အခန်း (၆၉+၇၀)
Vol. 3 Ch. 69+70
အခန်း(၆၉) ငါ့တူလေးလိုပဲ ပျော့ညံ့တယ်။
“ဒီကိုကြီးကို မြန်မြန်ကယ်ရမယ် မြန်မြန်မြန်မြန်! စောင့်နေလို့မရဘူး။ သူ အပူလောင်သွားရင် ဘယ်လိုလုပ်မလဲ”။ စူစူလေးက ပြောလိုက်သည်။
“နင်တော့လား… နင့်ကိုကြီးအတွက်ပဲ စဉ်းစားနေတာ။ နင့်ကိုကြီး အပူလောင်တာ မလောင်တာတော့ မသိဘူး။ ငါတို့အကုန်လုံး ခေါင်းမီးတောက်နေပြီ! နင် တဇွတ်ထိုး ပြေးထွက်သွားတော့ အကုန်လုံး ဘယ်လောက်တောင် စိတ်ပူခဲ့ရလဲ သိရဲ့လား”
ချင်းယုကျီးက စိတ်ဆိုးမာန်ဆိုး ပြောလိုက်၏။ သူ့လေသံမှာလည်း မကျေနပ်ချက် အပိုင်းအစတို့ ပါဝင်နေသည်။ ထိုသို့ပြောပြီးနောက် လုကျန်းယွီကိုလည်း စိန်းစိန်းဝါးဝါး စိုက်ကြည့်ဖို့ မမေ့ခဲ့ပါ။
တကယ်တော့ ချင်းယုကျီးက စူစူလေးကို မတရားသဖြင့် အပြစ်တင်နေတာဖြစ်သည်။ စူစူလေး ပြေးထွက်သွားတုန်းက မီးလောင်နေသည့်အထဲ ဘယ်သူဘယ်ဝါ ပိတ်မိနေမှန်း မသိခဲ့ပါ။
လုကျန်းယွီ မဟုတ်ရင်တောင် လူတိုင်းကို စူစူလေး ကယ်တင်မှာ ဖြစ်သည်။
“အား!”။ စူစူလေး ပါးစပ်ကို လက်ဖြင့် အုပ်လိုက်၏။ “မေမေ!”
သူမမေမေ သူမကို စိတ်ပူနေတော့မှာပဲဟု တွေးမိပြီး အိမ်ထဲမှ ပြန်ထွက်ပြေးဖို့ ပြင်လိုက်သည်။
ချင်းယုကျီးက စူစူလေးကို အင်္ကျီကော်လံမှ ဆွဲလိုက်ပြီး လေထဲ မြှောက်ထားလိုက်ပါသည်။
စူစူလေး၏ ခြေထောက်လေးများ လေထဲမှာ ခဏလောက် ယက်ကန်ယက်ကန် ဖြစ်သွားပြီးမှ သူမရဲ့တူလေးက သူမကို ချီမြှောက်ထားတာဖြစ်မှန်း သိလိုက်ရပါသည်။
“မလောပါနဲ့ အေးဆေးပေါ့။ အခု အဘွားကို ဖုန်းဆက်ပြီး နင်ဘာမှ မဖြစ်တဲ့အကြောင်း ပြောလိုက်မယ်”
ဒီသတ္တဝါလေးကို ထပ်ပြီး ထင်တိုင်းကြဲခွင့် မပြုတော့ဖို့ ချင်းယုကျီး ဆုံးဖြတ်လိုက်သည်။ နောက်တစ်ခါဆို သူ့ကို စိတ်ပူပြီး တစ်ယောက်ယောက် သေရပါတော့မည်။
နောက်တစ်ခါဆို အိမ်တံခါးသော့ကို ပြောင်းထားရမည်။ အတွင်းဘက်မှ Password ဖြင့် ဖွင့်ရသည့် တံခါးမျိုး ပြောင်းလိုက်မည်။ ဒါမှ ဒီသတ္တဝါလေး အလွယ်တကူ အပြင်ထွက်လို့မရမှာဖြစ်ပါသည်။
“အောင်မယ်လေး…”။ စူစူလေး ငြီးတွားလျက် သူမရဲ့ ခြေထောက်လေးများလည်း တဖြည်းဖြည်း ပြန်တည်ငြိမ်သွားပါသည်။
ထိုအခါမှ သူမကို ချင်းယုကျီး ကြမ်းပြင်ပေါ်သို့ ပြန်ချပေးလိုက်သည်။
