အခန်း (၇၃+၇၄+၇၅)
Vol. 3 Ch. 73+74+75
အခန်း(၇၃) မဲလုံးနဲ့ ဟူကျစ်
အဘိုးချင်းလည်း ချင်းလောင်ယွင်လေး၏ လိမ္မာသော မျက်နှာသေးသေးလေးကို မြင်သွားသည်။ ချင်းကျင်းဖန်၏ ရင်ခွင်ထဲက ချင်းလောင်ယွင်လေးကို မြင်ပြီး သူ့စိတ်ပျော့ပြောင်းသွားခဲ့ပါသည်။
သနားစရာ ကလေးလေး၊ မိဘတွေကလည်း လျစ်လျူရှုထားပြီး အဘိုးအဘွားတွေကလည်း အသုံး မကျကြဘူး။
ယခင်တစ်ယောက် စူစူလေးရဲ့ လက်ကောက်ကို ခိုးတာ တကယ်ပဲ ချင်းလောင်ယွင်၏ အပြစ် ဖြစ်ပါသည်။ သို့သော် ငယ်စဉ်ကတည်းက ဆုံးမသွင်သင်ခြင်း မရှိခဲ့သည့် လူကြီးတွေရဲ့ အပြစ်လည်း ပါသည်။
အတွေးပေါင်းများစွာ တွေးပြီး ဒီ ၄ နှစ်အရွယ် မြေးမလေးကို အဘိုးချင်း မရက်စက်နိုင်တော့ပါ။
“ပြီးရော ပြီးရော။ မင်းဝင်လို့မရဘူး။ ဒါပေမယ့် ယွင်ယွင်လေးကို ဝင်ခိုင်းလိုက်”။ အဘိုးချင်းက ပြောလိုက်ပါသည်။
“အင်းပါ အင်းပါ ငါမဝင်ဘူး”
အဘိုးချင်း လိုက်လျောတာကို မြင်ပြီး ချင်းကျင်းဖန် အပျော်လွန်ကာ ခေါင်းတွေ ဆက်တိုက် ငြိမ့်ပြလိုက်ပါသည်။
ထို့နောက် ချင်းအိမ်တော်၏ ခြံတံခါးကြီး တဖြည်းဖြည်း ပွင့်သွားလေသည်။ ချင်းကျင်းဖန်က ချင်းလောင်ယွင်ကို နှုတ်ဆက်စကား ပြောလိုက်၏။ “ယွင်ယွင်လေး ဘကြီးရဲ့ အိမ်မှာနေတုန်း လိမ်လိမ်မာမာ နေနော်”
“အွန်း”။ ချင်းလောင်ယွင်က လိမ္မာစွာ ခေါင်းငြိမ့်လိုက်ပါသည်။
“မနေ့က အဘိုးပြောထားတာကော မှတ်မိသေးလား”
“မှတ်မိပါတယ်”
ဟွော်မိသားစုရဲ့ သခင်လေးနဲ့ သူငယ်ချင်းဖြစ်အောင် လုပ်ဖို့ဖြစ်သည်။
“တော်လိုက်တဲ့ ကောင်မလေး။ ဘိုးဘိုးရဲ့ အလိမ္မာဆုံး မြေးမလေးပဲ!” ချင်းကျင်းဖန်၏ မျက်နှာက ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေပါသည်။
