ဆောင်းရာသီ ရေကူးခြင်း
Vol. 13 Ch. 184
ယခင်ကတည်းက ယွီဟွေးဖေးမှာ ကျန်းရန်သည် မျက်နှာချိုသွေးရာတွင် ကျွမ်းကျင်သည်ဟု ခံစားနေရသည်။ နွားကျောင်းသားက စကားမှားသွားမည်ကို သို့မဟုတ် ရှီဝမ့်မူဧကရီကို ဆဲရေးတိုင်းထွာမိပြီး ကျန်းရန်က သွားတိုင်လိုက်မည်ကို သူ အမှန်တကယ် စိုးရိမ်နေမိသည်။ သို့ဆိုလျှင် နောင်တွင် သူ့ဘဝမှာ ခက်ခဲသွားပေလိမ့်မည်။
နွားကျောင်းသားမှာ တစ်ချက်ကြောင်သွားပြီးနောက် တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် ကျန်းရန်ကို သတိဖြင့် တစ်ချက်စိုက်ကြည့်ကာ အမြန်ထွက်သွားတော့သည်။
ကျန်းရန်မှာမူ နှာခေါင်းကိုပွတ်သပ်ရင်း မျက်နှာတွင် ခါးသီးသောအရိပ်အယောင်များ ထင်ဟပ်နေသည်။
ရှောင်ထျန်းချန်က ခွေးမျက်လုံးများကို ပင့်တင်ကာ "ဟဲဟဲ... မင်းကွာ၊ အဲ့လိုစိတ်သေးလေးတွေ မမွေးစမ်းပါနဲ့။ သူက မင်းသားဖြစ်ပေမဲ့ သူ့မင်းသားဘဝက အလုပ်ကြမ်းသမားထက်တောင် ပိုဆိုးရွားတယ်။ အာဏာလည်းမရှိဘူး၊ မင်းအတွက် စကားလည်းပြောပေးနိုင်မှာမဟုတ်ဘူး။ မင်းသာ ရာထူးတက်ချင် စီးပွားဖြစ်ချင်တယ်ဆိုရင် ဟိုခေါင်းတုံးလေးနဲ့ သွားစကားများများပြောတာကမှ ပိုကောင်းဦးမယ်။ သူက ဘယ်လိုပဲဖြစ်ဖြစ် တိကျန့်ဗောဓိသတ္တ ပဲ၊ အစိုးရအဖွဲ့အစည်းမဟုတ်ပေမဲ့ ပြည်သူ့အကြားမှာတော့ ပထမတန်းစား အဖွဲ့အစည်းထဲက စကားပြောခွင့်ရှိသူတစ်ယောက်ပဲ" ဟု ဆိုလေသည်။
ဤစကားကိုကြားသော် ကျန်းရန်၏မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားသည်။ သူ့အနေဖြင့် နွားကျောင်းသားနှင့် ရင်းနှီးအောင် ကြိုးစားနေသည်မှာ ဤသူများ၏အမြင်တွင် အာဏာရှိသူကို ကပ်ဖားနေခြင်းလား။
သူမှာ စကားမပြောနိုင်ဖြစ်သွားသော်လည်း ဘာမျှမရှင်းပြတော့ဘဲ ခေါင်းခါကာ ထွက်သွားတော့သည်။ ထမင်းစားပြီးနောက် အားလုံးလူစုခွဲကာ ကိုယ့်အလုပ်ကိုယ် လုပ်ကြတော့သည်။
ယွီဟွေးဖေးမှာ စာကူးရန် အပေါ်ထပ်သို့ တက်သွားသည်။ မည်သူမျှမလာသည့်နောက်တွင်တော့ လက်ရေးလေ့ကျင့်ကာ ကုသိုလ်အနည်းငယ် ရှာဖွေခြင်းက ပိုကောင်းပေမည်။ ဤမျှကြာအောင် ဇွဲရှိရှိလုပ်ဆောင်ခဲ့ရာ ယခုအခါတွင် အနည်းငယ် အောင်မြင်မှုရရှိနေပြီဖြစ်သည်။
