ရန်ကော့အကကြီး
Vol. 13 Ch. 182
သူရဲကောင်းများ၏ ဇာတ်လမ်းများသည် ထင်ရှားကျော်ကြားခြင်း မရှိပေ။ သူတို့ကိုယ်တိုင်ပင်လျှင် နာမည်တစ်ခု ချန်ထားခဲ့နိုင်ခြင်း မရှိခဲ့ပေ။ သို့သော် ရှို့လင်ရွာတွင်မူ သူတို့သည် လူတိုင်း၏ မိဘများ၊ အဘိုးအဘွားများ၊ ဘိုးဘေးဘီဘင်များပင်။
ယွီဟွေးဖေးသည် လူအုပ်ထဲတွင် ကော်ပုထုံ၊ ဖိန်ကော၊ အဘိုးကြီးကျန်းတို့ကို တွေ့မြင်လိုက်ရသလို၊ ခရီးသွားများဟုထင်ရသော မျက်နှာစိမ်းအချို့ကိုလည်း တွေ့လိုက်ရသည်။
သို့သော် မည်သူတစ်ဦးတစ်ယောက်မျှ ပေါ့ပေါ့ပျက်ပျက် နေသူမရှိဘဲ၊ ဤအခိုက်အတန့်တွင် အားလုံးက ဤနေရာ၌ စုဝေးကာ လေးနက်တည်ကြည်နေကြသည်။
ရှေ့ဆုံးတွင် ရပ်နေသူမှာ ကျန်းစန်းရှန်းမဟုတ်ဘဲ ဆံပင်ဖြူဖွေးနေသော အဘိုးအိုတစ်ဦးဖြစ်သည်။ အဘိုးအို၏ မျက်နှာပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော ဓားဒဏ်ရာတစ်ခု ရှိနေသည်။ သူကား တစ်ချိန်က စစ်ပွဲတွင် ပါဝင်ခဲ့ပြီး အသက်ရှင်ကျန်ရစ်ခဲ့သော စစ်ပြန်ကြီးပင်။
သူ့အသက် ဘယ်လောက်ရှိပြီလဲ၊ နာမည်ဘယ်လိုခေါ်လဲဆိုသည်ကိုမူ အားလုံးမသိကြပေ။ အကြောင်းမှာ သူက တစ်ခါမှ မပြောသောကြောင့်ဖြစ်သည်။ သို့သော် သူ့မျက်နှာပေါ်မှ ဓားဒဏ်ရာကြောင့် အားလုံးက သူ့ကို "ဓားဘိုးတော်ရီ" ဟု ခေါ်တွင်ကြလေသည်။
ဓားဘိုးတော်ရီတွင် သားသမီး၊ ဆွေမျိုး၊ အိမ်ထောင်ဖက် မရှိပေ။ သို့သော် ရွာသူရွာသားများက သူ့အလိုလိုပင် သူ့ဆွေမျိုးများဖြစ်လာကြပြီး၊ ကလေးတိုင်းက သူ့မြေးများ ဖြစ်ကြလေသည်။ ထို့ကြောင့် ဓားဘိုးတော်ရီသည် ရွာထဲတွင် အလွန်မြင့်မားသော နေရာတစ်ခု ရရှိထားသည်။
ဓားဘိုးတော်ရီက လက်ဝှေ့ယမ်းလိုက်သည်နှင့် ဆော့ကစားနေသော ကလေးများပင် ငြိမ်သက်သွားကြသည်။
ဓားဘိုးတော်ရီက "အားလုံးပဲ၊ ရွာသူရွာသားအပေါင်းတို့။ ကျွန်တော် အထွေအထူးပြောစရာမရှိပါဘူး၊ နှစ်တိုင်း ဒီစကားတွေပဲ၊ နှစ်တိုင်းပြောနေရတော့... ရိုးအီပြီး စိတ်ညစ်စရာဖြစ်နေပြီ! အတိုချုပ်ပြောရရင်တော့၊ အသက်ရှင်ကျန်နေသေးတဲ့ ဒီအဘိုးကြီးက၊ ကျွန်တော့်နောက်မှာ လဲလျောင်းနေကြတဲ့ ညီအစ်ကိုတွေကိုယ်စား အားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ဆိုလေသည်။
