက ကောင်းကင်မှာမဟုတ်ဘဲ လူတွေမှာပါ... ခင်ဗျားသာ တရားခံရှာချင်ရင် လူသားတွေကို ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ခိုင်းမှ ရတော့မှာပါ”
ယွီဟွေးဖေးမှာ စကားမပြောနိုင်ဖြစ်သွားသည်။ ကြယ်ဖြူနတ်မင်းက ဤသို့သော သီအိုရီတစ်ခုကို ပြောထွက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သို့သော် သေချာစဉ်းစားကြည့်လျှင် လူသားများ ဤမျှနှစ်ပေါင်းများစွာ ကမ္ဘာကြီးကို ဖျက်ဆီးခဲ့ရာ ပြဿနာများစွာမှာ လူသားများကိုယ်တိုင် ဖန်တီးခဲ့ခြင်းသာဖြစ်သည်။
ဤတစ်ခေါက် နှင်းမုန်တိုင်းက ပြောရရင် ဖန်လုံအိမ်အာနိသင်ကြောင့်ဖြစ်ပြီး၊ ပိုရိုးရှင်းအောင်ပြောရလျှင် လူသားတို့၏ စက်မှုလုပ်ငန်းများ အလွန်အကျွံဖွံ့ဖြိုးခြင်း၊ အညစ်အကြေးများ စည်းကမ်းမဲ့စွန့်ပစ်ခြင်း၊ သစ်ပင်များ စည်းကမ်းမဲ့ခုတ်လှဲခြင်း၊ ချုပ်တည်းမှုမရှိ၊ အရှက်မရှိ ပြုမူခဲ့ခြင်း၏ ရလဒ်သာဖြစ်သည်။
ယွီဟွေးဖေးက အနေရခက်စွာဖြင့် ခေါင်းကိုကုတ်ကာ “ဒါ... ဒါဆို ခင်ဗျားတို့ ကျွန်တော့်ဘေးကလူတွေကို အသက်ရှည်အောင် လုပ်ပေးကြပါလား” ဟု ဆိုသည်။
ကျောက်စိမ်းဧကရာဇ်က “ဒါကလည်း စည်းကမ်းကိုပြောင်းလဲတဲ့ကိစ္စပဲ၊ မဖြစ်ဘူး” ဟု ဆို၏။
ယွီဟွေးဖေးက အနည်းငယ်အားမလိုအားမရဖြင့် “ဒါဆို ကျွန်တော့်ကို မိန်းကလေးတစ်ယောက်လောက် ပေးလိုက်ရင်တော့ အဆင်ပြေလောက်ပြီမလား” ဟု ဆိုသည်။
ကျောက်စိမ်းဧကရာဇ်နှင့် ကြယ်ဖြူနတ်မင်းတို့မှာ ဤစကားကြောင့် ခါးလန်လုမတတ် ဖြစ်သွားကြသည်။
ကျောက်စိမ်းဧကရာဇ်က နောက်မှ မေးစေ့ကိုပွတ်သပ်ကာ “သင့်တော်တဲ့သူတွေတော့ ရှိပါတယ်၊ နဂါးမင်းရဲ့ နဂါးမင်းသမီးလေး၊ တာဝါကိုင်နတ်မင်းရဲ့ သမီး လီကျိန်းယင်း...”
