← Chapters

အခန်း (၇၆+၇၇)

Vol. 4 Ch. 76+77

အခန်း (၇၆+၇၇)

Vol. 4 Ch. 76+77

အခန်း(၇၆) ချင်းယုကျီး မနာလို ဖြစ်ခြင်း

“တချို့ ကိစ္စတွေက လုပ်ယူလို့မှ မရတာ။ ရှာမတွေ့ရင်လည်း ရှိပါစေတော့”။ လုကျန်းယွီက ငြိမ်းငြိမ်းချမ်းချမ်းပဲ ပြန်ပြောလိုက်၏။

လုကျန်းယွီက ဆရာကြီးရှုယီကိုလည်း အများကြီး မျှော်လင့်မထားပါ။

ထိုလူ့ကို ရှာမတွေ့နိုင်တာထက် ရှာတွေ့ပါကလည်း သူ့ကို ကုသပေးဖို့ သဘောတူလောက်မှာ မဟုတ်ပါ။

ဧကန္တ ကုသပေးဖို့ သဘောတူရင်တောင် အာနိသင်ရှိလောက်မှာ မဟုတ်ပေ။

ထို့ကြောင့် ဘာမှ မဟုတ်တာအတွက် ဘာကြောင့် ပူပန်နေဦးမည်နည်း။

ဆရာကြီးပိုင်က အရွယ်နဲ့ မလိုက်အောင် တည်ငြိမ်လွန်းသော လုကျန်းယွီကို ကြည့်ရင်း ရင်နာသွားခဲ့သည်။

ဒီကလေးက လုမိသားစုလို အင်အားကြီးမားသည့် မိသားစုမှာ မွေးဖွားလာသော်လည်း ငယ်စဉ်ကတည်းက အများကြီး ခံစားနေရသည်။

“သခင်လေးလု အရှုံးမပေးပါနဲ့ဦး။ သခင်လေးက ငယ်ပါသေးတယ်။ ပြန်ကောင်းနိုင်ချေလည်း အများကြီး ရှိသေးတယ်။ လုမိသားစုသာ ဆရာကြီး ရှုယီကို ရှာတွေ့နိုင်မယ်ဆိုရင် သခင်လေး ပြန်ကောင်းလာဖို့ သေချာသလောက် ရှိတယ်”

ဆရာကြီးပိုင်က သမိုင်းဝင် ဆရာကြီးရှုယီကို ရှာတွေ့လျှင် လုကျန်းယွီ ပြန်လည်ကောင်းမွန်လာလိမ့်မည်ဟု အများကြီး မျှော်လင့်ထားသည်။

သူတို့ စကားပြောနေကြစဉ် ကောင်မလေးတစ်ယောက် ပြေးဝင်လာပါသည်။

“ကိုကြီး သမီးလက်ဆောင် ယူလာတယ်!”။ စူစူလေးက ချွဲသံလေးနဲ့ ပြောလိုက်ပြီး လက်ဆောင်လေး တစ်ခု သယ်ကာ လုကျန်းယွီထံ ခပ်သုတ်သုတ် လျှောက်လာသည်။

ခုန်ပေါက်ပျော်ရွှင်နေသော စူစူလေးကို မြင်သောအခါ လုကျန်းယွီ စိတ်ရွှင်သွားပါသည်။

ဧည့်သည်ရောက်လာတာကို မြင်သဖြင့် ဆရာကြီးပိုင်လည်း လုကျန်းယွီနောက်သို့ ရွှေ့ထိုင်လိုက်ပါသည်။

“ဘာလက်ဆောင်တွေ ယူလာတာလဲ”။ လုကျန်းယွီက ခေါင်းငုံ့ရင်း နူးနူးညံ့ညံ့ မေးလိုက်သည်။

ဆရာကြီးပိုင်နဲ့ စကားပြောတုန်းကလို တည်ကြည်လေးနက်သည့် ပုံစံ မဟုတ်တော့ဘဲ စူစူလေးနဲ့ တွေ့ရသောအခါ လုကျန်းယွီ၏ မျက်နှာထားက အများကြီး ရွှင်ပျလာသည်။

“သမီးတို့ သူများ နံရံပေါ် တက်မိလို့ ပြန်တောင်းပန်ရမယ်လို့ မေမေက ပြောတယ်။ ဒီမှာ လက်ဆောင်ယူ!”

ထို့နောက် စူစူလေးက လက်ဆောင်ဘူးလေးကို လုကျန်းယွီ၏ ပေါင်ပေါ် တင်ပေးလိုက်ပါသည်။

“ကျေးဇူးပါ။ နင့်မေမေကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါ”။ လုကျန်းယွီက အပြုံးချိုချိုဖြင့် ပြောလိုက်သည်။ ထို့နောက် စူစူလေး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ပါသည်။

စူစူလေး၏ ဆံပင်လေးများက ပါးပြီး နူးညံ့သဖြင့် ကိုင်လို့ကောင်းပါသည်။

“ပြီးတော့ ဒါက သမီးပေးတာ!”

