← Chapters

အခန်း (၅၇+၅၈)

Vol. 3 Ch. 57+58

အခန်း (၅၇+၅၈)

Vol. 3 Ch. 57+58

အခန်း(၅၇) ဝမ်းမနည်းပါနဲ့ တူလေး

ချင်းယုဟွိုင်းလည်း မျက်မှောင်ကြုတ်သွား၏။

ဒီနာမည်ကို သူ့ညီ လွယ်လွယ်နဲ့ ထုတ်ပြောမှာ မဟုတ်မှန်း သူသိသည်။

ထိုမိသားစုအတွက် နှစ်တွေအကြာကြီး ပြန်ပေးဆပ်ခဲ့သော်လည်း သူ့ညီလေးအတွက် သေဆုံးသွားသည့် ထိုကောင်လေးနေရာကို ဘာနဲ့မှ အစားမထိုးနိုင်ခဲ့ပါ။ တစ်ဖက်မိသားစုရဲ့ နာကျင်မှု၊ သူ့ညီလေးရဲ့ အပြစ်ရှိသလို ခံစားနေရတာတွေကို မပယ်ဖျောက်နိုင်ခဲ့ပါ။

ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ချင်းယုဟွိုင်းက ပြောလိုက်၏။ “ငါနားလည်ပါတယ်။ ဒီမှာ လုပ်စရာရှိတာလုပ်ပြီး အိမ်ပြန်ကြမယ်။ အိမ်ပြန်ရောက်ရင် မင်းနဲ့ ရန်ဖြစ်ခဲ့တဲ့ကောင်နာမည် ငါ့ကိုပြော။ မင်းရှေ့မှာ မဟုတ်တာတွေ ထပ်မပြောနိုင်အောင် လုပ်ပေးမယ်”။

ရန်ဖြစ်တာထက် ပိုပြင်းထန်သော်လည်း ဥပဒေဘောင်အတွင်းက နည်းလမ်းတွေကိုသာသုံးကာ ချင်းယုဟွိုင်းတစ်ဖက်လူကို နှုတ်ပိတ်ပါမည်။

“စူစူလေးကကော…” ချင်းယုကျီးက စူစူလေးကို ကြောက်ကြောက်လန့်လန့် ကြည့်လိုက်၏။

“သူ့ကိုတော့ မင်းဖာသာမင်း ရှင်းပြလိုက်။ သူနားလည်မှာပါ”။ ချင်းယုဟွိုင်း ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် ချင်းယုဟွိုင်းက ရဲအရာရှိတွေနဲ့ စကားဆက်ပြောလိုက်သည်။ ချင်းယုကျီး တစ်ယောက်တည်း လက်သီးဆုပ်ထားသည့် စူစူလေးနဲ့ ရင်ဆိုင်ဖို့ ကျန်ခဲ့ပါတော့သည်။

စူစူလေးက နှုတ်ခမ်းစူပြီး ပါးဖောင်းနေဆဲဖြစ်၏။

“စိတ်ဆိုးနေတာလား”။ ချင်းယုကျီးက လေသံပျော့ပျော့ဖြင့် မေးလိုက်ပါသည်။

“ဆိုးတယ်! နင်ရန်ဖြစ်တယ် မလိမ္မာဘူး! ဖေဖေနဲ့ မေမေက စိတ်ပူနေတာ!” စူစူလေး ပြန်ပြောလိုက်၏။

“နင်ကကော နင်ကော ငါ့ကို စိတ်မပူဘူးလား”။ ချင်းယုကျီးက မနေနိုင်ဘဲ မေးလိုက်မိပါသည်။

“နင် နာနေလို့လား”။ စူစူလေးက ပြန်မေးသည်။

“နည်းနည်း”။ ချင်းယုကျီးက အင်္ကျီကော်လံကို ဆွဲလိုက်ပြီး သူ့ရင်ဘတ်ပေါ်က ဒဏ်ရာတချို့ကို စူစူလေးအား ပြလိုက်ပါသည်။ “ဒီမှာတွေ့လား ဒီမှာ နာနေတာ။ ဆေးထည့်ဖို့ လိုတယ်”

“ဒါဆို… ဒီနေ့ည ဆေးထည့်ပေးမယ်”။ စူစူလေး ပြောလိုက်သည်။ ထို့နောက် ခေတ္တ ရပ်သွားပြီး ထပ်ပြောလိုက်၏။ “ဒါပေမယ့် အရင်ဆုံး ဖင်ကို ရိုက်ရမယ်!”

ဖင်ရိုက်မယ့် ကိစ္စကို ဘာလို့ အခုထိ မမေ့နိုင်သေးတာလဲဟ!

