အခန်း (၅၃+၅၄)
Vol. 3 Ch. 53+54
အခန်း(၅၃) တကယ်တော့ ချစ်စရာ ကောင်းသား
ကြမ်းပြင်ပေါ်က အမှုန်တွေကို မြင်ပြီး ချင်းလောင်ယွင် ပိုဝမ်းနည်းသွားသည်။
“အီးဟီးဟီး--” ချင်းလောင်ယွင် မထိန်းမချုပ်နိုင်လောက်အောင် အသားကုန် ငိုတော့သည်။
ထိုလက်ကောက်လေးကို သူမ တကယ်သဘောကျတာ ဖြစ်သည်။ ဒီလိုဖျက်ဆီးပစ်မည့်အစား သူမကို ဘာလို့ မပေးတာလဲ။
ချင်းလောင်ယွင် မျက်နှာပေါ် မျက်ရည်စီးကြောင်းတွေ ပြည့်နှက်နေပါပြီ။
စူစူလေးက ခါးထောက်ရင်း ပြောလိုက်၏။ “ဘာလို့ ငိုနေသေးတာလဲ။ အဲ့တာ ငါ့ဟာ။ နင့်ကို ငါ ရိုက်တောင် မရိုက်ရသေးဘူး! အမှားလုပ်ထားရင် စိတ်ရင်းနဲ့ တောင်းပန်ရမယ်လို့ ဖေဖေနဲ့ မေမေက သင်ပေးထားတယ်။ ငိုနေလို့ ဘာမှ မထူးဘူး!”
ထို့နောက် စူစူလေးက ချင်းကျင်းဖန်ကို လက်ညှိုးလှည့်ထိုးလိုက်ပြီး ပြောလိုက်သည်။ “ဖေဖေနဲ့ မေမေက ငါ့ပစ္စည်းလို့ ပြောထားပြီးသား ငါ့မှာ ဆုံးဖြတ်ခွင့်ရှိတယ်! ငါ့ပစ္စည်းကို ခိုးလို့မရဘူး လုလို့မရဘူး။ မရဘူးလို့ ပြောရင် မရဘူးပဲ! ပျက်စီးသွားရင်တောင် လုံးဝ မရဘူး! ငါ့ကို အတင်းအကျပ် လာခိုင်းလို့ မရဘူး!”
သူမ၏ အသံက ကလေးတစ်ယောက်၏ အသံဖြစ်သော်လည်း စကားလုံးများက အလွန် အာဏာကြီးမားလှသည်။
ချင်းလောင်ယွင်၏ ပျော့တိပျော့ဖတ် ပုံစံက စူစူလေး၏ အရှိန်အဝါကြီးသော ပုံစံနဲ့ ဆန့်ကျင်ဘက် ဖြစ်လို့ နေသည်။
စူစူလေး၏ စကားလုံးများက ကြမ်းတမ်းသော်လည်း သူမ ပြောတာ ယုတ္တိရှိပါသည်။
ချင်းယုဟွိုင်းက စူစူလေးကို ငုံ့ကြည့်ပြီး ဒီကောင်မလေး နည်းနည်းတော့ ချစ်ဖို့ကောင်းသားဟု တွေးလိုက်မိသည်…။
အဘွားချင်းကလည်း စူစူလေး၏ စကားကို ထောက်ခံသည်။ “စူစူလေး ပြောတာမှန်တယ်! လက်ကောက်က သူ့အပိုင်။ သူလုပ်ချင်တာ လုပ်လို့ရတယ်! သူများကိုပေးဖို့ ဘယ်သူမှ တွန်းအားပေးလို့ မရဘူး! ပြီးတော့ ချင်းကျင်းဖန် တောင်းပန်တာနဲ့ပဲ စူစူလေးက ခွင့်လွှတ်ရမယ်လို့ မဆိုလိုဘူး!။ သူ နင်တို့ကို ခွင့်မလွှတ်လည်း ရတယ်!”