ချင်းအိမ်တော်ထဲ ချင်းလောင်ယွင် ဝင်လာသောအခါ ချင်းမိသားစု အိမ်စေများက သူမကို လာကြိုကြပြီး ခရီးဆောင်အိတ်ကို ယူကာ သူမနေရမည့် အခန်းသို့ လိုက်ပြပေးလိုက်ပါသည်။
ခြံထဲမှ ဖြတ်သွားစဉ် စူစူလေးနဲ့ ၈ နှစ်အရွယ် ကောင်လေးတစ်ယောက်ကို ချင်းလောင်ယွင် မြင်ခဲ့သည်။
ဒီကောင်လေးက သူမ အဘိုးပြောထားသည့် ဟွော်မိသားစုမှ သခင်လေးဖြစ်မှန်း ချင်းလောင်ယွင် သိပါသည်။
“သမီး စူစူလေးနဲ့ သွားကစားလို့ရလား”။ ချင်းလောင်ယွင်က သူမဘေးက အိမ်စေကို ကပ်တိုးလေး မေးလိုက်၏။
အမှန်ပင်။ အိမ်စေက ငြင်းလို့မရပါ။ ဘာပဲဖြစ်ဖြစ် ချင်းလောင်ယွင်ကလည်း ချင်းမိသားစုဝင်ပဲ မဟုတ်လား။ သူတို့ရဲ့ သခင်မလေးပဲ ဖြစ်သည်။
“ရပါတယ် သခင်မလေး ယွင်ယွင် ကျေးဇူးပြုပြီး သတိထားပါနော်။ ခရီးဆောင်အိတ်ကို အခန်းထဲ ကျွန်မ ယူသွားလိုက်ပါ့မယ်”
“အွန်း!”။ စူစူလေးနဲ့ ဟွော်ထျင်းတို့ ရှိရာဆီ ချင်းလောင်ယွင် ပြေးသွားလေသည်။
ထိုအချိန်တွင် စူစူလေးနဲ့ ဟွော်ထျင်းတို့က သူတို့ တိရိစ္ဆာန်လေးတွေနဲ့ ကစားနေကြတာဖြစ်သည်။
ဟူကျစ်က အကောင်သေးသေး၊ ဖြူဖွေးပြီး သပ်ရပ်သည်။ မဲလုံးကတော့ တစ်ကိုယ်လုံး အမွေးတွေနဲ့ ဖုံးလွှမ်းနေပြီး အကောင်ကြီးကာ အရှိန်အဝါလည်း ရှိလှသည်။
ထိုခွေးနဲ့ ကြောင်တို့က ဆန့်ကျင်ဘက်စီပင်။ ဘယ်လိုပဲကြည့်ကြည့် မဲလုံးက အသာစီးရထားမည့် ပုံစံ။
သို့သော်လည်း အခြေအနေက ပြောင်းပြန်ဖြစ်နေပါသည်။ မဲလုံးတစ်ကောင် ဟူကျစ်ကြောင့် ပြားပြားဝပ်နေရသည်။ ဟူကျစ်ထံမှ စိန်းစိန်းဝါးဝါး အကြည့်တစ်ချက်နဲ့တင် မဲလုံးတစ်ကိုယ်လုံး တုန်ခါသွားနိုင်ပါသည်။
ထို့ကြောင့် ဟွော်ထျင်း သူ့ခွေးသူ သံသယဖြစ်လာသည်။
Tibetan Mastiff တွေက ခွေးတွေရဲ့ ဘုရင်ဆို။ Tibetan Mastiff တွေက ကြမ်းကြုတ်တဲ့ သားရဲတွေဆို? ဘယ်နားက ကြမ်းကြုတ်တာလဲ။ သခင်ဖြစ်တဲ့ သူ့ကို အရှက်ကွဲအောင် လုပ်နေတာပဲ!
