အခန်း (၆၁+၆၂)
Vol. 3 Ch. 61+62
အခန်း(၆၁) ခွေးကို စူစူလေး လေ့ကျင့်ပေးခြင်း
“ခွေးကောင်လေး အသက်တစ်ချောင်းကို ငွေနဲ့ ဝယ်လို့ရလား”။ ချင်းယုကျီး ဒေါသမီးတောက်နေပါပြီ။
“ဘာလို့ ဝယ်လို့မရကမှာလဲ”။ ကောင်လေးက အထင်အမြင်သေးစွာ ပြန်ပြောလိုက်သည်။
ထိုစဉ် စူစူလေးက ချင်းယုကျီး၏ လက်ထဲမှ ရုန်းထွက်လိုက်ပြီး ကြမ်းပြင်ပေါ် ခုန်ဆင်းကာ ထိုကောင်လေးနဲ့ ဧရာမ Tibetan Mastiff ခွေးကြီးထံသို့ လျှောက်သွားလေသည်။
“စူစူ!”
စူစူလေး၏ လုပ်ရပ်ကြောင့် ချင်းယုဟွိုင်းကော ချင်းယုကျီးကော ထိတ်လန့်သွားပြီး နှစ်ယောက်စလုံး အမြန်ပြေးလာကြသည်။
“ထိုင်စမ်း!” စူစူလေးက သူမရဲ့ လက်ကလေးကို ဆန့်တန်းပြီး ရှေ့က Tibetan Mastiff ခွေးကြီးကို အမိန့်ပေးလိုက်သည်။
ခုနက ကြမ်းကြုတ်စွာ ပြုမူခဲ့သည့် Tibetan Mastiff ခွေးကြီး ရုတ်တရက် ငြိမ်ကျသွားလေသည်။ ထို့နောက် ခေါင်းလေးငုံ့ပြီး ကြောက်ရွံ့စွာ ထိုင်နေလိုက်ပါသည်။
ထိုမြင်ကွင်းကို မြင်သောအခါ စူစူလေးကို ချီဖို့ ပြေးလာကြသော ညီအစ်ကိုနှစ်ယောက်ကော ခွေးပိုင်ရှင် ကောင်လေးကော မှင်သက်သွားကြသည်။
အထူးသဖြင့် ခွေးပိုင်ရှင်ကောင်လေးက မယုံကြည်နိုင်စွာဖြင့် မျက်လုံးတွေပြူးသွားပြီး သူ့ရဲ့ အကြမ်းပတမ်း ခွေးကြီးက ဒီလို ကလေးမလေးတစ်ယောက်ရဲ့ စကားကို ဘာကြောင့် နာခံနေသလဲ နားမလည် ဖြစ်သွားပါသည်။
ပုံမှန်ဆို သူကလွဲပြီး ဒီခွေးကြီးက တခြားဘယ်သူ့ကိုမှ အနားအကပ်မခံပါ။ တစ်ခါတလေ သူတောင် အမိန့်ကောင်းကောင်း ပေးလို့မရပေ။
ဒီကလေးမလေးရဲ့ စကားကိုမှ ဘာလို့ နားထောင်နေရတာလဲ?!
“လက်ထုတ်ပေးစမ်း!” စူစူလေးက အမိန့်ထပ်ပေးလိုက်သည်။ သူမလည်း သူမရဲ့ လက်ကလေးကို Tibetan Mastiff ကြီးရဲ့ ရှေ့မှာ ထုတ်ပေးလိုက်ပါသည်။
Tibetan Mastiff ကြီးက တုန်ယင်သွားပြီး သူ့လက်တစ်ဖက်ကို စူစူလေးရဲ့ လက်ပေါ် တင်လိုက်ပါသည်။
Tibetan Mastiff လို ခွေးမျိုးထံမှ ဒီလို ရှက်ကြောက်နေသည့် ပုံစံမျိုး မြင်ရခဲပါသည်။
“အင်း လိမ္မာတယ်၊ လှဲလိုက်စမ်း” စူစူလေးက နောက်ထပ် အမိန့်တစ်ခု ပေးလိုက်ပြန်သည်။
Tibetan Mastiff ကြီးကလည်း လိုက်လျောလိုက်၏။
“မဲလုံး! မင်းဘာဖြစ်နေတာလဲ?! မင်းသခင်က ငါကွ! ဘာလို့ သူ့စကား နားထောင်နေတာလဲ?!”
