အခန်း (၅၅+၅၆)
Vol. 3 Ch. 55+56
အခန်း(၅၅) ရဲစခန်းမှာ ဒေါ်လေးရဲ့ ဆုံးမမှု
စူစူလေး အိပ်ချင်မူးတူးနဲ့ မျက်လုံးတေါ ဖွင့်လိုက်သည်။ ထို့နောက် ချင်းယုကျီးကို သူမ မြင်သွား၏။
ပြဿနာ ဘယ်လောက်ကြီးသလဲဆိုတာ နားလည်ပုံမရဘဲ ချင်းယုကျီးက အပြုံးလေးနဲ့ ပြောလိုက်ပါသည်။ “အိပ်ပုတ်လေး နိုးလာပြီလား။ ပိုးတုံးလုံးလေး မအိပ်ချင်တော့ဘူးလား”
စူစူလေးက ချင်းယုကျီးကို အိပ်ချင်မူးတူး ရီဝေစွာ ကြည့်နေသည်။ သူမ အသိစိတ် တဖြည်းဖြည်း ပြန်ကပ်လာပါသည်။
နောက်ဆုံးတော့ ချင်းယုကျီးရဲ့ စပ်ဖြီးဖြီး မျက်လုံးတွေရှေ့မှာ စူစူလေး ရာနှုန်းပြည့် အိပ်ရာနိုးသွားလေပြီ။
နိုးတာနဲ့ တစ်ပြိုင်နက် စူစူလေး ချင်းယုဟွိုင်း၏ လက်ထဲမှ ခုန်ဆင်းလိုက်ပြီး ယုကျီးအနောက်ကို ပြေးကာ သူမရဲ့ လက်ကလေးကို မြှောက်လိုက်သည်။
ဖြောင်း--!
စိတ်ကျေနပ်စရာ ကျယ်ကျယ်လောင်လောင် အသံတစ်သံ ထွက်ပေါ်လာခဲ့ပါသည်။
ချင်းယုကျီး မျက်လုံးပြူးသွားသည်။
ဒီအသက်အရွယ်ကြီးရောက်မှ လူရှေ့သူရှေ့မှာ ဖင်အရိုက်ခံရတာ သူ မယုံနိုင်ပါ။
ကြောင်စီစီဖြစ်နေဆဲ ယုကျီးတစ်ယောက် ချင်းစူစူရဲ့လက်ကလေးက သူ့ဘောင်းဘီ သားရေကြိုးကို လာကိုင်နေမှန်း မြင်လိုက်ရသည်…။
သူ ဘာလုပ်မလို့လဲ။ ဧကန္တ…
စူစူလေးက ချင်းယုကျီး၏ ဘောင်းဘီသားရေကြိုးကို တင်းတင်းကျပ်ကျပ်ကိုင်ပြီး အောက်ဘက်သို့ ဆွဲချကာ ဘောင်းဘီဆွဲချွတ်ဖို့ ကြိုးစားနေပါသည်။
ရွာမှာတုန်းက ရွာထိပ်မှာနေသည့် ဦးလေးဝမ်ဆိုသူမှာ မလိမ္မာသည့် သူ့မြေးကို ဘောင်းဘီချွတ်ပြီး ဖင်ကို ရိုက်ကာ အပြစ်ပေးတတ်တာကို စူစူလေး မြင်ဖူးသည်။
ထို့နောက် ဦးလေးဝမ်၏ မြေးက လိမ္မာသွားပြီး အိမ်ထဲမှာ ထမင်းလုံးတွေနဲ့ မကစားတော့ပါ။
ထို့ကြောင့် စူစူလေး၏ တတ်သလောက် မှတ်သလောက် ဉာဏ်ထဲမှာတော့ ကလေးဆိုးတွေကို ရိုက်လျှင် လိမ္မာသွားလိမ့်မည်ဟု ယုံကြည်ထားသည်။
… အခုလည်း သူမ တူဆိုးလေးရဲ့ ဘောင်းဘီကို ချွတ်ပြီး ဖင်ကို နာနာရိုက်ကာ လိမ္မာအောင် ဆုံးမဖို့ ရည်ရွယ်ထား၏။
ချင်းယုကျီး သူ့ဘောင်းဘီကို အသည်းအသန် ဆွဲထားရပါသည်။
သို့သော် စူစူလေးရဲ့ ခွန်အားနဲ့ဆို သူ့ဘောင်းဘီ သားရေကြိုးကို ဆွဲချဖို့က မခက်ခဲလှပါ။
အသက် ၁၇ နှစ်အရွယ်ကြီး ဖြစ်သော်လည်း လူရှေ့သူရှေ့မှာ ဒီလို ဘောင်းဘီ ဆွဲချွတ်ပါက သူ လူကြားထဲ မျက်နှာပြဝံ့တော့မှာ မဟုတ်ပေ။
ယုကျီးက ထွက်ပြေးဖို့ ကြိုးစားသော်လည်း စူစူလေးက သူ့ဘောင်းဘီကို အသေ ဆွဲထားသဖြင့် ဘာမှ အသုံးမဝင်ခဲ့ပါ။
“မပြေးရဘူး! ဖင်ကို နာနာရိုက်ရမယ်!”