ဤစာကြည့်တိုက်၏ ထူးခြားမှုကြောင့်လော၊ သို့မဟုတ် စုတ်တံ၊ မှင်၊ စက္ကူ၊ မှင်တောင့်တို့၏ အာနိသင်ကြောင့်လော၊ သို့မဟုတ် ချွေ့ကျွယ်က ကောင်းစွာသင်ကြားပေး၍လောတော့ မသိ၊ ယွီဟွေးဖေး၏ တိုးတက်မှုမှာ အလွန်လျင်မြန်လှသည်။ ယခုအခါတွင် ပိုးဟတ်သေများကို ဆွဲရွှေ့ထားသလို မဟုတ်တော့ဘဲ၊ စာလုံးတိုင်းမှာ အလွန်ရှင်းလင်းပြီး မိမိကိုယ်ပိုင်ဟန်ပန်၊ ကနွဲ့ကလျဟန်ပင် စတင်ပေါ်ထွက်နေပြီဖြစ်သည်။
ယွီဟွေးဖေး၏စာလုံးများမှာ ကနွဲ့ကလျဟန်ဖြင့် ပြည့်နှက်နေပြီး၊ တစ်လုံးချင်းစီမှာ ခါးလေးကော့၊ တင်လေးပင့်ကာ၊ လည်တိုင်ရှည်လေးဆန့်ထုတ်ခြင်း သို့မဟုတ် ဟန်ရေးပြနေကြသည့်နှယ်။
အရုပ်ဆိုးသည်ဟု ဆိုရမည်ဆိုလျှင် တစ်လုံးချင်းစီ ခွဲကြည့်ပါက အမှန်ပင် အရုပ်ဆိုးလှသည်။ သို့သော် အတူတကွထားလိုက်သောအခါတွင်မူ နတ်ဆိုးများ အုပ်စုလိုက်ကခုန်နေသည့် ထူးခြားသော အလှတရားတစ်ခုကို ခံစားရပေသည်။
ချွေ့ကျွယ်၏စကားနှင့်ဆိုရလျှင် "မင်းဒါက ပိုးဟတ်သေတွေကို ကြမ်းပြင်ပေါ်ဆွဲထားတာ မဟုတ်တော့ဘူး၊ ဒါက ပိုးဟတ်တွေ ဘားထဲမှာ စုကနေတာပဲ... တော်ပါသေးရဲ့... တိုးတက်မှုတော့ ရှိတယ်လို့ ဆိုရမှာပေါ့”
လမင်းကြီး ကောင်းကင်အလယ်သို့ ရောက်သောအခါ နွားကျောင်းသားတစ်ယောက်တည်း ခြံထဲတွင်ထိုင်ကာ ကောင်းကင်ပေါ်မှ လမင်းကို မော့ကြည့်ရင်း ဘာကိုစဉ်းစားနေသည်မသိ။
ထိုအချိန်တွင် ကျန်းရန်က သူ့ဘေးသို့ကပ်လာပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့် "ဘာကြည့်နေတာလဲ" ဟု မေးလိုက်သည်။
နွားကျောင်းသားက "ကောင်းကင်ပေါ်က အရူးတွေကို ကြည့်နေတာ..." ဟု ပြန်ဖြေသည်။
ကျန်းရန်မှာတော့ "@#..."
ကျန်းရန်က ချောင်းတစ်ချက်ဟန့်ကာ ရင်ဘတ်ထဲမှ အရက်နှစ်ပုလင်းကို ထုတ်ယူပြီး "နည်းနည်းသောက်မလား" ဟု ကမ်းပေးလိုက်သည်။
နွားကျောင်းသားကလည်း အားမနာဘဲ ယူကာ တစ်ကျိုက်မော့ချလိုက်ပြီး မျက်ခုံးပင့်ကာ "ကျေးဇူးပဲ" ဟု ဆိုသည်။
ကျန်းရန်က ပြုံးလျက် "နွားကျောင်းသား၊ တကယ်တော့ မင်းကိုငါ မကောင်းကြံတာမဟုတ်ပါဘူး။ ငါက မင်းနဲ့ စကားစမြည်ပြောချင်လို့ပါ..."