ဓားဘိုးတော်ရီ၏ စကားအဆုံးတွင် ကျန်းစန်းရှန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ပူဇော်ပွဲ စတင်ပါပြီ... အမွှေးတိုင်ထွန်း၊ ပွဲတော်တင်”
သူ၏အော်ဟစ်သံနှင့်အတူ လူအချို့က စားပွဲများကို ထမ်းကာ တက်သွားကြသည်။
အမွှေးတိုင်ခုံကို နေရာချ၊ အမွှေးတိုင်မီးညှိ... ဝက်တစ်ကောင်လုံး၊ ဆိတ်တစ်ကောင်လုံး၊ နွားတစ်ကောင်လုံးကို ပူဇော်ပွဲတင်လိုက်ကြသည်။
ထို့နောက် သံဇလုံအကြီးကြီးတစ်ခုကို ရှေ့သို့ချလိုက်ပြီး ကျန်းစန်းရှန်းက "မီးညှိ” ဟု အော်ဟစ်လိုက်သည်။
ထိုအခါ သံဇလုံထဲမှ မီးတောက်များ ထတောက်သွားတော့သည်။ ပြီးနောက် ကျန်းစန်းရှန်းက ကျယ်လောင်စွာ ကြွေးကြော်လိုက်သည်။
"ပူဇော်ပသကြလော့... သူရဲကောင်းဘိုးဘေးများအား ကန်တော့ကြလော့”
လူသုံးထောင်ကလည်း တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။
"ဘိုးဘေးများအား ကန်တော့ပါ၏” ထို့နောက် ဒူးထောက်ကာ ဦးချကန်တော့ကြတော့သည်။
တစ်သက်တွင် ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမျှ မမြင်ဖူးကြောင်း ယွီဟွေးဖေး ကျိန်ဆိုရဲသည်။ ဤအရွယ်ရောက်သည်အထိ မငိုတတ်တော့ဟု မိမိကိုယ်ကို ထင်မှတ်ထားခဲ့သည်။ သို့သော် ဤမြင်ကွင်းကို ကြည့်ရင်း သူသည် အကြောင်းမဲ့ ငိုချင်လာပြီး နောက်ဆုံးတွင် ငိုချလိုက်မိတော့သည်။
နောက်ပိုင်းမြင်ကွင်းများကို ယွီဟွေးဖေး မမှတ်မိတော့ပေ။ လူတိုင်းက ငွေစက္ကူတစ်ရွက်စီကိုင်ကာ မီးဇလုံရှေ့မှ တန်းစီဖြတ်လျှောက်ပြီး ငွေစက္ကူများကို မီးဇလုံကြီးထဲသို့ ပစ်ထည့်ခဲ့ကြသည်ကိုသာ မှတ်မိတော့သည်။
နှစ်သစ်ကူးသည် ပျော်ရွှင်စရာနေ့တစ်နေ့ဖြစ်သော်လည်း ဤအခိုက်အတန့်တွင် လူအများအပြား ငိုကြွေးခဲ့ကြသည်။ ကလေးများက လူကြီးများနောက်လိုက်ကာ ဘာမှန်းမသိ နားမလည်ကြသော်လည်း ယွီဟွေးဖေး သိသည်။ ဤကဲ့သို့သော အခမ်းအနားကို တက်ရောက်ဖူးသော ကလေးများသည် ကြီးလာသောအခါ အောင်မြင်မှုမရသည့်တိုင်အောင် အနည်းဆုံးတော့ ဘိုးဘေးကို မေ့လျော့လိမ့်မည်မဟုတ်ပေ။
