← Chapters

အခန်း (၆၅+၆၆)

Vol. 3 Ch. 65+66

အခန်း (၆၅+၆၆)

Vol. 3 Ch. 65+66

အခန်း(၆၅) ထပ်တွေ့ကြပြန်ပြီ ကောင်မလေး

“ပေကျင်းမြို့က ဟွော်မိသားစု ဟုတ်လား”။ အဘွားချင်း မျက်မှောင်ကြုတ်သွားပြီး ခေတ္တ စဉ်းစားလိုက်သည်။ ထို့နောက် ပြန်ပြောလိုက်၏။ “ဧည့်သည်တွေကို ဝင်ခွင့်ပေးလိုက်ပါ”

“ဟုတ်ကဲ့ပါ”။ အိမ်စေက ခြံတံခါး သွားဖွင့်ပေးလိုက်ပြီး ဧည့်သည်တွေကို ဖိတ်ခေါ်လိုက်ပါသည်။

အိမ်စေကို ညွှန်ကြားပြီးနောက် အဘွားချင်းက စူစူလေးဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “သမီးလေး ဘာမှမကြောက်နဲ့။ မေမေရှိတယ်။ မေမေ ရှင်းလိုက်မယ်”

စူစူလေးက အမြန်ပြန်ပြောလိုက်သည်။ “သမီဂမကြောက်ပါဘူး!”

“အင်း ငါ့သမီးလေး အလိမ္မာဆုံးပဲ”။ အဘွားချင်းက စူစူလေး၏ ခေါင်းလေးကို ပွတ်ပေးလိုက်ပြီး သူမ မြေးနှစ်ယောက်ကို လှည့်ပြောလိုက်သည်။ “ဒီနေ့ နင်တို့အဘိုး မရှိဘူး။ နင်တို့နှစ်ယောက် ငါနဲ့တူတူ ဧည့်သည်တွေကို ဧည့်ခံရမယ်”

အဘွားချင်းက တည်ကြည်သော မျက်နှာဖြင့် လေးလေးနက်နက် ပြောလိုက်ခြင်းဖြစ်၏။

“ဟုတ်ပါပြီ”။ ချင်းယုဟွိုင်း ပြန်ပြောလိုက်သည်။

သူတို့ အဘွားကို ဒီလိုပုံစံမျိုးနဲ့ မမြင်ရတာ အတော်ကြာပါပြီ။

မကြာမီ ဟွော်မိသားစုမှ လူတွေ ဝင်လာကြလေသည်…။

ဟွော်ထျင်းက ရှေ့ဆုံးမှ ဦးဆောင်နေပြီး သူ့နောက်မှာ သက်လတ်ပိုင်းလူကြီးပါသည်။

သတ်လတ်ပိုင်း လူကြီးက သဘောလည်းကောင်းသည်ဟု ထင်ရသလို စိတ်လည်း ပုပ်သည်ဟု ထင်ရလောက်သည့် အပြုံးမျိုး ပြုံးထားသည်။

“မင်္ဂလာပါ သခင်မကြီးချင်းနဲ့ ချင်းမိသားစုရဲ့ သခင်လေးနှစ်ယောက်။ ကျွန်တော်က ဟွော်မိသားစုရဲ့ အိမ်တော်ထိန်း လျို့ပါ”။ သက်လတ်ပိုင်းလူကြီးက အပြုံးဖြင့် သူ့ကိုယ်သူ မိတ်ဆက်လိုက်ပါသည်။

“အင်း။ ဘာအကြောင်းကိစ္စကြောင့် အိမ်တော်ထိန်းလျို့က ဒီအထိ ရောက်လာရတာလဲ”။ အဘွားချင်းက ယဉ်ကျေးသော်လည်း အာဏာသံပါသည့် မေးခွန်းမေးလိုက်သည်။

“ဒီလိုပါ။ ဒီကောင်လေးက မကြာသေးခင်ကမှ ဟွာချန့်မြို့ကို အလည်အပတ် အနားလာယူတဲ့ ကျွန်တော်တို့ရဲ့ သခင်လေးဟွော်ပါ။ ဒီနေ့ သခင်မကြီးရဲ့ မြေးမလေးနဲ့ သူနဲ့ ရှော့ပင်းမောမှာ ဆုံခဲ့ပြီး ရင်းနှီးသွားကြတယ်။ အဲ့တာကြောင့် ဒီကလေးနှစ်ယောက်ကို အတူတူကစားခွင့်ပေးဖို့ မျှော်လင့်ချက်နဲ့ ကျွန်တော်တို့ လာခဲ့တာပါ”