နွားကျောင်းသားက သူ့ကို တစ်ချက်စိုက်ကြည့်ကာ "ပြော။ ဘာပြောမှာလဲ" ဟု မေးသည်။
ကျန်းရန်က ပြုံးလျက် "မင်းဘာပြောချင်လဲ၊ ငါတို့အဲ့ဒါပဲပြောကြတာပေါ့" ဟု ဆိုသည်။
နွားကျောင်းသား၏မျက်လုံးများ အရောင်တောက်သွားသည်။ "တကယ်လား"
ကျန်းရန်က ခေါင်းညိတ်သည်။ "တကယ်”
ထို့နောက် ကျန်းရန်က အရက်တစ်ကျိုက် ထပ်မော့ချလိုက်သည်။ နွားကျောင်းသားက ပါးစပ်ကိုဖြဲကာ ပြုံးလျက် "ဒါဆိုလည်း ကောင်းပြီလေ၊ ဒါဆို ငါတို့နှစ်ယောက်ပေါင်းပြီး ရှီဝမ့်မူဧကရီဆိုတဲ့ မိန်းမကြီးကို ဆဲကြရအောင်” ဟု ဆိုလိုက်သည်။
ဖွီး...
ကျန်းရန် ပါးစပ်ထဲမှ အရက်များအားလုံး ပန်းထွက်သွားတော့သည်။ သူက မျက်လုံးပြူးကာ နွားကျောင်းသားကို စိုက်ကြည့်နေသည်။ နွားကျောင်းသားကမူ အတည်ပေါက်ဖြင့် ကျန်းရန်ကိုကြည့်ကာ ပါးစပ်ကိုဖြဲလျက် "ညီအစ်ကိုတွေဖြစ်သွားပြီဆိုတော့ မင်းအရင်ဆဲလေ" ဟု ပြောလေသည်။
ကျန်းရန်က ချောင်းတစ်ချက်ဟန့်ကာ ထရပ်လိုက်ပြီး "အဲ့ဒါ... မင်း... အရူးတွေကို ဆက်ကြည့်နေလိုက်ပါဦး" ဟု ဆိုပြီးနောက် မျက်နှာငယ်ဖြင့် ထွက်သွားတော့သည်။
အပေါ်ထပ် ပြတင်းပေါက်တွင် ခေါင်းအချို့စုပြုံကာ အောက်မှမြင်ကွင်းကို ကြည့်နေကြသည်။ ကျန်းရန်ထွက်သွားသည်ကိုမြင်သော် အားလုံးမှာ မထိန်းနိုင်ဘဲ ဟားတိုက်ရယ်မောလိုက်ကြတော့သည်။
ယခုအခါတွင် ကျန်းရန်သည် ချွေ့ကျွယ်နှင့် အတူတူညှပ်နေရသည်။ ချွေ့ကျွယ်မှာ ရင့်ကျက်တည်ငြိမ်သူဖြစ်ရာ အကြောင်းမဲ့ ကျန်းရန်ကို မစနောက်ပေ။
အခန်းထဲသို့ပြန်ရောက်သော် ကျန်းရန်သည် ချွေ့ကျွယ်ဘေးတွင်လှဲချကာ သက်ပြင်းတစ်ချက်ချလိုက်သည်။
ချွေ့ကျွယ်က မျက်လုံးဖွင့်ကာ ပြုံးလျက် "အငိုက်မိသွားပြီလား" ဟု မေးသည်။
ကျန်းရန်က 'အင်း' ဟု တစ်လုံးသာဆိုပြီး "ပြောစမ်းပါဦး၊ ဒီလူတွေ ဘာလို့ငါ့ကို ဒီလောက်သတိထားနေကြတာလဲ" ဟု ပြန်မေးသည်။
ချွေ့ကျွယ်က "ဘာဖြစ်လို့လဲဆိုတော့ မင်းက ငါတို့နဲ့ လမ်းကြောင်းမတူလို့ပဲ" ဟု ဖြေသည်။
ကျန်းရန်က ထထိုင်လိုက်ပြီး နားမလည်စွာဖြင့် "ဒါက ဘယ်လိုအဓိပ္ပာယ်လဲ" ဟု မေးသည်။
"ငါတို့တွေက လာတဲ့နေရာမတူ၊ စရိုက်လည်းမတူပေမဲ့၊ ယေဘုယျအားဖြင့်တော့ ဒီကိုရောက်လာတဲ့အခါ အားလုံးက အရာရာကို စွန့်လွှတ်လိုက်ကြပြီ။ အရှက်မရှိ၊ မျက်နှာမရှိ၊ စိတ်အေးလက်အေး နေထိုင်ကြရုံပဲ။ ဒါပေမဲ့ မင်းက မတူဘူး၊ မင်းက တမင်တကာ တစ်စုံတစ်ခုကို စွန့်လွှတ်ချင်နေပေမဲ့ တချို့အရာတွေက အရိုးထဲစွဲနေတော့ မင်းစွန့်လွှတ်လို့မရဘူး။ မင်းက အမြဲတမ်း ဟန်ဆောင်နေတော့ ငါတို့က မင်းနဲ့ ဘယ်လိုပေါင်းသင်းရမလဲ။ တချို့ကွာဟချက်တွေက ငါတို့က မင်းကိုဖယ်ကျဉ်တာမဟုတ်ဘူး၊ မင်းက တံခါးအပြင်မှာ အမြဲရပ်နေပြီး ဝင်မလာချင်တာပဲ" ဟု ချွေ့ကျွယ်က ရှင်းပြလေရာ ကျန်းရန်မှာ တိတ်ဆိတ်သွားတော့သည်။
