← Chapters

အခန်း (၅၉+၆၀)

Vol. 3 Ch. 59+60

အခန်း (၅၉+၆၀)

Vol. 3 Ch. 59+60

အခန်း(၅၉) သူ့ကို ငြင်းမှာ ကြောက်လို့

“တကယ်ပြောတာလား”။ အဘွားချင်းက မေးလိုက်သည်။

နောက်ဆုံးတော့ သူမ မြေး နားလည်သွားပြီလား။

“အင်း…”။ ချင်းယုကျီးက လေသံလုံးလုံးဖြင့် ပြန်ဖြေလိုက်သည်။ ထို့နောက် သူ့ရှေ့မှာ ရပ်နေသည့် စူစူလေးကို ကြည့်လိုက်သည်။ “ကျွန်တော့်ကြောင့် သူ့ကို မပျက်စီးစေချင်ဘူး”

သူရန်ဖြစ်ရသည့် အကြောင်းအရင်းကို ဒီကောင်မလေးအား ရှင်းပြလိုက်သောအခါ သူ့ကို ယုံကြည် ပေးခဲ့သည်။

သူ့အဘိုး ဆူသည့်အခါမှာလည်း ရှေ့မှ မားမားမတ်မတ် ရပ်တည်ပေးပြီး ကာကွယ်ပေးခဲ့သည်။

ဒီကလေးမလေးက အကြမ်းပတမ်း နိုင်သော်လည်း စိတ်ဓာတ်ကဖြူစင်ပြီး လှပပါသည်။

ထိုအလှတရားလေးကို သူကာကွယ်ပေးချင်မိသည်။

အဘိုးချင်း၊ အဘွားချင်းနဲ့ ချင်းယုဟွိုင်းတို့အားလုံး ချင်းယုကျီးနဲ့ စူစူလေးကို စိုက်ကြည့်နေကြသည်။ သူတို့ မျက်နှာတွေက အနည်းနဲ့အများ အတူတူတွေ ဖြစ်ကြ၏။ အံ့လည်း အံ့ဩ ဝမ်းလည်း ဝမ်းသာ ဖြစ်မိပါသည်။

သံသယဖြစ်စရာမလိုအောင် ဒါစိတ်ကျေနပ်စရာကောင်းသည့် တိုးတက်မှုတစ်ခု ဖြစ်သည်။

၂ မိနစ်လောက် တိတ်ဆိတ်သွားကြပြီးနောက် အဘွားချင်းက အမြန်ပြောလိုက်သည်။ “ကဲပါ ကဲပါ အားလုံး ဒီနေ့ ပင်ပန်းသွားကြပြီ။ လက်သွားဆေးပြီး ညစာစားဖို့ အသင့်ပြင်ကြတော့”

သူတို့မိသားစု ညစာစားပွဲဝိုင်းမှာ ပျော်ပျော်ရွှင်ရွှင် ထိုင်လိုက်ကြ၏။

ချင်းယုကျီး ရန်ဖြစ်ပြီး ရဲစခန်းရောက်တာ ဒါပထမဆုံးအကြိမ် မဟုတ်သော်လည်း ဒီအိမ်ပြန်ရောက်ပြီးနောက် အဆူမခံရဘဲ ဒီလို တိတ်ဆိတ် သာယာနေတာ ပထမဆုံးအကြိမ် ဖြစ်သည်။

ထိုခံစားချက်က အလွန်ကောင်းမွန်ပါသည်။

ညစာစားပြီးနောက် စူစူလေးနဲ့ ဟူကျစ်တို့ အိပ်ခန်းထဲမှာ သူတို့ရဲ့ ‘ရတနာသေတ္တာ’ လေးကို သန့်ရှင်းရေး လုပ်နေ၏။

သစ်သားသေတ္တာလေးတစ်လုံး ဖြစ်ပြီး အထဲမှာ လွန်ခဲ့သည့် ၂ နှစ်တာအတွင်း စူစူလေး ရရှိခဲ့သည့် လက်ဆောင်ပေါင်းစုံ ထည့်သိမ်းထားပါသည်။