ထိုသို့ပြောပြီးနောက် စူစူလေးက ချင်းယုကျီးကို သူမဘက်သို့ အားဖြင့် ပြန်ဆွဲလိုက်၏။
ယုကျီး အသည်းအသန် ရုန်းကန်ကာ သူ့အောက်ပိုင်းနဲ့ ဂုဏ်သိက္ခာကို အသက်နဲ့လဲပြီး ကာကွယ်ဖို့ ကြိုးစားနေပါသည်။
ယောက်ျားသိက္ခာကို ခြိမ်းခြောက်လာသောအခါ ယုကျီးက သူ့အစ်ကိုကြီးကို အကူအညီ လှမ်းအော်တောင်း လိုက်ပါသည်။ “အစ်ကိုကြီး ငါ့ကိုကယ်ပါဦး!! မြန်မြန် သူ့ကို မြန်မြန် ခေါ်စမ်း!”
ချင်းယုဟွိုင်းက ဘေးမှ ဒီတိုင်း ရပ်ကြည့်နေသည့်။ ဝင်ရှုပ်ဖို့လည်း အစီအစဉ် မရှိပါ။
စူစူလေး၏ ကိုင်တွယ်ပုံက ရိုးရှင်းပြီး ကြမ်းတမ်းသောာ်လည်း ချင်းယုကျီးလိုလူမျိုးပေါ်မှာ အာနိသင် ရှိနိုင်သည်။
ထို့ကြောင့် သူဘေးကပဲ ရပ်ကြည့်နေဖို့ ဆုံးဖြတ်လိုက်ပါသည်။
ယုဟွိုင်းထံမှ ယုကျီး ဘာအကူအညီမှ မရခဲ့ပေ။ ထို့နောက် အသက်လု ရုန်းကန်နေရင်း ကြမ်းပြင်ပေါ် ဝမ်းလျားမှောက် လဲကျသွားခဲ့ပါသည်။
စူစူလေးက ချက်ချင်းဆိုသလို ချင်းယုကျီး နောက်ကျောပေါ်ကို ခွတက်လိုက်ပြီး သူမရဲ့ ခန္ဓာကိုယ် သေးသေးလေးက ယုကျီးရဲ့ တစ်ကိုယ်လုံးကို ဖိထားသဖြင့် ယုကျီး တစ်ဖက်သို့ လှည့်လို့ မရတော့ပါ။
ထို့ကြောင့် ယုကျီး၏ အောက်ပိုင်းလည်း အန္တရာယ်တောထဲ ကျရောက်သွားသည်။
ရဲစခန်းက အရာရှိတွေ အားလုံးလည်း ကြက်သေသေသွား၏။
ကလေးမလေး တစ်ယောက်က အသက် ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက်ကို ချုပ်ထားပြီး ဖင်ကို ရိုက်ဖို့ ပြင်နေသည်။
ထိုမြင်ကွင်းက… မှင်သက်စရာ ကောင်းပါသည်။
“ရဲဦးလေးကြီးတို့! ကျွန်တော့် အပြစ် ကျွန်တော်သိပါပြီ! ကျွန်တော့်ကို ဖမ်းပြီး အချုပ်ထဲသာ ပြန်ထည့်လိုက်ပါ!”
