← Chapters

အခန်း (၆၃+၆၄)

Vol. 3 Ch. 63+64

အခန်း (၆၃+၆၄)

Vol. 3 Ch. 63+64

အခန်း(၆၃) အကုန်လုံး ဝယ်ပေးမယ်

“ငါ ရုပ်ပြစာအုပ်တွေကို ကြိုက်တယ်။ နင်ဝယ်ပေးမှာကို မကြိုက်တာ!” စူစူလေးက နှုတ်ခမ်းလေးစူ ပါးလေး ဖောင်းပြီး ပြန်ချေပလိုက်သည်။

“ငါဝယ်ပေးတော့ ဘာဖြစ်လို့လဲ။ ဒီတိုင်း စေတနာနဲ့ လက်ဆောင်ပေးတာ ငါ့ကို ကျေးဇူးတောင် တင်သင့်တာ မဟုတ်ဘူးလား”

“မတင်ဘူး!”

စူစူလေးက ဟွော်ထျင်းကို မျက်နှာသာ လုံးဝ မပေးပါ။ ဟွော်ထျင်းက စိတ်ရှုပ်လာပြီး သူ့ဘော်ဒီဂတ်ကို အမိန့်ပေးလိုက်သည်။

“ဒီဆိုင်ထဲက စာအုပ်အကုန် ဝယ်ပလိုက်ကွာ! ငါအကုန် လိုချင်တယ်!”

“ဟုတ်ကဲ့ပါ သခင်လေး”

ဘော်ဒီဂတ်က ချက်ချင်းပဲ ဖုန်းတစ်ကော ဆက်လိုက်ပြီး စီစဉ်လိုက်ပါသည်။

သိပ်မကြာလိုက်ဘဲ ရှော့ပင်းမော မန်နေဂျာ ရောက်ရှိလာ၏။

ဟွော်ထျင်းကို မြင်သောအခါ မန်နေဂျာ၏ စူပုပ်နေသော မျက်နှာက ချက်ချင်း ပြုံးဖြီးသွားပြီး ဖားသံဖြင့် ခေါ်လိုက်သည်။ “သခင်လေး ဟွော်ပါလား”

ဟွော်ထျင်းက မျက်နှာတင်းတင်းဖြင့် ပြန်ပြောလိုက်သည်။ “စကားအပိုတွေ မပြောနဲ့။ ဒီဆိုင်ထဲက စာအုပ်တွေ အကုန်လုံး ကျွန်တော် လိုချင်တယ်! အခုချက်ချင်းနော်!”

“ဟုတ်ကဲ့ပါ ဟုတ်ကဲ့ ဟုတ်ကဲ့”။ မန်နေဂျာက ဆိုင်ဝန်ထမ်းတွေကို ချက်ချင်း လှုပ်ရှားခိုင်းလိုက်ပါသည်။

တခြား ကလေးတစ်ယောက်ယောက်က ဒီစကားပြောလျှင် နောက်နေတာဟု ထင်ကြနိုင်သော်လည်း သခင်လေးဟွော်ကတော့ သာမန်ကလေး မဟုတ်ပါ။

ကောင်းကင်ပေါ်က လမင်းကြီးကို လိုချင်သည်ဟု ဆိုရင်တောင် ဟွော်မိသားစုက ဒုံးပျံတစ်လုံး လွှတ်တင်ပြီး ဒီသခင်လေးအတွက် လပေါ်က အစိတ်အပိုင်းတစ်ခု သွားယူပေးနိုင်သည်။

အဖြစ်အပျက်တွေကို ကြည့်ရင်း ချင်းယုကျီး သက်ပြင်းချလိုက်သည်။ “အစ်ကိုကြီး၊ ငါ့ကိုယ်ငါ အလိုလိုက်ခံထားရတယ်လို့ ထင်နေတာ။ ငါ့ထက် ပိုဆိုးတဲ့လူရှိနေမယ်လို့ ထင်မထားဘူး”

ချင်းယုဟွိုင်းက သူ့ကို အေးစက်စက် အကြည့်ဖြင့် ကြည့်လိုက်၏။

“အဟွတ် အဟွတ်” ချင်းယုကျီး ချက်ချင်းပဲ ခေါင်းငုံ့ကာ ပါးစပ်ပိတ်ထားလိုက်ပါတော့သည်။

ချင်းယုဟွိုင်းက ခါးကိုင်းလိုက်ပြီး ရုပ်ပြစာအုပ်တွေ ရွေးနေဆဲဖြစ်သည့် စူစူလေးကို ပြောလိုက်သည်။ “စူစူ ဒီဆိုင်က စာအုပ်တွေ အကုန်သူများ ဝယ်သွားပြီ။ တခြားဆိုင် သွားကြမလား”