အဝေးတစ်နေရာတွင် နွားခေါင်းနှင့် မြင်းမျက်နှာတို့က ခိုးကြောင်ခိုးဝှက် ကြည့်နေကြသည်။ ကျန်းရန်လည်း ကြည့်နေပြီး နောက်ဆုံးတွင် သက်ပြင်းချကာ "လူ့ဘုံလောကသည် ပုရွက်ဆိတ်ကဲ့သို့ သေးနုပ်သော်လည်း ကောင်းကင်ဘုံကို တည်ဆောက်နိုင်ခဲ့သည်။ ဤသည်ပင်လျှင် ကောင်းကင်ဘုံ ပျက်သုဉ်း၊ မိစ္ဆာဘုံ ပျောက်ကွယ်ပြီး လူ့ဘုံ ထွန်းကားရခြင်း၏ အကြောင်းရင်းဖြစ်မည်ထင်သည်...။ ဒီနှစ်သစ်ကူးပွဲကို လာရကျိုးနပ်ပါပေတယ်" ဟု ဆိုလေသည်။
ထို့နောက် ကျန်းရန်သည် နွားကျောင်းသားအနားသို့ လျှောက်သွားပြီး သူ့ကို အပေါ်အောက် အကဲခတ်ကာ "မင်းက နွားကျောင်းသားလား" ဟု မေးလိုက်သည်။
နွားကျောင်းသားက မျက်လုံးစွေကြည့်ကာ ကျန်းရန်ကို အဖက်မတန်သလို "အေး... ဟုတ်တယ်... ငါ့ကိုမနှောင့်ယှက်နဲ့" ဟု ပြန်ပြောသည်။
ကျန်းရန်မှာတော့ "@#¥..."
တစ်ညတာ ကုန်လွန်သွားခဲ့သည်။ ယွီဟွေးဖေးမှာမူ တစ်ညလုံး မျက်စိမမှိတ်နိုင်ဘဲ ကုတင်ပေါ်တွင် လှဲကာ ငေးမောနေမိသည်။ သူ့ဦးနှောက်ထဲတွင် ယနေ့မြင်တွေ့ကြားသိခဲ့ရသည်များသာ ပြည့်နှက်နေသည်။ အထူးသဖြင့် လူသုံးထောင်၏ ပူဇော်ပသပွဲမြင်ကွင်းမှာ ယွီဟွေးဖေးကို အလွန်တရာ တုန်လှုပ်စေခဲ့သည်။
သူသည် ကြီးမားသော ပူဇော်ပွဲအချို့ကို မြင်ဖူးသော်လည်း ထိုပွဲအများစုမှာ ပုံစံအရသာဖြစ်ပြီး လူတစ်စုက ဖျော်ဖြေပွဲများ ပြုလုပ်ခြင်းသာဖြစ်သည်။ တည်ကြည်လေးနက်သော်လည်း တစ်စုံတစ်ခု လိုအပ်နေသည်ဟု အမြဲခံစားခဲ့ရသည်။
ယခုအခါတွင်မူ သူ ဘာလိုအပ်နေသည်ကို သိသွားပြီဖြစ်သည်။ လိုအပ်နေသည်မှာ အားလုံးတစ်စိတ်တစ်ဝမ်းတည်းဖြစ်မှု၊ လူတို့၏ အတွင်းစိတ်ခံစားချက်ပင်။ အခြားပွဲများမှာ ဖျော်ဖြေမှုများဖြစ်ပြီး၊ ဤပွဲမှာမူ အစစ်အမှန်ဆုံးနှင့် ရိုးစင်းလှသော စိတ်ခံစားမှု ထုတ်ဖော်ခြင်းပင် ဖြစ်ပေသည်။
နောက်တစ်နေ့ ကြက်ဖတွန်သံနှင့်အတူ ယွီဟွေးဖေးတို့ အိပ်ရာထကြသည်။
ထိုအခါ ယွီဟွေးဖေးသည် နွားကျောင်းသား မျက်နှာသစ်နေသည်ကို တွေ့လိုက်ရပြီး ကျန်းရန်က သူ့ဘေးတွင် ထိုင်ချကာ ပြုံးပြုံးရွှင်ရွှင်ဖြင့် တစ်စုံတစ်ခုကို ပြောနေသည်။