“ဒီလိုလား။ အိမ်တော်ထိန်းလျို့ရဲ့ အမြင်ကို ကျွန်မ နားလည်ပါတယ်။ ပြီးတော့ ဟုတ်လည်း ဟုတ်ပါတယ်။ ကလေးတွေဆိုတာ ခင်ခင်မင်မင် ဖော်ဖော်ရွေရွေ နေသင့်တယ်။ ဒါပေမယ့် အိမ်တော်ထိန်း လျို့ တစ်ခုမှားနေပြီ။ ကျွန်မမှာ မြေးမလေး မရှိဘူး”

“မြေးမလေး မရှိဘူးဟုတ်လား။ ဒါဆို… ဟိုမှာ ကြောင်ဖြူလေးနဲ့ ကစားနတဲ့ ကောင်မလေးက ဘယ်သူလဲ”။ အိမ်တော်ထိန်းလျို့ မေးမြန်းကြည့်လိုက်သည်။

“အဲ့တာ ကျွန်မ သမီးပါ”

“သမီး?” အိမ်တော်ထိန်းလျို့က အတွေ့အကြုံရင့်ကျက်သူဖြစ်သော်လည်း အနည်းငယ် အံ့အားသင့်သွားမိသည်။

ဘေးမှာ ရပ်နေသည့် ဟွော်ထျင်းလည်း သံသယဖြင့် မှင်သက်သွားသော မျက်နှာမျိုး ဖြစ်သွားသည်။

“ဟုတ်ပါတယ်”။ အဘွားချင်းက အပြုံးဖြင့် ပြန်ပြောလိုက်သည်။ သူမ မျက်လုံးများက နွေးထွေးပြီး ဖော်ရွေကာ ဘာကိုမှ ဖုံးကွယ်ထားပုံ မပေါ်ပေ။

အိမ်တော်ထိန်းလျို့လည်း အခြေအနေကို အမြန်ပြန်ထိန်းသိမ်းကာ ပြောလိုက်၏။ “ဒါဆို ကျွန်တော် နားလည်မှုလွဲသွားတာပေါ့။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ သခင်မကြီး။ ကျွန်တော်တို့ သခင်လေး ဟွာချန့်မြို့မှာ ရှိနေတဲ့အချိန်အတွင်း သခင်မကြီးရဲ့ သမီးလေးနဲ့ ကစားခွင့်ပြုဖို့ ကျွန်တော်တို့ တောင်းဆိုလို့ ရမလား”

“အဲ့မေးခွန်းကို ကျွန်မ ဖြေပေးလို့ မရဘူး။ သခင်လေးဟွော်နဲ့ ကစားချင် မကစားချင်က ကျွန်မ သမီးလေး ကိုယ်တိုင်ပေါ်မှာပဲ မူတည်တယ်”။ အဘွားချင်းက ပြန်ဖြေလိုက်ပါသည်။

“ဟုတ်တာပေါ့ ဟုတ်တာပေါ့။ ကလေးတွေရဲ့ ဆန္ဒကို လေးစားရမှာပေါ့”။ အိမ်တော်ထိန်းလျို့က အပြုံးဖြင့် ပြောလိုက်၏။ “ဒါဆို ကျွန်တော်တို့ သခင်လေးကို သခင်မလေးနဲ့ စကားပြောခွင့် ပြုပါဦး”

အဘွားချင်းက ခေါင်းငြိမ့်လိုက်သည်။ “စကားပြောလို့ရပါတယ်။ ဒါပေမယ့် စူစူလေး လက်မခံရင် အိမ်တော်ထိန်းလျို့ အတင်းအကျပ် ဖိအားမပေးဖို့ မျှော်လင့်တယ်။ သူတို့က ကလေးတွေပဲ။ အတူတူ ကစားကြရင် အကောင်းဆုံးဆိုပေမယ့် မကစားချင်ဘူးဆိုရင် လူကြီးတွေက ဝင်မပါသင့်ဘူး။ ဘယ်လို သဘောရလဲ အိမ်တော်ထိန်းလျို့”