စူစူလေးက ချင်းယုဟွိုင်းကို မော့ကြည့်လိုက်ပါသည်။ သူမ မျက်နှာလေးက ဘာမှ နားမလည်သည့်နှယ်။

စာအုပ်တွေအကုန် သူများ ဝယ်သွားတယ်ဆိုတာ ဘာကိုဆိုလိုမှန်း နားလည်ဖို့ သူမ အချိန်ယူလိုက်ရ၏။

“အင်းပါ”။ စူစူလေး ကိုင်ထားသည့် ရုပ်ပြစာအုပ်ကို ပြန်ချလိုက်ပါသည်။ ထိုစာအုပ်လေးကို သူမ သဘောကျသော်လည်း သူများ အပိုင်ဖြစ်သွားပြီ ဖြစ်တာကြောင့် ဘာမှ လုပ်လို့မရတော့ပါ။

စူစူလေးက ချင်းယုဟွိုင်းနဲ့ ချင်းယုကျီးတို့၏ လက်ကိုတွဲကာ ထွက်သွားဖို့ ပြင်လိုက်သည်။ သို့သော် ဟွော်ထျင်းက သူတို့ရှေ့မှာ ပိတ်ရပ်လိုက်ပြန်ပါသည်။

“ငါစာအုပ်တွေ အကုန်လုံးဝယ်လိုက်တာ နင့်ကို အကုန်လုံးပေးဖို့! နင်ကြိုက်တာ အကုန်ယူ! ကျန်တဲ့ စာအုပ်တွေကိုလည်း ကားတွေနဲ့ နင့်အိမ်ဆီ ပို့ခိုင်းလိုက်မယ်!”။ ဟွော်ထျင်းက စူစူလေးကို အာဏာရှင် ဆန်စွာ ပြောလိုက်သည်။

“မလိုချင်ပါဘူးဆို! ငါနင့်ကို မသိဘူး နင့်ပစ္စည်းတွေလည်း မလိုချင်ဘူး!” စူစူလေးက ပြတ်ပြတ်သားသား ငြင်းလိုက်သည်။

သူမ ဒီကောင်လေးနဲ့ မရင်းနှီးပါ။ သူစိမ်းတွေဆီက လက်ဆောင်တွေ အလွယ်တကူ မယူဖို့ သူမ မိဘတွေကလည်း မှာထားပါသည်။

ထို့အပြင် ဒီကောင်လေးက စိတ်ရှုပ်စရာလည်း ကောင်းသည်။ စိတ်ရှုပ်ဖို့ ကောင်းသည်ဟု သူမ သတ်မှတ်ထားသည့် လူတစ်ယောက်ထံမှ ကျိန်းသေပေါက် ဘာပစ္စည်းမှ လက်ခံမှာ မဟုတ်ပါ။

“နင်တော့လား!” ဟွောင်ထျင်း၏ မျက်နှာသန့်သန့်လေး အကျည်းတန်စွာ ရှုံ့မဲ့သွားပြီး ထပေါက်တော့မည့် ဗုံးတစ်လုံးအလား အငွေ့တထူထူထသွား၏။

ဒါကိုမြင်တော့ ရှော့ပင်းမော မန်နေဂျာက စိတ်ဖိစီးသွားပြီး စူစူလေးကို အမြန်သွားဖြောင်းဖြလေသည်။ “ကလေးမလေး၊ သခင်လေးဟွော်က သဘောကောင်းလို့ သမီးကို ဒါတွေ ဝယ်ပေးတာပါ။ သူ့ကို ကျေးဇူးတောင် တင်သင့်တာ”

“မလိုချင်ဘူး။ သူအဲ့လိုလုပ်တာလည်း မကြိုက်ဘူး”။ စူစူလေးက ငြင်းဆန်လိုက်သည်။

“သခင်လေးဟွော်က သမီးကို ပျော်စေချင်လို့ ပေးတာပါ တွေ့လား။ ဒီမှာ ချစ်ဖို့ကောင်းတဲ့ ရုပ်ပြစာအုပ် လေးတွေ အများကြီးပဲ”။ မန်နေဂျာက ထပ်ပြောလိုက်သည်။

