အခန်း (၇၁+၇၂)
Vol. 3 Ch. 71+72
အခန်း(၇၁) စူစူလေးတော်သလို သူ့မြေးမလည်း တော်ပါတယ်
ထင်မထားစွာဖြင့် ဟွော်ထျင်း၏ အဖေက မာနမကြီးသည့်အပြင် အကြောင်းအရင်းကိုလည်း စိတ်ရှည်ရှည် ထားပြီး လေးလေးနက်နက် ရှင်းပြခဲ့ပါသည်။
ထိုအချက်ကြောင့် အဘိုးချင်းနဲ့ အဘွားချင်းတို့ ငြင်းဖို့ အခက်တွေ့ကုန်ကြသည်။
ထို့နောက် ဟွော်ချန်းယီက ဆက်ပြောသည်။ “ချင်းမိသားစုမှာ ကလေးတွေ အများကြီး ရှိတာ ကျွန်တော် သိပါတယ်။ ပြီးတော့ လူကြီးတွေကလည်း ကလေးတွေကို ပြုစုပျိုးထောင်တဲ့နေရာမှာ အတွေ့အကြုံ အများကြီး ရှိကြတယ်။ သခင်ကြီးနဲ့ သခင်မကြီးတို့ ပျိုးထောင်ထားတဲ့ ကလေးတွေ အားလုံးက အကုန် လူရည်ချွန်တွေချည့်ပဲ။ ဒီတစ်ခေါက် ကျွန်တော့်သားလေးကိုလည်း ထိုနည်းလည်းကောင်း ပျိုးထောင် ပေးနိုင်ဖို့ မျှော်လင့်မိတယ်။ ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်တော်တို့ ဟွော်မိသားစုက အရှေ့တောင်ပိုင်း ဒေသမှာရှိတဲ့ စီမံကိန်း ပရောဂျက်တွေကို ချင်းမိသားစုဆီ လက်ဆောင်အနေနဲ့ လွှဲပြောင်းပေးပါ့မယ်”
ဟွော်ချင်းက အလျော်အစားအနေဖြင့် မက်လောက်စရာ ကမ်းလှမ်းချက်တစ်ခုကို ပြုလုပ်ခဲ့ပါသည်။
စီးပွားရေးလောကမှာ ဟွော်မိသားစုနဲ့ လူတိုင်းက ပူးပေါင်းချင်ကြသည်။ ထို့နည်းတူ ပြိုင်ဘက်တွေလည်း အများကြီး ရှိကြပါသည်။
ချင်းမိသားစုမှာလည်း ထိုအတွေးမျိုးရှိသည်။ သို့သော် ဟွော်မိသားစု၏ အာရုံစိုက်မှုကို ရဖို့ဆိုတာ မဖြစ်နိုင်သလောက်ရှိတာမို့ ချင်းမိသားစု အားသိပ်မထုတ်ခဲ့ခြင်းသာ ဖြစ်ပါသည်။
အဘိုးချင်းနဲ့ အဘွားချင်းတို့၏ သားအကြီးဆုံးဖြစ်သူ ချင်းရှင်းကျစ်ကလည်း စီးပွားရေးကိစ္စဖြင့် ခရီးထွက်နေသည်။
ခေတ္တစဉ်းစားပြီးနောက် အဘိုးချင်းက ပြန်ပြောလိုက်၏။ “ဥက္ကဌဟွော်၊ ခင်ဗျားရဲ့သား ကျုပ်တို့နဲ့ ယာယီ လာနေလို့ ရပါတယ်။ ဒါပေမယ့် အခြေအနေရပ်တစ်ခုကိုတော့ သဘောတူရမယ်။ ကျုပ်သမီးလေးလည်း သဘောတူရမှာ ဖြစ်သလို ခင်ဗျားရဲ့သားက ကျုပ်သမီးကို လုံးဝ အနိုင်မကျင့်ရဘူ။ ကလေး နှစ်ယောက် ပြဿနာတစ်ခုခု ဖြစ်လာခဲ့ရင်…”
“စိတ်ချပါ သခင်ကြီး။ သခင်ကြီးရဲ့ သမီး သဘောမတူဘူးဆိုရင် ကျွန်တော် ဆက်ပြီး တွန်းအား မပေးပါဘူး။ ကလေးနှစ်ယောက် ပဋိပက္ခဖြစ်ရင်လည်း ကျွန်တော့်သားကို ချက်ချင်း ချင်းမိသားစုကနေ ပြန်ခေါ်ပါ့မယ်”။ ဟွော်ချန်းယီက ချက်ချင်း သဘောတူလိုက်သည်။