“မဲလုံး! ငကြောက်ကြီး မလုပ်စမ်းပါနဲ့!။ ဒီလောက် အကောင်ကြီးတာကို ဘာလို့ ဟူကျစ်လို ပိစိလေးကို ကြောက်နေရတာလဲ”။ ဟွော်ထျင်းက မဲလုံးကို မကျေနပ်စွာ မေးလိုက်သည်။
“ဝူး---”။ မဲလုံး ကြမ်းပြင်ပေါ်မှာ ဆက်ဝပ်နေပြီး ထတောင် မထရဲ၌ါ။
ဟူကျစ်ကတော့ မဲလုံး၏ ခေါင်းပေါ်တက်ပြီး ပျင်းကြောဆန့်နေလေသည်။ ဗိုက်ပွတ်ခံချင်သဖြင့် သူ့သခင်ကိုတောင် ဗိုက်လှန်ပြနေပါသည်။
အောက်က မဲလုံးမှာ လုံးဝ မလှုပ်ပါ။ သူ့ခေါင်းကို ဟူကျစ်၏ အိပ်ရာအဖြစ် နေခွင့်ပေးထားသည်။
ချင်းလောင်ယွင် ရောက်လာသောအခါ ဟွော်ထျင်းက မဲလုံးကို ဆူငေါက်နေချိန်ဖြစ်၏။
သူစိမ်းတစ်ယောက် ရောက်လာတာကို မြင်သောအခါ ဟွော်ထျင်းက သူမကို မယုံသင်္ကာဖြင့် ကြည့်လိုက်၏။
“နင်ဘယ်သူလဲ”။ ဟွော်ထျင်း မေးလိုက်သည်။
“သ… သမီးနာမည် ယွင်ယွင်ပါ”။ ချင်းလောင်ယွင်က သူမကိုယ်သူမ မိတ်ဆက်လိုက်ပါသည်။
ဟွော်ထျင်းက စူစူလေးကို လှမ်းမေးလိုက်သည်။ “ဟိုကောင်မလေး၊ သူက ဘယ်သူလဲ”
စူစူလေးက ချင်းလောင်ယွင်ကို ကြည့်လိုက်သည်။ ထို့နောက် လက်ချောင်းလေးများ ထောင်ကာ သူတို့ ဘယ်လိုတော်စပ်မှန်း စဉ်းစားကြည့်လိုက်သည်။
“သူက ငါ့တူလေးကို ‘အစ်ကိုကြီး’လို့ ခေါ်တယ်။ ပြီးတော့ သူ့အဘိုးကလည်း ငါ့အဖေကို ‘အစ်ကိုကြီး’လို့ ခေါ်တယ်။ အဲ့တော့… သူက… ဦးလေး၊ အဖေ၊ အစ်ကိုကြီး၊ တူလေးဆိုတော့…”
ရှုပ်ထွေးလွန်းပါသည်။ သူမ မစဉ်းစားတတ်ပါ။
“ထားလိုက်ပါတော့ ထားလိုက်ပါတော့။ ဆက်မတွက်ပါနဲ့။ နင်သူ့ကို သိလား မသိဘူးလားပဲ ပြောစမ်းပါ”
… … …
အခန်း(၇၄) ငါ့ကိုလည်း သူကြည့်မရဘူး
ဒါကိုကြားတော့ ချင်းလောင်ယွင်က စိတ်ပူပန်စွာ စူစူလေးအား ကြည့်လိုက်သည်။
“သိပ်မသိပါဘူး… ငါသူ့ကို ကြည့်မရဘူး”။ စူစူလေး တဲ့တိုး ပြန်ဖြေလိုက်၏။
လက်ကောက်ခိုးသည့် ကိစ္စဖြစ်ပြီးကတည်းက ချင်းလောင်ယွင်ကို စူစူလေး လုံးဝ ကြည့်မရတော့ပါ။