ထို့နောက် ချင်းယုကျီး အဘွားချင်းကို ဖုန်းဆက်လိုက်ပြီး သူတို့ ဘေးကင်းကြောင်း ပြောလိုက်သည်။ ထို့နောက် လုကျန်းယွီကို လှည့်ပြောလိုက်၏။ “သခင်လေး ကျေးဇူးပြုပြီး အပြင်မှာ စောင့်နေတဲ့ လူတွေကို ဝင်ခွင့်ပေးလိုက်ပါလား။ အကုန်လုံး သူ့နောက် လိုက်လာကြတာ…”
လုကျန်းယွီ ပြန်ပြောလိုက်၏။ “မီးသတ်ကားတွေ ရောက်လာတော့မယ်။ ခြံတံခါးဖွင့်ရမယ့် အချိန် ရောက်ပြီ”
လုကျန်းယွီက အိမ်တော်ထိန်းကို ညွှန်ကြားလိုက်ပါသည်။ အိမ်တော်ထိန်းက ဆက်သွယ်ရေး ကိရိယာမှ တဆင့် ထိန်းချုပ်ရေးအခန်းကို ဆက်သွယ်လိုက်ပြီး ခြံတံခါးမကြီး ဖွင့်ပေးရန် အမိန့်ပေးလိုက်၏။
ခြံတံခါးကြီး ပွင့်သောအခါ လူအုပ်ကြီးတစ်အုပ် ပြေးဝင်လာခဲ့ပါသည်။
အဘွားချင်း၊ ချင်းယုဟွိုင်း၊ ဟွော်ထျင်း၊ ဟွော်ထျင်းရဲ့ ဘော်ဒီဂတ်များနဲ့ ချင်းမိသားစု အိမ်စေတွေလည်း ပါသည်။
အဘွားချင်းက စူစူလေးကို တင်းကျပ်နေအောင် ဖက်ထားလိုက်ပါသည်။ “မေမေ့ သမီးလေး နောက်တစ်ခါဆို ဒီလို လျှောက်မပြေးပါနဲ့။ လူကြီးတွေကို လုပ်ခိုင်းလိုက်ပါ။ သမီးလေးက ဒီလောက် ငယ်သေးတာကို”
“မေမေ စိတ်မပူပါနဲ့။ သမီးဘာမှ မဖြစ်ဘူး။ သမီးက အရမ်းတော်တာ!” စူစူလေး နှစ်သိမ့်ပေးလိုက်ပါသည်။
အဘွားချင်း သက်ပြင်းချမိသည်။ သူမ သမီးလေးရဲ့ စိတ်အားထက်သန်မှုက ကောင်းတာလား မကောင်းတာလားဆိုတာ မခွဲခြားတတ်တော့ပါ။
ဟွော်ထျင်းလည်း အပူတပြင်း ရောက်လာပြီး စူစူလေးကို မြင်သောအခါ မောဟိုက်စွာ မေးလိုက်၏။ “ဒီကောင်မလေးကတော့။ နင်ဘာလို့ အဲ့လောက် စိတ်လိုက်မာန်ပါ လုပ်ရတာလဲ။ ပြီးတော့ အပြေးကလည်း သန်လိုက်တာ!”
ရင်ထဲမှာတော့ စူစူလေး အပူလောင်မှာ စိတ်ပူနေခြင်းဖြစ်သော်လည်း နှုတ်မှ ထွက်လာသည့် စကားလုံးများက ကြမ်းတမ်းနေပါသည်။
စူစူလေးက နှုတ်ခမ်းဆူလျက် ပြန်ပြောလိုက်၏။ “ငါက အရင်ကတည်းက အပြေးမြန်တာ! အရမ်းလည်း တော်တယ်! နင်ကိုက နှေးနေတာ! နင်လည်း ငါ့တူလေးလို့ပဲ! ပျော့ညံ့လိုက်တာ!”
ဘာမဆိုင်ညာမဆိုင် ချင်းယုကျီးတစ်ယောက် သူများ ခိုင်းနှိုင်းစရာ စံနှုန်းတစ်ခု ဖြစ်သွားသည်။
ဟွော်မိသားစုရဲ့ မိစ္ဆာလေးနဲ့ ရန်ဖြစ်ချင်လည်း ကိုယ့်ဖာသာကိုယ် ဖြစ်ပါလား၊ ဘာလို့ ငါ့ကိုပါ ဆွဲထည့်ရတာလဲ?!