“ကောင်းပါပြီ”။ အဘိုးချင်း ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် သူဆက်ပြောလိုက်၏။ “ပြီးတော့ ခင်ဗျားရဲ့ သားကို ကောင်းကောင်းဆုံးမပေးနိုင်မယ်လို့ ကျုပ်အာမ မခံနိုင်ဘူး။ ရိုးရိုးသားသား ပြောရရင် ကျုပ်မှာလည်း မလိမ္မာတဲ့ မြေးတွေရှိတယ်။ ကျုပ်တို့အိမ်မှာ နေတဲ့အချိန်အတွင်း သူ့ကို တတ်နိုင်သမျှ လမ်းညွှန်ပြသပေးမယ်လို့ပဲ ပြောနိုင်တယ်။ ကျုပ်တို့ရဲ့ သမီးလေးကို ဆုံးမသလိုပဲ သူ့ကိုလည်း ဆုံးမ ပေးပါ့မယ်”
“သခင်ကြီးဆီက ဒီလိုကြားရတာ ကျွန်တော်ဝမ်းသာပါတယ်”
“စီမံကိန်းတွေကိစ္စကိုတော့ ကျေးဇူးပြုပြီး ဒီကိစ္စကြောင့်နဲ့ ချင်းမိသားစုကို မပေးပါနဲ့ ဥက္ကဌဟွော်။ ကျုပ်တို့ ချင်းမိသားစုမှာ အစွမ်းအစရှိပါတယ်။ ကလေးတွေရဲ့ သံယောဇဉ်က ဖြူစင်သင့်တယ်။ ကျုပ်သမီးရဲ့ သူငယ်ချင်းတွေက သူ့ရဲ့ သူငယ်ချင်းစစ်စစ်ပဲ ဖြစ်ရမယ်။ စီးပွားရေး မိတ်ဖက်ဖို့အတွက် တံတားတစ်စင်း မဖြစ်သင့်ဘူး”။ အဘိုးချင်းက ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာ ပြောလိုက်ပါသည်။
ထို့ကြောင့် ဟွော်ချန်းယီက သခင်ကြီးချင်းကို အလွန်လေးစားသွားမိပါသည်။ “ကျွန်တော် မတွေးမိတာပါ။ ခုနက ပြောခဲ့တာတွေ ပြန်ရုတ်သိမ်းပါတယ်။ ကျွန်တော့်သား မျောက်လောင်းကို သခင်ကြီးတို့ လက်ထဲပဲ အပ်ရတော့မှာပေါ့”။
“ကောင်းပါပြီ”။ အဘိုးချင်းက ခေါင်းငြိမ့်လိုက်ပါသည်။
--- --- ---
ဟွော်မိသားစု၏ သခင်လေးဖြစ်သူ ချင်းမိသားစုအိမ်မှာ နေထိုင်တော့မည်ဟူသည့် သတင်းက မကြာမီ ချင်းကျင်းဖန်၏ နားထဲ ရောက်လာခဲ့ပါသည်။
ချင်းကျင်းဖန်မှာ ပိုက်ဆံရှိတုန်းက အကောင်ကြီးကြီးတချို့နဲ့ မိတ်ဆွေဖွဲ့နိုင်ခဲ့သည်။ ထိုလူတွေထံမှ ဒီသတင်းကို ကြားခဲ့ရတာဖြစ်ပါသည်။
ဟွော်မိသားစုတဲ့! ပေကျင်းမြို့မှာ အရမ်းချမ်းသာတဲ့ မိသားစုမဟုတ်လလား?! အရမ်း အာဏာကြီးလွန်းလို့ ဖနောင့်တစ်ချက် ပေါက်လိုက်ရုံနဲ့ တစ်မြို့လုံး တုန်ခါသွားနိုင်တယ်! ဒီသခင်လေးဟွော်ဆိုတဲ့ ကလေးကလည်း သူတို့ရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူပဲ! အဲ့ဒီသခင်လေးဟွော် ဆိုတဲ့ ကောင်လေးရဲ့ နောက်က အာဏာပါဝါတွေက ကြောက်ဖို့ကောင်းလွန်းတယ်။ သူနဲ့သာ ရင်းနှီးအောင် လုပ်နိုင်ရင် စည်းစိမ်လည်း ကြွယ်ဝလာနိုင်သလို ဂုဏ်တွေလည်း တက်လာနိုင်တယ်! သူ့အစ်ကိုကြီးနဲ့ မရီးတို့က တကယ် ရှိန်စရာ ကောင်းတာပဲ!။ ဟွော်မိသားစုရဲ့ သခင်လေးကိုတောင် အိမ်ရောက်လာအောင် လုပ်နိုင်ပြီး သူတို့သမီးရဲ့ ကစားဖော်ဖြစ်သွားအောင် လုပ်နိုင်ကြတယ်! စီမံကိန်းကို ကောင်းကောင်း ဆွဲပြီး အခြေခံအုတ်မြစ် ကောင်းကောင်းချထားကြတာကိုး!