သူများပစ္စည်းခိုးတာ မကောင်းသဖြင့် ကလေးဆိုးဖြစ်သည့် သဘောပင်။ ကိုယ့်အမှားကိုယ် ဝန်မခံတာလည်း ဆိုးသဖြင့် ကလေးဆိုးဖြစ်တာ ပိုသေချာသွားသည်။
ထို့အပြင် တစ်ယောက်ယောက်ငိုသည့်အခါ စူစူလေး မကြိုက်ပါ။ ပြောရဆိုရလွယ်ကူသည့် ကလေးတွေကိုသာ စူစူလေး သဘောကျသည်။
ချင်းလောင်ယွင်၏ မျက်နှာသေးသေးလေး ချက်ချင်း ဖြူရော်သွားပြီး သူမရဲ့ အင်္ကျီစတွေကို လက်ဖြင့် တင်းနေအောင် ဆုပ်ကိုင်ထားမိသည်။
ချင်းစူစူက သူမကို တမင်တကာ တိုက်ခိုက်ပြီး မောင်းထုတ်နေသည်ဟု ခံစားရ၏။
“ငါ… ငါ…” ချင်းလောင်ယွင် ရှင်းပြဖို့ တစ်ခုခုပြောချင်သော်လည်း ဘာမှ ထွက်မလာပါ။ သူမ မျက်လုံးတွေ နီမြန်းလာပြီး မျက်ရည်တွေ ဝဲလာပါသည်။
“နင်ဘာလို့ ငိုနေတာလဲ”။ ဟွော်ထျင်းက ကြောင်စီစီ ဖြစ်သွားပြီး မေးလိုက်၏။
“သူ… သူငါ့ကို သဘောမကျဘူးတဲ့… ငါက…” ချင်းလောင်ယွင် အလွန်ဝမ်းနည်းနေပုံ ရပြီး စကားတွေ ထစ်ငေါ့ကုန်ပါသည်။
“သူ ငါ့ကိုလည်း သဘောမကျပါဘူး။ အဲ့တာ ဘာထူးဆန်းလို့လဲ”။ ဟွော်ထျင်းက ဆိုသည်။ ချင်းစူစူက အမြဲတမ်း ဒီလိုပုံစံပဲ ဖြစ်သည်ဟု ဟွော်ထျင် တွေးထားတာဖြစ်၏။
သူတစ်ယောက်ယောက်ကို သဘောမကျဘူးဟုဆိုလျှင် တကယ်သဘောမကျတာဖြစ်သည်။ စကား မပြောချင်ဘူးဟု ဆိုလျှင် တကယ်မပြောချင်တာ ဖြစ်သည်။
သူမ စကားပြောလာဖို့ ဟွော်ထျင်းတောင် အများကြီး အလျှော့ပေးခဲ့ရပါသည်။
ချင်းလောင်ယွင်က အံ့အားသင့်စွာ မော့ကြည့်လိုက်ပြီး ဟွော်ထျင်းကို မေးလိုက်သည်။ “သူ… သူက ကိုကြီးကိုလည်း သဘောမကျဘူးလား”
“ဟုတ်တယ်လေ။ အဲ့တာကြောင့် ဘာငိုစရာ ရှိလို့လဲ”။ ဟွော်ထျင်းက ပြန်မေးလိုက်၏။
“သမီး… သမီး ကိုကြီးတို့နဲ့ ခင်ချင်လို့ပါ…”။ ချင်းလောင်ယွင် တုန်ယင်စွာဖြင့် သူမ ဆန္ဒကို ပြောပြလိုက်ပါသည်။
“ငါတို့နဲ့ ခင်ချင်တာဆို ဘာလို့ ငိုနေတာလဲ”။ ပေါ့ပေါ့ပါးပါး နေတတ်သည့် ကောင်လေးတစ်ယောက် ဖြစ်သဖြင့် လောလောဆယ် ချင်းလောင်ယွင် ဘာတွေ ဝမ်းနည်းနေသလဲဆိုတာ ဟွော်ထျင်း နားမလည်နိုင်ပါ။
