← Chapters

အခန်း (၆၇+၆၈)

Vol. 3 Ch. 67+68

အခန်း (၆၇+၆၈)

Vol. 3 Ch. 67+68

အခန်း(၆၇) ဟိုဘက်အိမ်က မီး

“မသိသေးဘူး မစဉ်းစားရသေးဘး”။ စူစူလေးက အမြဲတမ်း စိတ်လိုက်မာန်ပါ လုပ်တတ်သူဖြစ်သည်။ ထို့ကြောင့် ဦးနှောက်သုံးရမည့် ကိစ္စတွေဆို အချိန်ယူရပါမည်။

“ဒါဆို နင်အားတဲ့အခါကျရင် စဉ်းစားလိုက်”။ ဟွော်ထျင်းက မသဲမကွဲအသံဖြင့် ပြောလိုက်၏။ “ဒါနဲ့ ငါနင့်အတွက် ပစ္စည်းတွေ ဝယ်ပြီး ဒီကို ပို့ခိုင်းထားတယ်။ နင်ကြိုက်ရင် သိမ်းထားလိုက်၊ မကြိုက်ရင် လွှင့်ပစ်လိုက်”

အိမ်ရှေ့မှာ ထရပ်ကား ၁၀ စီးကျော်လောက် ရပ်စောင့်နေကြသည်။ အားလုံးက ရှော့ပင်းမောမှ ဟွော်ထျင်း ဝယ်လာသော စာအုပ်တွေ၊ အရုပ်တွေ၊ အဝတ်အစားတွေနဲ့ ပြည့်နှက်နေပါသည်။

“မလိုချင်ဘူး။ သူများတွေ စိတ်မပါလက်မပါပေးတဲ့ လက်ဆောင်ကို မယူရဘူးလို့ မေမေက မှာထားတယ်”။ စူစူလေးက ငြင်းဆန်နေဆဲဖြစ်သည်။

“နင်တော့!”။ ဟွော်ထျင်း ဒေါသထပ်ထွက်လုနီးပါး ဖြစ်သွား၏။ ထို့နောက် ခေတ္တ စဉ်းစားလိုက်ပြီး ဒေါသကို ပြန်ထိန်းနိုင်ခဲ့ပါသည်။ “စိတ်မပါလက်မပါ ပေးတာမဟုတ်ဘူး။ ငါနင့်ကို တောင်းပန်တဲ့ သဘောနဲ့ ပေးတာ။ ပြီးတော့ သူငယ်ချင်းတွေ ဖြစ်လာတဲ့အနေနဲ့ လက်ဆောင်ပေးတာ။ အဲ့တာဆို ရပြီလား”

စူစူလေး စဉ်းစားလိုက်သည်။ “ဒါဆိုလည်း တစ်ခုပဲယူမယ်။ အများကြီး မလိုချင်ဘူး”

“ဟုတ်ပြီ။ ဒါဆို အခု အကုန်လုံးကို ပြန်ခိုင်းလိုက်မယ်။ နောက်မှ နင့်အတွက် ငါတစ်ခု ရွေးပေးမယ်”

ဟွော်ထျင်း သဘောတူလိုက်သည်။ ဒီကောင်မလေး သူ့လက်ဆောင်ကို လက်ခံမည်ဆို ဘယ်လိုပုံစံနဲ့ပဲ လက်ခံပါစေ ကိစ္စမရှိပါ။

အိမ်ပြန်ရောက်လျှင် သူ့အဖေကို စိန်တုံးအကြီးကြီး ရှာခိုင်းလိုက်မည်။

အရွယ်ရောက်ပြီးသား မိန်းကလေးတွေက စိန်တုံးတွေ ကြိုက်တတ်သည်ဟု သူ့အဖေ ပြောဖူးသည်။ ဒီကောင်မလေးက အရွယ်ရောက်ပြီးသားဟု သတ်မှတ်လို့ မရသေးသော်လည်း မိန်းကလေးက မိန်းကလေးပဲ မဟုတ်လား။

ထိုအချိန်တွင် ဘေးအိမ်မှ မီးခိုးထူထူတွေ စူစူလေးတို့အိမ်ဘက် လွင့်လာသည်။

ခြံထဲမှာ ရှိနေသည့် ဟွော်ထျင်းက အရင်ဆုံး သတိထားမိသွားကာ မီးခိုးတွေကို လက်ညှိုး ထိုးပြလိုက်ပြီး ပြောလိုက်ပါသည်။ “ဟဲ့ကောင်မလေး၊ ကြည့်စမ်း! ဟိုဘက်အိမ် မီးလောင်နေပြီ!”