“မလိုချင်ဘူးလို့။ ပြီးတော့ သူက သဘောလည်း ကောင်းတာ မဟုတ်ဘူး”။ စူစူလေးကလည်း ခေါင်းမာနေဆဲ ဖြစ်၏။

“အာ…” မန်နေဂျာ ရှက်ရွံ့သွားပြီး ဟွော်ထျင်းကို သတိကြီးကြီးထားကာ ပြန်ကြည့်လိုက်သည်။

ဒီကလေးမလေးကြောင့် ဟွော်ထျင်း ဒေါသထွက်သွားမှာကို မန်နေဂျာ ကြောက်ရွံ့နေပါသည်။ ထိုသို့သာ ဖြစ်လာလျှင် ကောင်းကင်ပြိုလိမ့်မည်။

ဟွော်ထျင်းက စူစူလေးကို ပြောလိုက်သည်။ “တွေ့လား သူ့လိုဖြစ်နေရမယ်!”

“ဟွန်း!” စူစူလေး မျက်စောင်းထိုးလိုက်ပြီး ဟွော်ထျင်းကို လျစ်လျူရှုကာ ချင်းယုဟွိုင်း၊ ချင်းယုကျီးတို့နဲ့ အတူတူ ဘေးချင်းကပ်လျက်ရှိသော အရုပ်ဆိုင်ထဲ ဝင်သွားပါသည်။

စူစူလေး ဆိုင်ထဲရောက်ပြီး သိပ်မကြာလိုက်ဘဲ ဟွော်ထျင်း ထပ်လိုက်လာပြီး ချက်ချင်း ကြေညာလိုက်သည်။ “ဒီဆိုင်ထဲကဟာတွေ အကုန်လုံးလည်း ငါလိုချင်တယ်!”

ဟွော်ထျင်း ခေါင်းမီးတောက်နေပါပြီ။ စူစူလေးက မလိုချင်ဘူးပြောလေလေ သူပို ပေးချင်လေလေ ဖြစ်သည်။

… … …

အခန်း(၆၄) ရှော့ပင်းမော တစ်ခုလုံးနီးပါး ဝယ်ယူခြင်း

မန်နေဂျာကလည်း အနောက်မှ တကောက်ကောက်လိုက်ကာ ဟွော်ထျင်းလေး ဆန္ဒရှိသည့်အတိုင်း ဆောင်ရွက်ပေးရန် သူ့အလုပ်သမားတွေကို စေခိုင်းနေပါသည်။

စူစူလေး ဆိုင်ထဲမှ ထပ်ထွက်သွားပြီး ကလေးအဝတ်အစားဆိုင် တစ်ဆိုင်ထဲ ဝင်သွားပြန်သည်။

ဟွော်ထျင်းကလည်း အရှုံးမပေးဘဲ အနောက်က လိုက်ဝင်သွား၏။

ဒီနေ့ စူစူလေးကို အနိုင်ယူဖို့ သူစိတ်ပိုင်းဖြတ်ထားသည်။ ထို့ကြောင့် စူစူလေး ဆိုင်တစ်ဆိုင်ထဲ ဝင်လိုက်တိုင်း ထိုတစ်ဆိုင်လုံးက ပစ္စည်းအကုန်လုံးကို ဟွော်ထျင်း ဝယ်ယူပြစ်လိုက်သည်။

ကြောက်စရာကောင်းလောက်အောင် ဝယ်ယူနေခြင်းဖြစ်၏။

ဒီလိုနဲ့ ရှော့ပင်းမောထဲမှာ ကလေးမလေးတစ်ယောက်က အရှေ့ကပြေးလွှားနေပြီး ကောင်လေး တစ်ယောက်က အနောက်မှ ခြေရာခံလိုက်ကာ လူကြီးတစ်အုပ်ကလည်း သူတို့နှစ်ယောက်စလုံးနောက် တကောက်ကောက် လိုက်နေသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာလေသည်။

ကလေးမလေး ဝင်သွားသည့်ဆိုင်တိုင်း တစ်ဆိုင်လုံး ဝယ်ယူခံလိုက်ရသည်။

တခြား ဈေးဆိုင်မှ ဝန်ထမ်းများက ထိုအဖြစ်ကို ကြည့်ရင်း မနာလို အားကျမိ၏။ သူတို့လည်း ကလေးပစ္စည်း ရောင်းရင် အကောင်းသားဟု တွေးမိသည်။