နောက်တစ်နေ့ ယွီဟွေးဖေး အိပ်ရာမထသေးမီမှာပင် အပြင်မှ တစ်စုံတစ်ယောက်က "သေစမ်း... မီးလောင်ပြီ၊ မီးလောင်နေပြီ” ဟု အော်ဟစ်သံကို ကြားလိုက်ရသည်။
ယွီဟွေးဖေးမှာ လန့်ဖြန့်ကာ ကုတင်ပေါ်မှ တိုက်ရိုက်ခုန်ချလိုက်ပြီး ပြတင်းပေါက်မှ ချောင်းကြည့်လိုက်ရာ ရှေ့ခြံဝင်းထဲတွင် မီးခိုးမည်းများ ဘုရားပွဲလှည့်နေသည်ကို တွေ့လိုက်ရသည်။
"သောက်ကျိုးနည်း... ဘာဖြစ်ကုန်တာတုန်း"
အောက်သို့ပြေးဆင်းသွားသောအခါ မီးဖိုချောင်ထဲမှ ကျန်းရန် မျက်နှာမည်းဖြင့် ထွက်လာသည်ကို တွေ့လိုက်ရပြီး လက်ဝှေ့ယမ်းကာ "အားလုံး စိတ်မပူကြနဲ့၊ အဲ့ဒါ... မီးမလောင်ပါဘူး၊ ထမင်းတူးသွားတာ..." ဟု ဆိုရာ အားလုံးမှာ စကားမပြောနိုင်ဖြစ်သွားကြသည်။
ယွီဟွေးဖေးလည်း ကြောင်ငေးသွားပြီး တံခါးဝတွင်ရပ်ကာ အတွင်းသို့ ချောင်းကြည့်လိုက်ရာ ထိုသံအိုးထဲတွင် မည်းနက်နေသော အရာများကို တွေ့လိုက်ရသည်။ သူက သံအိုးကို ထုတ်ယူကာ ခြံထဲသို့ ပစ်ချလိုက်ပြီး သံပြားဖြင့် ခေါက်လိုက်ရာ မီးသွေးမှုန့်များ မြေပေါ်သို့ ကျဲပြန့်သွားတော့သည်။
ချွေ့ကျွယ်က "ငါးလေး၊ ဒီအိုးက သုံးလို့ရသေးရဲ့လား" ဟု မေးသည်။
"မရတော့ဘူး၊ ဒါကို လွှင့်ပစ်ရတော့မယ်”
နွားခေါင်းတို့ ကြားသော် တစ်ယောက်ချင်းစီ တိတ်ဆိတ်သွားကြသည်။ ကျန်းရန်မှာမူ အနည်းငယ် အနေရခက်သွားပြီး အားလုံးကိုကြည့်ကာ ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် ဘာမျှမပြောခဲ့ပေ။
ထိုအချိန်တွင် နွားခေါင်းက သူ့ပခုံးကို ပုတ်ကာ "တော်ပြီ... ဘာမှမပြောနဲ့တော့။ အိုးတစ်လုံးပဲဟာ၊ ပျက်သွားတော့လည်း ပျက်သွားတာပေါ့..." ဟု ဆိုရာ ကျန်းရန်မှာ အံ့ဩစွာဖြင့် နွားခေါင်းကို ကြည့်လိုက်သည်။
ဤနှစ်ရက်အတွင်း သူသည် ဤနွားခေါင်း၏ စနောက်ခြင်းကို မနည်းမနော ခံခဲ့ရသည်။ ယနေ့ ဤအကောင် ဘာဖြစ်နေသနည်း။ လူစားလဲခံလိုက်ရသလော။ ဝိညာဉ်ဝင်ပူးခံလိုက်ရသလော။
နွားခေါင်းက နွားမျက်လုံးကြီးများဖြင့် သူ့ကို စိုက်ကြည့်ကာ "မင်းက ဘယ်လိုမျက်လုံးမျိုးနဲ့ ကြည့်နေတာလဲ။ မင်းအစ်ကိုနွားလောက် ချောတဲ့နွား မမြင်ဖူးဘူးလား"
ကျန်းရန်မှာ တစ်ချက်ကြောင်သွားပြီးနောက် ဖွီးကနဲ ရယ်မောလိုက်သည်။ "မမြင်ဖူးဘူး”
ထို့နောက် ကျန်းရန်က ယွီဟွေးဖေးကို "ယွီ..."