မနာလိုဝန်တို ဖြစ်သွားသည့် ချင်းကျင်းဖန်တစ်ယောက် သူ့ရဲ့ လိမ္မာသည့် မြေးမလေးအကြောင်း စဉ်းစားရင်း အကြံတစ်ခု ရသွားခဲ့ပါသည်။
စူစူလေးက ၃ နှစ်ခွဲ ဖြစ်ပြီး သူ့မြေးမလေးက ၄ နှစ်ရှိပြီဖြစ်သဖြင့် အသက်က တူတူလောက်ပဲ ဖြစ်သည်။
ထို ကြမ်းကြုတ်ပြီး ရိုင်းစိုင်းသည့် စူစူလေးတောင် ဟွော်မိသားစု၏ သခင်လေးကို ဆွဲဆောင်နိုင်လျှင် သူ့ရဲ့ လိမ္မာယဉ်ကျေး နူးညံ့သော မြေးမလေးက မလုပ်နိုင်စရာအကြောင်း မရှိပါ။
ထိုအတွေးသဖြင့် ချင်းလောင်ယွင်ကို ရင်ခွင်ထဲ ပိုက်လိုက်ပြီး ချော့မေးလိုက်သည်။ “ယွင်ယွင်၊ မနက်ဖြန်ကျရင် ဘကြီးတို့အိမ်ကို ဘိုးဘိုး လိုက်ပို့ပေးရမလား”။
… … …
အခန်း(၇၂) ချင်းမိသားစုမှာ နေခွင့်ရဖို့ ကြိုးပမ်းခြင်း
“မသွားလို့ မရဘူးလားဟင်…”။ ချင်းလောင်ယွင်လေး သိပ်မပျော်ပါ။
“ဘာလို့လဲ”
“အဲ့ချင်းစူစူက အရမ်းစိတ်ရှုပ်ဖို့ကောင်းတယ်။ ဘိုးဘိုးကို ရိုက်တယ်။ သမီးကိုလည်း လှောင်တယ်”။ ထိုအကြောင်းကို ပြန်စဉ်းစားလိုက်ရုံနဲ့ ဝမ်းနည်းသွားကာ ချင်းလောင်ယွင် မျက်လုံးတွေ နီမြန်းသွားပါသည်။
“ဘိုးဘိုးလည်း သိပါတယ်။ အဲ့ ချင်းစူစူက အရမ်းစိတ်ရှုပ်ဖို့ကောင်းတယ်။ ဒါပေမယ့် ဘိုးဘိုးပြောတာ နားထောင်။ အခု သမီးဘကြီးရဲ့ အိမ်မှာ အစ်ကိုကြီး တစ်ယောက် ရောက်နေတယ်။ အဲ့အစ်ကိုကြီးက အရမ်း အစွမ်းအစရှိတာ။ သူနဲ့ သမီး ရင်းနှီးအောင် လုပ်နိုင်ရင် နောက်ပိုင်း ချင်းစူစူ သမီးကို လက်ဖျားနဲ့တောင် ထိနိုင်တော့မှာ မဟုတ်ဘူး!”
ချင်းလောင်ယွင်က သူမ အဘိုး၏ စကားများကို နားလည်တစ်ဝက် မလည်တစ်ဝက်နဲ့ နားထောင်နေပါသည်။
ချင်းကျင်းဖန်က ဆက်ရှင်းပြ၏။ “ယွင်ယွင်လေးက ဘာမှစိတ်ပူစရာ မလိုဘူး။ ဒီတိုင်း အရင်တုန်းက နေခဲ့သလို လိမ်လိမ်မာမာ နေဖို့ပဲ လိုတယ်။ ပြီးရင် ဘကြီးအိမ်မှာ နေတဲ့ အစ်ကိုကြီးနဲ့ သူငယ်ချင်း ဖြစ်အောင်လုပ်။ အဲ့တာဆို ဘိုးဘိုးရယ်၊ ဘွားဘွားရယ်၊ ဖေကြီးရယ်၊ မေကြီးရယ်တို့ အကုန် ပြည့်ပြည့်စုံစုံ ဘဝနဲ့ နေနိုင်မှာ ဟုတ်ပြီလား”
“တကယ်?”