သူမရဲ့ အိတ်ကပ်ထဲက သကြားလုံးတစ်လုံး ထုတ်လိုက်ပြီး လုကျန်းယွီ၏ ပေါင်ပေါ် ထပ်တင်ပေးလိုက်ပါသည်။

အရင်တစ်ခေါက်ကလိုပဲ မလှမပ ထုပ်ထားသည့် သကြားလုံးလည်း ဖြစ်သည်။ သို့သော်လည်း လုကျန်းယွီအတွက်ကတော့ အဘွားချင်း ပြင်ပေးထားသည့် လက်ဆောင်ထက် ထိုသကြားလုံးလေးက ပိုပြီး တန်ဖိုးရှိပါသည်။

လုကျန်းယွီက ပြုံးကာ စူစူလေး၏ လက်ဆောင်ကို လက်ခံလိုက်ပါသည်။ “သကြားလုံးလေးအတွက် ကျေးဇူးပါ”

ဒါကိုမြင်တော့ ချင်းယုကျီးက အနားကပ်လာပြီး စူစူလေးနဲ့ မျက်လုံးချင်းဆုံအောင် ဆောင့်ကြောင့် ထိုင်လိုက်ပါသည်။ ထို့နောက် မနာလိုစွာ ပြောလိုက်၏။ “နင် ငါ့ကျတော့ ဘာလို့ တစ်ခါမှ သကြားလုံး မပေးဖူးတာလဲ”

သကြားလုံးက အရသာရှိမည့်ပုံ မပေါက်သော်လည်း သူများတွေရပြီး ကိုယ်မရသည့်အခါ စိတ်တိုဖို့ ကောင်းပါသည်။

အထူးသဖြင့် စူစူလေးထံမှ သကြားလုံးရတာ သူမရဲ့ အသိအမှတ်ပြုခြင်းကို ခံရတာနဲ့ အတူတူပဲ ဖြစ်ကြောင်း ချင်းယုကျီး သိထားသဖြင့် ပိုဆိုးသည်။

ဒါဆို ဒီသတ္တဝါလေးရဲ့ အသိအမှတ်ပြုတာကို သူတစ်ယောက်တည်း မခံရသေးတာလား။

မဖြစ်နိုင်ဘူး! သူလည်း ဒီသတ္တဝါလေး အသိအမှတ်ပြုတာကို ခံချင်တာပေါ့!

စူစူလေးက သူမရဲ့ မျက်လုံးဝိုင်းဝိုင်းလေးများနဲ့ ချင်းယုကျီးကို ကြည့်ကာ တစ်ခုခုလေးနက်တာ ပြောဖို့ စဉ်းစားနေသလိုပင်။

အတန်ကြာမှ စူစူလေး ပြောလိုက်၏။ “ဒါပေမယ့် နင်က လိမ်မှ မလိမ္မာတာ။ ကလေးဆိုးတွေက သကြားလုံး မစားရဘူး”

“ငါ…”

သူက ဘာလို့ မလိမ္မာရမှာလဲ။

စူစူလေးရဲ့ ရိုးသားသော မျက်လုံးလေးများကို ကြည့်ရင်း ချင်းယုကျီး စကားနင်သွား၏။

အသက်ဝဝ ရှူပြီးနောက် ချင်းယုကျီး ပြန်ချေပဖို့ ကြိုးစားသည်။ “ငါက ဘာလို့ မလိမ္မာရမှာလဲ။ ဟိုတစ်ခေါက်က ငါရန်ဖြစ်တာကို နင်ပဲ ခွင့်ပြုပေးခဲ့တာ မဟုတ်ဘူးလား”

“ဒါပေမယ့်… နင်မလိမ္မာတာက မလိမ္မာတာပဲ!”

အရင်တစ်ခေါက်က သူ မဆိုးဘူးဟုသာ ဆိုနိုင်သည်။ သို့သော် လိမ္မာသည့်အဆင့်ကို မရောက်သေးပေ။

ချင်းယုကျီး ဒါမျိုး လက်မခံနိုင်ပါ။ “မလိမ္မာဘူးဟုတ်လား။ အဲ့တာဆို ငါ့အစ်ကိုကြီးကကော လိမ္မာတယ်ပေါ့။ သူအခုထိ ရည်းစားမရသေးဘူးမလား။ ဒါပေမယ့် သူ့ကိုနင် သကြားလုံး ပေးခဲ့တာပဲ မဟုတ်ဘူးလား”

… … …

အခန်း(၇၇)

