← Chapters

အခန်း (၅၁+၅၂)

Vol. 3 Ch. 51+52

အခန်း (၅၁+၅၂)

Vol. 3 Ch. 51+52

အခန်း(၅၁) အားနည်းသော်လည်း

ချင်းကျင်းဖန်လည်း ပျာယာခတ်သွားပြီး ကိုယ့်ကိုယ်ကို အမြန်ကာကွယ်လိုက်ပါသည်။ “မရီးကလည်း မလွန်လွန်းဘူးလား။ အားလုံးက မိသားစုတွေပဲကို။ ပြီးတော့ ယွင်ယွင်လေးက ကလေးလေးပဲ ရှိသေးတာ။ သူ ပစ္စည်းတစ်ခုခု မတော်တဆ ယူမိတယ်ဆိုရင်တောင် ရည်ရွယ်ချက်ရှိရှိ လုပ်တာ မဖြစ်နိုင်ပါဘူး! ဘာလို့ ရဲခေါ်ရတဲ့အထိ ပြဿနာကြီးအောင် လုပ်ချင်ရတာလဲ။ သူ့ကို အနိုင်ကျင့်နေသလိုတောင် ဖြစ်နေပြီ”

ထို့နောက် ဝိုင်းကြည့်နေကြသည့် မိဘတွေနဲ့ ဆရာမတွေကို ချင်းကျင်းဖန် စစ်ကူတောင်းလိုက်ပါသည်။ “အားလုံးလည်း စဉ်းစားကြည့်ကြပါဦး။ သူက ကျွန်တော့်အစ်ကိုအရင်းနဲ့ မရီးပါ။ ကျွန်တော့် မြေး ယွင်ယွင်လေးက သူတို့ အိမ်မှာ သွားကစားတုန်း ပစ္စည်းတချို့ မတော်တဆ ယူခဲ့မိတာကို အခု ရဲတွေ ဘာတွေပါ ခေါ်တော့မယ်တဲ့။ အဲ့လောက် လိုလို့လား။ ယွင်ယွင်လေးက ငိုသေးတာကို ဘယ်လိုလုပ် ခိုးတတ်မှာလဲ?!”

ထို့နောက် မရပ်မနား ငိုကြွေးနေသည့် ချင်းလောင်ယွင်ကို ချင်းကျင်းဖန် ပွေ့ချီလိုက်ပြီး နာကျင် ခါးသီးသော မျက်နှာဖြင့် ပြောလိုက်ပါသည်။ “ယွင်ယွင်လေး ဘိုးဘိုး အပြစ်တွေပါ။ ဘိုးဘိုးက အသုံးကို မကျဘူး။ လက်ကောက်လှလှလေးတွေ ဝယ်ပေးဖို့ ဘိုးဘိုးမှာ ပိုက်ဆံမရှိဘူး။ ပြီးတော့ ချင်းစူစူလိုလည်း သက်တောင့်သက်သာ ဘဝမျိုးနဲ့ နေနိုင်အောင် မလုပ်ပေးနိုင်ခဲ့ဘူး။ သမီးဒုက္ခတွေ ခံစားနေရတာ ဘိုးဘိုးကြောင့်…”

အချီခံရပြီးနောက် ချင်းလောင်ယွင်က ထစ်ငေါ့စွာ သူမ အဘိုးကို ပြောလိုက်သည်။ “သမီး… သမီး တောင်းပန်ပါတယ် ဘိုးဘိုး။ တ… တမင်တကာ လုပ်တာ မဟုတ်ပါဘူး။ အဲ့… အဲ့တာ ခိုးတယ်လို့ခေါ်မှန်း သမီးမသိဘူး… အီးဟီးဟီး ဘိုးဘိုး…သမီးတောင်းပန်ပါတယ်”

ချင်းကျင်းဖန်က ချင်းလောင်ယွင်ကို ပိုမို တင်းကျပ်စွာ ဖက်လိုက်သည်။ “ယွင်ယွင်လေးက လိမ္မာပါတယ်။ မငိုနဲ့နော်။ အားလုံး ဘိုးဘိုးအပြစ်တွေပဲ”

ချင်းကျင်းဖန်က ရင်နာစရာ လေသံနဲ့ ပြောနေပြီး ချင်းလောင်ယွင်လေး ခိုကိုးရာမဲ့ ငိုယိုနေသည့် မြင်ကွင်းကြောင့် ဝိုင်းကြည့်နေကြသူတွေ အားလုံး စိတ်မသက်မသာ ဖြစ်လာသည်။