ယုကျီးက လက်တစ်ဖက်ထုတ်ပြီး ဒုက္ခမှ လွတ်မြောက်အောင် ရဲအရာရှိတစ်ဦးကို လှမ်းဆွဲဖို့ ကြိုးစားပါသည်။
ဘောင်းဘီချွတ်ခံရမည့်အစား ထောင်ထဲသာ သွားလိုက်မည်။
ရဲအရာရှိက ရယ်ချင်စိတ်ကို ထိန်းပြီး ဘာဆက်ဖြစ်မလဲ စိတ်ဝင်စားသော်လည်း ရဲစခန်းထဲ ဗရုသုက္ခ မဖြစ်စေဖို့အတွက် ဝင်တားလိုက်ပါသည်။
“ကလေးမလေး ဒါရဲစခန်းနော်။ ဆူညံနေလို့ မရဘူး”
ရဲအရာရှိက စူစူလေးကို ရှင်းပြလိုက်သည်။
စူစူလေး၏ လက်က လေထဲမှာ ရပ်တန့်သွားပြီး ရဲအရာရှိကြီးကို ကြည့်လိုက်သည်။ “ဒါဆို သူ့ပါးစပ်ထဲ တစ်ခုခု ထိုးထည့်ထားရင် ရလား”
… … …
အခန်း(၅၆) အရှက်မကွဲချင်ရင် အပြစ်ကို သေချာဝန်ခံ
ဒါဆို ဘာအသံမှ ထွက်တော့မှာ မဟုတ်ပါ။
ဒါကိုကြားတော့ ကြမ်းပြင်ပေါ် မှောက်လျက် လဲနေသည့် ချင်းယုကျီးက ညည်းတွားလိုက်သည်။ “ငါ့ကို နှုတ်တောင်ပိတ်ဖို့ ကြိုးစားနေတယ်ပေါ့! အဲ့တာ နှိပ်စက်ညှင်းပမ်းမှုပဲ! ရဲအရာရှိကြီးတို့ ကျွန်တော့်ကို အချုပ်ထဲ ထည့်ပေးပါ…။ ကျွန်တော် ရန်ဖြစ်တာ အမှုကြီးတယ်လေ! အချုပ်ထဲမှာ နေရတာ ပိုကောင်းတယ်!!”
“အဲ… အဲ့လိုလည်း လုပ်လို့ မရဘူး”
“ဒါဆို သမီး ဘာမှ မလုပ်တော့ဘူး။ ရဲ အစ်ကိုကြီးတို့ကို အလုပ်ရှုပ်အောင် လုပ်လို့ မဖြစ်ဘူး”
ပြောပြောဆိုဆိုနဲ့ စူစူလေးက ချင်းယုကျီး၏ ကျောပေါ်မှ ပြန်ထကာ သူ့ကို လွှတ်ပေးလိုက်ပါသည်။
သူတို့ စကားက ဒီလောက် အာနိသင်ရှိလိမ့်မည်ဟု ရဲအရာရှိတွေ ထင်မထားခဲ့ကြပါ။ ကလေးမလေးက ဒီအတိုင်း အလွယ်တကူ လွှတ်ပေးလိုက်သည်။
ထို့အပြင် ကလေးမလေးက သူ့ကို အစ်ကိုကြီးဟုပင် ခေါ်ခဲ့သေး၏။
ဟင်းဟင်း ကြည့်ရတာ သူနုပျိုနေတုန်းပဲ ထင်တယ်။
ချင်းယုကျီး ကြမ်းပြင်ပေါ်မှ ပြန်ထပြီးနောက် ရဲအရာရှိကြီးနောက်မှာ ဝင်ပုန်းကာ သူ့ကို လူသားဒိုင်းအဖြစ် အသုံးချလိုက်ပါသည်။
စူစူလေးကို ကြည့်နေသည့်အကြည့်က သားရဲတစ်ကောင်ကို မြင်သည့်အလား။
“ဒီကောင်ကတော့။ မင်းရန်ဖြစ်နေတုန်းက အရမ်းသတ္တိတွေရှိနေပြီး အခုကျမှ ကြောက်နေပြီပေါ့။ ရန်ဖြစ်တုန်းကသာ အဲ့လို ကြောက်တတ်ရင် ဒီအထိ ရောက်လာစရာ အကြောင်းမရှိဘူး”။ ရဲအရာရှိ တစ်ယောက်က ယုကျီးကို ကျီစယ်လိုက်ပါသည်။
“ယောက်ျားတစ်ယောက်ဆိုတာ မိန်းကလေးတစ်ယောက်ကို ဘယ်တော့မှ အနိုင်မယူဘူးဗျ!” ချင်းယုကျီးက သူ့လက်ကျန် သိက္ခာနည်းနည်းလေးကို အဖတ်ဆယ်ဖို့ ကြိုးစားပါသည်။
ထိုသို့ပြောပြီးနောက် ရဲအရာရှိ၏ အနောက်သို့ ပိုကပ်သွားလေသည်။
ထိုစဉ် ချင်းယုဟွိုင်းက မေးလိုက်၏။ “ဒီတစ်ခေါက်ကော ဘာလို့ ရန်ဖြစ်တာလဲ။ ငါတို့ကို အကြောင်းပြချက် ကောင်းကောင်းပေးဖို့ စဉ်းစားထား။ မဟုတ်ရင် အိမ်ပြန်ရောက်တာနဲ့ စူစူလေးက မင်းကို ဖင်ချွတ်ပြီး ရိုက်လိမ့်မယ်။ ငါတို့က ဒီတိုင်း ရပ်ကြည့်နေမှာ။ အွန်လိုင်းပေါ်မှာ Live တောင် လွှင့်လိုက်ဦးမယ်”
“ဘာ။ Live လွှင့်မယ်ဟုတ်လား။ ငါ့ကို အရှက်ကွဲပြီး သေစေချင်လို့လား အစ်ကိုကြီး?!”