စူစူလေးက မော့ကြည့်လိုက်ရာ မီးခိုးတွေ မီးတောက်တွေကို မြင်ပြီး အော်ဟစ်လိုက်သည်။ “အား!! မီးငြှိမ်းရမယ် မီးငြှိမ်းရမယ်!”

ထို့နောက် စူစူလေး တဟုန်ထိုး ပြေးထွက်သွားလေသည်။ ဟူကျစ်ကလည်း သူ့သခင်နောက် အမြန် ပြေးလိုက်သွား၏။

ဟွော်ထျင်း ဘာမှ မတုန့်ပြန်နိုင်ခင် ကလေးမလေးနဲ့ သူ့ကြောင်လေးတို့ ခြံတံခါးနားသို့ ရောက်ခါနီးနေပါပြီ။

“ဟဲ့ကောင်မလေး! နင်ဘာလုပ်နေတာလဲ! အန္တရာယ်များတယ်! လူကြီးတွေကို လုပ်ခိုင်းလိုက်လေ! ဟဲ့…”

ဟွော်ထျင်း အနောက်မှ အော်သော်လည်း စူစူလေးက လုံးဝ နားမထောင်ဘဲ ပျောက်တောင် ပျောက်သွားပါပြီ။

“ဒီအစုတ်ပလုတ်လေးကတော့! ရူးများသွားပြီလား! ကလေးပဲရှိသေးတာကို ဘာလို့ မီးလောင်နေတဲ့ဆီ ထွက်ပြေးသွားတာလဲ?! ရူးချင်လာပြီ!”

ဟွော်ထျင်း မြေကြီးကို ဖနောင့်ဖြင့် အားပြင်းပြင်း ပေါက်လိုက်ပြီး အိမ်ထဲကို လှမ်းအော်လိုက်ပါသည်။ “အကုန် ထွက်လာခဲ့စမ်း! ဟိုဘက်အိမ် မီးလောင်နေတယ်! ဟိုကောင်မလေး မီးငြှိမ်းဖို့ဆိုပြီး ပြေးထွက်သွားပြီ!”

အော်ဟစ်ပြီးနောက် ဟွော်ထျင်းလည်း စူစူလေးနောက် လိုက်သွားလေတော့သည်။

ဟွော်ထျင်း၏ အော်သံကြောင့် ချင်းမိသားစုဝင်တွေကော သူ့လူတွေကော ထွက်လာကြပါသည်။

စူစူလေး ခြံထဲမှာ မရှိတော့ဘဲ ဟိုဘက်အိမ်ကလည်း မီးခိုးတွေ မီးတောက်တွေ လျှံလျှံညီးနေတာကို မြင်ပြီး အဘွားချင်း မျက်နှာ ဖြူရော်သွားလေသည်။ “သမီးလေး!!”

အိမ်တော်ထိန်းလျို့လည်း သွေးပျက်ကာ သူ့လူတွေကို အမိန့်ပေးလိုက်ပါသည်။ “မြန်မြန်! သခင်လေး နောက်ကို မြန်မြန်လိုက်ကြစမ်း!”