သို့သော် နွားကျောင်းသားက သူ့ကို စိတ်မရှည်သလို မျက်ဖြူလန်ပြကာ "မင်းပါးစပ်က ဘာလို့ဒီလောက်စပ်စုနေရတာလဲ။ အဲ့လောက်အများကြီး စပ်စုနေစရာလား။ ယောက်ျားလေးဖြစ်ပြီး ကောင်းကင်ဘုံကို မိုးမပေါက်အောင် မားမားမတ်မတ်မနေဘဲ မိန်းမကြီးကျနေတာပဲ” ဟု ပြောလိုက်သည်။
ထို့နောက် နွားကျောင်းသားက တောဝက်ဖြူကြီးကို စီးကာ ပြေးထွက်သွားတော့သည်။ ဝက်ခြံထဲမှ တောဝက်ဖြူကြီး၏ ချစ်သူ ဝက်ဖြူမလေးကလည်း နောက်ကလိုက်ပါသွားသည်။
ဤကိစ္စနှင့် ပတ်သက်၍ ယွီဟွေးဖေးမှာ အလွန်အမင်း သဘောမတူပေ။ ထိုတောဝက်ဖြူကြီးမှာ ယဉ်ပါးနေပြီဖြစ်ပြီး အသိဉာဏ်လည်းရှိကာ အလွန်ပါးနပ်သည်။ မင်းက နွားကျောင်းသား၊ စီးချင်ရင် စီးပေါ့။ ဒါပေမဲ့ အိမ်မွေးဝက်မလေးကိုပါ ခေါ်သွားစရာလား။ အဲ့အကောင် ပျောက်သွားရင် မင်းလျော်နိုင်လို့လား။ ပိန်သွားရင်ရော နောက်ဘယ်လိုလုပ်ပြီး ရောင်းစားတော့မလဲ။
အောက်ထပ်တွင် ကျန်းရန်မှာ မျက်နှာငယ်ဖြင့် ခေါင်းခါကာ အပြင်ထွက်သွားတော့သည်။
ယွီဟွေးဖေးက "အစ်ကိုကြီး၊ ခဏစောင့်ဦး။ အပြင်သွားရင် ကျွန်တော်ခေါ်သွားမယ်၊ ခင်ဗျားလျှောက်မသွားနဲ့” ဟု လှမ်းပြောလိုက်သည်။
ယွီဟွေးဖေးမှာ ဤအကျဉ်းသားအသစ်များ လျှောက်ပြောဆိုပြီး သူ့အတွက် ပြဿနာရှာမည်ကို အမှန်တကယ် စိုးရိမ်နေသည်။ ကျန်းရန်ကမူ စကားနားထောင်ပြီး အောက်ထပ်တွင် စောင့်နေလေသည်။ ယွီဟွေးဖေးက မျက်နှာသစ်၊ သွားတိုက်ပြီးနောက် ချွေ့ကျွယ်ကို နှုတ်ဆက်ကာ ကျန်းရန်ကို ခေါ်ပြီး အပြင်ထွက်ခဲ့သည်။
နှစ်သစ်ကူးနေ့၏ ပထမဆုံးနေ့တွင် နှစ်သစ်ကူးမင်္ဂလာပြုကြရသည်။
တံခါးအပြင်ဘက်သို့ ရောက်သည်နှင့် လူအများအပြား ပစ္စည်းများဆွဲကာ လျှောက်သွားနေကြသည်ကို တွေ့ရသည်။ ရွာတစ်ရွာတည်းသားများဖြစ်ပြီး အားလုံးက ရင်းနှီးကြသော်လည်း နှစ်သစ်ကူးမင်္ဂလာပြုခြင်းကိုမူ ပြုလုပ်ကြရစမြဲပင်။ အထူးသဖြင့် ကလေးများမှာ အလွန်တရာ စိတ်လှုပ်ရှားနေကြဟန်တူသည်။ သို့သော် လူအများစုမှာမူ တံခါးများကို သော့ခတ်ပြီး ပျော်ရွှင်စွာဖြင့် ရွာအပြင်ဘက်သို့ ထွက်သွားကြသည်။