ခွေးပိုင်ရှင်ကောင်လေးက ဒေါသထွက်သွားပြီး သူ့ Tibetan Mastiff ခွေးကြီးကို ငေါက်လိုက်ပါသည်။
“ဂီး…”
Tibetan Mastiff ကြီးက ဝမ်းနည်းသော အသံမျိုး ထွက်ပြလေသည်။
စူစူလေးက Tibetan Mastiff ခွေးကြီးကို စကားဆက်ပြောလိုက်၏။ “နင် လည်ပတ်ကြိုး မပါဘဲ ဘာလို့ လျှောက်သွားနေတာလဲ။ အဲ့လို လုပ်ရင် လူတွေ ကြောက်ကုန်မယ်။ ဟိုမှာကြည့် နင့်ကြောင့် ငါ့တူလေး ၂ ယောက် ကြောက်သွားပြီ!”
ချင်းယုဟွိုင်းနဲ့ ချင်းယုကျီးတို့ ရှက်သွားကြသည်။ သူတို့ မကြောက်ပါ။ သူတို့ ဒေါ်လေး ထိခိုက်ဒဏ်ရာ ရမှာကို စိုးရိမ်တာဖြစ်သည်။
Tibetan Mastiff ခွေးကြီးက ခေါင်းငုံ့ထားပြီး ဝမ်းနည်းသော အသံများ ဆက်ထွက်ပြနေသည်။
ခွေးပိုင်ရှင်ကောင်လေးက သည်းမခံနိုင်တော့ဘဲ စူစူလေးဆီ လာကာ မေးလိုက်သည်။ “နင်ဘယ်သူလဲ?! ငါ့ခွေး မဲလုံးက ဘာလို့ နင့်စကားကို နားထောင်နေတာလဲ?!”
“နင်ကကော ဘာလို့ အဲ့လောက် ဆိုးသွမ်းရတာလဲ။ ခွေးတစ်ကောင်နဲ့ လျှောက်သွားနေရင် လည်ပတ်ကြိုး တပ်ရမှာပေါ့! လည်ပတ်ကြိုးမတပ်ရင် နင့်ခွေးကို သူများ ခိုးသွားလိမ့်မယ်!”
စူစူလေး၏ မျက်နှာသေးသေးလေးက တည်တံ့နေပြီး သူမရဲ့ တောက်တောက်ပပ မျက်လုံးလေးများကလည်း သူများစိတ်ကို ဖောက်ထွင်းမြင်နိုင်သည့်အလား။
“ငါဘယ်သူလဲဆိုတာ မသိလို့ ငါနဲ့ ငါ့ခွေးကို နင်ဒီလိုစကား ပြောရဲတာ! နင်သိအောင် ငါပြောထားမယ် ငါ့နာမည် ဟွော်ထျင်းလို့ခေါ်တယ်။ သိပြီလား”
“မသိဘူး တစ်ခါမှလည်း မကြားဖူးဘူး”။ စူစူလေးက ပြန်ပြော၏။ “နင့်နာမည် ဘာပဲဖြစ်ဖြစ်ပါ။ နင့်ခွေးနဲ့ လမ်းလျှောက်ထွက်တဲ့အခါ လည်ပတ်ကြိုး တပ်ပေးထားသင့်တယ်!”
စူစူလေးက သူ့နာမည်ကို မကြားဖူးသော်လည်း ချင်းယုဟွိုင်းနဲ့ ချင်းယုကျီးတို့ကတော့ ကျိန်းသေ ကြားဖူးသည်။
ဟွော်ထျင်းဆိုတာ ပေကျင်းမြို့ ဟွော်မိသားစုရဲ့ သခင်လေးပဲ မဟုတ်လား။ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မိစ္ဆာဘုရင်လေး။
သူ့ဂုဏ်က မသေးသဖြင့် ဟွာချန့်မြို့မှာ ဘယ်သူမှ မထိရဲသလောက် ရှိသည်။
ဒါ့ကြောင့်လည်း ဒီကောင်စုတ်က ဒီလောက် ရဲတင်းနေတာဖြစ်သည်။
“ဟမ်း! နင်နဲ့ ဘာဆိုင်လို့လဲ! ငါက လည်ပတ်ကြိုးသုံးရတာ မကြိုက်လို့!” ဟွော်ထျင်းက ပြောလိုက်ပါသည်။
“နင်တော်တော် ဆိုးတာပဲ!” ဟွော်ထျင်း၏ အပြုအမူကို မကြိုက်မှန်း စူစူလေး မဖုံးကွယ်နိုင်ပါ။
သူမရှေ့က ကောင်လေးကို သဘောမကျပေ။ ရုပ်ရည်သန့်ပြန့်သော်လည်း ပြောသည့် စကားများက စိတ်တိုဖို့ကောင်းသည်။
စူစူလေး၏ အထင်အမြင်သေးသော မျက်နှာထားကို မြင်သောအခါ ဟွော်ထျင်း ပိုလို့တောင် ဒေါသ ထွက်သွားပါသည်။ ဒီ မလောက်လေး မလောက်စားမလေးက သူ့ကို အထင်သေးရဲတယ်ပေါ့!