ချင်းယုကျီးက တစ်ခုခု မူမမှန်တာကို သတိထားမိပြီး သူ့အစ်ကိုကြီးအား လှမ်းပြောလိုက်ပါသည်။ “အစ်ကိုကြီး ငါတို့ဒီနေ့ အိမ်ပြန်ရောက်မှာ မဟုတ်တော့ဘူး။ ဒီတိုင်းသာ ဆက်သွားရင် အကုန် ဗရုသုက္ခတွေ ဖြစ်ကုန်တော့မယ်”

ဒီတိုင်းသာ ဆက်သွားလျှင် ရှော့ပင်းမောတစ်ခုလုံးကို တစ်နာရီအတွင်း သခင်လေးဟွော် ဝယ်မိတော့မည်။

ချင်းယုဟွိုင်းကလည်း မျက်မှောင်ကြုတ်သွားပြီး သေချာစဉ်းစားကာ ပြန်ပြောလိုက်သည်။ “စူစူလေးကို အိမ်ပြန်ပို့ကြစို့”

သူ့ညီ ပြောတာမှန်မှန်း ချင်းယုဟွိုင်း သိပါသည်။ သို့သော်လည်း သူ့အတွေးအခေါ်က သူ့ညီထက် အဆင့် အများကြီး ပိုမြင့်၏။

ဟွော်ထျင်းက ကလေးတစ်ယောက် ဖြစ်သော်လည်း ဟွော်မိသားစု တစ်စုလုံးကို လွှမ်းမိုးနိုင်စွမ်း ရှိသူ ဖြစ်၏။

ထို့အပြင် ပေကျင်းမြို့က ဟွော်မိသားစုဆိုတာ ချင်းမိသားစု စိန်ခေါ်ရဲသည့် မိသားစု မဟုတ်ပါ။

“အိုကေ”။ ချင်းယုကျီးက စူစူလေးကို ပွေ့ချီလိုက်ပြီး ပြောလိုက်ပါသည်။ “စူစူ ငါတို့ ဒီနေ့ ရှော့ပင် ဆက်မထွက်တော့ဘူး။ အိမ်ပြန်မယ်။ အိမ်မှာ အွန်လိုင်းရှော့ပင်ကနေ ဝယ်နည်း ငါသင်ပေးမယ်! နင် ကြိုက်တဲ့ ရုပ်ပြစာအုပ်လေးတွေ ငါတို့ ဝယ်ကြမယ်နော်!”

“အွန်လိုင်းရှော့ပင် ဟုတ်လား။ အဲ့တာဘာကြီးလဲ”။ စူစူလေးက တောက်ပသော မျက်လုံးလေးများဖြင့် မေးလိုက်သည်။

“ဖုန်းပေါ်ကနေ ပစ္စည်းတွေဝယ်တာပေါ့။ ဓာတ်ပုံလေးတွေ ကြည့်ပြီး ကိုယ်ကြိုက်တဲ့ ပစ္စည်းရှိရင် ဝယ်လိုက်ရုံပဲ။ ပြီးရင် ကမ္ဘာကြီးရဲ့ ဘယ်နေရာကနေမဆို အဲ့ပစ္စည်းကို ငါတို့အိမ်အရောက် ပို့ပေးနိုင်တယ်”။ ချင်းယုကျီး ရှင်းပြလိုက်သည်။

“အမ်…” စူစူလေး တစ်ခါမှ အွန်လိုင်းရှော့ပင်အကြောင်း မကြားဖူးပါ။ ထို့နောက် စိတ်ဝင်စားသော မျက်နှာလေးဖြင့် ပြောလိုက်သည်။ “ဒါဆို ပြန်ကြရအောင်! အွန်လိုင်းရှော့ပင်လုပ်မယ်!”

စူစူလေးကို ဖြောင်းဖြပြီးနောက် ညီအစ်ကိုနှစ်ယောက် ရှော့ပေးမောမှ ပြန်ထွက်သွားကြလေတော့သည်။

ဒါကိုမြင်တော့ ဟွော်ထျင်း ဒေါသပိုထွက်သွားသည်။ “သူတို့ ဘယ်ကလာတာလဲဆိုတာ ငါသိချင်တယ်! သူတို့ကို တွေ့အောင်ရှာချင်တယ်!”