အားလုံး သေချာစဉ်းစားကြည့်လိုက်ပြီး ချင်းကျင်းဖန် ပြောတာ တချို့တဝက်မှန်ကန်သည်ဟု ခံစားမိကြ၏။

ချင်းလောင်ယွင်လေးကလည်း သနားစရာကောင်းအောင် ငိုကြွေးနေသဖြင့် လူတွေ ဂရုဏာ သက်လာကြသည်။

ထို့ကြောင့် တချို့က ကြားဝင်ဖြေပေးဖို့ ကြိုးစား၏။

“သခင်ကြီးနဲ့ သခင်မကြီးတို့ ရေးကြီးခွင်ကျယ် ကိစ္စမဟုတ်ရင် ခွင့်လွှတ်လိုက်ပါဗျာ။ လက်ကောက်လေး တစ်ကွင်းအတွက်နဲ့ ဒီလောက် ပြဿနာကြီးသွားမှာ မတန်ပါဘူး”

“ဟုတ်ပါတယ် အဘိုးချင်းနဲ့ အဘွားချင်းတို့ရယ်။ ယွင်ယွင်လေးကို ကြည့်ပါဦး။ သနားစရာလေး။ ပြီးတော့ အဘိုးချင်းတို့ မိသားစုမှာလည်း အဲ့လို လက်ကောက်မျိုးတွေ အများကြီး ရှိမှာပါ။ ဒီတိုင်း ယွင်ယွင်လေးကို လက်ဆောင်အနေနဲ့ တစ်ကွင်းလောက် ပေးလိုက်တော့ ဘာဖြစ်လဲ”

“ကလေးမလေးက ရည်ရွယ်ပြီး လုပ်တဲ့ပုံ မပေါ်ပါဘူး။ ဒီလောက်ထိ ဒေါသထွက်စရာ မလိုဘူးလို့ ထင်တယ်”

“ပြီးတော့ အားလုံးက မိသားစုဝင်တွေပဲဥစ္စာ။ အဲ့ကလေးမလေးက အဘိုးချင်းတို့ရဲ့ မြေးမလေးပဲလေ။ သွေးသားအရင်းမဟုတ်ဘူးလား”

“…”

လူအတော်များများက အဘိုးချင်းနဲ့ အဘွားချင်းတို့ကို စိတ်မဆိုးတော့ဖို့ ဖြောင်းဖြနေကြသည်။

အဘိုးချင်းနဲ့ အဘွားချင်းတို့၏ မျက်နှာ အလွန်အကျည်းတန်လာ၏။ ချင်းကျင်းဖန်၏ အရှက်မရှိသော လုပ်ရပ်ကြောင့် စိတ်လည်း တိုနေကြပါသည်။

သို့သော်လည်း လူတွေ အများကြီးက ဝိုင်းတားနေကြကာ မူကြိုကျောင်းမှာလည်း ဖြစ်နေသဖြင့် ပြဿနာ ပိုကြီးအောင် မလုပ်တာ ပိုကောင်းမည်ဟု အဘိုးချင်းတို့ ဆုံးဖြတ်လိုက်ကြပါသည်။

သူတို့က ဘာကိုမှ မကြောက်ပါ။ မျက်နှာပျက်ရမှာလည်း မကြောက်ပါ။ သူတို့ စိတ်ပူတာက စူစူလေး အတွက်ဖြစ်သည်။

နောက်ပိုင်း မူကြိုတွင် စူစူလေး အနေခက်သွားမှာကို မလိုလားပါ။

ဒါအရေးကြီးဆုံးအချက်ဖြစ်၏။

အဘိုးချင်းနဲ့ အဘွားချင်းတို့ အတွေးများ နက်နဲသွားကြ၏။ ဘယ်လို ဆက်လုပ်ရင် အကောင်းဆုံး ဖြစ်မလဲ စဉ်းစားနေကြသည်။

ထိုအချိန်တွင် တစ်ချိန်လုံး တိတ်ဆိတ်နေသည့် ချင်းယုဟွိုင်းက သွေးအေးစွာ ဝင်ပြောလိုက်သည်။

“ပထမဆုံး ပြောရရင် ငွေရှိခြင်းမရှိခြင်းကို ခိုးမှုရဲ့ အကြောင်းပြချက် လုပ်လို့မရဘူး။ ပြီးတော့ ခင်ဗျား ကလေးကို သေသေချာချာ ဆုံးမသွင်သင်ဖို့ ပျက်ကွက်တာအတွက်လည်း အကြောင်းပြချက် ပေးလို့ မရဘူး”