ကျန်းရန်က "သူတို့ ဘာသွားလုပ်ကြတာလဲ" ဟု စပ်စုစွာ မေးလိုက်သည်။
ယွီဟွေးဖေးက "ဪ... သူတို့က ရွာလည် ရန်ကော့အကပွဲတော်' သွားကြည့်ကြတာဖြစ်မယ်၊ နှစ်သစ်ကူးရင် ရွာချင်းပေါင်းပြီး အကအဖွဲ့ဖွဲ့ပြီး တစ်အိမ်တက်ဆင်း လှည့်လည်ကကြတယ်" ဟု ဖြေလိုက်သည်။
ကျန်းရန်က မျက်မှောင်ကြုတ်ကာ "ရန်ကော့အကပွဲတော်။ ဒါက ဘာကြီးလဲ" ဟု မေးသည်။
ယွီဟွေးဖေးက "ခင်ဗျားတို့ အပေါ်ဘုံမှာ ရန်ကော့အကပွဲတော်မရှိဘူးလား" ဟု ပြန်မေးလိုက်သည်။
ကျန်းရန်က ခေါင်းခါသည်။ "မရှိဘူး... အများအားဖြင့်တော့ ကခုန်တာလောက်ပဲ”
"ကြည့်ရတာ ခင်ဗျားတို့ အပေါ်ဘုံကလည်း ပျင်းစရာကြီးပဲကိုး၊ နောက်ဆို ကျွန်တော်တို့ လူ့ဘုံကို လောဘဒေါသတွေပြည့်နှက်နေတဲ့နေရာလို့ မပြောနဲ့တော့။ ခင်ဗျားတို့ဆီက လောဘဒေါသမရှိပေမဲ့ တစ်သမတ်တည်းနဲ့ ငြီးငွေ့စရာကောင်းတယ်။ လာ... ဒီနေ့ ညီလေးက ခင်ဗျားကို အမြင်ကျယ်အောင် လိုက်ပြမယ်၊ ဒီလူ့ဘုံက ရန်ကော့အကပွဲတော်ဆိုတာ ဘယ်လိုလဲဆိုတာကို” ဟု ဆိုလေသည်။
စကားပြောရင်း ယွီဟွေးဖေးက ကျန်းရန်ကို ဆွဲကာ လူအုပ်နှင့်အတူ ရွာတစ်ဖက်သို့ လျှောက်သွားတော့သည်။ ရွာထိပ်သို့ ရောက်သောအခါ အရောင်အသွေးစုံလင်စွာ ဝတ်ဆင်ထားသော လူအုပ်ကြီးကို အမှန်တကယ်ပင် တွေ့လိုက်ရသည်။ အဝေးမှကြည့်လျှင် ပြဇာတ်ဝတ်စုံများဟု ထင်ရသော်လည်း၊ အနီးကပ်ကြည့်သောအခါ အနီ၊ အစိမ်း၊ နဂါး၊ ဖီးနစ်၊ ပန်းအစုံခြယ်ထားသော အိပ်ရာခင်း၊ စောင်များကို ခြုံထားခြင်းဖြစ်ပြီး၊ ခေါင်းပေါ်တွင်မူ ခေါင်းအုံးစွပ်၊ မျက်နှာသုတ်ပုဝါများကို ပေါင်းထားကြသည်။ တချို့က နေကာမျက်မှန်အကြီးကြီးများ တပ်ထားကြသည်။
တစ်ယောက်ချင်းစီကို ကြည့်ရသည်မှာ ထူးခြားသော ဖက်ရှင်တစ်ခုလိုပင်။ သို့သော် သူတို့၏ မျက်နှာများကို သေချာကြည့်လိုက်သောအခါ... အောင်မလေး... တစ်ယောက်ချင်းစီ အနည်းဆုံး အသက်လေးဆယ်ကျော်များသာ။ ယောက်ျားများမှာ သွယ်လျကြသော်လည်း ထိုမိန်းမများမှာမူ တစ်ယောက်ချင်းစီ ကျားကျောနှင့် ဝက်ဝံခါးများပိုင်ဆိုင်ထားကြသူများသာ ဖြစ်ပေသည်။