“ဒီရွှေဝက်ရုပ်လေးက အိမ်နီးချင်းဒေါ်လေးနျို့ ပေးထားတာ။ ဒီ ဆံထိုးလှလှလေးက ဦးလေး ပိုင်ဟူကျင်း ပေးထားတာ။ ဒီဘူးမဲမဲလေးက တုတ်ကောက်နဲ့ အစ်ကိုကြီး ပေးထားတာ။ ဒီဓားသေးသေးလေးက ဟိုမမလှလှ ပေးထားတာ…”

သူမရဲ့ ‘ရတနာသေတ္တာ’ထဲမှ ဘာပစ္စည်းမှ ပျောက်မနေအောင် ပစ္စည်းတိုင်းကို သေချာ စစ်ဆေးလိုက်ပါသည်။

“ဒီနေ့ ငါ့တူကြီး ပင်ပင်ပန်းပန်းကြိုးစားခဲ့လို့ ဒီပန်းနီနီလေး ရလာတာ။ ဒီ ပန်းလေးက အရမ်း တန်ဖိုးရှိတယ်။ အဲ့တာကြောင့် သိမ်းထားရမယ်”

ဒီနေ့ မူကြိုကျောင်းမှာ ရရှိခဲ့သည့် ပန်းနီနီလေးကိုလည်း သစ်သားသေတ္တာထဲ ထည့်လိုက်ပါသည်။

ဟူကျစ်က သူမဘေးမှာ ခုန်ပေါက်နေ၏။

စူစူလေးက ဟူကျစ်၏ ခေါင်းကို ပွတ်ပေးလိုက်ပါသည်။ “လိမ်လိမ်မာမာနေ ဟူကျစ်။ ငါအိမ်မှာ မရှိရင် ဒီသေတ္တာကို နင်စောင့်ရှောက်ရမယ်နော် ကြားလား”

ဟူကျစ်က ခေါင်းလေးကို ငြိမ့်ပြီး ‘သခင်မလေး စိတ်ချပါ။ ဒီတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပါ့မယ်’ ဟူသည့် အကြည့်ဖြင့် စူစူလေးကို ကြည့်နေပါသည်။

တစ်နေကုန် ပင်ပန်းပြီးနောက် ချင်းယုဟွိုင်း ရေမိုးချိုးကာ အလုပ်ဆက်လုပ်ဖို့ ပြင်လိုက်ပါသည်။

သူ့စာကြည့်ခန်းထဲ မဝင်ခင် တစ်ခုခုကို သတိရသွားပြီး စူစူလေး၏ အခန်းဆီ ခြေဦးလှည့်လိုက်သည်။

တံခါးက ပိတ်မထားသဖြင့် ကြမ်းပြင်ပေါ်မှာ ထိုင်ပြီး တစ်ခုခုကို စိတ်ဝင်တစားလုပ်နေသည့် စူစူလေးအား သူမြင်လိုက်ပါသည်။

ထို့အပြင် သူမကြောင်ဖြူလေးနဲ့ စကားတွေပြောနေတာကို ယုဟွိုင်း ကြားသည်။

ဒီနေ့ရခဲ့သည့် ပန်းနီနီလေးက သူ့ကြိုးစားအားထုတ်မှုကြောင့် ရခဲ့တာဖြစ်သဖြင့် သေချာ တန်ဖိုးထားပြီး သိမ်းထားရမည် ဆိုတာကိုလည်း ယုဟွိုင်း ကြားပါသည်။

ချင်းယုဟွိုင်း၏ ရင်ထဲ နွေးထွေးမှုတစ်ခု ဖြစ်ပေါ်လာ၏။

“ဝေါင်း--”

ဟူကျစ်က အခန်းရှေ့မှာ ချင်းယုဟွိုင်း မတ်တပ်ရပ်နေတာကို မြင်ပြီး သူ့သခင်အား သတိပေးလိုက်သည်။

စူစူလေး လှည့်ကြည့်လိုက်ရာ ချင်းယုဟွိုင်းနဲ့ အကြည့်ချင်း ဆုံသွားပါသည်။

“နင့်ရုပ်ပြစာအုပ်နဲ့ လက်ကောက်အတွက် ပြန်လျော်ပေးဖို့ လာခဲ့တာ”။ ချင်းယုဟွိုင်းက လာရခြင်း အကြောင်းအရင်းကို ပြောလိုက်သည်။