“ဒုတိယအနေနဲ့ ဒီပစ္စည်းကို ခိုးလိုက်ပြီဆိုကတည်းက ရဲခေါ်ရမှာ ကျုပ်တို့တာဝန်၊ မခေါ်တာက သက်ညှာပေးတာ။ ဒါပေမယ့် ခင်ဗျားတို့ရဲ့ ကံဆိုးတာတွေ၊ တာဝန်ပျက်ကွက်တာတွေ၊ သနားစရာ ကောင်းတာတွေကို ကြည့်ပြီး ကျုပ်တို့ကို သည်းခံပေးဖို့ ဘယ်သူမှ တောင်းဆိုခွင့်မရှိဘူး”

“မဟုတ်ရင် တရားဥပဒေက ဘာအသုံးဝင်တော့မှာလဲ။ ကိုယ့်ဘဝကိုယ် သဘောမကျတဲ့လူတွေက အဲ့တာကို အကြောင်းပြချက်တစ်ခုအဖြစ် သုံးပြီး ချမ်းသာ ကြွယ်ဝနေတဲ့လူတွေကို ဒုက္ခပေးလို့ရလား။ အဲ့လိုဖြစ်စေချင်ကြတာလား”

နောက်ဆုံးမေးခွန်းက ချင်းယုဟွိုင်း လူတိုင်းကို မေးလိုက်ခြင်းဖြစ်သည်။ ချင်းကျင်းဖန်အတွက် အကြောင်းပြချက်တွေပေးပြီး ကာကွယ်ပေးနေသူတွေလည်း ပါသည်။

“တတိယတစ်ချက်က အမှားတစ်ခုလုပ်မိပြီဆိုရင် အရင်ဆုံး လုပ်သင့်တာက ကိုယ့်ကြောင့် ထိခိုက်သွားတဲ့ လူကို ပြန်တောင်းပန်တာပဲ။ ခွင့်လွှတ်မှုကို လိုချင်တယ်ဆိုရင်ပေါ့လေ။ ဒီတိုင်း ထိုင်ငိုနေရုံနဲ့ ဘာမှ ပြောင်းလဲ မသွားဘူး။ ကိုယ့်စိတ်ရင်းနဲ့တောင် သေသေချာချာ မတောင်းပန်နိုင်ရင် နစ်နာသူတွေက ဘာလို့ ခွင့်လွှတ်ပေးရမှာလဲ”

… … …

အခန်း(၅၂) သဘောထား သေးသိမ်လိုက်တာ

ယုဟွိုင်းက အလွန်တည်ငြိမ်စွာ အချက် ၃ ချက်ဖြင့် ထောက်ပြလိုက်သည်။

သူ့စကားလုံးတွေကြောင့် အားလုံး ငြိမ်ကျသွားပြီး အတွေးတွေ နက်နဲသွားကြ၏။ အချိန်အတော် ကြာသည်အထိ တခြားသူတွေထံမှ ဘာအသံမှ ထွက်မလာတော့ပေ။ ချင်းကျင်းဖန်အတွက် ဘယ်သူမှ ကူပြောမပေးတော့ပါ။

ခုနက ကာကွယ်ပေးခဲ့သူတွေတောင် ရှက်ရွံ့သွားပြီး ခေါင်းငုံ့သွားကြသည်။

အဘိုးချင်းနဲ့ အဘွားချင်းတို့ သူတို့ မြေးအကြီးဆုံးကို ပြိုင်တူ ကြည့်လိုက်ကြ၏။ သူ့ရဲ့ တည်ငြိမ်သွေးအေးမှုက စီးပွားရေးလောကအပြင်မှာ ပထမဆုံးအကြိမ်အဖြစ် အသုံးဝင်သွားခြင်းဖြစ်သည်။

စူစူလေးလည်း သူမရဲ့ တူကြီးကို ကြည့်လိုက်သည်။ သူမရဲ့ တူကြီးက တော်တော်လေး အထင်ကြီးစရာ ကောင်းသည်။ သူစကားပြောနေတုန်းက အားလုံး သေချာနားထောင်ကြသည်။

စူစူလေး၏ မျက်လုံးထဲက လေးစားအားကျမှုကို ယုဟွိုင်းလည်း ခံစားမိပါသည်။ သူ့နှုတ်ခမ်းထောင့်များ မထိန်းနိုင်ဘဲ အနည်းငယ် ကွေးသွားခဲ့သည်။