"ကျွန်တော့်ကို ယွီလေးလို့ပဲခေါ်ပါ၊ အားလုံးက ဒီလိုပဲခေါ်ကြတယ်။ အစ်ကိုကြီး... ခင်ဗျားက ချက်ပြုတ်တဲ့နေရာမှာတော့ ပါရမီမပါဘူးထင်တယ်..." ယွီဟွေးဖေးက ပြောရင်း ရယ်မောလိုက်သည်။
ယွီဟွေးဖေးရယ်သည်ကိုမြင်သော် ကျန်းရန်၏စိတ်ထဲတွင်လည်း ပေါ့ပါးသွားပြီး "ယွီလေး... တကယ်တောင်းပန်ပါတယ်၊ တစ်သက်မှာ ပထမဆုံးအကြိမ် ချက်ဖူးတာ" ဟု ဆိုသည်။
ယွီဟွေးဖေးက ခေါင်းခါကာ "ကိစ္စမရှိပါဘူး... အိုးတစ်လုံးပဲဟာ။ တို့အိမ်က ဆင်းရဲပေမဲ့ အိုးတစ်လုံးနဲ့ သူငယ်ချင်းတစ်ယောက်လဲရတာ တန်ပါတယ်” ဆိုရာ ကျန်းရန်မှာ ကြောင်ငေးသွားသည်။
ချွေ့ကျွယ်က သူ့ကိုပြုံးပြကာ ဘာမျှမပြောဘဲ မှန်တစ်ချပ်ယူလာပြီး ပြလိုက်သည်။ ကျန်းရန်က မှန်ထဲတွင် မီးခိုးမည်းများဖြင့် ပေကျံနေသော မိမိကိုယ်ကိုကြည့်လိုက်ရာ ယခင်က ဟန်ဆောင်ထားသော အမူအရာများ ပျောက်ကွယ်သွားပြီး၊ ပို၍... မြေကြီးနှင့် နီးစပ်သောဟန် ပေါ်ထွက်လာသည်။ အားလုံးနှင့် အတူတူရပ်နေသောအခါတွင်လည်း ယခင်ကဲ့သို့ သီးခြားဖြစ်နေသော ခံစားချက်မျိုး မရှိတော့ပေ။
"တော်ပြီ၊ မရယ်နဲ့တော့။ ညစ်ပတ်နေတာပဲ ရေချိုးသွားကြမယ်” နွားကျောင်းသားက ကျန်းရန်ကို ဆွဲကာ ထွက်သွားသည်။
ကျန်းရန်က နောက်လှည့်ကာ "ရေချိုးမယ်လား... ဘယ်မှာလဲ" ဟု မေးသည်။
ယွီဟွေးဖေးမှာ တစ်ချက်တုန်လှုပ်သွားပြီး ချက်ချင်းပင် "အစ်ကိုလန်၊ မြစ်ထဲမှာ သွားမကူးကြနဲ့နော်၊ အဲ့လိုကူးတာ မလုံခြုံဘူး" ဟု အော်ပြောလိုက်သည်။
သို့သော် နွားကျောင်းသားက နောက်လှည့်ကာ ယွီဟွေးဖေးကို ပါးစပ်ဖြဲပြုံးပြပြီး သူ့ဘောင်းဘီကြားကို ညွှန်ပြကာ "ဒီလောက်တိမ်တဲ့မြစ်လေးကို မင်းက မလုံခြုံဘူးပြောနေတာလား။ ဘာလဲ။ မင်းက ငါ့ညီလေးကို ရေသီးမှာစိုးလို့လား" ဟု မေးသည်။
နွားခေါင်းက ဟဲဟဲရယ်မောကာ "မင်းညီလေးက ရေတောင်ထိပါ့မလားမသိဘူး" ဟု ဆို၏။