ထို့နောက် အဘိုးချင်းကလည်း ဝင်ပြောသည်။ “စူစူလေးက ငယ်သေးပေမယ့် မတုံးဘူး။ မင်း မြေးကိုတောင် မင်း မဆုံးမနိုင်ဘဲနဲ့ ငါတို့ စူစူလေးကို မေးခွန်းလာထုတ်နေတာလား”
“ဒါ… ဒါဆိုရင် ငါတို့က ဘာလုပ်ပေးရဦးမှာလဲ… ငါတို့ လုပ်နိုင်တာ အကုန် လုပ်ပြီးပြီလေ!”။ ချင်းကျင်းဖန်က သိက္ခာတချို့ အဖတ်ဆယ်ဖို့ ကြိုးစားပါသေးသည်။
ဝိုင်းကြည့်နေကြသူတွေကြားထဲမှ အုပ်ထိန်းသူတစ်ယောက်က ဝင်ပြောလိုက်သည်။
“စူစူလေးဆိုတဲ့ ကလေးမလေး မမှားဘူး။ သူပြောတာလည်း မှန်တယ်။ လက်ကောက်က သူ့အပိုင်။ သူများကို ပေးတာမပေးတာ သူ့ဖာသာသူ ဆုံးဖြတ်ရမှာ။ ဘယ်သူမှ အတင်းအကျပ် ခိုင်းလို့မရဘူး။ ပြီးတော့ ရှင့်တောင်းပန်စကားက စိတ်ရင်းနဲ့မဟုတ်မှန်း လူကြီးဖြစ်တဲ့ ကျွန်မတို့ သိတယ်။ သူက ငယ်ပေမယ့် အရူးသွားလုပ်လို့ မရဘူးနော်”
“ဟုတ်တယ် ယွင်ယွင်ရဲ့ အုပ်ထိန်းသူ။ ရှင့် သွင်သင်ဆုံးမတဲ့ နည်းလမ်းမှာ ပြဿနာနည်းနည်း ရှိနေတဲ့ ပုံစံပဲ။ ရှင်ကိုယ့်ကိုယ်ကို ပြန်သုံးသပ်သင့်တယ်။ မဟုတ်ရင် ယွင်ယွင်လေးလို ဘာမှမသိတဲ့ ကလေးက ရှင့်ကြောင့် လမ်းမှားရောက်လိမ့်မယ်”
“… … …”
အုပ်ထိန်းသူတွေက အဖြစ်အပျက် အကုန်လုံးကို သေသေချာချာ ကြားခဲ့ မြင်ခဲ့သည်။ တခြား အုပ်ထိန်းသူတွေရဲ့ ဝေဖန်ပြစ်တင်မှုတွေကို ကြားသောအခါ ချင်းကျင်းဖန် လမ်းပျောက်သွားပါသည်။
“ဟုတ်ပါပြီ ဟုတ်ပါပြီ။ ကျုပ်မှားပါတယ်! ဝန်ခံပါတယ်!”
ချင်းကျင်းဖန် ပျာပျာသလဲလဲ တောင်းပန်လိုက်ပြီး စူစူလေးကို လက်ကဆွဲကာ မူကြိုမှ အမြန်ဆုံး ထွက်သွားလေတော့သည်။
--- --- ---
ပြဿနာများ ပြီးဆုံးသွားသောအခါ ချင်းယုဟွိုင်းက စူစူလေး၏လက်ကို တွဲရင်း အိမ်ပြန်ခဲ့ကြသည်။
သူတို့ စစတွေ့ချိန်တုန်းကနဲ့ ယှဉ်ကြည့်ပါက ဆက်ဆံရေး ပိုမို တိုးတက်လာကြသည်ဟု ဆိုနိုင်သည်။
အဘိုးချင်းနဲ့ အဘွားချင်းတို့လည်း အနောက်မှ လိုက်လာကြပြီး သူတို့နှစ်ယောက်ကို ကြည့်ကာ ပြုံးရွှင်နေကြပါသည်။
သို့သော် အိမ်ပြန်ရောက်တာနဲ့ တစ်ပြိုင်နက် အိမ်တော်ထိန်းက အပြေးထွက်လာပြီး သတင်းဆိုး ပြောလေသည်။
“သခင်ကြီးနဲ့ သခင်မကြီး၊ သခင်လေး ယုဟွိုင်း! သတင်းဆိုး ပြောစရာရှိတယ်! သခင်လေးကျီး ပြဿနာ တက်လို့တဲ့!”
“ဘာဖြစ်တာလဲ”။ ချင်းယုဟွိုင်းက အမြန်မေးလိုက်သည်။ သူ့မျက်နှာလည်း ချက်ချင်း ခက်ထန်သွားပါသည်။
“ရဲစခန်းက ဖုန်းဆက်လာတာ။ သခင်လေးကျီး သူများကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုနဲ့ ဖမ်းဆီး ထိန်းသိမ်းခံထားရလို့ တစ်ယောက်ယောက် အာမခံသွားပေးဖို့ လိုတယ်တဲ့”
အိမ်တော်ထိန်း၏ စကားလုံးများကြောင့် အဘိုးချင်းနဲ့ အဘွားချင်းကော၊ ချင်းယုဟွိုင်းကော မျက်နှာ အလွန်ပျက်သွားကြ၏။
အဘိုးချင်းက ဒေါကြီးမောကြီး ရေရွတ်လိုက်သည်။ “အဲ့ဆန်ကုန်မြေလေးကောင် ဘာလုပ်ပြန်ပြီလဲ!”