ဒေါသထွက်နေသော ဟွော်ထျင်းတစ်ယောက် မဲလုံးကို အမိန့်ပေးလိုက်သည်။ “မဲလုံး! ထစမ်း! အဲ့ဟာမလေးကို ခုန်အုပ်လိုက်!”
ဒီမလောက်လေး မလောက်စား ကောင်မလေးကို သူပညာပေးရမှဖြစ်မည်။
“ဟွန်း!” စူစူလေးက တစ်လက်မတောင် မရွေ့ဘဲ မတ်တပ် ဆက်ရပ်နေပါသည်။ လုံးဝ မကြောက်ပေ။
“မဲလုံး! သူ့ကို ခုန်အုပ်လိုက်လို့ ပြောနေတယ်!”။ ဟွော်ထျင်းက အမိန့်ထပ်ပေးလိုက်၏။
… … …
အခန်း(၆၂) ပိုက်ဆံပေးရင်တောင် မသင်ပေးနိုင်ဘူး
ဟွော်ထျင်း ဘယ်လောက်ပဲ ပြောပြော မဲလုံးက ကြမ်းပြင်ပေါ်မှာသာ လှဲနေပြီး ထမလာပါ။ နှုတ်မှ တဂီဂီ ငြီးနေပြီး သူ့သခင်ကို သူဘာမှမတတ်နိုင်ကြောင်း ပြောနေသည့်အလား။
သူ့သခင်ရဲ့ အမိန့်တွေကို မလွန်ဆန်ချင်သော်လည်း သူဘာမှ မတတ်နိုင်ပါ။
မဲလုံးက သူ့အမိန့်တွေကို လျစ်လျူရှုနေမှန်းမြင်တော့ ဟွော်ထျင်း စိတ်ဓာတ်လည်းကျ ဇဝေဇဝါလည်း ဖြစ်သွားပါသည်။
သူ့ရှေ့က ကလေးမလေး မဲလုံးကို အမိန့်နာခံအောင် ဘယ်လိုလုပ်လိုက်သလဲ မသိပါ။ အဓိပ္ပာယ် လုံးဝ မရှိပေ။
စူစူလေးက လှောင်ပြုံးပြုံးလျက် ပြောလိုက်၏။ “အမိန့်ပေးလို့ မရဘူးမလား ဟင်းဟင်း”
နောက်ဆုံးမှာတော့ ဟွော်ထျင်းကလည်း အသက် ၇ နှစ် ၈ နှစ်အရွယ် ကလေးတစ်ယောက်သာ ဖြစ်သည်။ ထို့ကြောင့် သူ မလုပ်တတ်သည့်အရာကို လုပ်တတ်ချင်သည်။
ထို့ကြောင့် စူစူလေးနဲ့ ရန်ပြိုင်ဖြစ်မည့်အစား မဲလုံးကို လေ့ကျင့်ပေးနည်း တတ်မြောက်သွားပါက ပေကျင်းကို ပြန်ရောက်သည့်အခါ သူများတွေကို လိုက်ကြွားလို့ရလိမ့်မည်။
စူစူလေးကို ဟွော်ထျင်း အမိန့်သံဖြင့် မေးလိုက်၏။ “နင်ဘယ်လို လုပ်တာလဲ ငါ့ကိုပြောပြစမ်း”
“မပြောပြဘူး!” စူစူလေးက မျက်နှာလွှဲလိုက်ပြီး ဟွော်ထျင်းကို လျစ်လျူရှုလိုက်ပါသည်။
“နင်… ငါ့ကို ခွေးလေ့ကျင့်ပေးနည်း သင်ပေးရင် ငါ…”။ ဟွော်ထျင်း ခေတ္တစဉ်းစားလိုက်သည်။ “ငါနင့်ကို ပိုက်ဆံတွေ အများကြီး ပေးမယ်!”
“မလိုချင်ဘူး!” စူစူလေးက သူ့ကို လှည့်တောင် မကြည့်တော့ပါ။
“ဒါဆို နင်ဘာလိုချင်တာလဲ”
“နင်က ခွေးတွေကို မချစ်ဘူး။ ဂရုလည်း မစိုက်ဘူး။ အဲ့တာကြောင့် မသင်ပေးဘူး!”
