← Chapters

အခန်း (၇၈+၇၉)

Vol. 4 Ch. 78+79

အခန်း (၇၈+၇၉)

Vol. 4 Ch. 78+79

အခန်း(၇၈) လက်မလျှော့ပါနဲ့ ကိုကြီး

လုကျန်းယွီ ပြန်မဖြေနိုင်ခင် ချင်းယုကျီးက စူစူလေးကို ရှင်းပြလိုက်ပါသည်။ “ဆရာကြီးရှုယီဆိုတာ တရုတ် တိုင်းရင်း‌ဆေး လောကမှာ ထင်ရှားတဲ့ ပညာရှင်တစ်ယောက်ပဲ။ သူ့ဆေးပညာက အရမ်းကို ကောင်းမွန်လွန်းလို့ ဆေးလောကထဲ ဂုဏ်သရေရှိ ပုဂ္ဂိုလ်တစ်ယောက်အဖြစ် အသိအမှတ်ပြုထားကြတာ။ နင်သူ့နာမည်ကို ကြားဖူးတာက ငါ့ အဘိုးနဲ့အဘွားကဆီက ကြားဖူးတာဖြစ်မှာပါ။ သူတို့ ရှုယီအကြောင်းကို အရင်ကလည်း ပြောဖူးကြတယ်”

“ဪ…”။ စူစူလေး ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် မေးခွန်းတစ်ခု ထပ်မေးလိုက်၏။ “အဲ့တာဆို သူက အဲ့လောက်တောင် တော်တာလား”

“တော်တာပေါ့! သူ့နယ်ပယ်အတွင်းမှာ ဆရာတစ်ဆူပဲ!” ချင်းယုကျီးက ရှင်းပြသည်။

“ဪ အဲ့လောက်တော်ရင် ကိုကြီးကို မတ်တပ်ပြန်ရပ်နိုင်အောင် လုပ်ပေးနိုင်မှာလား”။ စူစူလေးက မေးလိုက်သည်။ ဒီကိုကြီးကိုလည်း သူမလို ခုန်ပေါက်နိုင်စေချင်သည်။။

ဒီကိုကြီးက ရုပ်ချောပြီး အပြုံးလည်း လှသည်။ မွှေးလည်း မွှေးသည်။ သူမကို လက်ဆောင် လှလှလေးတွေတောင် ပေးသေးသည်။

“အဲ့တာတော့ ငါလည်း မသိဘူး။ အဲ့လူကို ငါလည်း တစ်ခါမှ မတွေ့ဖူးဘူး။ တိုင်းရင်းဆေးအကြောင်းလည်း ငါနားမလည်ဘူး။ ဒါပေမယ့် ကောလဟာလတွေအရတော့ သူ မကုသပေးနိုင်တဲ့ လူနာဆိုတာ မရှိဘူးတဲ့။ လူ တစ်ယောက် အသက်ရှိနေသေးသရွေ့ ပြန်ကောင်းလာအောင် ကုပေးနိုင်တယ်”

“ဒါဆို ကိုကြီးကို ဆေးကုပေးဖို့ သူ့ကို သွားရှာကြရအောင်!” စူစူလေးက အားကြိးမာန်တက် ပြောလိုက်သည်။

ထို့နောက် ချင်းယုကျီး၏ လက်ကို ဆွဲကာ ချက်ချင်း လှုပ်ရှားဖို့ ပြင်လိုက်သည်။

ချင်းယုကျီးက စူစူလေးကို အမြန် ပြန်ဆွဲခေါ်ရင်း ရှင်းပြလိုက်၏။ “ဆရာကြီး ရှုယီကို ရှာဖို့ဆိုတာ မလွယ်ဘူးဟဲ့! သူ့ကို ငါတို့ လူချင်းတွေ့ဖို့နေနေသာသာ အဘိုးနဲ့ အဘွားတို့တောင် သူ့နာမည်ပဲ ကြားဖူးတာ။ သူ့ပုံစံ ဘယ်ပုံဘယ်ဝါရှိမှန်းလည်း မသိဘဲနဲ့ ဘယ်မှာ သွားရှာရမှာလဲ”

“ဪ အဲ့တာဆို ခက်မယ့်ပုံပဲ…”။ စူစူလေး မျက်လုံးလေးများ မှိန်ကျသွား၏။ စိတ်ပျက်သွားမှန်း သိသာပါသည်။

လုကျန်းယွီက စူစူလေးကို ပြောလိုက်၏။ “ရပါတယ် ငါအသားကျနေပါပြီ။ ငါ့အတွက် စိတ်မပူနဲ့”

စူစူလေးက ပြောသည်။ “ဒါဆိုလည်း အရှုံးမပေးနဲ့နော်။ ကိုကြီး ဆက်ကြိုးစားနေရမယ်! အဆင်ပြေသွားမှာပါ!”