အဘွားချင်းကလည်း သက်ပြင်းချလိုက်၏။ “ရဲစခန်းလိုက်သွားပြီး သူ့ကို အရင်ထုတ်ပေးကြရအောင်”
ချင်းယုဟွိုင်းက ဝင်ပြောလိုက်သည်။ “ကျွန်တော် ရှင်းလိုက်မယ်။ အဘိုးနဲ့အဘွား ချင်းစူစူနဲ့ အိမ်ပြန်ပြီး နားတော့။ ကျွန်တော်တို့ကို စောင့်မနေနဲ့”
အဘိုးချင်းနဲ့ အဘွားချင်းတို့ သဘောတူဖို့ ကြံနေစဉ် စူစူလေးက လက်မြှောက်လိုက်သည်။ “သမီးလည်း လိုက်ချင်တယ်!”
“သမီးလေး လိုက်ချင်လို့ ဟုတ်လား” အဘွားချင်းက စူစူလေးကို အံ့အားသင့်စွာ ငုံ့ကြည့်လိုက်သည်။
“သမီးတူလေးက အရမ်းဆိုးနေပြီ! သူ့ကို ပြန်သွားခေါ်လာခဲ့မယ်! ကလေးဆိုးတွေကို နာနာရိုက်မှ ဖြစ်မယ်!”
စူစူလေးက အတည်ပေါက် ပြန်ဖြေလိုက်ပါသည်။ ထိုသို့ပြောပြီးနောက် လက်ကလေးကို ဝှေ့ရမ်းပြီး သရုပ်ပင် ပြလိုက်သေးသည်။
… … …
အခန်း(၅၄) နူးညံ့ပြီး ချိုမြိန်သော
ချင်းယုကျီး၏ ဖငင်ကို စူစူလေး၏ လက်သေးသေးလေးက ရိုက်နှက်နေမည့် မြင်ကွင်းအား ချင်းယုဟွိုင်း မြင်ယောင်သလိုလို ရှိသည်။
ခေတ္တစဉ်းစားပြီးနောက် ချင်းယုဟွိုင်းလည်း အဘိုးအဘွားများကို ပြောလိုက်သည်။ “ကဲပါ အဘိုးနဲ့ အဘွားတို့။ ကျွန်တော် စူစူလေးကို ခေါ်သွားလိုုက်မယ်။ အဘိုးတို့ အိမ်မှာပဲ စောင့်နေကြ”
“ငါ့သမီးလေး သွားရင် ငါလည်းလိုက်မယ်!” အဘွားချင်းကပြောသည်။
“အဘွားကြီး အာရုံမနောက်စမ်းပါနဲ့။ ယုဟွိုင်းနဲ့ စူစူလေးတို့ သူတို့ဖာသာ သွားပါစေ”။ အဘိုးကြီးက သူ့မိန်းမကို ဝင်တားလိုက်ပါသည်။
“ဒါပေမယ့် ကျွန်မတို့ သမီးလေးက….”