ယွီဟွေးဖေးမှာ ပါးစပ်က လျှောက်ပြောလိုက်ခြင်းသာဖြစ်သော်လည်း ကျောက်စိမ်းဧကရာဇ်က အမှန်တကယ် စဉ်းစားလိမ့်မည်ဟု မထင်ထားခဲ့ရာ... ချက်ချင်းပင် ကြောင်ငေးသွားတော့သည်။
ထိုအချိန်တွင် နွားကျောင်းသားက “ဟေ့... မဖြစ်ဘူး။ ငါ့ညီလေးကို မီးကျင်းထဲ မတွန်းပို့ကြနဲ့။ ဒီကိစ္စကို ငါသဘောမတူဘူး၊ ပြတ်ပြတ်သားသား ကန့်ကွက်တယ်၊ ဘယ်သူလာလာ ငါရိုက်မှာပဲ” ဟု တစ်ခွန်းဝင်ပြောလိုက်သည်။
ယွီဟွေးဖေးကြားသော် သူ့ကို တူဖြင့်ထုချင်စိတ် ပေါက်သွားသည်။
သို့သော် ယွီဟွေးဖေးမှာလည်း ပါးစပ်ကသာ ပြောနေခြင်းဖြစ်ပြီး၊ သူ့စိတ်ထဲတွင် လူတစ်ယောက်၏အရိပ် ရှိနှင့်ပြီးသားဖြစ်သည်။
သူ့ကို အခြားမိန်းကလေးများကို သွားပိုးပန်းခိုင်းလျှင်လည်း သူ မလုပ်ချင်ပေ။
ထို့ကြောင့် ယွီဟွေးဖေးက “အစ်ကိုလန်က ဒီလိုပြောတာနဲ့ ဒါဆိုလည်း ထားလိုက်ပါတော့။ ကျောက်စိမ်းဧကရာဇ်ကိုယ်တော်မြတ်က ပိုက်ဆံမပေးနိုင်ဘူးလို့ ထင်နေရင် နောက်မှ ကျွန်တော့်ကို တန်ခိုးလေးဘာလေးပေးတာ ဒါမှမဟုတ် ကျွန်တော်တို့ကို ပစ္စည်းလေးဘာလေး ထောက်ပံ့ပေးတာလည်း ရပါတယ်... ကျွန်တော်တို့ဒီမှာ ဘယ်လောက်ဆင်းရဲလဲဆိုတာ ခင်ဗျားလည်း သိပြီးသားပါ။ ကျွန်တော်က အလုပ်လုပ်တာ လစာမရှိဘဲ၊ ဒီလောက် စားနိုင်တဲ့ကောင်တွေတစ်အုပ်ကြီးကို တစ်ယောက်တည်း ကျွေးမွေးနေရတာ။ ခင်ဗျားတို့ကလည်း ကျွန်တော့်ဆီကို လူတွေဆက်တိုက်ပို့နေကြတာ။ တကယ်ပြောရရင်... ဒီအတိုင်းဆက်သွားနေရင်တော့ ကျွန်တော်လည်း ကောင်းကင်ဘုံရဲ့ ဂုဏ်သိက္ခာကို ထည့်စဉ်းစားနိုင်တော့မှာမဟုတ်ဘူး။ အဝတ်ချွတ်ကရရင်တောင် ကရမှာပဲ”
ဤသို့ပြောလာသောအခါ ယွီဟွေးဖေးမှာ အခြေခံအားဖြင့် အနိုင်ကျင့်နေခြင်းသာဖြစ်သည်။
ကျောက်စိမ်းဧကရာဇ်မှာ ရယ်ရခက်ငိုရခက်ဖြစ်သွားပြီး “မင်း ငါ့ကိုလာမလှည့်စားနဲ့။ မင်းရဲ့ဒီဌာနမှာ ပုံသေလစာနဲ့ ထောက်ပံ့ရေးတွေရှိတယ်၊ ဘယ်လိုလုပ် ဒီလောက်ဆင်းရဲနိုင်မှာလဲ” ဟု ဆိုသည်။
ယွီဟွေးဖေးမှာ ကြောင်ငေးသွားသည်။ “လစာရှိတယ်။ ဘာလစာလဲ။ ပြီးတော့ ဘာထောက်ပံ့ရေးတွေလဲ။ မမြင်ဖူးပါဘူး”
ကျောက်စိမ်းဧကရာဇ်က “မင်းမထုတ်ယူဖူးဘူးလား” ဟု မေးသည်။
“မထုတ်ဖူးဘူး... မယုံရင် သူတို့ကိုမေးကြည့်”
ကျောက်စိမ်းဧကရာဇ်က ချွေ့ကျွယ်တို့ကို လှည့်ကြည့်ရာ နွားခေါင်းတို့မှာ ခေါင်းများကို ဒိုးကလေးများလို ခါပြကြသည်။
ချွေ့ကျွယ်က ထရပ်ကာ “ကျောက်စိမ်းဧကရာဇ်ထံ အစီရင်ခံပါတယ်၊ ကျွန်တော်မျိုး ဒီကိုရောက်လာတာ အချိန်အတော်ကြာပါပြီ၊ တကယ်ပဲ ဘာလစာနဲ့ ထောက်ပံ့ရေးမှ မမြင်ဖူးပါဘူး။ ဒီမှာရှိတဲ့ အသုံးစရိတ်နဲ့ ထိန်းသိမ်းမှုအားလုံးက ဌာနမှူးယွီ ကိုယ့်အားကိုယ်ကိုးပြီး ရှာဖွေထားတာတွေပါ...”