“ဟုတ်ပါတယ် ဟုတ်ပါတယ်။ သခင်မကြီးပြောတာ အရမ်းအဓိပ္ပာယ်ရှိပါတယ်”။ အိမ်တော်ထိန််းလျို့က ယဉ်ယဉ်ကျေးကျေး သဘောတူလိုက်ပါသည်။

အဘွားချင်း၏ ခွင့်ပြုချက်ဖြင့် စူစူလေးဆီ ဟွော်ထျင်း ဟိတ်ဟန်ထုတ်လျက် လမ်းလျှောက်သွား၏။

စူစူလေးက ဟူကျစ်နဲ့ ပန်းကန်ပြားပျံပစ်တမ်း ကစားနေတာဖြစ်သည်။ ပန်းကန်ပြားပျံကို ခြံထဲ ပစ်လွှတ်လိုက်ရာ ဟူဟူလေးက ရွှင်မြူးစွာဖြင့် သွားဖမ်းပြီး ပြန်ယူလာပါသည်။

“ဟေ့ကောင်မလေး ငါတို့ ထပ်တွေ့ကြပြန်ပြီ! အခု နင်ဘယ်မှာနေလဲ ငါသိသွားပြီဆိုတော့ ငါ့ဆီက ထွက်ပြေးလို့မရတော့ဘူးပေါ့” ဟွော်ထျင်းက အောင်ပွဲခံကာ ပြောလိုက်သည်။

စူစူလေး ကစားနေတာရပ်လိုက်ပြီး သူ့ကို မျက်နှာကြောတင်းစွာ ကြည့်လိုက်သည်။ “ငါ့နာမည် ‘ကောင်မလေး’ မဟုတ်ဘူး!”

“ဒါဆို နင့်နာမည်က ဘယ်လိုခေါ်လဲ။ ငါ့နာမည် ဟွော်ထျင်းလို့ နင့်ကိုပြောပြီးသွားပြီ။ နင့်နာမည်မှ ငါ့ကို မပြောပြတာ”

“ငါက စူစူ! ပြီးတော့ နင်နဲ့ မကစားချင်ဘူး!” စူစူလေးက ပြန်ပြောလိုက်ပါသည်။

“ဟင်း နင်ငါနဲ့ ကစားချင်တာ မကစားချင်တာ အရေးကြီးသေးလို့လား။ အခု ငါနင့်အိမ်ထဲ ရောက်နေပြီ။ ငါ့ကို ထွက်သွားအောင် နင်လုပ်နိုင်လို့လာ”။ ဟွော်ထျင်းက စိတ်ကြီးဝင်ပြီး ဂုဏ်ယူဝံ့ကြွားသော မျက်နှာဖြင့် ပြောလိုက်လေသည်။

… … …

အခန်း(၆၆) စိတ်ကြီးဝင်တဲ့ သခင်လေးဟွော်

“နင်အထိုးခံချင်နေတာပဲ!” စူစူလေးက သူမရဲ့ လက်သီးဆုပ်သေးသေးလေးကို မြှောက်ကာ ပြောလိုက်သည်။

“ဝေါင်း---” ဟူကျစ်ကလည်း သူ့သခင်လိုပဲ ဟွော်ထျင်းကို ကြည့်ကာ မာန်ဖီလိုက်ပါသည်။

ဟူကျစ်ကော သူ့သခင်ကော အလွန် ချစ်ဖို့ကောင်းလွန်းသည်။ သူတို့ ဘယ်လို မျက်နှာမျိုးပဲလုပ်လုပ် ချစ်ဖို့ကောင်းပြီး ဆွဲညှစ်ချင်စရာကောင်းတာက ပျောက်မသွားပါ။

ဟွော်ထျင်းက စူစူလေးရဲ့ လက်သီးဆုပ်လေးကို ကြည့်ကာ လှောင်ပြောင်လိုက်သည်။ “အဲ့ လက်သီးလေးနဲ့ ငါ့ကို ထိုးနိုင်မယ် ထင်နေတာလား”