“အဘွားကြီး ငါတို့ သမီးလေးက မင်းမြေးအကြီးဆုံးနဲ့ လိုက်သွားမှာပါ။ ဘာမှ စိတ်ပူစရာမလိုဘူး”။ အဘိုးချင်း အာမခံလိုက်သည်။ ထထို့နောက် အဘွားချင်းကို အိမ်ထဲ ဆွဲခေါ်သွားဖို့ လုပ်လေသည်။
“အဘိုးကြီး ဘာလုပ်တာလဲ။ ကျွန်မက ဘာလို့ လိုက်လို့မရတာလဲ”။ အဘွားကြီးက အထွန့်တက်၏။
“ဘာမှ မပြောနဲ့တော့! ငါလည်း လိုက်ချင်တာပေါ့!”။ အဘိုးချင်း ဝန်ခံလိုက်ပြီး နောက်လှည့်လိုက်ရာ မျက်လုံးတွေမှာ မျက်ရည်တွေတောင် ဝဲနေပါသည်။
“အဘိုးကြီး ရှင်ဘာဖြစ်နေတာလဲ”။ အဘွားချင်း အံ့အားသင့်သွားကာ မေးလိုက်သည်။
“ငါလည်း ငါတို့ ရတနာလေးနဲ့ မခွဲချင်ဘူး။ ဒါပေမယ့် ဒီလိုအမြဲလုပ်နေလို့မှ မရတာ။ သူ့တူတွေနဲ့ အပြင်ထွက်တာ ဘာမှမဖြစ်ဘူး။ လွှတ်ပေးလိုက်ပါ”။ အဘိုးချင်းက ရှင်းပြပါသည်။
“အာ…” အဘွားချင်းက ခပ်တွန့်တွန့် ပြုံးလိုက်သည်။ ကြည့်ရတာ အဘိုးကြီးက သူမထက်ပင် ပိုပြီး လိုက်ချင်နေသေးသည့်ပုံစံပင်။
“ဟုတ်ပါပြီ ဟုတ်ပါပြီ စိတ်မကောင်းမဖြစ်ပါနဲ့ အဘိုးကြီးရဲ့။ ကျွန်မတို့ မြေးအကြီးဆုံးက ကျွန်မတို့ရဲ့ ရတနာလေးကို ကြည်ကြည်ဖြူဖြူခေါ်သွားတာ။ ဒါသူတို့ ဆက်ဆံရေး အများကြီး တိုးတက်လာတဲ့ လက္ခဏာပဲ။ အဲ့တာ ဝမ်းသာစရာမဟုတ်ဘူးလား”
ဒီတစ်ခါ အဘွားချင်း နှစ်သိမ့်ရမည့် အလှည့် ရောက်သွားလေပြီ။
ခြံပြင်မှာ ချင်းယုဟွိုင်းက စူစူလေးကို ကားပေါ် တင်ပေးလိုက်ပါသည်။ ချင်းယုဟွိုင်း ကားမောင်းနေစဉ် စူစူလေးက အနောက်ခုံမှာထိုင်နေသည်။
“ပုံဆွဲစာအုပ်မရှိဘူးးလား”။ စူစူလေးက မေးသည်။
“မရှိဘူး”။ သူ့ကားထဲမှာ ဘယ်လိုလုပ် ပုံဆွဲစာအုပ်ရှိမည်နည်း။
“ဒါဆို ငါဘာလုပ်ရမှာလဲ”။ ကားထဲမှာ ဘာမှလုပ်စရာမရှိဘဲ ထိုင်နေရတာ ပျင်းဖို့ကောင်းပါသည်။
“ကားစီးနေတုန်း အဲ့လို အမြင်အာရုံစိုက်ရတဲ့ အလုပ်တွေ မလုပ်ရဘူး။ မျက်စိပျက်တတ်တယ်။ ခဏလောက် အိပ်နေလိုက်။ ရောက်ရင် ငါနှိုးမယ်”။ ချင်းယုဟွိုင်းက မျက်နှာသေဖြင့် ပြောလိုက်၏။
“မအိပ်ချင်ဘူး။ အခုအိပ်ရင် ညဘက် အိပ်ပျော်တော့မှာ မဟုတ်ဘူး။ သီချင်းဆိုပြ”။ စူစူလေးက နူးညံ့စွာ ပြောလိုက်သည်။
“ငါ မဆိုတတ်ဘူး”
“ဒါဆို ငါပဲဆိုပေးတော့မယ်!” ထိုသို့ပြောပြီး စူစူလေး သီချင်းတစ်ပုဒ်ကို စတင် ညီးတော့သည်။ “ယုန်ဖြူလေး ယုန်ဖြူလေး နားရွက်ကလေးကထောင်…”
ချင်းယုဟွိုင်း တစ်ခါမှ မကြားဖူးသည့် သီချင်းဖြစ်ပြီး ကီးလည်းကြောင်နေသည်။ သို့သော်လည်း သူမရဲ့ အသံလေးက အလွန်နူးညံ့ပြီး နှာသံပေါက်နေသဖြင့် ကီးကြောင်နေသော်လည်း အရမ်းကြီး မဆိုးရွားပါ။ တကယ်တော့ ချစ်ဖို့ကောင်းသည်ဟုပင် ချင်းယုဟွိုင်း ထင်မိပါသည်။