“နင်ဘယ်လိုလူလဲ?!” ဟွော်ထျင်းက စိတ်ရှုပ်စွာ ပြောလိုက်သည်။
သူ့ဘေးနားက လူတိုင်း သူ့စကားကို အမြဲတမ်း နာခံခဲ့ကြသည်။ ဒီလို သူ့ကို ပြန်ပြောရဲသည့်လူမျိုး တစ်ခါမှ မတွေ့ဖူးပါ။
“ငါ့ပုံစံနဲ့ ငါပဲ!”။ စူစူလေးက ဟွော်ထျင်းကို လျှာထုတ်ပြလိုက်ပြီး ကျောခိုင်းလိုက်လေသည်။
ဟွော်ထျင်း ကြက်သေသေသွားရ၏။ ထို့နောက် စူစူလေးက မဲလုံးကို လှမ်းပြောလိုက်သည်။ “ငါရှော့ပင် ထွက်လိုက်ဦးမယ်။ နင်ရှော့ပင်းမောထဲလည်း မဝင်ရဘူး သူများတွေကိုလည်း ကြောက်အောင် မလုပ်ရဘူးနော် ကြားလား”
“ဝူး---” မဲလုံးက လိမ်လိမ်မာမာနဲ့ စကားနားထောင်းလိုက်ပါသည်။
“တူကြီးနဲ့ တူလေးတို့ မကြောက်ကြနဲ့တော့။ ငါရှိတယ်။ ငါရှိရင် နင်တို့ကို ဒီခွေး မကိုက်ရဲဘူး! သွားကြစို့!”
ချင်းယုကျီးက စူစူလေး၏ ကလေးမျက်နှာလေးကို ကြည့်လိုက်ပြီး ကြမ်းကြုတ်သည့် Tibetan Mastiff ခွေးကြီး၏ မျက်နှာကိုလည်း ကြည့်လိုက်သည်။
ဒီပွဲမှာ စူစူလေး နိုင်သွားတာကို သူဝန်ခံရပါမည်။
ချင်းယုကျီး တွေးလို့ မပြီးသေးခင် စူစူလေးက ချင်းယုကျီး၏ လက်တစ်ဖက်နဲ့ ချင်းယုဟွိုင်း၏ လက်တစ်ဖက်စီတို့ကို တွဲပြီး နှစ်ယောက်စလုံးကို ဓာတ်လှေကားထဲ ဆွဲခေါ်သွားခဲ့ပါသည်။
ဓာတ်လှေကားတံခါး ပွင့်လာတာကို မြင်သောအခါ ဟွော်ထျင်းက မဲလုံးကို အမိန့်ပေးလိုက်၏။ “လာစမ်း မဲလုံး!”
ဓာတ်လှေကား တံခါးသာ ပိတ်သွားသည်။ မဲလုံးကတော့ တုတ်တုတ်မျှမလှုပ်။
“အသုံးမကျတဲ့ကောင်! မင်းကို စားစရာသောက်စရာတွေ ဒီလောက် ကျွေးမွေးထားတာ အလကားပဲ! မင်းသခင်က ဘယ်သူလဲကော မှတ်မိသေးလား?!”။ ဟွော်ထျင်း ဒေါသမီးတောက်လျက် ပြောလိုက်ပါသည်။
အနက်ရောင် Suit များဝတ်ဆင်ထားသည့် အရပ်ရှည်ရှည် ဘော်ဒီဂတ်နှစ်ယောက် အပြေးရောက်လာကြပြီး ဟွော်ထျင်းကို မြင်သောအခါ စိတ်အေးသွားကြသည်။
“သခင်လေး ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ”
“ဘာဖြစ်သွားသေးလဲ သခင်လေး”
ဟွော်ထျင်းက စိတ်မရှည်သော မျက်နှာဖြင့် ပြောလိုက်သည်။ “ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး။ မင်းတို့တွေ အရမ်းစိတ်ရှုပ်ဖို့ ကောင်းတာပဲ!”
ဒီလို စိတ်ရှုပ်ဖို့ ကောင်းလို့လည်း သူတစ်ယောက်တည်း လစ်ထွက်လာခဲ့တာ မဟုတ်လား။
“မင်းတို့ မဲလုံးကို ပြန်ခေါ်သွားတော့။ ငါလုပ်စရာတွေ ရှိသေးတယ်!” ဟွော်ထျင်းက မဲလုံးကို ဘော်ဒီဂတ်တွေ လက်ထဲ အပ်လိုက်ပြီး ဓာတ်လှေကားထဲ ပြေးဝင်သွားခဲ့ပါသည်။
“သခင်လေး!!”