နွားကျောင်းသားက သူ့ကို မျက်ဖြူလန်ပြကာ "ငါ့ညီလေး ရေမထိရင် မင်းညီလေးကတော့ အဝေးကပဲ ငေးနေရမှာထင်တယ်"
နွားခေါင်းမှာ နွားကျောင်းသားထက် အနည်းငယ် အရပ်ပိုရှည်ရာ ဤစကားကိုကြားသော် မကျေမနပ်ဖြင့် "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါ့ညီလေးကလည်း မွေးရာပါ ခန့်ညားထည်ဝါပြီး အရပ် ၁.၈မီတာရှိတယ်။ ရေကူးတာမပြောနဲ့ ငါမြစ်ကမ်းနားမှာရပ်နေရင်တောင် ငါးဖမ်းလို့ရတယ်”
"တော်ပြီ၊ လေမကျယ်နဲ့တော့။ အားလုံးသွားပြီး ယှဉ်ကြည့်လိုက်ရင် သိရမှာပေါ့" ဟု မြင်းမျက်နှာက အော်ဟစ်လိုက်သည်။ ထို့နောက် မူလက နွားကျောင်းသားက ကျန်းရန်ကိုသာ ဆွဲခေါ်သွားခြင်းမှ ချက်ချင်းပင် အဖွဲ့လိုက်သွားခြင်းအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ထိုအခါ ရှောင်ထျန်းချန်က "ယွီလေး... မင်းဘယ်သွားမလို့လဲ" ဟု ကျယ်လောင်စွာ အော်မေးလိုက်သည်။
"ဟမ်။ ကျွန်တော်... ကျွန်တော်... ဟင်းသီးဟင်းရွက်ဝယ်မလို့" ယွီဟွေးဖေးက ချောင်းတစ်ချက်ဟန့်ကာ ဆိုသည်။
"ဘာဟင်းသီးဟင်းရွက်ဝယ်မှာလဲ။ သွားမယ်... အတူတူရေချိုးပြီး အကြီးအသေးယှဉ်ကြမယ်" ဟု သရဲနက်က အော်ဟစ်လိုက်သည်။
"ကျွန်တော်မသွားဘူး၊ ဒီလောက်အေးစက်နေတာ၊ ပန်းသေမှာမကြောက်ဘူးလား”
ယွီဟွေးဖေးက စကားဆုံးသည်နှင့် ပြေးရန်ပြင်လိုက်သော်လည်း နွားခေါင်း၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး ပခုံးပေါ်ထမ်းကာ ပြေးထွက်သွားတော့သည်။ ပြေးရင်းဖြင့် "ညီအစ်ကိုတို့၊ သွားမယ်” ဟု အော်ဟစ်နေသည်။
မြင်းမျက်နှာတို့က လိုက်ပါရယ်မောကြပြီး နောက်ဖေးတံခါးမှ တောရိုင်းဆန်စွာ ထွက်ခွာသွားကြသည်။ ယွီဟွေးဖေးတစ်ယောက်သာလျှင် ဓားပြ၏ ဖမ်းဆီးခြင်းခံရသော မိန်းကလေးတစ်ယောက်ကဲ့သို့ "လွှတ်၊ လွှတ်... မြန်မြန်လွှတ်” ဟု အော်ဟစ်နေတော့သည်။
နောက်ဆုံးတွင် ယွီဟွေးဖေး ဆန္ဒပြည့်ဝသွားသည်။
ဗွမ်း...