အမှန်ပင်။ ဟွော်ထျင်းက သူပျော့ညံ့ပြီး နှေးကွေးကြောင်းကို လက်ခံမှာ မဟုတ်ပါ။ “ဟင်း! ငါက မပျော့ညံ့ဘူးဟဲ့! နင့်လောက် ပျာယာမခတ်တာပဲ ရှိတာ!”
ထိုသို့ပြောပြီးနောက် စူစူလေးဘေးက လုကျန်းယွီကို ဟွော်ထျင်း အကဲခတ်လိုက်သည်။ သူနဲ့ အသက်တူတူလောက် ရှိမည့် ကောင်လေးတစ်ယောက်ဖြစ်ပြီး လမ်းလျှောက်ဖို့ အခက်အခဲရှိသဖြင့် ဝှီးချဲပေါ် ထိုင်နေရသည့်ပုံစံပင်။
ဒီကောင့်ကြောင့် ချင်းစူစူ ပျာယာခတ်သွားတာလား?
ဟွော်ထျင်း၏ အကြည့်ကို သတိထားမိပြီး လုကျန်းယွီလည်း ပြန်အကဲခတ်လိုက်ရာ တစ်ဖက်လူ ဘယ်သူ ဘယ်ဝါမှန်း သိရှိသွားလေသည်။
ဟွော်မိသားစုရဲ့ သခင်လေး ဟွော်ထျင်း၊ ပေကျင်းမြို့က နာမည်ဆိုးနဲ့ ကျော်ကြားသော မိစ္ဆာဘုရင်လေး မဟုတ်လား။
အမှန်ပင်။ အကြောင်းအရင်းတချို့ကြောင့် မကြာသေးခင်က ဟွော်ထျင်း အနားယူဖို့ ပေကျင်းမြို့မှ ထွက်သွားသည်ဟူသော သတင်းကို လုကျန်းယွီ ကြားမိပါသည်။
ဒါဆို သူ ဟွာချန့်ကို ရောက်လာတာပေါ့…။
လုကျန်းယွီကို ခဏလောက် ကြည့်ပြီးနောက် ဟွော်ထျင်းက မနာလိုဖြစ်စွာဖြင့် စူစူလေးကို မေးလိုက်သည်။ “ဒီကောင့်ကြောင့် နင်အဲ့လောက် စိတ်ပူသွားတာလား။ သူက နင့်သူငယ်ချင်းလား”
… … …
အခန်း(၇၀) ငါဒီမှာ နေမယ်!
စူစူလေး ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် ခေါင်းခါလိုက်၏။
“ခေါင်းငြိမ့်ပြီးမှ ခေါင်းခါတာ ဘာသဘောလဲဟ?!” ဟွော်ထျင်း မျက်မှောင်ကြုတ်သွားပြီး သူ့မျက်နှာ သေးသေးလေးလည်း ခက်ထန်သွားသည်။
ဒီကလေးမလေး စကားကို ရှင်းရှင်းပြောလို့ မရဘူးလား။
“အဲ… အဲ့တာက…”။ စူစူလေးရဲ့ ခေါင်းသေးသေးလေးက ဖြေရှင်းချက် တစ်ခုပေးဖို့ ကြိုးစားပမ်းစား စဉ်းစားနေသည်။ သူမ ဘယ်လိုပြောရမလဲ မသေချာပါ။
လုကျန်းယွီက စူစူလေးကို ကူညီပြီး ဖြေပေးလိုက်ပါသည်။ “သူ့ကို အဲ့လိုတွေ မမေးပါနဲ့။ သူက လူတိုင်းကို ကယ်တင်ချင်တာ။ ငါ့တစ်ယောက်တည်းကို မဟုတ်ဘူး”
“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်!” စူစူလေးက ခေါင်းတငြိမ့်ငြိမ့်နဲ့ ထောက်ခံလိုက်သည်။ သူမ ရည်ရွယ်တာလည်း ဒီလိုပဲ မဟုတ်လား။
သူမ ပြောချင်တာကို လုကျန်းယွီ နားလည်သဖြင့် စူစူလေး အလွန်ပျော်ရွှင်သွားပါသည်။
“ဟင်း… အဲ့လိုဆိုလည်း နင်အဲ့လောက်ကြီး ပျော်စရာ မလိုပါဘူး”