သူမကို စူစူလေး ကြည့်လို့မရတာကော၊ စူစူလေးနဲ့ သူငယ်ချင်းဖြစ်ချင်တာကော အကုန်လုံး သူ့ရည်ရွယ်ချက်နဲ့ အတူတူပဲ မဟုတ်ဘူးလား။ နည်းနည်း စိတ်ဓာတ်ကျစရာ ကောင်းပေမယ့် ငိုရလောက်တဲ့အထိတော့ မဟုတ်ပါဘူး…။
“သူ… သူက လက်မခံဘူး… သူသမီးကို မကြိုက်ဘူး… သမီး… သမီး ဘာလုပ်ရမလဲ မသိဘူး… အီးဟီးဟီး…”
“သူနင့်ကို မကြိုက်ရင် ကြိုက်လာအောင် လုပ်ပေါ့။ သူက သူငယ်ချင်း မဖြစ်ချင်ဘူးဆို ဖြစ်ချင်လာအောင် နည်းလမ်းရှာပေါ့။ ငိုနေလို့ ဘာထူးမှာလဲ”
ဟွော်ထျင်း မျက်မှောင်ကြုတ်လိုက်၏။ ချင်းလောင်ယွင်၏ ငိုသံကြောင့် စိတ်ရှုပ်သလိုလို ရှိလာသည်။
ထပ်ခါထပ်ခါ မေးခွန်းထုတ်ခံရပြီး ဟွော်ထျင်း၏ စိတ်မရှည်သော လေသံကို ကြားသောအခါ လုံးဝ မုန်းတီးခံရမည်ကို စိုးရိမ်သဖြင့် ချင်းလောင်ယွင် အငိုတိတ်သွားခဲ့ပါသည်။
သို့သော် သူမ အငိုလွန်ထားသဖြင့် ပြန်ထိန်းချုပ်ဖို့ ခက်ခဲလှသည်။ သူမ ခန္ဓာကိုယ်ကလည်း စိုးရွံ့မှုဖြင့် တုန်ယင်နေဆဲဖြစ်၏။
“သမီး… သမီးမငိုတော့ပါဘူး။ သမီးကို… မခေါ်ဘဲ မနေပါနဲ့”
“အေးပါ နင်သာ မငိုနဲ့တော့”။ ဟွော်ထျင်းက ပြောလိုက်၏။
“ဟုတ်!” ချင်းလောင်ယွင် ခေါင်းငြိမ့်လိုက်ပါသည်။
ထိုစဉ် မဲလုံးကြီး အနားကပ်လာသည်။
ခုနက ပန်းပင်တွေကြားထဲ ဟူကျစ်နဲ့အတူတူ မဲလုံးလိပ်ပြာလိုက်ဖမ်းနေသဖြင့် ချင်းလောင်ယွင် မဲလုံးကို မမြင်ဖူးသေးပါ။
သို့သော်လည်း ယခု သူရောက်လာသောအခါ ကြီးမားလွန်းသည့် သူ့ခန္ဓာကိုယ်ကြီးနဲ့ ကြမ်းကြုတ်မည်ဟု ထင်ရသော အသွင်အပြင်တို့ကြောင့် ချင်းလောင်ယွင် လန့်ဖျပ်သွားလေသည်။
ခုနက ရပ်တန့်သွားသည့် မျက်ရည်တွေလည်း ဆည်ကျိုးသလို ဝေါခနဲ ပြန်စီးကျလာခဲ့၏။
“ဗြဲ-- ကယ်ပါဦး! သမီးကို ကယ်ပါဦး!!”
မဲလုံးကြောင့် ချင်းလောင်ယွင် လန့်သွားတာကို မြင်ပြီး စူစူလေး မဲလုံးကို အမိန့်ပေးလိုက်သည်။ “မဲလုံး ထိုင်နေစမ်း! ငြိမ်ငြိမ်နေ!”