“လခွမ်း ဒီဘိုးအေလေးကတော့!”။ ချင်းယုကျီး ရေရွတ်လိုက်ပြီး ဘေးအိမ်ဆီ အမြန် ပြေးသွားခဲ့သည်။ ဒီ ဘိုးအေလေးကို မီးလောင်နေသည့် အိမ်ထဲ ဝင်ခွင့်မပေးနိုင်ပါ။

လုအိမ်တော်ခြံရှေ့ကို ရောက်သောအခါ အရင်တစ်ခေါက်ကလိုပဲ ခြံတံခါးကို ပိတ်ထားမှန်း ချင်းယုကျီး မြင်လိုက်ရသည်။ စူစူလေးကိုလည်း မတွေ့ရပါ။ ဟွော်ထျင်းတစ်ယောက်တည်း ခြံရှေ့မှာ ဘာလုပ်ရမှန်း မသိ မတ်တပ်ရပ်နေသည်။

“ဟိုကောင်မလေး နံရံကို ကျော်တက်သွားပြီ!”

စူစူလေး ဒီလောက်မြင့်သည့် နံရံကို ဘယ်လိုတက်နိုင်သလဲ ဟွော်ထျင်း မသိပါ။

သူရောက်သွားတော့ နံရံထိပ်ရောက်နေပြီဖြစ်သော စူစူလေး၏ တင်ပါးလေးကိုသာ မြင်ခဲ့ရပါသည်။

သူလည်း ကြိုးစားတက်ကြည့်ပါသေးသည်။ ဘယ်လိုမှ တက်လို့မရပေ။

ဟွော်ထျင်းက သူ့ဘော်ဒီဂတ်တွေကို ပြောလိုက်၏။ “ဘာတွေ ရပ်ကြည့်နေကြတာလဲကွ။ အထဲဝင်ဖို့ နည်းလမ်းရှာကြလေ!။ အဲ့ကောင်မလေး တစ်ခုခုဖြစ်ရင် မင်းတို့ကို လစာဖြတ်မယ်!”

ဒါကိုကြားတော့ ဘော်ဒီဂတ်တွေ ချက်ချင်း လှုပ်ရှားကြပါသည်။

တချို့က ခြံတံခါးဘဲလ်ကို တီးနေပြီး တချို့က နံရံကို ကျော်တက်ဖို့ ကြိုးစားနေကြသည်။

သို့သော် ချင်းယုကျီးက သူတို့အားလုံးထက် မြန်ပြီး အားပြုလျက် ခုန်လိုက်ရာ သူ့လက်တွေ နံရံထိပ်ကို မှီသွားပါသည်။

ထို့နောက် သူ့လက်မောင်းကို အားပြုလျက် နံရံပေါ်တက်ကာ ခြံထဲသို့ ကျော်ဝင်လိုက်လေသည်။

… … …

အခန်း(၆၈) လူတွေကို ကယ်ရမယ်

စက္ကန့်ပိုင်းအတွင်း ချင်းယုကျီး နံရံကို ကျော်တက်နိုင်ခဲ့ပါသည်။ အရင်တစ်ခေါက်ကနဲ့ လုံးဝ ခြားနားသည်။

ထိုလျှင်မြန်သွက်လက်သော လှုပ်ရှားမှုများကြောင့် ဟွော်ထျင်း၏ ဘော်ဒီဂတ်တွေ ကြက်သေသေကုန်ကြသည်။

ချင်းမိသားစုရဲ့ ဒီသခင်လေးက သူတို့ထက်တောင် ပရော်ဖက်ရှင်နယ် ပိုကျတာလား။

စူစူလေးက မီးလောင်နေသည့် ဗီလာကြီးထဲ ပြေးဝင်သွားသည်။

လုမိသားစု၏ အိမ်စေတွေနဲ့ လုံခြုံရေး အစောင့်တွေက မီးသတ်ဆေးဘူးများဖြင့် မီးကို ငြှိမ်းသတ်ဖို့ ကြိုးစားနေကြသည်။

စူစူလေး ပြေးဝင်လာပြီး အလောတကြီး မေးလိုက်၏။ “အထဲမှာ ဘယ်သူရှိသေးလဲ”

စူစူလေးကိုမြင်တော့ အိမ်စေတွေနဲ့ လုံခြုံရေးအစောင့်တွေ အံ့အားသင့်ကုန်ကြသည်။

ဒီကလေးမလေး ဘယ်ကရောက်လာတာလဲ။ သူတို့ အိမ်ထဲ ဘယ်လိုဝင်လာတာလဲ။

“ကလေးမလေး ကျေးဇူးပြုပြီး အပြင်ပြန်ထွက်နေပါ ငါတို့ အရမ်း အလုပ်ရှုပ်နေတယ်! ဒီနေရာကြီးကလည်း အန္တရာယ်များတယ်!”