“ကဲပါ ကဲပါ ဘယ်သူမှ မထိခိုက်ရင် ပြီးတာပဲမလား။ အားလုံး ဘေးကင်းတော့ ကောင်းတာပေါ့။”။ အဘွားချင်းက တင်းမာလာသည့် အခြေအနေတွေကို ကြားဝင်ဖျန်ဖြေပေးလိုက်ပါသည်။ ထို့နောက် လုကျန်းယွီကို ပြောလိုက်၏။ “သခင်လေး ဒီနေ့ နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်”
“ရပါတယ်။ သခင်မကြီးတို့ရဲ့ လုပ်ရပ်ကြောင့် ကျွန်တော် အနှောင့်အယှက် မဖြစ်ပါဘူး။ ကျွန်တော်က ကျေးဇူးတောင် တင်ရဦးမှာ”။ လုကျန်းယွီက တည်တည်ငြိမ်ငြိမ် သိမ်သိမ်မွေ့မွေ့ ပြောလိုက်ပါသည်။
ဒီလို အသက်အရွယ်နဲ့ ကောင်လေးတစ်ယောက် ဒီလောက်ထိ တည်ငြိမ်လေးနက်နိုင်ဖို့ဆိုတာ အတော်လေး အထင်ကြီးဖို့ကောင်းပါသည်။ ထို့ကြောင့် အဘွားချင်းလည်း လုကျန်းယွီကို သေချာ အကဲခတ်လိုက်မိ၏။
“အားလုံး အဆင်ပြေသွားပြီဆိုတော့ အဘွားတို့ ပြန်တော့မယ်။ မကြာခင် မီးသတ်ကားတွေလည်း ရောက်လာတော့မှာဆိုတော့ လူတွေပိုရှုပ်ကုန်မှာစိုးလို့”။ အဘွားချင်းက ပြောလိုက်၏။
လုကျန်းယွီ ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် သူ့အိမ်တော်ထိန်းကို ပြောလိုက်သည်။ “ဦးလေးကျန်း၊ ကျွန်တော့်ခြေထောက်တွေနဲ့ အဆင်မပြေလို့ ဧည့်သည်တွေကို ကျွန်တော့်ကိုယ်စား လိုက်ပို့ပေးလိုက်ပါ”
“နားလည်ပါပြီ သခင်လေး၊ စိတ်ချပါ”။ အိမ်တော်ထိန်းကျန်းက ပြန်ပြောလိုက်သည်။
အိမ်တော်ထိန်းကျန်းက ဧည့်သည်တွေကို ပြုံးပြုံးရွှင်ရွှင်ဖြင့် အပြင် ပြန်လိုက်ပို့ပေးခဲ့သည်။
သူတို့အိမ် ဒီလိုမျိုး စည်ကားသက်ဝင်လာတာ ဒါပထမဆုံးအကြိမ်ဖြစ်ပြီး သခင်လေးရဲ့ အပြုံးကိုလည်း ပထမဆုံးအကြိမ်အဖြစ် ပြန်မြင်ခဲ့ရတာဖြစ်သည်။ ဒီနေ့ မီးလောင်တာကိုတောင် ကျေးဇူးတင်ရမလိုပ်င။
“တာ့တာ!” အဘွားချင်း၏ ပွေ့ချီခြင်းကို ခံထားရသော စူစူလေးက လုကျန်းယွီကို နှုတ်ဆက်ပြီး တာ့တာပြဖို့ မမေ့ပါ။
“အင်း တာ့တာ”။ လုကျန်းယွီက ခပ်ပါးပါး အပြုံးဖြင့် ပြန်နှုတ်ဆက်လိုက်သည်။ လေသံက ပေါ့ပါးသော်လည်း နွေးထွေးမှုပါတာကို သတိထားမိနိုင်ပါသည်။
သူတို့နှစ်ယောက်ကြားက ဆက်ဆံမှုကို ကြည့်ရင်း ဟွော်ထျင်း မျက်မှောင်ကြုတ်သွားပြီး မနာလို ဖြစ်သွားသည်။
ချင်းအိမ်တော်ကို ပြန်ရောက်တာနဲ့တစ်ပြိုင်နက် ဟွော်ထျင်း တုန်လှုပ်စရာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်၏။
“ငါဒီမှာ နေမယ်!”