စူစူလေး၏ အမိန့်ကို ကြားသောအခါ မဲလုံးချက်ချင်းပဲ မြေပေါ် ထိုင်ချလိုက်သည်။ ထို့နောက် စူစူလေးကို ဝမ်းနည်းသော မျက်နှာလေးနဲ့ ကြည့်လိုက်၏။ ထို အပြစ်ကင်းစင်သော မျက်လုံးလေးများက သူ ခြောက်လှန့်ဖို့ မရည်ရွယ်ကြောင်း၊ ဒီတိုင်း လမ်းလျှောက်လာတာ ဖြစ်ကြောင်း ပြောပြနေသလိုပင်။
မဲလုံးကို စူစူလေး၏ ခွေးဟု ထင်သွားပြီး ချင်းလောင်ယွင် အငိုမရပ်သေးသည့်အပြင် စူစူလေးကို လက်ညှိုးထိုးကာ မေးလေသည်။
“အီးဟီးဟီး-- နင်ဘာလို့… နင့်ခွေးနဲ့ ငါ့ကိုခြောက်တာလဲ…. ကြောက်တယ် အီးဟီးဟီး…”
… … …
အခန်း(၇၅) ဟိုဘက်အိမ်က ကောင်လေးကို လက်ဆောင်သွားပေး
စူစူလေးက မျက်တောင်တဖျပ်ဖျပ်ဖြင့် ပြောလိုက်သည်။ “မဲလုံးကို ဘယ်သူ့ကိုမှ ငါမခြောက်ခိုင်းပါဘူး။ သူများတွေကို ခြောက်တာ မကောင်းဘူး!”
ဟွော်ထျင်းက ရှင်းပြ၏။ “မဲလုံးက ငါ့ခွေး၊ ပြီးတော့ သူနင့်ကို ခြောက်တာ မဟုတ်ဘူး။ ဒီတိုင်း လမ်းလျှောက်လာတာလေ! နင်က ငကြောက်မို့လို့--”
ဟွော်ထျင်း စကားမဆုံးခင် ရပ်တန့်သွားပြီး တစ်ခုခုကို ရုတ်တရက် သတိရကာ စူစူလေးအား လှည့်ကြည့်လိုက်သည်။
စူစူလေး၏ တောင်းဆိုချက်ကို သူမမေ့သေးပါ။
ထို့ကြောင့် သူ့လေသံကို ချက်ချင်းပြောင်းလိုက်၏။ “မဲလုံးကြောင့် လန့်သွားရင် ငါတောင်းပန်ပါတယ်…”
တောင်းပန်နေသော်လည်း ဟွော်ထျင်း၏ မျက်နှာက စူပုပ်နေဆဲဖြစ်ပြီး အကြည့်တွေကလည်း ယခင်အတိုင်း စိတ်ကြီးဝင်နေဆဲပင်။
ဟမ်း… ဒီကောင်မလေး ဒေါသထွက်ပြီး ငါ့ကို မခေါ်တော့မှာစိုးတာကြောင့်သာ မဟုတ်ရင် ငါတောင်းပန်နေမှာ မဟုတ်ဘုး!
ချင်းလောင်ယွင် ကြက်သေသေသွားသည်။ သူမ အပြစ်တင်တာ လူမှားသွားမှန်း သိသောအခါ ဘာလုပ်ရမှန်း မသိတော့ပါ။ သူမ လုပ်နိုင်တာဆိုလို့ အနိုင်ကျင့်ခံရသည့် ပုံစံပေါက်အောင်နေကာ ပျာယာခတ်ပြီး ဆက်ငိုဖို့သာ ရှိသည်။
“အီးဟီးဟီး… ငါတောင်းပန်ပါတယ်။ ငါမှားသွားပါတယ်။ ငါ့ကို မမုန်းပါနဲ့…”
ချင်းလောင်ယွင်၏ ငိုသံက အလွန်သနားစရာ ကောင်းလွန်းပါသည်။
ဟွော်ထျင်းလည်း ကြောင်စီစီဖြစ်ကာ စူစူလေးကို လှည့်မေးလိုက်သည်။ “သူအမြဲတမ်း အဲ့လိုပဲ ငိုနေကျလား”
စူစူလေးက ခေါင်းခါလိုက်သည်။ “မသိဘူး။ ငါသူ့ကို စသိတုန်းကတော့ အများကြီး ငိုနေတာပဲ။ ဘာလို့လဲ မသိဘူး”
ချင်းလောင်ယွင်ကို စူစူလေးတွေ့ဖူးတာ မကြာသေးပါ။