“တကယ်ပေါ့။ ဘိုးဘိုးက သမီးကို လိမ်ဖူးလို့လား”
“အွန်း အဲ့တာဆို လုပ်ကြည့်မယ်!”
“ဟုတ်ပြီ ဟုတ်ပြီ။ ငါတို့ ယွင်ယွင်လေးက အလိမ္မာဆုံးပဲကွ!” ချင်းကျင်းဖန်က ချင်းလောင်ယွင်ကို ပျော်ပျော်ကြီး လေထဲမြှောက်ကစားလိုက်သည်။
--- --- ---
နောက်တစ်နေ့မနက် ချင်းကျင်းဖန်တစ်ယောက် ချင်းလောင်ယွင်ကို ခေါ်ပြီး ချင်းအိမ်တော်သို့ ရောက်လာပြန်ပါသည်။
ချင်းမိသားစုက သူ့ကို အိမ်ရိပ်မနင်းဖို့ တားမြစ်ထားသော်လည်း အရှက်မရှိ သွားခဲ့သေးသည်။
အဘယ့်ကြောင့်ဆိုသော် ယခု ထိုအိမ်မှာ သူ့ရဲ့ ငွေဝင်ပေါက် အစ်ကိုကြီးနဲ့ မရီးနှစ်ယောက်တည်း မကဘဲ ဟွော်မိသားစု သခင်လေးလည်း ရှိနေပြီ ဖြစ်တာကြောင့်ပင်။
သူတို့ရဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက် ချင်းကျင်းဖန် စိတ်ပိုင်းဖြတ်ထားပါသည်။ ဘယ်လို နည်းလမ်းပဲ သုံးရသုံးရ ယွင်ယွင်လေးကိုလည်း ချင်းအိမ်တော်မှာ နေခွင့်ရအောင် ကြိုးစားမည်။
ချင်းအိမ်တော် ခြံရှေ့ကို ရောက်သောအခါ ချင်းကျင်းဖန် ဘဲလ်တီးလိုက်သည်။
အိမ်စေက အကြောင်းပြန်သောအခါ ချင်းကျင်းဖန် ကင်မရာထဲကို တိုက်ရိုက်ကြည့်ကာ ပြောလိုက်၏။ “အစ်ကိုကြီးနဲ့ မရီးတို့ကို အရေးတကြီး ပြောစရာရှိလို့ပါ။ ကျုပ်အပြင်မှာ နေလို့ရတယ်။ ကျုပ် ပြောစရာ ရှိတဲ့ကိစ္စကို ကျေးဇူးပြုပြီး နားထောင်အောင် သူတို့ကို ပြောပေးပါ”
အဘိုးချင်းက သူ့ညီကို ဂရုစိုက်မှန်း သိသဖြင့် အိမ်စေလည်း အချိန်မဆွဲရဲဘဲ အဘိုးချင်းကို သွားအကြောင်းကြားလိုက်သည်။
ထို့နောက် အဘိုးချင်းက ခြံထဲထိ မဆင်းဘဲ ဗီဒီယိုဆက်သွယ်ရေး ကိရိယာမှ တဆင့် ချင်းကျင်းဖန်ကို စကားပြောလိုက်ပါသည်။
“မင်းပြောစရာရှိတာပြော”။ အဘိုးချင်းက ချင်းကျင်းဖန်ကို ဖော်ဖော်ရွေရွေ မကြိုဆိုပေ။
“အစ်ကိုကြီး ငါဒီတစ်ခေါက် ပိုက်ဆံလာတောင်းတာ မဟုတ်ဘူး”။ ချင်းကျင်းဖန်က ပြတ်သားစွာ ပြောလိုက်၏။
“ဪ?”။ ဒါ အနည်းငယ် အံ့အားသင့်ဖို့ ကောင်းပါသည်။ “ဒါဖြင့်ရင် ဘာကိစ္စရှိလို့လဲ”
“ငါ့မိန်းမ ကျန်းမာရေးမကောင်းလို့ ခွဲစိတ်ကုသဖို့အတွက် ဆေးရုံတင်ရမယ်တဲ့။ ငါသူ့ကို ဆေးရုံမှာ လူနာသွားစောင့်ပေးရမှာ။ ယွင်ယွင်လေးကို မင်းအိမ်မှာ ရက်ပိုင်းလောက် နေခွင့်ပေးလို့ရမလားလို့ လာတောင်းဆိုတာပါ”