ချင်းကျင်းဖန် ဒေါသထွက်လွန်းသဖြင့် ကြမ်းပြင်ကို ဖနောင့်နဲ့ပါ ပေါက်ချင်သွားသည်။ ယုဟွိုင်းကို ကြည့်လိုက်ပြီး ဘေးနားက လူတွေကိုပါ လှည့်ကြည့်လိုက်သည်။

အခြေအနေက သူ့ဘက်မပါတော့တာကို မြင်သောအခါ ချင်းကျင်းဖန် ခေါင်းငုံ့ပြီး သူ့အမှားကို ဝန်ခံဖို့သာ ရှိတော့သည်။ “ဟုတ်ပါတယ် ဟုတ်ပါတယ် ငါတို့မှားသွားပါတယ်။ ငါ့မြေးကို သွင်သင်ဆုံးမဖို့ ပျက်ကွက်တာ ငါ့အပြစ်ပါ။ ငါတို့က ငွေရေးကြေးရေး မပြည့်စုံဘူး။ လူကြီးတွေ နေ့တိုင်း ပိုက်ဆံ ထွက်ရှာနေရလို့ ယွင်ယွင်လေးကို ဆုံးမ သွင်သင်ပေးဖို့ အချိန်မရှိကြဘူး! ငါတို့ကြောင့် ယွင်ယွင်လေး ဒီလိုဖြစ်ရတာ!”

“တောင်းပန်မယ်ဆို တောင်းပန်တာနဲ့ တူအောင် တောင်းပန်။ ပိုက်ဆံမရှိတာကို လွှဲမချနဲ့။ ဆင်းရဲတာကို ဆင်ခြေမပေးဖို့ ခုနလေးတင် ကျုပ်ပြောခဲ့တယ် မဟုတ်ဘူးလား။ မပြည့်စုံပေမယ့် လိမ္မာပြီး ပညာရေး ထူးချွန်တဲ့ ကလေးတွေ အများကြီးပဲ။ မပြည့်စုံတဲ့ မိသားစုတွေက အလုပ်များနေရင်‌တောင် လိုအပ်လာတဲ့ အချိန် သူတို့ သားသမီးတွေကို အချိန်ယူပြီး ဆုံးမသွင်သင်ပေးမှာပဲ။ ခင်ဗျား မတောင်းပန်ချင်လည်း အတင်းအကျပ် မတောင်းပန်ခိုင်းဘူးနော်”။ ယုဟွိုင်းက သွေးအေးစွာ ပြောလိုက်သည်

ချင်းကျင်းဖန် အံကြိတ်လိုက်၏။ ယုဟွိုင်းကို သူတော်တော် မုန်းတီးနေပါပြီ။

“တောင်းပန်ပါတယ် တောင်းပန်ပါတယ်! ယွင်ယွင်လေးကော ငါကော နှစ်ယောက်စလုံး တောင်းပန်ပါတယ်! စိတ်မဆိုးကြပါနဲ့တော့!”။ ချင်းကျင်းဖန် တောင်းပန်စကားများကို သွားကြားထဲမှ ဖျစ်ညှစ်ပြီး ပြောလိုက်ပါသည်။

“ကျုပ်ကို တောင်းပန်ရမှာမဟုတ်ဘူး။ ချင်းစူစူကို တောင်းပန်ရမှာ”။ ယုဟွိုင်းက ထပ်ပြောလိုက်၏။

“မင်းတော့-!”။ ချင်းကျင်းဖန် အံကြိတ်တာများပြီး သွားတွေ နာလာပါပပြီ။ နှုတ်ဖျားကို အကြမ်းပတမ်း စကားလုံးတွေ ရောက်လာသော်လည်း အခြေအနေ မဟန်သဖြင့် ချုပ်တည်းထားလိုက်ရသည်။

ချင်းကျင်းဖန် စူစူလေးကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ “တောင်းပန်ပါတယ်”

ဒီတစ်ခါတော့ စူစူလေးကို တောင်းပန်တာ မှန်သော်လည်း လေသံက အလွန် စိတ်မပါလက်မပါ ဖြစ်နေသည်။

“ခွင့်မလွှတ်ဘူး!” စူစူလေးက နှုတ်ခမ်းစူပြီး မျက်နှာလွှဲသွားသည်။

“နင်… နင်ဘာလိုချင်သေးလို့လဲ”။ ချင်းကျင်းဖန် စိတ်ဖိစီးသွားသည်။

ဒီဟာမလေး ဘာဖြစ်ချင်နေတာလဲ။ သူတောင်းပန်ခိုင်းတဲ့အတိုင်း တောင်းပန်ပြီးပြီ မဟုတ်ဘူးလား။ ဘာတွေ လိုချင်သေးလို့လဲ။