စူစူလေးက နားမလည်သဖြင့် ခေါင်းလေးစောင်းလိုက်ပါသည်။

“ငါ့စာကြည့်ခန်းထဲမှာ ချင်းလောင်ယွင်ကို ရုပ်ပြစာအုပ် ပေးဖတ်ခဲ့တာ ငါပဲ။ CCTV ကို စစ်ကြည့်ပြီးပြီ။ သူ စာအုပ်ထဲကနေ လက်ကောက်ကို ခိုးသွားတာ”။ ချင်းယုဟွိုင်းက ရှင်းပြသည်။

“ဪ” စူစူလေးက ရေရွတ်လိုက်သည်။ စိတ်လည်း သိပ်မပါသလိုပေ။

ဒီကလေးမလေးရဲ့ စိတ်ကို နားမလည်သဖြင့် ချင်းယုဟွိုင်း ကမ်းလှမ်းချက်တစ်ခု လုပ်လိုက်သည်။ “မနက်ဖြန် စနေနေ့မလား။ ငါနင့်ကို ရှော့ပင်ထွက်ရအောင် လိုက်ပို့ပေးမယ်။ ရုပ်ပြစာအုပ် တစ်အုပ်နဲ့ လက်ကောက် ပြန်ဝယ်လို့ရတယ်။ ဘယ်လိုလဲ”

ထိုမေးခွန်းကို မေးလိုက်တော့ နည်းနည်းစိတ်လှုပ်ရှားနေမှန်း ချင်းယုဟွိုင်း ကိုယ့်ကိုယ်ကို သတိထားမိသည်။ ကလေးမလေး သူ့ကို ငြင်းလိုက်မှာ စိုးရိမ်နေပါသည်။

… … …

အခန်း(၆၀) ရှော့ပင်ထွက်ခြင်း

“အိုကေ!” စူစူလေးက တွန့်ဆုတ်မှုမရှိဘဲ သဘောတူလိုက်ပါသည်။

ချင်းယုဟွိုင်း သက်ပြင်းချမိ၏။

“ဒါမယ့် နင့်မှာ ပိုက်ဆံရှိလို့လား”။ စူစူလေးက စိတ်ပူစွာ‌ မေးလိုက်သည်။

ဒီကလေးမလေးက သူ့ကို ရုပ်ပြစာအုပ်တောင် မဝယ်နိုင်ဘူး ထင်နေတာလား။

“ရှိတယ် နင့်ကို ရုပ်ပြစာအုပ်တွေကော ရောင်စုံ လက်ကောက်တွေကော အများကြီး ဝယ်ပေးနိုင်တယ်”။ ချင်းယုဟွိုင်း ပြန်ဖြေလိုက်သည်။

ကားတစ်စီးတောင် ဝယ်ပေးနိုင်ပါသည်။

“တကယ်လား”

“တကယ်”

“ရေး!!” စူစူလေး အလွန်ပျော်သွားပြီး ပြုံးရယ်လိုက်ပါသည်။

သူမ ပြုံးတာကိုကြည့်ပြီး ချင်းယုဟွိုင်းလည်း သူ့ဆုံးဖြတ်ချက် မှန်ကန်သည်ဟု ခံစားလိုက်ရသည်။

ရုပ်ပြစာအုပ်တွေ ဝယ်ပေးရုံနဲ့ ဒီကလေးမလေးကို ဒီလောက် ပျော်ရွှင်အောင် လုပ်ပေးနိုင်လိမ့်မည်ဟု ထင်မထားပါ။

စူစူလေးက အနားရောက်လာပြီး ချင်းယုဟွိုင်းကို သကြားလုံးတစ်လုံး ပေးလိုက်ပါသည်။

“ဒါဘာကြီးလဲ”။ ချင်းယုဟွိုင်းက သူ့လက်ပေါ်ရောက်လာသော စားချင်စရာ သိပ်မကောင်းလှသည့် သကြားလုံးကို ကြည့်ပြီး ရယ်ချင်သွားပါသည်။