“မင်းသားနဲ့ ချွေးမက ဘယ်ရောက်နေလို့လဲ”။ အဘိုးချင်းက မေးလိုက်သည်။
ချင်းကျင်းဖန်က ငြီးတွားလိုက်သည်။ “အစ်ကိုကြီးကလည်း ငါ့သားဘယ်လိုကောင်လဲ မင်းလည်း သိရဲ့သားနဲ့။ သူတို့သာ ယွင်ယွင်လေးကို ကောင်းကောင်း ဂရုစိုက်နိုင်ရင် ဒီ ၂ နှစ်လုံးလုံး ယွင်ယွင်လေး ငါတို့နဲ့ လာနေရမှာ မဟုတ်ဘူး”
ချင်းကျင်းဖန်၏ သားဖြစ်သူ ချင်းယီက တာဝန်မသိတတ်သော ယောကျ်ားတစ်ယောက်ဖြစ်ပြီး ပျော်ပါးဖို့သာ သိသည်။ အလုပ်လည်း ကြိုးစားပမ်းစား လုပ်ချင်စိတ် မရှိပါ။
ချမ်းသာချင်စိတ် ရှိသော်လည်း ကြိုးစားချင်စိတ်မရှိပေ။ မိန်းမနဲ့ ကလေးနဲ့ ရှိသော်လည်း အခြေတကျ မနေနိုင်သေးပါ။
မေးခွန်းထုတ်စရာကောင်းသည့် လူတွေနဲ့ ပေါင်းသည်။ သူ့ သမီးကို လျစ်လျူရှုခဲ့သည်။ ထို့နောက် သူ့မိန်းမနဲ့ သူနဲ့ စီးပွားရေးထုတ်လုပ်မည်ဟု အကြောင်းပြချက်ပေးပြီး ချင်းကျင်းဖန်နဲ့ သူ့မိန်းမတို့လက်ထဲ လာအပ်သွားခဲ့၏။
ဒါတွေ အားလုံးက အမှန်တရားဖြစ်သည်။ ထို့ကြောင်း သူ့အစ်ကိုကြီး စုံစမ်းမှာကိုလည်း ချင်းကျင်းဖန် မကြောက်ပါ။
သူ့စကားထဲ အလိမ်ဆိုလို့ သူ့မိန်းမ ဆေးရုံတင်ရသည့် ကိစ္စတစ်ခုတည်းသာ ပါသည်။ သေချာ စဉ်းစားကြည့်လျှင် ထိုကိစ္စကလည်း အလိမ်ဟု မဆိုနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် မနေ့က သူဆုံးဖြတ်ချက် ချပြီးနောက် သူ့မိန်းမကို လိပ်ခေါင်းခွဲစိတ်ဖို့အတွက် ဆေးရုံတက်ခိုင်းထားတာကြောင့် ဖြစ်သည်။
ထိုခွဲစိတ်ကုသမှုက ဆေးရုံတက်ဖို့ လိုပါသည်။ ထို့ကြောင့် သူ့အစ်ကိုကြီး သေသေချာချာ စုံစမ်း စစ်ဆေးရင်တောင် ချင်းကျင်းဖန်၏ ဇာတ်လမ်းမှာ အလိမ်အညာတွေ့ရမှာ မဟုတ်ပါ။
အဘိုးချင်း အကြာကြီး တိတ်ဆိတ်နေတာကို သတိထားမိပြီး ချင်းကျင်းဖန်က ညှိုးငယ်သော မျက်နှာထားဖြင့် ပြောလိုက်ပါသည်။ “သနားစရာ ယွင်ယွင်လေးရယ်…။ ဘကြီးသာ သမီးကို လက်မခံဘူး ဆိုရင် ဒီနေ့ည ဘိုးဘိုးနဲ့အတူတူ ဆေးရုံမှာပဲ နေရတော့မှာပေါ့။ အားလုံး ဘိုးဘိုးကြောင့်၊ ဘိုးဘိုး အသုံးမကျလို့ ဖြစ်ရတာ…”