“စိတ်မပူပါနဲ့ သခင်လေး။ သူတို့ ဟွာချန့်မြို့မှာ နေတာသေချာတယ်ဆို ကျိန်းသေပေါက် ရှာတွေ့မှာပါ”။ ဘော်ဒီဂတ်က အမြန်ပြန်ပြောလိုက်ပါသည်။

--- --- ---

တစ်နာရီခွဲလောက် အပြင်ထွက်သွားကြပြီးနောက် ချင်းယုဟွိုင်း၊ ချင်းယုကျီးနဲ့ စူစူလေးတို့ အိမ်ပြန်ရောက်လာကြသည်။

“ဘယ်လိုဖြစ်တာလဲ။ ဘာလို့ အစောကြီး ပြန်လာကြတာလဲ”။ အဘွားချင်းက ပျော်လည်းပျော် ဇဝေဇဝါလည်း ဖြစ်သွားသော မျက်နှာဖြင့် မေးလိုက်သည်။

“ကံခေသွားလို့” ချင်းယုဟွိုင်းက တည်တည်တံ့တံ့ ပြန်ဖြေလိုက်ပါသည်။

“ဘာဖြစ်တာတုန်း” မြေးအကြီးဆုံး၏ ပူပန်မှုကို အဘွားချင်း ရိပ်မိပါသည်။

“ရှော့ပင်းမောမှာ ပေကျင်းမြို့က ဟွော်မိသားစု သခင်လေးနဲ့ သွားတွေ့လို့…”

ချင်းယုဟွိုင်း စကားမဆုံးခင် ခြံတံခါးဘဲလ်သံ မြည်လာခဲ့ပါသည်။

လုံခြုံရေး ကင်မရာမှတဆင့် ကြည့်လိုက်ရာ ချင်းအိမ်တော်ရှေ့တွင် အနက်ရောင်ဝတ်စုံများ ဝဝ်ဆင်ထားသည့် ဘော်ဒီဂတ်တစ်စု စနစ်တကျ မတ်တပ်ရပ်နေတာကို မြင်လိုက်ရပါသည်။

ထိုဘော်ဒီဂတ်တွေကြားထဲမှာ ဒီနေ့ စူစူလေးတို့ တွေ့ခဲ့သည့် ဟွော်ထျင်းလည်း ပါလာသည်။

ဟွော်ထျင်းရဲ့ဘေးမှာ ခပ်ဝဝ ခန္ဓာကိုယ်ရှိသည့် သက်လတ်ပိုင်းလူကြီး တစ်ယောက်လည်း ပါသည်။

လုံခြုံရေး ကင်မရာမှ မြင်ကွင်းကို မြင်ပြီး အဘွားချင်းက ချင်းယုကျီးကို သံသယဖြစ်စွာ ကြည့်လိုက်သည်။ “ယုကျီး နင်ဘာပြဿနာမှ ရှာမထားပါဘူးနော်”

“ကျွန်တော် ဘာမှမလုပ်ထားပါဘူး”။ ချင်းယုကျီး ငြင်းလိုက်သည်။ ဒီတစ်ခါ သူ့အပြစ်တကယ် မဟုတ်ပါ။

ယုကျီးရဲ့ ပြဿနာမဟုတ်ရင် ဘယ်သူ့ ပြဿနာလဲ။

ယုဟွိုင်းက တည်ကြည်လေးနက်ပြီး စူစူလေးကလည်း အလွန်လိမ္မာသည်။ သူတို့နှစ်ယောက် ပြဿနာ ရှာဖို့ဆိုတာ မဖြစ်နိုင်ပါ။

ထိုစဉ် အိမ်စေ တစ်ယောက်က ရေးကြီးသုတ်ပျာ ပြေးလာပြီး အဘွားချင်းကို ပြောလိုက်၏။ “သခင်မကြီး အပြင်ကလူတွေက ပေကျင်းမြို့ကလာတဲ့ ဟွော်မိသားစုလို့ ပြောနေပါတယ်။ သူတို့ သခင်လေးက ကျွန်မတို့ သခင်မလေးစူစူနဲ့ ကစားဖို့ လာလည်တာလို့ ပြောနေတယ်။ အဲ့တာကြောင့်… တံခါး ဖွင့်ပေးလိုက်ရမလားဟင်…”

All Chapters