ခရီးတစ်ဝက်လောက်အထိ ချင်းယုဟွိုင်း စူစူလေးရဲ့ တစ်ကိုယ်တော် ဖျော်ဖြေမှုကို နားဆင်ခဲ့ရသည်။
ကျန်ခရီးတစ်ဝက်မှာတော့… သူမ အိပ်ပျော်သွားပါသည်။
ဒီဟာမလေးကတော့ မအိပ်ဘူးပြောပြီး သူ့သီချင်းနဲ့သူ အိပ်ပျော်သွားပြီ…
ရဲစခန်းကို ရောက်သောအခါ နောက်ခုံမှာ အိပ်ပျော်နေသည့် ကလေးမလေးကို ချင်းယုဟွိုင်း ကြည့်လိုက်ပြီး မနှိုးတော့ဖို့ ဆုံးဖြတ်လိုက်ပါသည်။
ထို့နောက် စူစူလေးကို အသာအယာ ပွေ့ချီလိုက်ပြီး ကားထဲမှ ထုတ်လိုက်ပါသည်။
စူစူလေးကို ချင်းယုဟွိုင်းချီဖူးတာ ဒါပထမဆုံးအကြိမ် ဖြစ်သည်။ တကယ်တော့ ကလေးမလေး တစ်ယောက်ကို ပထမဆုံးအကြိမ် ချီဖူးတာလည်း ဖြစ်ပါသည်။
အိမ်က အာပြဲစိန် သူ့ညီတွေလို မဟုတ်ဘဲ ဒီကလေးမလေးရဲ့ ခန္ဓာကိုယ်ကတော့ နူးညံ့ပြီး ဝါးဂွမ်းထုပ်လေးလို ပျော့ပြောင်းလှသည်။။
သူမရဲ့ မျက်နှာသေးသေးလေးက ဖြူဖွေး အိစက်နေပြီး ပေါက်စီလေးတစ်လုံးနဲ့ပင် တူပါသည်။
အနားကပ်လိုက်လျှင် သူမ ထံမှ မွေးရနံ့ သင်းသင်းလေးရ၏။
ချင်းယုဟွိုင်း ခေတ္တ ရပ်တန့်သွားသည်
စူစူလေးကို ချီထားရင်း ဒီကလေးမလေးကို ချစ်စရာကောင်းသည်ဟု ရုတ်တရက် ထင်သွားသည်…။
သူက လူပျိုကြီးလုပ်ဖို့ ဆုံးဖြတ်ထားသူ ဖြစ်၏။ လက်ထပ်ဖို့လည်း စိတ်ကူးမရှိသလို အဖေတစ်ယောက် ဖြစ်လာဖို့လည်း စိတ်ကူးမရှိပါ။ ကလေးလည်း မချစ်တတ်ပါ။ ထိုခံယူချက်က အလွန်သေချာသည်ဟု သူ့ကိုယ်သူ ထင်ခဲ့သည်…။
သို့သော်လည်း အခုချိန်မှာတော့ သူ့စိတ် အနည်းငယ် ယိမ်းယိုင်သွားခဲ့ပါသည်…။
အာရုံတွေ ခေတ္တလွဲသွားပြီးနောက် မျက်နှာတည်တည်ဖြင့် ချင်းယုဟွိုင်း စူစူလေးကို ရဲစခန်းထဲ ခေါ်သွားပြီး ရန်ဖြစ်၍ အချုပ်ကျနေသော ကျင်းယုကျီးအား သွားတွေ့ရန် ပြင်လိုက်ပါသည်။
ချင်းယုဟွိုင်းကို မြင်တော့ ချင်းယုကျီးက ပျော့တိပျော့ဖတ် လေသံလေးနဲ့ ခေါ်လိုက်သည်။ “အစ်ကိုကြီး…”
“ငါ့ကို အစ်ကိုကြီးလို့ ခေါ်ရဲသေးတယ်ပေါ့”။ ချင်းယုဟွိုင်းက အေးစက်သော မျက်နှာထားဖြင့် မေးလိုက်ပါသည်။
“ဒီဟာမလေးကို ဘာလို့ခေါ်လာတာလဲ။ ပြီးတော့ အိပ်ပျော်နေတာလား”။ ချင်းယုကျီးက စကားလမ်းကြောင်း လွှဲလိုက်ပါသည်။
အခုလောလောဆယ် စူစူလေးက သူ့ကို ရိုက်နှက်ဖို့ ပါလာတာဖြစ်မှန်း ချင်းယုကျီး မသိသေးပါ။
ချင်းယုကျီး စကားအဆုံးတွင် စူစူလေး မျက်ခွံများ တွန့်သွားပြီး သူမရဲ့ လက်သေးသေးလေးနဲ့ မျက်လုံးများကို ပွတ်လိုက်လေသည်။