သို့သော် သူမတို့ တွေ့လိုက်တိုင်း ချင်းလောင်ယွင်က အမြဲတမ်း မျက်ရည်နဲ့ မျက်ခွက်နဲ့ပင်။
“အဲ့တာကြောင့် နင်သူ့ကို မကြိုက်တာကိုး။ ငါလည်း အာပြဲစိန်တွေကို မကြိုက်ဘူး။ စိတ်ရှုပ်ဖို့ အရမ်းကောင်းတယ်”။ ဟွော်ထျင်းက ပြောလိုက်၏။
ထို့နောက် စူစူလေးကို မေးလိုက်သည်။ “အဲ့တာဆို ငါတို့ဘာလုပ်ကြမလဲ။ အာပြဲစိန်တွေကို ငါသည်းမခံနိုင်ဘူး။ အာပြဲစိန်တွေ အငိုတိတ်အောင် ဘယ်လိုလုပ်ရသလဲ နင်သိလား”
“ငါလည်း မချော့တတ်ဘူး။ လက်သီးနဲ့တော့ ထိုးတတ်တယ်!”။ စူစူလေးက သူမရဲ့ လက်သီးဆုပ်လေးကို မြှောက်ပြလိုက်သည်။
အဲ… အဲ့လောက်ထိတော့ မလုပ်ကြရအောင်…။
ဟွော်ထျင်း ခေတ္တစဉ်းစားလိုက်ပြီး စူစူလေးကို ကြည့်လိုက်သည်။ “တခြားနေရာမှာ သွားကစားမယ်လေ”
စူစူလေးကလည်း ခေါင်းငြိမ့်သည်။ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိသွားပါပြီ။
သူတို့နှစ်ယောက် သဘောတူညီမှုရတာ ဒါပထမဆုံးအကြိမ် ဖြစ်လောက်သည်။ ဒီလိုနဲ့ မဲလုံးနဲ့ ဟူကျစ်တို့ကိုပါ ခေါ်ပြီး စူစူလေးနဲ့ ဟွော်ထျင်းတို့ ခြံထဲက တခြားနေရာမှာ သွားကစားလိုက်ကြပါသည်။
နောက်မှာ ကျန်ခဲ့သည့် ချင်းလောင်ယွင် ဘယ်လို ငိုရမှန်းတောင် မသိတော့ပါ။
မျက်လုံးထဲက မျက်ရည်တွေ မခြောက်သေးဘဲ ထိုနေရာမှာပဲ ကြောင်တောင်တောင်ဖြင့် ရပ်နေမိသည်။
သူမရဲ့ ရင်ဘတ်လေးထဲ ရှက်ရွံ့သော ခံစားချက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပါသည်။
--- --- ---
“နင်တို့နှစ်ယောက် သူတို့ ခြံနံရံကို ကျော်တာ ၂ ခါရှိပြီ။ ရဲမခေါ်တာ ကံကောင်းတယ်။ အဲ့တာကြောင့် လက်ဆောင်သွားပေးပြီး ပြန်တောင်းပန်။ ပြီးရင် သေသေချာချာ မိတ်ဆက်ခဲ့”
“အွန်း! ကိုကြီးကို လက်ဆောင် သွားပေးကြစို့!” စူစူလေးက ပျော်ရွှင်စွာ သဘောတူလိုက်ပါသည်။
“မေမေ့သမီးလေးက ဟိုဘက်အိမ်က ကိုကြီးကို တော်တော် သဘောကျတယ်ထင်တယ်နော်”။ အဘ
အဘွားချင်းက စူစူလေးနဲ့ ချင်းယုကျီးတို့ကို ခေါ်လိုက်ပြီး သေသေချာချာ ပြင်ဆင်ထားသည့် လက်ဆောင်လေးတစ်ခု ချင်းယုကျီး လက်ထဲ ထည့်ပေးလိုက်ပါသည်။ ထို့နောက် စူစူလေးနဲ့အတူတူ ဟိုဘက်အိမ်ကို သွားပေးဖို့ တာဝန်ပေးလိုက်၏။ အဘွားချင်းက အပြုံးဖြင့် မေးလိုက်သည်။
“အွန်း… အဲ့ကိုကြီးက ချောတယ်၊ မွှေးလည်း မွှေးတယ်!”