“အရှက်ကွဲပြီး မသေချင်ရင် ငါ့ကို အကြောင်းပြချက် ကောင်းကောင်းပေးပြီး နောက်တစ်ခါဆိုတာ မရှိစေရဘူးလို့ ပြော။ မဟုတ်ရင် နောက်ဆို မင်းအိမ်ပြင်မထွက်ရဲအောင် လုပ်ပေးမယ်”
“ဘာအကြောင်းပြချက်မှ မရှိပါဘူး။ ဒီတိုင်း ကြည့်မရလို့ ရန်ဖြြစ်တာ”။ ချင်းယုကျီးက ပေါ့ပျက်ပျက် နောင်တမရသည့် ပုံစံဖြင့် ပြောလိုက်သည်။
ချင်းယုဟွိုင်းက စူစူလေးကို ပြောလိုက်သည်။ “ချင်းစူစူ။ နင့်တူလေးက အမှားလုပ်ထားပြီး ပြုပြင် ပြောင်းလဲဖို့ စိတ်ကူးမရှိဘူး”
စူစူလေးက အင်္ကျီလက်တို ဝတ်ထားသော်လည်း အင်္ကျီလက်တွေ မ,တင်နေပါပြီ။
“မဟုတ်ဘူး! မလုပ်ပါနဲ့!”။ ချင်းယုကျီးက အသည်းအသန် ပြောလိုက်၏။ “ရဲအရာရှိကြီးတို့ ကြည့်ပါဦး။ သူ့ချဖို့ ပြင်နေပြန်ပြီ! ဒါရဲစခန်းနော် နင်ဒီမှာ သောင်းကျန်းလို့ မရဘူး!”
ချင်းယုဟွိုင်းက ရဲအရာရှိကို ပြောလိုက်သည်။ “သူ့အကို အခု အာမခံပေးပြီး အိမ်ပြန်ခေါ်သွားမယ်။ ရဲစခန်းအပြင်ရောက်တာနဲ့ သူ့ကို ဘယ်လိုဆုံးမဆုံးမ ကိစ္စမရှိတော့ဘူးမလား”
ရဲအရာရှိကလည်း အပြုံးဖြင့် ပြန်ပြောလိုက်ပါသည်။ “ဟုတ်ပါတယ်။ အရမ်းကြီးလွန်လွန်ကျူးကျူး မလုပ်ဘဲ မတော်တဆမှုမဖြစ်ရင် ပြီးတာပဲ”
“ဟုတ်ပြီ။ လုပ်စရာရှိတာ လုပ်ကြစို့”။ ချင်းယုဟွိုင်းက ဆိုသည်။
စူစူလေးက ဘေးမှာ မတ်တပ်ရပ်နေပြီး ချင်းယုကျီး ရဲစခန်းအပြင် ရောက်မည့်အချိန်ကို စိတ်အား ထက်သန်စွာ စောင့်မျှော်နေပါသည်။
ဘုရားဘုရား… အပြင်မှာ လူသွားလမ်းမကြီးပဲ ရှိတယ်!
လမ်းမအလယ်ခေါင်မှာ ဘောင်းဘီချွတ်ရိုက်ခံရပါက ချင်းယုကျီး အသက်ဆက်ရှင်နိုင်မှာ မဟုတ်ပါ။
“အစ်ကိုကြီး နားထောင်ပါဦး။ ငါရှင်းပြတာ နားထောင်ပါဦး!” ချင်းယုကျီးက ချင်းယုဟွိုင်းကို အမြန် ဆွဲလိုက်သည်။
ချင်းယုဟွိုင်းက မသိချင်ယောင် ဆောင်ပြီး လုပ်စရာရှိတာ ဆက်လုပ်နေပါသည်။
“အစ်ကိုကြီး၊ အာမခံပေးဖို့က အဲ့လောက် လောစရာမလိုပါဘူး။ ငါပြောတာခဏနားထောင်…။ ငါ ရန်ဖြစ်ဖို့ တကယ် မရည်ရွယ်ပါဘူး။ အဲ့ခွေးကောင်က…”။ ချင်းယုကျီး အသံတိုးညှင်းသွားသည်။ “အဲ့ကောင်က ရှောင်ဟုန်းနဲ့ ပတ်သတ်တဲ့ကိစ္စကို လာလှောင်နေလို့။ ငါသည်းမခံနိုင်လို့ပါ…”
ထို့နောက် ချင်းယုကျီး မျက်နှာ ညှိုးငယ်သွားပြီး မျက်လုံးများ အရောင်မှေးမှိန်သွားသည်။