ဤမြင်ကွင်းကို မြင်သော်လည်း ယွီဟွေးဖေးမှာ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။
ရန်ကော့အကပွဲတော်ဆိုသည်မှာ သာမန်အနုပညာဖျော်ဖြေပွဲများနှင့် မတူပေ။ ထိုဖျော်ဖြေပွဲများမှာ လူကိုကြည့်ခြင်း၊ ခြေထောက်ကိုကြည့်ခြင်း၊ ခန္ဓာကိုယ်ကိုကြည့်ခြင်း စသည်တို့ဖြစ်သော်လည်း၊ အရှေ့မြောက်ဒေသမှ ရန်ကော့အကပွဲတော်မှာမူ ပတ်ဝန်းကျင်အငွေ့အသက်နှင့် စိတ်ဓာတ်ခွန်အားကို အဓိကထား ကစားခြင်းဖြစ်သည်။
ချီသံထွက်ပေါ်လာသည်နှင့် အားလုံးခုန်ပေါက်ကကြရာ ဤရေခဲမြေပြင်ကိုပင် နွေဦး၏ ရင်ခုန်ဖွယ်ရာအဖြစ်သို့ ချက်ချင်းပြောင်းလဲပစ်နိုင်ပေသည်။ ထို့ကြောင့် ယွီဟွေးဖေးမှာ စိတ်ပျက်ခြင်းမရှိဘဲ ပွဲကြည့်ရန် စောင့်ဆိုင်းနေလိုက်သည်။
သို့သော် နောက်သို့ လှည့်ကြည့်လိုက်သောအခါ ကျန်းရန် ပျောက်နေသည်ကို တွေ့လိုက်ရသည်။ ယွီဟွေးဖေး ကျန်းရန်ကို လိုက်ရှာနေစဉ်မှာပင် တစ်ဖက်တွင် ဆူညံပွက်လောရိုက်သွားသည်။
ယွီဟွေးဖေးက ခြေဖျားထောက်ကာ လှမ်းကြည့်လိုက်သောအခါ ကျန်းရန်ကို ခွေးသေကောင်ဆွဲသလို အကအဖွဲ့ထဲသို့ သက်လတ်အရွယ် မိန်းမတစ်စုက ဆွဲခေါ်သွားနေသည်ကို တွေ့လိုက်ရသည်။ ဤအကောင်က ရှေးခေတ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရွှေချည်ထိုးများပင် ပါရှိသည်။
အစပိုင်းတွင် ယွီဟွေးဖေး သတိမထားမိသော်လည်း သူအကအဖွဲ့ထဲသို့ ရောက်သွားသောအခါ ယွီဟွေးဖေး၏ မျက်လုံးများ အရောင်တောက်သွားသည်။ ဒီအကောင်က ကောင်းကင်ဘုံက အကအဖွဲ့ဝင်များလား။
သူ၏အဝတ်အစားမှာ အနီ၊ အစိမ်း၊ ဖီးနစ်၊ နဂါးပုံများပါသော ရှေးဆန်သည့် အိပ်ရာခင်း၊ စောင်များ ခြုံထားသော မိန်းမများ၊ အဘိုးကြီးများနှင့် တစ်ထေရာတည်း တူနေပါတကား။ သူအဖမ်းခံရသည်မှာ အံ့ဩစရာမရှိပေ၊ အဖွဲ့တစ်ဖွဲ့တည်းကဟု အထင်မှားခံရခြင်း ဖြစ်ပေမည်။
အစကတည်းက ပြောခဲ့ပြီးသား၊ ဤအကအဖွဲ့မှာ အစကတည်းက ရှိနေခြင်းမဟုတ်ဘဲ၊ ရွာတိုင်းမှ ရွာသားများက ယာယီဖွဲ့စည်းထားခြင်းသာ ဖြစ်သည်။
သင်ကချင်သလား၊ အလွန်လွယ်ကူသည်၊ အဝတ်အစားလဲပြီး တန်းတန်းမတ်မတ် သွားလိုက်ရုံသာ။ ကျန်းရန်၏ ဝတ်စုံမှာ အထင်မှားခံရခြင်း ဖြစ်ပေမည်။