ဒီကလေးမလေး ဘယ်ကပဲလာလာ လောလောဆယ် ဒီမှာ မနေသင့်ပါ။

“အထဲမှာ ဘယ်သူရှိသေးလဲလို့ လူတွေကို ကယ်ရမယ်လေ!”။ စူစူလေးလည်း စိတ်ပူပန်နေပါသည်။ သူမရဲ့ မျက်နှာလေးက အလွန်တည်တံ့နေပြီး မျက်လုံးသေးသေးလေးများကလည်း စိတ်ဖိစီးမှုများဖြင့် ပြည့်နှက်နေသည်။

“ဘာမှမမေးနဲ့တော့ ကလေးမ! အထဲမှာ လူတွေရှိသေးလားဆိုတာတော့ မသိဘူး။ ဒါပေမယ့် အဲ့တာ ငါတို့ သခင်လေးရဲ့ စာကြည့်ခန်းပဲ။ ပုံမှန် အခုချိန်ဆို သူအဲ့ဒီထဲမှာ ရှိတတ်တယ်။ သခင်လေးကိုလည်း အခု မတွေ့မိတော့ အဲ့ဒီထဲမှာ ရှိနေမလလား မသိဘူး”

လုံခြုံရေး အစောင့်တစ်ယောက်က စူစူလေး၏ မေးခွန်းကို စိတ်မရှည်စွာ ပြန်ဖြေလိုက်ပြီး မီးသတ်ဆေးဘူးဖြင့် ဒုတိယထပ်က မီးတောက်တွေကို ငြှိမ်းသတ်နေပါသည်။

“အထဲမှာ လူရှိတယ်! သွားကြစို့ ဟူကျစ်!”။ အထဲမှာ ပိတ်မိနေသည့်လူကို ကယ်တင်ဖို့အတွက် စူစူလေး အပေါ်ထပ် တက်ဖို့ ဆုံးဖြတ်လိုက်သည်။

“ဝေါင်း-“။ ဟူကျစ်ကလည်း ကြုံးဝါးလျက် သူ့သခင်နောက် လိုက်သွားလေသည်။

“နင်ဘာလုပ်နေတာလဲ”။ ရုတ်တရက် လက်တစ်ချောင်းက စူစူလေးကို တားလိုက်ပါသည်။ လုကျန်းယွီ၏ အသံလည်း တစ်ချိန်တည်းမှာပဲ ထွက်ပေါ်လာခဲ့သည်။

စူစူလေး နောက်လှည့်ကြည့်လိုက်ရာ ဝှီးချဲပေါ်က လုကျန်းယွီကို မြင်လိုက်ရပါသည်။

စူစူလေးကို လက်ဖြင့်တားထားသူက လုကျန်းယွီ၏ ဘော်ဒီဂတ်ဖြစ်သည်။

“လူကယ်မလို့လေ!” စူစူလေးက အလောတကြီး ပြန်ဖြေလိုက်သည်။

“အပေါ်ထပ်မှာ ဘယ်သူမှ မရှိဘူး”။ လုကျန်းယွီက ဆိုသည်။

“တကယ်လား”

“ဟုတ်တယ် တကယ်”။

“ဒါပေမယ် မီးတွေက…”

“မီးတွေကိုလည်း ထိန်းနိုင်မှာပါ။ မီးသတ်ကားတွေ လာနေပြီ။ ဒီက မီးကိုလည်း ဆက်မပျံ့အောင် ထိန်းထားတယ်”။ ကျန်းယွီက ရှင်းပြလိုက်ပါသည်။