“ဆုချတာ! နင်လိမ္မာလို့ သကြားလုံး စားရတာ!”။ စူစူလေးက ပြုံးဖြီးဖြီးဖြင့် ပြောလိုက်ပါသည်။

“အိုကေ”။ ချင်းယုဟွိုင်း သကြားလုံးကို အခွံခွာပြီး ပါးစပ်ထဲ ထည့်လိုက်သည်။

သူ အချိုစားရတာ မကြိုက်ပါ။ သကြားလုံးလို ကလေးဆန်သည့် အစားအစာတွေဆို ပိုဆိုးပါသည်။

သို့သော်လည်း ဒီသကြားလုံးကတော့ ထင်မထားစွာ အရသာ အလွန်ရှိပါသည်။ စတိုးဆိုင်တွေမှာ ရောင်းသည့် သကြားလုံးတွေမှာ မရှိသော ထူးခြားသည့် အချိုအရသာမျိုးဖြစ်သည်။

ချင်းယုဟွိုင်းက စိတ်ဝင်စားသွားပြီး မေးလိုက်သည်။ “သကြားလုံးကို ဘယ်မှာ ဝယ်တာလဲ”

“ဝယ်ထားတာ မဟုတ်ဘူး။ ဦးလေးပိုင်ဟူကျင်း လက်ဆောင်ပေးတာ”

ဦးလေးပိုင်ဟူကျင်းက အိမ်မှာ သကြားလုံးတွေ သူ့ဖာသာသူ လုပ်တတ်သည်။ သို့သော်လည်း သူက ကတုန်ကယင်နိုင်ပါသည်။ တခြားသကြားလုံးတွေက ခါးပြီး ဒီတစ်ခုတည်းသာ ချိုတာဖြစ်သည်။

“ဦးလေးပိုင်ဟူကျင်း ဟုတ်လား”

“အွန်း ဦးလေး ပိုင်ဟူကျင်း”

“ဘယ်က ဦးလေး ပိုင်ဟူကျင်းလဲ”

“ဦးလေးပိုင်ဟူကျင်းက ဦးလေးပိုင်ဟူကျင်းပေါ့”။ စူစူလေး နားမလည်ပါ။

“အင်းပါ”။ ချင်းယုဟွိုင်း ထပ်မမေးတော့ပါ။

သူတကယ် သိချင်လျှင် သူ့အဘိုးအဘွားတွေကို နောက်နေ့မှ မေးလိုက်တာ ပိုကောင်းပါသည်။

… … …

နောက်တစ်နေ့မနက် အဘိုးချင်းနဲ့ အဘွားချင်းတို့၏ ခွင့်ပြုချက်ကို ယူပြီး ချင်းယုဟွိုင်း စူစူလေးကို အပြင် ခေါ်သွားဖို့ အသင့်ဖြစ်နေပါပြီ။

ချင်းယုကျီးသိသွားသောအခါ လိုက်ချင်သဖြင့် အလွန်ခေါင်းမာနေလေသည်။

“အစ်ကိုကြီး ငါ Gaming Pod တစ်လုံး မျက်စိကျနေလို့။ ငါ့ကို ဝယ်ပေးပါလားကွာ။ နော် နော်”။။ ချင်းယုကျီးက သွားဖြီးပြီး ပူဆာလိုက်ပါသည်။

“အိုကေလေ” ချင်းယုဟွိုင်းက ခေါင်းငြိမ့်လိုက်ပါသည်။

ချင်းယုကျီးက စူစူလေးကို ရွှင်ရွှင်မြူးမြူး လှည့်ပြောလိုက်၏။ “ဟေ့ကောင်မလေး ဒီနေ့ ရှော့ပင်အတူတူ ထွက်ပြီး ဝယ်ချင်တာ အကုန်ဝယ်ပစ်မယ်။ ယုဟွိုင်းရဲ့ ပိုက်ဆံတွေအကုန် ပြောင်အောင် သုံးပြစ်မယ်!”

“ကောင်မလေးလို့ မခေါ်နဲ့ ဒေါ်လေးလို့ခေါ်!”