ထိုအချိန်တွင် မိန်းမတစ်ဦးက "လူစုံလောက်ပြီ၊ အဖွဲ့ခေါင်းဆောင် စလိုက်တော့” ဟု အော်ဟစ်လိုက်သည်။
"ကောင်းပြီ! တီးလုံးစ” ရှေ့ဆုံးမှ ခေါင်းပေါင်းနီပေါင်းကာ စောင်ကို ဝတ်ရုံအဖြစ် ခြုံထားသော အမျိုးသားက ပြန်ထူးလိုက်ပြီး လက်မြှောက်ကာ လက်ထဲမှ ယပ်တောင်အနီကြီးကို ဖွင့်လိုက်ပြီး ဦးဆောင်ကာ ကတော့သည်။
သူလှုပ်ရှားသည်နှင့် တီးဝိုင်းကလည်း လိုက်ပါတီးမှုတ်ကြရာ ချက်ချင်းပင် မောင်းသံ၊ ပုံသံများ ဆူညံစွာ ထွက်ပေါ်လာတော့သည်။ ဘေးမှ ကြိုတင်ပြင်ဆင်ထားသူများကလည်း ဒုံးပျံများကို တစ်လုံးပြီးတစ်လုံး ကောင်းကင်သို့ လွှတ်တင်ကြသည်။
လူတစ်စုက အဖွဲ့ခေါင်းဆောင်နောက်လိုက်ကာ ကကြရာ တစ်ယောက်ချင်းစီ၏ လှုပ်ရှားမှုများမှာ ကျွမ်းကျင်ပြီး မျက်လုံးများမှာလည်း စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုတို့ဖြင့် တောက်ပနေသည်။ အဖွဲ့သည် ကရင်း ရွာထဲသို့ လျှောက်သွားရာ လူအုပ်ကြီးကို ဆွဲဆောင်သွားပြီး အလွန်စည်ကားလှပေသည်။
ကျန်းရန်မှာ မိန်းမတစ်စု၏ အလယ်တွင် ညှပ်နေပြီး လက်ဖြင့် မျက်နှာကို အုပ်ထားကာ မျက်နှာတစ်ခုလုံး နီရဲနေပြီး ခေါင်းပင်မဖော်ရဲပေ။
ထိုမိန်းမများကလည်း သူပုံမှန်မဟုတ်သည်ကို သတိပြုမိကြသော်လည်း အဖွဲ့က ထွက်ခွာသွားပြီဖြစ်ရာ ရှေ့ကလူများက ဂရုမစိုက်၊ နောက်ကလူများက စိတ်မရှည်ကြတော့ပေ။
မိန်းမတစ်ဦးက တိုက်ရိုက်ပင် သူ့လက်ဝါးကြီးကို ဝှေ့ယမ်းကာ ကျန်းရန်၏ ဖင်ကောက်ကောက်ကို "ဖြန်း" ကနဲရိုက်ချလိုက်ပြီး "သွား” ဟု အော်လိုက်သည်။
ကျန်းရန်မှာ ဓာတ်လိုက်သလို ခုန်ထသွားပြီး မျက်နှာတစ်ခုလုံး အနေရခက်နေတော့သည်။ ထိုအစ်မကြီးမှာမူ အလွန်တရာ စိတ်လှုပ်ရှားနေဟန်တူပြီး လက်ပေါ်မှ အထိအတွေ့ကို ခံစားရင်း နောက်တစ်ချက်လောက် ရိုက်ချင်စိတ် ပေါက်သွားဟန်တူ၏။
ကျန်းရန်မှာ ကြောက်လန့်တကြား ရှေ့သို့ ဆက်လျှောက်သွားရတော့သည်။
ယွီဟွေးဖေးမှာ ဤမြင်ကွင်းကို ကြည့်ရင်း စကားမပြောနိုင်ဖြစ်သွားသည်။ သူကတော့ လူသွားကယ်မည်မဟုတ်ပေ။