ဟွော်ထျင်း ထပ်ပြီးထွက်ပြေးသွားတာကို မြင်သောအခါ ဘော်ဒီဂတ်နှစ်ယောက် လူစုခွဲလိုက်ကြသည်။ တစ်ယောက်က မဲလုံးကို စောင့်ကြည့်ဖို့ နေခဲ့ပြီး နောက်တစ်ယောက်က ဟွော်ထျင်းနောက် လိုက်သွားခဲ့ပါသည်။
ဟွော်ထျင်းက ဓာတ်လှေကားနဲ့ ရှော့ပင်းမော အပေါ်ထပ်သို့ တက်လာခဲ့ပြီး တစ်စုံတစ်ခုကို ရှာဖွေနေသလို အလောတကြီး ပြုမူနေပါသည်။
ဒါကိုမြင်တော့ ဘော်ဒီဂတ်က မေးလိုက်၏။ “သခင်လေး ဘာလိုချင်လို့လဲ။ ကျွန်တော်တို့ကိုသာ ပြောပါ။ ရှော့ပင်းမောက တစ်ယောက်ယောက်ကို ခေါ်ပြီး လမ်းညွှန်ခိုင်းလိုက်မယ်”
“ငါ ကလေးမလေး တစ်ယောက်ကို ရှာနေတာ။ အရပ်ပုပု အသားဖြူဖြူ၊ ချစ်ဖို့ကောင်းပေမယ့် ရိုင်းစိုင်းတယ်!”
“ကလေးမလေး ဟုတ်လား”။ သူတို့ သခင်လေးက ကလေးမလေးတစ်ယောက်ကို ဘာလို့ ရှာနေတာလဲ။
“မင်းမရှာတတ်ရင် ပါးစပ်ပိတ်ထား!”
ဟွော်ထျင်း စကားဆုံးဆုံးချင်း ထိုစိတ်တိုစရာ ကောင်မလေး ကလေးစာအုပ်ဆိုင်ထဲမှာ စာအုပ်ရွေးနေမှန်း တွေ့လိုက်ရပါသည်။
ဟွော်ထျင်းက သူမဆီ အမြန်ပြေးသွားခဲ့သည်။
စူစူလေးက သူမအကြိုက်ဆုံး ရုပ်ပြစာအုပ်ကလေးများကို ရွေးချယ်နေတာဖြစ်သည်။
“မရွေးတတ်ရင်လည်း အကုန်လုံးသာ ဝယ်လိုက်ပါ”။ ချင်းယုဟွိုင်းက ဘေးမှ ပြောလိုက်သည်။
“မဟုတ်တာ အရမ်းဈေးကြီးတာကို!” စူစူလေးက ပြန်ပြောပါသည်။
ဒါကိုကြားတော့ ချင်းယုကျီးက အားရပါးရ ရယ်မောလိုက်လေသည်။
ဒီကလေးမလေးက ပိုက်ဆံအကြောင်း ကောင်းကောင်းနားလည်သေးပုံ မပေါ်ပါ။ သူမရဲ့ အဝတ်အစား တန်ဖိုးနဲ့တင် ဒီလို ရုပ်ပြစာအုပ်တွေ ကုန်တင်ကားနဲ့ တစ်စီးအပြည့် ဝယ်လို့ရသည်။ ဒါကို သူတို့ မတတ်နိုင်ဘူး ထင်နေတာလား။
ထိုအချိန်တွင် ဟွော်ထျင်း ရောက်လာပြီး မောက်မာစွာ ပြောလိုက်သည်။ “ဒီရုပ်ပြစာအုပ်တွေကို နင်ကြိုက်ရင် ငါအကုန် ဝယ်ပေးမယ်! မဲလုံးကို စကားနားထောင်အောင် ဘယ်လို လုပ်ရမလဲဆိုတာသာ ငါ့ကိုသင်ပေး!”
စူစူလေး ခေါင်းမော့ကြည့်လိုက်ရာ ဟွော်ထျင်းကို မြင်ပြီး ချက်ချင်း မျက်နှာလွှဲလိုက်ပါသည်။ “မလိုချင်ပါဘူး”
“နင်မကြိုက်ဘူးလား။ ဘာလို့ မလိုချင်တာလဲ”။ ဟွော်ထျင်း စိတ်မရှည်တော့ပါ။
ဒီကလေးစုတ်က ဘာဖြစ်နေတာလဲ။ မုန်းစရာကောင်းလိုက်တာ!