ထိုအချက်ကို ချင်းယုကျီး အလွန်မခံမရပ်နိုင် ဖြစ်မိပါသည်။ သူ့အစ်ကိုကြီးက သူ့နောက်မှ ဒီသတ္တဝါလေးနဲ့ ရင်းနှီးခဲ့တာဖြစ်သည်။ ဒါတောင် သူ့ထက်စောပြီး သကြားလုံး ရသွားသည်။

“ဒါပေမယ့် အဲ့တုန်းက ကျောင်းမှာ ငါနဲ့အတူတူ သူအရမ်းကြိုးစားပြီး ကစားခဲ့တာ!” စူစူလေးက ပြောလိုက်သည်။

သူမက ဒေါ်လေး မဟုတ်လား။ တူကြီးက ဒီလောက်တောင် အားထုတ်ကြိုးပမ်းထားမှတော့ ဆုချသင့်တာပေါ့။

“နင်မှ ငါ့ကို ကစားခွင့် မပေးတာ။ ငါက သူ့ထက် အများကြီး ပိုသန်တယ်”။ ချင်းယုကျီး လက်မလျှော့နိုင်သေးပါ။

ဒီသတ္တဝါလေးရဲ့ အသိအမှတ်ပြုတာကို ခံချင်ရုံသာဖြစ်သည်။ ဒီသတ္တဝါလေးရဲ့ သကြားလုံးကို စားချင်သေးသည်။

စူစူလေးက အခက်တွေ့သွားပြီး ချင်းယုကျီးကို ကြည့်လိုက်သည်။ ထို့နောက် လုကျန်းယွီကို အကူအညီ တောင်းသော မျက်လုံးလေးများဖြင့် သနားကမား ကြည့်လိုက်ပါသည်။

လုကျန်းယွီက ပြုံးလိုက်ပြီး စူစူလေးကို ပြောလိုက်သည်။ “နင့်တူလေးက မနာလို ဖြစ်နေတာပါ။ ခဏနေရင် ပြန်ကောင်းသွားလိမ့်မယ်”

“ဟျောင့် မင်း…”။ လုကျန်းယွီကို ချင်းယုကျီး စူပုပ်စွာ ကြည့်လိုက်သည်။ ဒီသောက်ကလေးက သူ့ကို မကူညီဘဲ ဘာလို့ တိုက်ခိုက်နေရတာလဲ။

“သခင်လေးချင်း။ စူစူလေးက အရာရာကို သူ့ခံယူချက်နဲ့သူ လုပ်တတ်တယ်။ သူ့ကို အခက်တွေ့အောင် မလုပ်သင့်ဘူး။ ပြီးတော့ သူ့ရဲ့ ခံယူချက်တွေကို ချိုးဖျက်ခိုင်းတာမျိုးလည်း မလုပ်သင့်ဘူး”။ လုကျန်းယွီက ချင်းယုကျီးကို ပြောလိုက်သည်။

သူက ပိုငယ်ရွယ်သော်လည်း အသက် ၁၇ နှစ်အရွယ် ချင်းယုကျီးထက် ပိုရင့်ကျက်သော စကားများ ပြောလိုက်ပါသည်။

“အွန်း အွန်း! ကိုကြီးပြောတာ မှန်တယ်!” စူစူလေးက ထောက်ခံ ခေါင်းငြိမ့်လိုက်သည်။

ယခုတော့ ကလေးနှစ်ယောက်ရဲ့ ပူးပေါင်းဆုံးမမှုကို ခံနေရသလိုလို ချင်းယုကျီး ခံစားလာရသည်။

ထိုအတွေးကြောင့် ချင်းယုကျီး ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။ “ဟုတ်ပါပြီ ဟုတ်ပါပြီ။ ငါ မင်းတို့ကို မစတော့ပါဘူး။ ငါက လူကြီးဖြစ်နေပြီ။ သကြားလုံးတွေလည်း မစားပါဘူး”

သူ မနာလိုဖြစ်တာမဟုတ်ဘူး! လုံးဝ မနာလို မဖြစ်ဘူး!

ဒါကိုကြားတော့ စူစူလေးက ချိုချိုမြိန်မြိန်ပြုံးလိုက်ပြီး ချင်းယုကျီး၏ ခေါင်းကို လူကြီးလေးလို ပုတ်ပေးလိုက်သည်။

“ဒါဆို နောက်ကို လိမ်လိမ်မာမာနေ။ နင်လိမ္မာရင် သကြားလုံး ကျွေးမယ်!”