“ဟူး--” စူစူလေး စိတ်သက်သာရာ ရစွာ သက်ပြင်းချလိုက်ပါသည်။

ဘယ်သူမှ အန္တရာယ်မဖြစ်လို့ တော်သေးတာပေါ့။

အသက်အရွယ်နဲ့ မလိုက်အောင် နက်ရှိုင်းသည့် လုကျန်းယွီ၏ မျက်လုံးများက စူစူလေးကို စိုက်ကြည့်နေပြီး သူမရဲ့ အမူအယာနဲ့ အသေးအဖွဲ အပြုအမူလေးများကအစ အကဲခတ်နေသည်။

သူမရဲ့ လူတွေကိုကယ်ဖို့ စိတ်အားထက်သန်မှု၊ ရဲဝံ့မှုတို့လည်း အပါအဝင်ဖြစ်သည်။

လုကျန်းယွီ အနည်းငယ် နွေးထွေးသွားပြီး စူစူလေးအား မေးလိုက်၏။ “ဒီနေ့ကော နင်ဘယ်လို ဝင်လာပြန်တာလဲ”

စူစူလေး အနည်းငယ် ရှက်သွားပြီး ခေါင်းကုတ်လိုက်ပါသည်။ “နံရံပေါ်ကပဲ တက်လာတာ…”

ထိုသို့ပြောပြီးနောက် လုကျန်းယွီကို မဝံ့မရဲ ကြည့်လိုက်သည်။

လုကျန်းယွီက သူမရဲ့ အပြုအမူလေးကြောင့် ရွှင်ပျသွားပြီး ပြောလိုက်ပါသည်။ “ခဏနေရင် အိမ်တော်ထိန်းကို ခေါ်ပြီး နင့်လက်ဗွေကို Scan ဖတ်ခိုင်းထားမယ်။ အဲ့တာဆို နောက်တစ်ခါလာချင်ရင် ခြံတံခါးကနေ ဝင်လာလို့ ရပြီ။ ဟုတ်ပြီလား”

လုကျန်းယွီ၏ အပြုံးကို မြင်သောအခါ အိမ်တော်ထိန်းကော ဘော်ဒီဂတ်တွေကော အံ့အားသင့် မှင်သက်သွားကြသည်။

သူတို့ရဲ့ သခင်လေးက အရွယ်နဲ့ မလိုက်အောင် တည်ကြည်လေးနက်ပြီး အမြဲလိုလို ထိုင်းမှိုင်းနေတတ်သူ ဖြစ်သည်။ သူနဲ့ သက်တူရွယ်တူ ကလေးတွေမှာ ရှိတတ်သည့် အပြုံးမျိုးကိုလည်း တစ်ခါမှ ထုတ်မပြဖူးပါ။

ဟိုဘက်အိမ်မှ ဒီကလေးမလေးကတော့ သူတို့ရဲ့ သခင်လေးကို အများကြီး ပိုပြီးတောက်ပလာအောင် လုပ်ပေးနိုင်သဖြင့် မှော်အစွမ်းတွေ ရှိနေသလား ထင်ရသည်။

“အွန်း”။ စူစူလေး ခေါင်းငြိမ့်လိုက်သည်။ သူများတွေရဲ့ ခြံနံရံကို ကျော်ပြီးတက်တာ ယဉ်ကျေးမှု မရှိမှန်း နည်းနည်း နားလည်လာပါပြီ။

သူတို့ စကားပြောနေကြစဉ် ချင်းယုကျီးလည်း အပြေးရောက်လာသည်။ စူစူလေး ဘေးမသီ ရန်မခတာကို မြင်မှ ယုကျီးလည်း အသက်ဝဝ ရှူနိုင်တော့သည်။

“ဘိုးအေလေး! နောက်တစ်ခါ စိတ်ကူးပေါက်ပြီး ထွက်ပြေးမသွားခင် ငါ့ကို ကြိုသတိပေးလို့မရဘူးလား?!” ယုကျီး ဟောဟဲဆိုက်လျက် ပြောဆိုလိုက်ပါသည်။

All Chapters