“မွှေးတယ် ဟုတ်လား”။ အဘွားချင်းက စိတ်ဝင်စားစွာ မေးလိုက်၏။
သူမလည်း ကောင်လေးကို တွေ့ဖူးပါသည်။ သို့သော် ထူးထူးခြားခြား ဘာအနံ့မှ မရပါ။
“အွန်း!” စူစူလေးက အားမာန်အပြည့်ဖြင့် ခေါင်းငြိမ့်လိုက်သည်။
အင်းလေ…
သူမ သမီးလေးရဲ့ အနံ့ခံအာရုံက သူမလို အဘွားကြီးထက် ပိုကောင်းလို့ ဖြစ်မှာပါဟု အဘွားချင်း တွေးလိုက်ပါသည်။
သူတို့ စကားဝိုင်းကို ခပ်လှမ်းလှမ်းမှ ကြားလိုက်သော ဟွော်ထျင်းတစ်ယောက် မျက်စပစ်လိုက်ပြီး စိတ်ရှုပ်သွားသော မျက်နှာမျိုး လုပ်လိုက်သည်။
သို့သော်လည်း စူစူလေးကတော့ ဒါတွေ မမြင်ပါ။
သူမ ချင်းယုကျီး၏ လက်ကိုတွဲရင်း လုအိမ်တော်သို့ သွားခဲ့ပါသည်။
ဒီတစ်ခါတော့ စူစူလေးက သူမရဲ့ လက်ဗွေလေးဖြင့် ခြံတံခါးကို ဖွင့်နိုင်ခဲ့ပြီး လုမိသားစုအိမ်ထဲ ရိုးရိုးသားသား ဝင်နိုင်ခဲ့ပါပြီ။
လုမိသားစု ဗီလာကြီးထဲတွင် ဆံပင်အဖြူရောင် သမ်းနေသည့် အသက်ကြီးကြီး လူတစ်ယောက်က လုကျန်းယွီ၏ ကျန်းမာရေးအခြေအနေကို ဆွေးနွေးနေသည်။
“ကျုပ် စိတ်မကောင်းပါဘူး သခင်လေးလု။ ကျုပ်ဆေးပညာစွမ်းရည်က မပြည့်စုံဘူး။ သခင်လေးလုရဲ့ ရောဂါကို မကုသပေးနိုင်ပါဘူး”။
“အဲ့လို မပြောပါနဲ့ ဆရာကြီးပိုင်။ ဆရာကြီးက ဟွာချန့်မြို့မှာ တိုင်းရင်းဆေး ပါရဂူတစ်ယောက်ပဲ။ ဆရာကြီးတောင် ကျွန်တော့်ကို ကုသမပေးနိုင်ဘူးဆိုရင် ကျွန်တော့်ကံပဲပေါ့။ ဆရာကြီးရဲ့ စွမ်းရည်နဲ့ ဘာမှ မသက်ဆိုင်ပါဘူး”။ လုကျန်းယွီက တည်ငြိမ်စွာ ပြောလိုက်သည်။
သူ့အခြေအနေကို သူ လက်ခံထားပြီးသား ဖြစ်၏။
“ဪ… ဆရာကြီးရှုယီကိုသာ ရှာနိုင်ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။ သူ့ ဆေးပညာ စွမ်းရည်တွေက ကျွန်တော့်ထက် အပုံကြီး သာတယ်။ ဧကန္တ သူသာဆို သခင်လေးရဲ့ ရောဂါကို ကုသပေးနိုင်လောက်တယ်။ ကံမကောင်းစွာနဲ့ သူက နဂါးတစ်ကောင်လိုပဲ၊ သူ့ကို မတွေ့ရတာ နှစ်ပေါင်း များစွာကြာနေပြီ”
… … …