“တစ်ယောက်ယောက်က နင့်ကို မကောင်းပြောရင် ဒါမှမဟုတ် နင်ဂရုစိုက်ရတဲ့လူကို ကျိန်ဆဲရင် နင်ကော ဒေါသထွက်ပြီး ပြန်ရိုက်မှာလား” ချင်းယုကျီးက စူစူလေးကို မေးလိုက်သည်။

စူစူလေးက လက်သီးဆုပ်လေးကို လွှဲရမ်းရင်း ပြောလိုက်သည်။ “ရိုက်မှာ!”

“ဒီနေ့ ငါရန်ဖြစ်ရတာက ငါ့အတွက် အရမ်း အရေးပါတဲ့ သူငယ်ချင်းတစ်ယောက်ကို တစ်ယောက်ယောက်က လာစော်ကားလို့”

ချင်းယုကျီး၏ မျက်နှာမှာ ဝမ်းနည်းမှု အရိပ်အယောင် ပေါ်လာပြီး ခါးသက်သက် ဖြစ်သွားခဲ့သည်။ ပုံမှန် ပေါ့ပျက်ပျက် နေတတ်သည့် သူ့ပုံစံနဲ့ အလွန်ကွာခြားနေပါသည်။

စူစူလေးက ချင်းယုကျီးကို သေချာကြည့်နေပြီး သူမ စိတ်ထဲမှာ သူ့စကားလုံးတွေကို သုံးသပ်နေပါသည်။

ခဏကြာတော့ စူစူလေးက ရုတ်တရက် လက်ဆန့်တန်းလိုက်ပြီး ချင်းယုကျီးကို တင်းတင်းကျပ်ကျပ် ဖက်လိုက်ပါသည်။

“ငါ့တူလေး တော်တယ်။ ဝမ်းမနည်းနဲ့!”။ စူစူလေးက ချင်းယုကျီး၏ ကျောကုန်းကို သူမရဲ့ လက်ကလေးနဲ့ ပုတ်ပေးလိုက်သည်။

ချင်းယုကျီး အနည်းငယ် ထိတ်လန့်သွား၏။ စူစူလေးကို ရှင်းပြခဲ့သော်လည်း သူမ နားလည်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါ။

သူမ ခန္ဓာကိုယ်သေးသေးလေးရဲ့ နူးညံ့မှုနဲ့ သူမ လက်ကလေးရဲ့ နှစ်သိမ့်မှုတို့က သူ့ကို ပုံမှန် မဟုတ်သော ခံစားချက်တစ်ခု ခံစားမိစေသည်…။

ဒီခံစားချက်က… အလွန်ကောင်းမွန်ပါသည်။

“ဒါဆို ငါ့ကို စိတ်မဆိုးတော့ဘူးပေါ့”။ ယုကျီးက ထပ်မေးလိုက်သည်။

“မဆိုးတော့ဘူး။ နင်က ရိုက်သင့်တဲ့လူကို ရိုက်တာ။ ဘာမှမဖြစ်ဘူး! နောက်တစ်ခါ ငါကူရိုက်ပေးမယ်! နင် ဘာမှ မနာစေရဘူး!”။ စူစူလေးက အားမာန်အပြည့်ဖြင့် ပြောလိုက်သည်။

သူမရဲ့ တူလေးက ဘာအမှားမှ မလုပ်ထားပါ။

စူစူလေး၏ ခိုင်မာပြတ်သားသော ကြွေးကြော်သံကို နားထောင်ရင်း ချင်းယုကျီး ရယ်မောမိပါသည်။

ဒီမကောင်းဆိုးဝါးလေး သူ့ကို ရန်ကူဖြစ်ပေးမည်ဆိုတာကို သူယုံကြည်ပါသည်။

ထို့အပြင် ‘နင် ဘာမှ မနာစေရဘူး’ ဟူသည့် စကားက သူ့ရင်ကို နွေးထွေးသွားစေသည်။

“ဒါဆို ငါ့ကို ဘောင်းဘီချွတ်ပြီး မရိုက်တော့ဘူးပေါ့နော်”။ ချင်းယုကျီး သေချာ အတည်ပြုဖို့တော့ လိုပါသည်။

ဒီကလေးမလေးက အခု စိတ်မဆိုးဘူးပြောပြီး အိမ်ပြန်ရောက်မှ ဘောင်းဘီချွတ်ရိုက်မှာ စိတ်ပူရပါသည်။

… … …

အခန်း(၅၈) လက်ဆွဲနှုတ်ဆက်၍ ငြိမ်းချမ်းရေးယူခြင်း

စူစူလေးက ခေါင်းခါပါသည်။ “နင်မဆိုးရင် ဖင်ကို ရိုက်စရာမလိုဘူး!”