ထိုအချိန်မှာပင် ရွှေဝါရောင်ဘူးခွံတစ်ခု လိမ့်ဝင်လာပြီးနောက် မျက်လုံးကြီးတစ်လုံး ထွက်ပေါ်လာကာ “ကျွန်တော်တိုင်ကြားပါတယ်၊ ကျွန်တော်တိုင်ကြားပါတယ်” ဟု ကျယ်လောင်စွာ အော်ဟစ်တော့ရာ အားလုံးက မျက်လုံးကြီးကို ကြည့်လိုက်ကြသည်။
မျက်လုံးကြီးက “ဒီမှာ အရင်က လစာနဲ့ ထောက်ပံ့ရေးတွေရှိတယ်၊ ဒါပေမဲ့ လစာနဲ့ ထောက်ပံ့ရေးတွေကို လူယာဆိုတဲ့ အဘိုးကြီးက နောင်နှစ်ပေါင်းသုံးသိန်းအထိ ကြိုထုတ်သွားပြီ၊ ဒါကြောင့် ယွီလေးရောက်လာတော့ ဘာတစ်ပြားမှမရှိတော့တာ”
ယွီဟွေးဖေးကြားသော် ဒေါသထွက်လွန်း၍ သွေးအန်လုမတတ်ဖြစ်သွားပြီး မထိန်းနိုင်ဘဲ “လူယာဆိုတဲ့ အဘိုးကြီး၊ တော်တော်#@$#@ကျတာပဲ” ဟု ဆဲရေးလိုက်သည်။
ချွေ့ကျွယ်က “ကျောက်စိမ်းဧကရာဇ်ထံ အစီရင်ခံပါတယ်၊ ဒါက ဘာမှမရှိတာထက် ပိုဆိုးပါတယ်... ကျွန်တော်မျိုးသိရသလောက်တော့ လူယာက ယွီလေးရဲ့အဘိုးနာမည်နဲ့ ပြည်သူ့အကြားမှာ ငွေအများကြီးချေးထားခဲ့ပါတယ်။ ဒါကြောင့် လူယာက ဘာမှမချန်ထားခဲ့တာမဟုတ်ဘူး၊ ယွီလေးအတွက် အကြွေးတွေတစ်ပုံကြီး ချန်ထားခဲ့တာပါ။ ကျောက်စိမ်းဧကရာဇ် အဆုံးအဖြတ်ပေးတော်မူပါ...”
ကျောက်စိမ်းဧကရာဇ် ဤအထိကြားသော် မျက်မှောင်ကြုတ်သွားပြီး စားပွဲကိုတစ်ချက်ရိုက်ကာ “ဒီအဘိုးကြီး... ငါသူ့ကိုမဆုံးမရဲဘူးလို့ တကယ်ထင်နေတာလား” ဟု ဆိုလိုက်သည်။