ဒါကိုကြားတော့ စူစူလေးက မျက်နှာလွှဲလိုက်ပြီး ပန်းခင်းတစ်ခုပေါ်က ကျောက်တုံးတစ်တုံးကို ယူပြီး မြေပေါ်ချလိုက်သည်။

ထို့နောက် သူမလက်သီးလေးဖြင့် တစ်ချက် ထိုးလိုက်ရာ ကျောက်တုံး အစိပ်စိပ်အမွှာအမွှာ ကွဲကျေသွားလေတော့သည်။

အမ်…

ဟွော်ထျင်း ကြက်သေသေသွား၏။ သူရှေ့တိုးပြီး ကွဲကျေသွားသော ကျောက်တုံးအပိုင်းအစများကို စစ်ကြည့်လိုက်သည်။ ထို့နောက် အကြီးဆုံး ကျောက်တုံးအပိုင်းအစကို ယူလျက် သူ့လက်ထဲ ဖျစ်ကြည့်လိုက်၏။

အား! နာတယ်!

သူ မညှစ်နိုင်ပါ။ ကျောက်တုံးက အလွန်မာကျောလွန်းသည်။

ထို့နောက် ဟွော်ထျင်းက စူစူလေး၏ လက်သီးဆုပ်လေးကို ပြန်ကြည့်လိုက်၏။ ဒီလက်သီးဆုပ်လေးက ပျော့ညံ့တဲ့ပုံစံပေါက်ပေမယ့် ဘာလို့ ဒီလောက်တောင် အားပြင်းရတာလဲ။

ထိုသို့ သရုပ်ပြပြီးနောက် စူစူလေးက သူမရဲ့ လက်သီးလေးနဲ့ ဟွော်ထျင်းကိုတော့ သင်ခန်းစာ မပေးတော့ပါ။

ထို့အစား ဟူကျစ်ကို လှည့်ပြောလိုက်သည်။ “ဟူကျစ် ဟိုဘက်မှာ သွားကစားကြစို့”

စူစူလေးနဲ့ ဟူကျစ်တို့ ဟွော်ထျင်းနဲ့ဝေးရာကို သွားပြီး ဆက်ကစားနေလိုက်ကြပါသည်။ ဟွော်ထျင်းကို လုံးဝ လျစ်လျူရှုထားကြ၏။

မွေးကတည်းက အလိုလိုက်ခံထားရသော ဟွော်ထျင်းတစ်ယောက် သူ့ကို ဒီလို မထီမဲ့မြင် ဆက်ဆံတာမျိုး တစ်ခါမှ မကြုံဖူးပါ။

သူ မကျေနပ်သော်လည်း စူစူလေးကို ပိုပြီး စိတ်ဝင်စားသွားသည်။

သူတောင်းဆိုသမျှကို မလိုက်လျောတဲ့ ကောင်မလေး၊ ထို့အပြင် စိတ်ဓာတ်လည်း မာကျောကာ လက်သီးလည်းပြင်းပြီး တိရိစ္ဆာန်တွေကိုလည်း လေ့ကျင့်ပေးနိုင်သည်။

သူငယ်ငယ်လေးကတည်းက သူလိုချင်တာမှန်သမျှရခဲ့သည်။ သူ့ဘေးက လူတွေကလည်း သူ့အပေါ် အလွန်ကောင်းကြ၏။ သို့သော် စိတ်ရင်းနဲ့ ကောင်းပေးတာ မဟုတ်ဘူးဟု ခံစားနေရသည်။

ဒီလူတွေ သူ့ကို တကယ်မချစ်ဘူးဆိုတာ ဟွော်ထျင်းသိပါသည်။ သူ့ကို ကြောက်တာသာ ဖြစ်သည်။

သူ့နောက်ကွယ်မှာ သူ့အကြောင်း မကောင်းပြောနေကြတာကိုလည်း ကြားဖူးသည်။ သို့သော် သူ့မိသားစုက ချမ်းသာသဖြင့် သူ့ရှေ့မှာတော့ ကောင်းချင်ယောင် ဆောင်ကြသည်။

သူ သူငယ်ချင်းအစစ် လိုချင်ကြောင်း သူ့အဖေကို တစ်ခါတုန်းက ပြောခဲ့ဖူး၏။ ထိုအခါ သူ့အဖေက သူ့ဝန်ထမ်း သားသမီးတွေကို လွှတ်လိုက်ပြီး သူနဲ့အတူတူ ကစားစေသည်။