လုကျန်းယွီက စူစူလေးကို ပြောလိုက်၏။ “ငါလည်း နင့်ကို လက်ဆောင် ပြန်ပေးစရာ ရှိတယ်”

ပြောပြောဆိုဆိုနဲ့ စူစူလေး၏ ဘယ်ဘက် လက်ကလေးကို ညင်ညင်သာသာ ကိုင်လိုက်ပြီး လက်ကောက်လေး တစ်ကွင်းထုတ်ကာ ဝတ်ပေးလိုက်သည်။

ထိုလက်ကောက်လေးမှာ အရင်တစ်ခေါက်က ချင်းလောင်ယွင် ခိုးသွားသော ရောင်စုံ သလင်းကျောက် လက်ကောက်ကလေးနဲ့ အတော် ဆင်တူပါသည်။

စူစူလေး ဒီလိုပုံစံရှိသည့် လက်ကောက်တစ်ကွင်း ဆုံးရှုံးသွားမှန်း လုကျန်းယွီ သိနေသည့်အလား အလွန် ဆင်တူသည့် လက်ကောက်တစ်ကွင်းကို လက်ဆောင် ပြန်ပေးခဲ့ပါသည်။

သို့သော် ဒီလက်ကောက်က စူစူလေး ဖျက်ဆီးခဲ့သည့် လက်ကောက်နဲ့ မတူညီမှန်း ချင်းယုကျီး တစ်ချက်လောက်ကြည့်ရုံနဲ့ သိနိုင်ပါသည်။

စူစူလေး နင်းချေပြစ်လိုက်သည့် လက်ကောက်က သလင်းကျောက်တွေနဲ့ ပြုလုပ်ထားတာ ဖြစ်ပြီး လုကျန်းယွီ ပေးလိုက်သည့် လက်ကောက်က စိန်တွေနဲ့ ပြုလုပ်ထားတာဖြစ်သည်။

ရောင်စုံစိန်ကလေးတွေနဲ့ ဖန်တီးထားသည့် လက်ကောက်လေးဖြစ်၏။

သလင်းကျောက်နဲ့ စိန် ဈေးကွာခြားချက်က မနည်းပါ။

ချင်းယုကျီး မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး လုကျန်းယွီကို ပြောလိုက်သည်။ “သခင်လေး လု။ မင်းလက်ဆောင်က နည်းနည်း တန်ဖိုးကြီးလွန်းနေတယ်”

လုကျန်းယွီက ရှင်းပြလိုက်သည်။ “တန်ဖိုးမကြီးပါဘူး။ မနေ့က ခင်ဗျားဒေါ်လေး သူ့အတွက်သူ မစိုးရိမ်ဘဲ သူများကိုကယ်ဖို့ အိမ်ထဲ ပြေးဝင်လာတဲ့ လုပ်ရပ်က ပိုပြီး တန်ဖိုးရှိပါတယ်”

“ဟုတ်ပါပြီ ဟုတ်ပါပြီ”။ ချင်းယုကျီးက စူစူလေးကို ငုံ့ကြည့်ကာ ပြောလိုက်သည်။ “ကိုကြီး ပေးထားတဲ့ လက်ကောက်လေးကို သေချာ ဝတ်ထားပြီး အရင်တစ်ခေါက်ကလို မဖျက်ဆီးပြစ်ရဘူးနော်”။

ဒီတစ်ခေါက်က စိန်တွေဖြစ်သဖြင့် သာမန်လူတစ်ယောက် ဖျက်ဆီးလို့ မလွယ်ပါ။

သို့သော် ဒီကလေးမရဲ့ ခွန်အားက လျှော့တွက်လို့မရသဖြင့် ကြိုသတိပေးထားတာ ပိုကောင်းပါသည်။

“အွန်း!” စူစူလေး ခေါင်းငြိမ့်လိုက်ပါသည်။

သူများပေးထားသည့် လက်ဆောင်ကို သူမ ဖျက်ဆီးမှာ မဟုတ်ပါ။ သူများပေးထားသည့် လက်ဆောင်လေးတွေကို တန်ဖိုးထားပြီး သိမ်းထားရမည်။

“ဒါနဲ့ ကိုကြီး၊ ခုနက ကိုကြီးတို့ ပြောနေတဲ့ ရှုယီဆိုတာ ဘာကြီးလဲ။ သမီး ကြားဖူးသလိုပဲ”။ စူစူလေးက မျက်လုံးတောက်တောက်ပပလေးများဖြင့် စပ်စုကာ မေးလိုက်သည်။

သူမ အခန်းထဲ ဝင်လာတုန်းက လုကျန်းယွီနဲ့ ဆေးဆရာကြီးတို့၏ စကားဝိုင်းကို နားစွန်နားဖျား ကြားသွားခဲ့ပါသည်။

သူမလည်း ရှုယီဆိုသည့် အမည်ကို တစ်နေရာရာမှာ ကြားဖူးသည်။ သို့သော် စဉ်းစားလို့ မရသေးပါ။

All Chapters