“ရှင့်ကို သဘောမကျဘူး! ခွင့်မလွှတ်ဘူး!” စူစူလေး ပါးဖောင်းဖောင်းနဲ့ ပြောလိုက်လေသည်။

“ဒီကလေးမလေး… နင်ဘာလို့ အဲ့လောက် သဘောထား သေးသိမ်ရတာလဲ”။ ချင်းကျင်းဖန် စိတ်တိုသွားသည်။

ဒီလောက်ထိ တောင်းပန်နေတာတောင် သူ့ကို အရှက်ခွဲသေးတယ်လား။

“စူစူလေး ဒီတစ်ခါ နင့်အပြစ်ပဲ။ ငါတို့ အမှားကို ငါတို့ ဝန်ချတောင်းပန်ပြီးသွားပြီ။ နင်ခွင့်လွှတ်သင့်တယ်!”

“မရဘူး!”။ စူစူလေးက သူမရဲ့ မျက်နှာသေးသေးလေးကို ထပ်လွှဲလိုက်ပြန်သည်။ မာန်ကလည်း လုံးဝ မချပါ။

လူကောင်သေးသော်လည်း စူစူလေး ငတုံးမဟုတ်ပါ။ စိတ်ရင်းနဲ့ တောင်းပန်တာ ဟုတ်လား မဟုတ်လား သူမ ခွဲခြားတတ်သည်။

ချင်းကျင်းဖန် စိတ်ရှုပ်လာပြီး စူစူလေး၏ သဘောထားသေးသိမ်မှုကို အပြစ်ဆိုလိုက်သည်။ “ချင်းစူစူ အဲ့လို လုပ်တာ မကောင်းဘူးနော်။ ဒီလောက်ထိ တန်ဖိုးကြီးတဲ့ အဝတ်အစားတွေ ဝတ်ထားပြီး ဘာမှဟုတ်တဲ့ လက်ကောက်တစ်ကွင်းအတွက် ဘာလို့ ဒီလောက်ဖြစ်နေတာလဲ။ နင်သာ စိတ်ဓာတ်ကောင်းရင် ဒီလောက် ကပ်စေးမနည်းဘဲ ယွင်ယွင်လေးကို လက်ဆောင်ပေးလိုက်တာ ကြာပေါ့!”

“ဘာပြောတယ်”။ စူစူလေး လက်သီးဆုပ်လိုက်သည်။ မူကြိုမှာ မကြမ်းတမ်းရဘူးဟု သူမဖေဖေနဲ့ မေမေ တားထားတာကြောင့်သာ မဟုတ်လျှင် အခုချက်ချင်း ဆွဲထိုးပစ်လိုက်ပါပြီ။

စူစူလေး လက်သီးဆုပ်တာကို မြင်တော့ ချင်းကျင်းဖန်၏ ခန္ဓာကိုယ် အလိုလို တုန်ယင်သွားသည်။

သို့သော် စိတ်အေးအေးထားပြီး သေချာစဉ်းစားကြည့်မှ အရင်တစ်ခေါက်ကလို စူစူလေး သောင်းကျန်းလျှင် တခြား ကျောင်းသားမိဘတွေ ကြောက်လန့်ကုန်ပြီး သူမကို ဒီမှာ ကျောင်းဆက်တက်ခွင့် ပြုတော့မှာမဟုတ်ဟု ချင်းကျင်းဖန် တွေးလိုက်သည်။

ထိုအတွေးနဲ့ ချင်းကျင်းဖန် ပို၍ အတင့်ရဲလာ၏။ “ဘာဖြစ်လို့လဲ ငါပြောတာ မဟုတ်လို့လား! ယွင်ယွင်လေးက နင့်တူမလေး မဟုတ်ဘူးလား။ အဲ့တာဆို လက်ကောက်လေး တစ်ကွင်းတောင် လက်ဆောင် မပေးနိုင်ဘူးလား”

“မပေးဘူး!!!”

ထိုသို့ပြောပြီးနောက် စူစူလေး သလင်းကျောက်လက်ကောက်ကို ကြမ်းပြင်ပေါ် ပစ်ချလိုက်ပြီး သူမရဲ့ ခြေထောက်သေးသေးလေးများနဲ့ ဆောင့်နင်းလေတော့သည်။

အကြိမ်ကြိမ် နင်းချေပြီးနောက် သလင်းကျောက်လုံးလေးတွေလည်း အမှုန့်ဖြစ်သွားလေပြီ။

All Chapters