အိမ်တော်ထိန်းလျို့ ထိတ်လန့်သွားသည်။ “သခင်လေး ဘာပြောတယ်…?”
“ငါဒီမှာ နေချင်တယ်လို့။ နည်းလမ်းတစ်ခု ရှာလိုက်” ဟွော်ထျင်းက ခေါင်းမာစွာ ပြောလိုက်သည်။
“ဒါ-ဒါပေမယ့်…” အိမ်တော်ထိန်းလျို့ အကျပ်ရိုက်သွားသည်။
“ဘာလဲ မလုပ်နိုင်ဘူးလား”
“မဟုတ်ပါဘူး မဟုတ်ပါဘူး။ ဒီတိုင်း… သခင်လေး ဘာလို့ ဒီမှာ နေချင်တာလဲဆိုတာ ပြောပြဖို့ လိုတယ်လေ”
“အဲ့ဒီကောင်မလေးကို ယဉ်ပါးအောင် လုပ်ရမယ်! အဲ့ကောင်မလေး ငါ့ကို ပြုံးပြရမယ်။ ပြီးတော့ သူ့ဘက်ကနေ ငါ့ကို သူငယ်ချင်းအဖြစ် လိုလိုလားလား လက်ခံရမယ်!”။ ဟွော်ထျင်း၏ မခံချင်စိတ်တွေ ပြင်းပြလာပါသည်။။
သူလည်း ထိုကောင်မလေး ‘ကိုကြီး’ဟု ပြုံးပြုံးရွှင်ရွှင်ခေါ်တာကို ကြားချင်သည်။
“ကျေးဇူးပြုပြီး ခဏလေးနေပါဦး သခင်လေး။ ဒီကိစ္စကို ကျွန်တော့်ဖာသာ ဆုံးဖြတ်လို့ မရဘူးလေ။ သခင်လေးရဲ့ အဖေကို အခုချက်ချင်းပဲ သွားပြောလိုက်ပါ့မယ်”။ အိမ်တော်ထိန်းလျို့ ပြောပြောဆိုဆိုဖြင့် လစ်ထွက်သွားလေသည်။
ထိုနေ့နေ့လည်ခင်းတွင် ဟွော်ထျင်း၏ အဖေဖြစ်သူ၊ ပေကျင်းမြို့ရှိ ဟွော်မိသားစုဦးစီးဖြစ်သူ ဟွော်ချန်းယီက ချင်းမိသားစု အဘိုးအဘွားများအား Video Call ဖြင့် ဆက်သွယ်လိုက်ပါသည်။
သူ့သားက ချင်းအိမ်တော်မှာ ယာယီ ခဏလောက် နေထိုင်ချင်နေကြောင်းကို ဟွော်ချန်းယီ ကျိုးကျိုးနွံနွံ ပြောပြလိုက်ပါသည်။
“သခင်ကြီးချင်းနဲ့ သခင်မကြီးချင်းတို့… ဒီတောင်းဆိုချက်မျိုး တောင်းဆိုရတာ အတင့်ရဲလွန်းမှန်း ကျွန်တော် သိပါတယ်။ ဒါပေမယ့် ရှောင်ထျင်းလေးကို ဝမ်းမနည်းစေချင်လို့ပါ…။ ကျွန်တော့် မိန်းမက ကျွန်တော်တို့ကို အစောကြီး ထားသွားတယ်။ ကျွန်တော်ကလည်း အလုပ်တွေ အရမ်းများနေတော့ ကျွန်တော့်သားကို အဖော်ပြုပေးဖို့ အချိန်မရှိဘူးဖြစ်နေတယ်။ အဲ့တာကြောင့် သူငယ်ငယ်လေးကတည်းက အရမ်း အထီးကျန်နေတာ။ သူ တစ်ယောက်ယောက်နဲ့ သူငယ်ချင်းဖွဲ့ချင်တယ်ဆိုပြီး ဒါပထမဆုံး တောင်းဆိုဖူးတာမို့လို့ အဖေတစ်ယောက်အနေနဲ့ သူ့ကို မငြင်းရက်လို့ပါ”။