ယွီဟွေးဖေးကို မြစ်ငယ်လေးထဲသို့ ပစ်ချလိုက်ရာ ထိုအကောင်က ရေထဲမှ ထွက်ပေါ်လာသည်နှင့် ကမ်းပေါ်သို့ ပြေးတက်တော့သည်။ ပြေးရင်းဖြင့် "အေးတယ်၊ အေးတယ်..." ဟု အော်ဟစ်နေ၏။ သို့သော် နွားခေါင်းတို့က အဝတ်အစားများကို တိုက်ရိုက်ချွတ်ချကာ၊ ဘောင်းဘီများကို ဆွဲချွတ်ပြီး ကိုယ်လုံးတီးဖြင့် ဤဘက်သို့ ပြေးဝင်လာကြသည်။ ထိုမြင်ကွင်းမှာ အာဖရိကမှ ကျွဲရိုင်းများ မြစ်ကူးနေသည်နှင့်တူပြီး တဗွမ်းဗွမ်းမြည်နေတော့သည်။
အဓိကအချက်မှာ ဤကောင်စုတ်များ ယွီဟွေးဖေးရှေ့မှ ဖြတ်သွားတိုင်း သူ့ကိုဖမ်းကာ မြစ်ထဲသို့ တစ်ပိုင်းတစ်စ ဆွဲခေါ်သွားကြခြင်းပင်။
ယွီဟွေးဖေးမှာ ကမ်းပေါ်သို့ အကြိမ်ကြိမ် ပြေးတက်ရန် ကြိုးစားခဲ့သော်လည်း၊ ကံဆိုးစွာပင် သူသည် ပြေးလေ ကမ်းနှင့်ဝေးလေ၊ အဝတ်အစားများလည်း ပြေးလေ နည်းလေဖြစ်နေသည်ကို တွေ့လိုက်ရသည်။
နောက်ဆုံးတွင် ယွီဟွေးဖေး မပြေးတော့ဘဲ မြစ်ထဲတွင် ထိုင်ချကာ မထတော့ပေ။ သူ့ဘေးတွင် ဘယ်ဘက်တွင် နွားခေါင်း၊ ညာဘက်တွင် မြင်းမျက်နှာ၊ ရှေ့တွင် နွားကျောင်းသား၊ နောက်တွင် ရှောင်ထျန်းချန်တို့ ထိုင်နေကြသည်။
မြစ်ရေမှာ မနက်ရှိုင်းသော်လည်း ယွီဟွေးဖေးမှာ ဤအကောင်များ တစ်ယောက်ချင်းစီ လက်နက်များ ထုတ်ပြနေသည်ကို ကြည့်ရင်း မတ်တပ်ထရပ်ရန် သတ္တိအမှန်တကယ် မရှိတော့ပေ။
နွားခေါင်း၊ မြင်းမျက်နှာ၊ နွားကျောင်းသားတို့မှာ အနည်းဆုံး နှစ်မီတာကျော်ရှည်ပြီး မွေးရာပါ မျိုးစိတ်ထူးများဖြစ်ကြသည်။ ရှောင်ထျန်းချန်မှာမူ နွားသိုးပေါက်အရွယ်ခွေးကြီးဖြစ်ရာ သေးငယ်နိုင်မည်လား။
မြင်းမျက်နှာက မျက်နှာရှည်ကြီးကို ဆွဲဆန့်ကာ ယွီဟွေးဖေးကို ကြည့်ရင်း သူခိုးမျက်လုံးဖြင့် ဟဲဟဲရယ်မောကာ "ယွီလေး... ထလေ။ မထိုင်နေနဲ့... မတ်တပ်ရပ်ပြီး လေခံလိုက်ရင် အရမ်းကောင်းတာ" ဟု ဆိုသည်။
"ဘာကိုကောင်း... ငါစာမတတ်ဘူးထင်ပြီး လာမလှည့်စားနဲ့... ရေထဲက ရေခဲရောနေတာ။ အများဆုံး သုညဒီဂရီပဲ။ အပြင်ထွက်မှ လေအေးတိုက်တာကမှ အေးမှာ..." ယွီဟွေးဖေးက အခိုင်အမာ ငြင်းဆိုလိုက်သည်။
"မဟုတ်ပါဘူး၊ မင်းမတ်တပ်ရပ်ကြည့်၊ မင်းမတ်တပ်ရပ်လိုက်ရင် ဒီကမ္ဘာကြီးက ဘယ်လောက်လှပတယ်ဆိုတာ တွေ့သွားလိမ့်မယ်" ဟု မြင်းမျက်နှာက ဟဲဟဲရယ်မောကာ ဆိုသည်။
နွားခေါင်းက ဘီးလေးဖြင့် သူ့ဆံပင်တိုလေးများကို ဖြီးရင်း အတည်ပေါက်ဖြင့် "ဟုတ်တာပေါ့၊ ဒီလိုလေလေးတိုက်မှ အရသာရှိတာ"