နောက်စရာလား... ရန်ကော့အကပွဲတော်၏ စည်းကမ်းအရ သင်က ဘေးမှာရပ်ကြည့်နေမလား၊ ဒါမှမဟုတ် တက်ကမလား။ တက်ပြီးသွားလျှင် တီးလုံးမရပ်မချင်း သင်ပြန်ဆင်းလာလို့ရမည် မဟုတ်ပေ။
ယွီဟွေးဖေးလည်း မကတတ်သဖြင့် ဘေးတွင်သာ ကြည့်နေနိုင်သည်။ သူသာတက်သွားလျှင် ကျန်းရန်ထက် ပိုသက်သာမည်မဟုတ်ပေ။
ကျန်းရန်မှာ အစပိုင်းတွင် အလွန်ရှက်နေသော်လည်း အကအဖွဲ့ ရှေ့ဆက်သွားသည်နှင့်အမျှ လူအများအပြား ဝင်ရောက်လာကြသည်။ အစပိုင်းတွင် လူနည်းစု ဖျော်ဖြေမှုက သူ့ကို ထူးခြားသည်ဟု ခံစားစေသော်လည်း၊ ကသူက ကြည့်သူထက်များလာသောအခါ... သူ့မှာ ထိုမျှ အနေမရမခက်တော့ပေ။
ယွီဟွေးဖေးက တီးလုံးသံကို နားထောင်ရင်း၊ လူအများအပြား ကနေကြသည်ကို ကြည့်ရင်း၊ စိတ်ပါလက်ပါဖြင့် ဝင်ကလိုက်တော့သည်။
ယွီဟွေးဖေးက အန်တီတစ်ဦးထံမှ ယပ်တောင်ကို လှမ်းယူလိုက်ပြီး ကျန်းရန်ဘေးသို့ ကပ်သွားကာ သူ့မျက်နှာကို ဖုံးထားသော လက်ကို ဆွဲဖယ်လိုက်ပြီး "ကြည့်စမ်း... အားလုံးကနေကြတာပဲ။ ခင်ဗျားမရှက်ပါနဲ့၊ ခင်ဗျားမကမှ ရှက်စရာကောင်းမှာ" ဟု ပြောလိုက်သည်။
ကျန်းရန်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ လူအများစု ဝင်ကနေကြသည်ကို အမှန်တကယ်ပင် တွေ့လိုက်ရသည်။ အဘိုးအဘွား၊ ကလေးငယ်များပါ လိုက်ပါခုန်ပေါက်နေကြသည်။
တီးလုံးသံကို နားထောင်ရင်း၊ ယွီဟွေးဖေး၏ ဦးဆောင်မှုဖြင့် သူသည် အံကြိတ်ကာ ယပ်တောင်ကို လှမ်းယူပြီး လိုက်ပါခုန်ပေါက်လိုက်တော့သည်။ ဤသို့ ခုန်ပေါက်လိုက်သည်နှင့် သူအံ့ဩစွာဖြင့် "ဟေ။ ဟေ... ဒါ... သိပ်မခက်ပါလား" ဟု ဆိုလေသည်။
ယွီဟွေးဖေးက "ခင်ဗျားက နတ်ဘုရားပဲလေ။ ကိုယ်ခန္ဓာက ကောင်းနေတာပေါ့ဟ။ ဒီအကက အကွက်ထက် စိတ်ဓာတ်ခွန်အားက အဓိကပဲ။ လာ... ပျော်ပျော်နေ၊ ပြုံးထား။ မျက်နှာသေကြီးနဲ့မနေနဲ့..." ဟု ပြောလိုက်သည်။
ယွီဟွေးဖေးက စကားပြောရင်း အခြားသူများကဲ့သို့ ကျယ်လောင်စွာ ရယ်မောကာ မျက်စိမှိတ်ပြ၊ မျက်ခုံးပင့်ပြလုပ်ရာ အနည်းငယ် ဟန်ကျလာသည်။ ကျန်းရန်က လိုက်လုပ်ကြည့်ရာ အတော်လေး အဆင်ပြေနေ၏။
လူများများလာသည်နှင့်အမျှ သူသည် ပို၍ပို၍ ပွင့်လင်းလာတော့သည်။