အခေါ်အဝေါ်က အလွန်အရေးကြီးပါသည်။ သူမက‌ ဒေါ်လေးဖြစ်သည်။ ကောင်မလေးဟု အခေါ် မခံနိုင်ပါ။

ချင်းယုကျီးက စူစူလေးရဲ့ ပြည့်ပြည့်ဖောင်းဖောင်း မျက်နှာလေးကို ကြည့်ရင်း ဒေါ်လေးဟု ခေါ်ဖို့ ငြင်းဆန်ပါသည်။

သူလုံးဝ မခေါ်နိုင်ပါ။

သူ့ကို မမုန်းတော့ရင်တောင် ဒေါ်လေးဟု မခေါ်နိုင်သေးပေ။

“အဲ့တာတွေ အရေးမကြီးပါဘူး။ ဒီနေ့ ရှော့ပင်ထွက်ိဖု့က အရေးကြီးတယ်! သွားကြစို့!”

ချင်းယုကျီးတစ်ယောက် စကားလမ်းကြောင်းလွှဲလိုက်ပြီး စူစူလေးကို ပွေ့ချီကာ ချင်းယုဟွိုင်း၏ Rolls-Royce ပေါ် တက်လိုက်ကြသည်။

ရှော့ပင်းမောကို ရောက်သောအခါ ချင်းယုဟွိုင်းက ကားကို မြေအောက် ကားပါကင်မှာ ရပ်လိုက်ပြီး ချင်းယုကျီးက စူစူလေးရဲ့ လက်ကိုတွဲကာ ရှော့ပင်းမောထဲ ဝင်သွားပါသည်။

ဓာတ်လှေကားဆီ ရောက်သောအခါ ရုတ်တရက် ခွေးနက်ကြီးတစ်ကောင်က သူတို့ရှိရာဘက်သို့ ခုန်အုပ်လိုက်သည်။

ချင်းယုကျီးက စူစူလေးကို ချက်ချင်း ပွေ့ချီလိုက်ပြီး အနောက်သို့ ဆုတ်လိုက်ပါသည်။

“ဒီခွေးကြီး ဘယ်ကနေရောက်လာတာလဲ?! ဘာလို့ လည်ပတ်ကြိုး တပ်မထားတာလဲကွ?!” ချင်းယုကျီးက ဒေါသတကြီး အော်ငေါက်လိုက်ပါသည်။

လူကြီးတွေတောင် ဒီလို ခွေးကြီးတွေကို ကြောက်တတ်သည်။ စူစူလေးဆို ပြောစရာမလိုပါ။ ထို့အပြင် တစ်ချက်လောက် ကိုက်ခံရရုံနဲ့ အလွန်အန္တရာယ်များပါသည်။

“ငါ့ဖာသာငါ လည်ပတ်ကြိုးတပ်တပ် မတပ်တပ် ဘာဖြစ်လဲ?!” အသက် ၇ နှစ် ၈ နှစ်အရွယ် ကောင်လေးက မောက်မာစွာ ပြောလိုက်ပါသည်။

ထိုကောင်လေးက ရုပ်ရည်သန့်ပြန့်ပြီး တောက်တာက်ပပ မျက်လုံးများရှိသဖြင့် ချောမောသည့်အထဲ ပါပါသည်။

သို့သော်လည်း လူမုန်းစရာကောင်းသည့် စကားတွေကိုသာ ပြောသည်။

“မင်းခွေးကြီးကို ကြိုးမတပ်ဘဲ ထားရတာ ဂုဏ်ယူနေတာလား။ အဲ့တာ Tibetan Mastiff ခွေးမျိုးကွ! သူများကို ကိုက်လိုက်ရင် ဘယ်လိုလုပ်မလဲ”။ ချင်းယုကျီးက ကောင်လေးကို ပြန်ပြောလိုက်၏။

“မင်းအပူပါလား။ အကိုက်ခံရရင် ငါပြန်လျော်ပေးမယ်။ ဘယ်လောက်ပဲဖြစ်ဖြစ် ငါပေးနိုင်တယ်!”။ ကောင်လေးက ရိုင်းပျစွာ ပြောလိုက်ပါသည်။

All Chapters