တူလေးတွေ မလိမ္မာမှ ဖင်ကိုရိုက်ရမှာဖြစ်သည်။ သူမ တူလေးက ဒီနေ့ မဆိုးသဖြင့် ရိုက်စရာ မလိုပါ။

“ဟုတ်ပြီကွ!” ချင်းယုကျီး မျက်နှာ အပြုံးဖြင့် တောက်ပသွား၏။

“ဒီနေ့ကစပြီး လိမ်လိမ်မာမာနေရင် ဒေါ်လေးက နင့်ကို မရိုက်ဘူး” စူစူလေး ထပ်ပြောသည်။

“အာ… အိုကေ… ကောင်းပြီလေ!”။ သေချာစဉ်းစားပြီး ချင်းယုကျီး ရွှင်ရွှင်မြူးမြူး သဘောတူလိုက်ပါသည်။

“အွန်းအွန်း လိမ္မာတယ်!” ချင်းယုကျီးကို စူစူလေး ခေါင်းပွတ်ပေးကာ ချီးကျူးလိုက်သည်။

ချင်းယုကျီးကို ပြုံးလည်း ပြုံးပြလိုက်၏။ သူမရဲ့ ဖြူစင်လှပသော သွားကလေးများ ပေါ်လာပါသည်။

ထိုအခိုက်အတန့်လေးမှာ ချင်းယုကျီး ပြုစားခံလိုက်ရသည်။

ဒီကောင်မလေး အမြဲတမ်း ဒီလို ချစ်ဖို့ကောင်းနေရင် ဘယ်လောက် ကောင်းလိုက်မလဲ?!

ဒီကောင်မလေး ရန်ဖြစ်လျှင် ချစ်ဖို့ကောင်းမှာ မှန်သော်လည်း သူမက မိန်းကလေးဖြစ်သည်။ မိန်းကလေး တစ်ယောက်က နူးညံ့သိမ်မွေ့ရမည်။

ထိုသို့စဉ်းစားကြည့်သောအခါ ရန်ဖြစ်တာက သူတစ်ယောက်တည်းအတွက် မဟုတ်ဘဲ စူစူလေး အတွက်ပါ ထိခိုက်နိုင်သည်ဟု ချင်းယုကျီး ထင်မိသည်။

စူစူလေး စံနမူနာ ထားစရာ လူတစ်ယောက်ဖြစ်အောင် သူနေသင့်သည်။

ချင်းယုဟွိုင်း ပြန်လာသောအခါ ချင်းယုကျီးနဲ့ စူစူလေးတို့ ငြိမ်းချမ်းရေး ရသွားတာကို မြင်လိုက်ပါသည်။

စူစူလေးက ချင်းယုကျီးကို ချီခွင့်တောင် ပေးခဲ့သည်။

ချင်းယုကျီးလည်း ပထမဆုံး ချီဖူးတာဖြစ်သဖြင့် ကို့ရို့ကားယား နိုင်နေပါသည်။

စူစူလေး၏ တင်ပါးကို သူ့လက်နဲ့ ဘယ်လိုပဲ ပင့်ချီထားပါစေ တစ်ခုခု မှားနေသလို ခံစားနေရပြီး ဂနာမငြိမ် ဖြစ်နေသည်။

သူ့တူရဲ့ လက်ထဲမှာ တည်ငြိမ်နေသည့် စူစူလေးကို မြင်ပြီး ယုဟွိုင်း တစ်စက္ကန့်လောက် မနာလို ဖြစ်သွားသည်။

“သွားမယ်။ အိမ်ပြန်ကြစို့”။ ယုဟွိုင်းက ပြောလိုက်သည်။

“အိုကေ”။ ချင်းယုကျီး စူစူလေးကို ချီပြီး ယုဟွိုင်းနောက်မှ လိုက်လာခဲ့ပါသည်။

သူတို့ ၃ ယောက်သား ရဲစခန်းထဲမှ အတူတူ ထွက်လာခဲ့ကြ၏။ ယုဟွိုင်းက ရန်ပွဲကိစ္စကို ထပ်မပြောတော့ပါ။ ယုကျီးကိုလည်း မဆူတော့ပါ။

သိပ်မကြာဘဲ ချင်းအိမ်တော်သို့ ပြန်ရောက်လာကြသည်။

စူစူလေးပြန်ရောက်လာတာကို မြင်တာနဲ့တစ်ပြိုင်နက် အဘိုးချင်းနဲ့ အဘွားချင်းတို့ အလျှင်အမြန် ပြေးလာခဲ့ကြပါသည်။