သို့သော် အားလုံးက သူ့ကို ကြောက်ရွံ့ကြပါသည်။ သူ့ကို အလွန်သတိထားကာ ဆက်ဆံကြပြီး သူ စိတ်တိုမှာကို အလွန်ကြောက်ကြ၏။

ဒါမျိုးကို ဟွော်ထျင်း မကြိုက်ပါ။ သူလည်း တခြားကလေးတွေလို သူငယ်ချင်းအစစ် လိုချင်ပြီး အတူတူ ကစားချင်သည်။

သူရန်ဖြစ်လို့ရပြီး ပြန်ခေါ်လို့လည်းရသည့် သူငယ်ချင်းမျိုး လိုချင်၏။

ဟွော်ထျင်း ခေတ္တစဉ်းစားလိုက်ပြီး စူစူလေးတို့နောက် လိုက်သွားပြန်သည်။

စူစူလေးနဲ့ ဟူကျစ်တို့ အတူတူကစားနေကြတာကို ကြည့်ပြီး ဟွော်ထျင်း မာန်ပါသော မျက်နှာထားဖြင့် မေးလိုက်၏။ “နင်ဘာလို့ ငါ့ကို အဲ့လောက် ကြည့်မရဖြစ်နေတာလဲ။ ငါ့ခွေးကို လည်ပတ်ကြိုး တပ်ပေးမထားလို့လား”

“ဟုတ်တယ်။ အဲ့လိုလုပ်တာ မကောင်းဘူး! ကလေးဆိုးတွေ! ဆိုးတဲ့ကလေးတွေနဲ့ ငါမကစားဘူး!” စူစူလေးက ပြန်ပြောလိုက်သည်။ သူမအသံလေးက နူးညံ့သော်လည်း အထင်အမြင်သေးမှုတွေ ပါဝင်နေပါသည်။

“အဲ့လောက်တောင် အပြစ်ကြီးတာလား”

“ဟုတ်တယ် ခွေးကိုက်ခံရတာ အရမ်းနာတယ်!” စူစူလေးက လက်သီးဆုပ်လေးကို မြှောက်ပြလိုက်သည်။ “ငါနင့်ကို ထိုးရင်လည်း အဲ့လိုပဲ နာမှာပဲ!”

ကျောက်တုံးအမှုန့်ဖြစ်သွားတာကို မြင်ခဲ့ရသည့် ဟွော်ထျင်းတစ်ယောက် စူစူလေး၏ လက်သီးကို မမြည်းချင်ပါ။

“အေးပါဟ အေးပါ! အခုချိန်ကစပြီး အပြင်သွားရင် ငါ့ခွေးကို လည်ပတ်ကြိုး တပ်ပေးထားမယ်။ အဲ့တာဆို နင်ငါ့ကို အဖတ်လုပ်မှာလား”။ ဟွော်ထျင်းက စူစူလေး၏ အသိအမှတ်ပြုမှုကို ခံရဖို့ တစ်ခု ပြန်လိုက်လျောပေးလိုက်သည်။

“တကယ်လား”။ နောက်ဆုံးတော့ ဟွော်ထျင်းကို သေချာကြည့်ပြီး စူစူလေလး မေးလိုက်သည်။

“မယုံရင် သူများတွေကို လိုက်မေးကြည့်။ ငါက အမြဲတမ်း ကတိတည်တတ်မှန်း နင်သိလိမ့်မယ်!” ဟွော်ထျင်းက စိတ်ကြီးဝင်သော ပုံစံဖြင့် ပြောလိုက်၏။

စူစူလေး ခေတ္တ စဉ်းစားလိုက်ပြီး ပြန်ပြောလိုက်သည်။ “ဒါဆို ငါနင့်ကို မမုန်းတော့ဘူး။ ဒါပေမယ့် ငါနင့်ကို သဘောမကျသေးဘူး”

“ဘာလို့လဲ”။ ဟွော်ထျင်းက စူပုပ်ပြီး ပြန်မေးလိုက်သည်။ “ငါ့ကို သဘောကျလာအောင် ဘာတွေ လုပ်ပေးရဦးမှာလဲ”။

All Chapters