“ဖေဖေ့သမီးလေး ဘယ်လိုနေလဲ။ ကြည့်ပါရစေဦး!” အဘိုးချင်းက အလွန်စိတ်ပူနေပါသည်။

“သမီးဘာမှမဖြစ်ပါဘူး! စိတ်မပူနဲ့ ဖေဖေနဲ့မေမေ။ သမီးဘာမှမဖြစ်ဘူး!”။ စူစူလေးက သူမ ရင်ဘတ်ကို ပုတ်ပြလိုက်ပြီး အဘိုးချင်းနဲ့ အဘွားချင်းတို့ကို စိတ်မပူဖို့ ပြောလိုက်သည်။

“ကောင်းတာပေါ့။ ငါတို့ ရတနာလေးက အတော်ဆုံးပဲ!”။ အဘိုးချင်းမျက်နှာက ပျော်ရွှင်မှု၊ ဂုဏ်ယူ ဝံ့ကြွားမှုတို့ဖြင့် တောက်ပသွားသည်။

စူစူလေးကို ချီးကျူးပြီးနောက် အဘိုးချင်း မျက်နှာတည်လိုက်ပြီး ချင်းယုကျီးအား မေးလိုက်သည်။ “ယုကျီး မင်းဘာလို့ ရန်ထပ်ဖြစ်ပြီး ရဲစခန်း ရောက်ရပြန်တာလဲ။ ငါတို့ မင်းဘတ်စ်ကတ်ဘော ကစားတာကို မတားဘူး။ ဂိမ်းဆော့တာကိုလည်း မပိတ်ပင်ဘူး။ ဒါပေမယ့် အနည်းဆုံးတော့ ဥပဒေဘောင်အတွင်းမှာ နေစမ်းပါကွာ။ အဲ့တာတောင် မလုပ်ပေးနိုင်တော့ဘူးလား”

သူ့မြေးရဲ့ အတိတ်ကို အဘိုးချင်း ကောင်းကောင်းနားလည်ပါသည်။ ပြန်ပေးဆွဲခံရသည့် ကိစ္စကြောင့် စိတ်ဒဏ်ရာ ရနေမှာ သိသော်လည်း ဥပဒေမဲ့ပြုမူတာကိုတော့ လုံးဝ လက်ခံပေးလို့မရပါ။

ထိုစဉ် စူစူလေးက ချင်းယုကျီးရှေ့မှာ ရုတ်တရပ် မတ်တပ်ရပ်လိုက်ပြီး လက်နှစ်ဖက်ကို ဆန့်ကာ တားလိုက်သည်။ “ဖေဖေ! စိတ်မဆိုးနဲ့! တူလေးမှာ အကြောင်းပြချက်ရှိတယ်!”

“သမီးလေး” အဘိုးချင်းက စူစူလေးကို ကြောင်စီစီ ကြည့်လိုက်သည်။

“ဖေဖေ၊ တစ်ယောက်ယောက်က သမီးတူလေး အရမ်းဂရုစိုက်တဲ့ သူငယ်ချင်းတစ်ယောက်ကို မကောင်းပြောလို့တဲ့။ အဲ့တာကြောင့် သမိးတူလေး ရန်ဖြစ်ခဲ့တာ! သမီးသာဆိုလည်း ပြန်ချမှာပဲ!”

စူစူလေးက ချင်းယုကျီးကို ကာကွယ်ပေးလိုက်ပါသည်။

“သူ့သူငယ်ချင်းကို မကောင်းပြောတယ်ဟုတ်လား”။ အဘိုးချင်း မျက်မှောင်ကြုတ်သွားပြီး တစ်ခုခုကို စဉ်းစားမိကာ ချင်းယုကျီးကို ပြန်ကြည့်လိုက်သည်။

ယုကျီးက မျက်နှာလွှဲလိုက်၏။ သူ့မိသားစု သူ့ကို ဒီလိုသတိထားပြီး ကြည့်တာမျိုး မခံချင်ပါ။ ပြန်ပေးဆွဲ ခံရသည့် ကိစ္စကို မမေ့သေးဘူးဆိုတာကိုလည်း မသိစေချင်ပါ။

“ကျွန်တော်မှားမှန်း သိပါတယ်။ နောက်တစ်ခါ မဖြစ်စေရဘူး”

အံ့အားသင့်ဖို့ကောင်းစွာ ချင်းယုကျီးက သူ့အမှားသူ ဝန်ခံနေပါသည်။

အဘိုးချင်း၊ အဘွားချင်းနဲ့ ချင်းယုဟွိုင်းတို့အားလုံး အံ့အားသင့် မှင်သက်သွားကြ၏။

သူ့အမှားသူ တကယ်ကြီး ဝန်ခံပြီး နောက်တစ်ခါ မလုပ်တော့ဘူးလို့ ကတိပေးနေတာလား။

All Chapters