“အင်း ဆက်ကြိုးစားပါ့မယ်”။ လုကျန်းယွီက အပြုံးပါးပါးလေးဖြင့် ပြန်ပြောလိုက်သည်။

ချင်းယုကျီးက လုကျန်းယွီနဲ့ စူစူလေးတို့ကို တစ်ချက်စီ ကြည့်လိုက်ပြီး အနည်းငယ် မနာလို ဖြစ်လာမိပြန်ပါသည်။

ထို့ကြောင့် စူစူလေးကို ပွေ့ချီလိုက်ပြီး လုကျန်းယွီကို နှုတ်ဆက်လိုက်သည်။ “ဟုတ်ပြီ။ ငါတို့ မစ်ရှင် အောင်မြင်သွားပြီ။ သခင်လေးလု၊ ငါနဲ့ ဒီသတ္တဝါလေးနဲ့ မင်းကို မနှောင့်ယှက်တော့ပါဘူး”

အဓိကကတော့ သူ့သတ္တဝါလေးကို ဒီကောင်နဲ့ ဆက်မနေစေချင်တာကြောင့် ဖြစ်သည်။။

အခုချိန်ကစပြီး စူစူလေး အိမ်နီးချင်းတွေဆီ သွားလည်သည့် အကြိမ်ရေကို လျှော့ရမည်ဟု ချင်းယုကျီး ဆုံးဖြတ်လိုက်သည်။

ခဏလောက် မတွေ့ဘဲ နေလိုက်ပါက ဒီသတ္တဝါလေး သခင်လေးလုကို မေ့သွားပါလိမ့်မည်။

စူစူလေးက လုကျန်းယွီကို နှုတ်ဆက်လိုက်သ်ည။ “ကိုကြီးတာ့တာ~”

“အင်း တာ့တာ”။ လုကျန်းယွီက တာ့တာ ပြန်ပြလိုက်သည်။

အရင်လိုပဲ လုကျန်းယွီက အိမ်တော်ထိန်းကျန်းကို ခေါ်လိုက်ပြီး စူစူလေးတို့ကို လိုက်ပို့စေပါသည်။

စူစူလေး ပြန်သွားသောအခါ လုကျန်းယွီက သူမ ပေးခဲ့သည့် သကြားလုံးလေးကို ခွာလိုက်ပြီး အထဲက အညိုရောင် သကြားလုံးလေးကို ပါးစပ်ထဲ ထည့်ဖို့ ပြင်လိုက်သည်။

“သခင်လေး ခဏနေဦး!”

ရုတ်တရက် နောက်မှာ တစ်ချိန်လုံးထိုင်နေသည့် ဆရာကြီးပိုင်က တားလိုက်ပါသည်။

လုကျန်းယွီ ရပ်တန့်သွားပြီး ဆရာကြီးပိုင်ကို နားမလည်စွာ ကြည့်လိုက်၏။ “ဘာများဖြစ်လို့လဲ ဆရာကြီး”

“အဲ့သကြားလုံးလေး ကျုပ်ကို ခဏလောက် ပြပါလား”။ ဆရာကြီးပိုင်က တောင်းဆိုလိုက်သည်။

“ရပါတယ်… ဒါပေမယ့် ဒီတိုင်း သကြားလုံးလေး တစ်လုံးပဲဥစ္စာ…”

ဆရာကြီးပိုင်က ဘာမှ ရှင်းမပြပါ။

သန့်ရှင်းသည့် လက်ကိုင်ပဝါ တစ်ထည်ကို ထုတ်လိုက်ပြီး လုကျန်းယွီ လက်ထဲက သကြားလုံးလေးကို ညင်ညင်သာသာ ယူကာ သူ့လက်ထဲမှာ သေချာ စစ်ဆေးလိုက်သည်။ နှုတ်ခေါင်းနားသို့ ကပ်ကာ အနံ့လည်း သေချာ ခံလိုက်ပါသည်။

ခဏကြာတော့ ဆရာကြီးပိုင် အံ့အားသင့် ထိတ်လန့်သွားသည့်ပုံစံ ပေါက်သွားသည်။

“ဆရာကြီးပိုင် သကြားလုံးက ဘာဖြစ်လို့လဲ”။ လုကျန်းယွီ မေးလိုက်၏။

… … …

အခန်း(၇၉) ဒါ သကြားလုံး မဟုတ်ဘူး

“ဒါသကြားလုံးမှ မဟုတ်တာ။ ဒါ နှလုံးသန့် ရတနာရှစ်မျိုး ဆေးလုံးပဲ။ အရမ်းကို ရှားပါးတဲ့ တရုတ် တိုင်းရင်းဆေး တစ်မျိုးပေါ့ဗျာ”။ ဆရာကြီးပိုင်က ရှင်းပြလိုက်ပါသည်။

“နှလုံးသန့် ရတနာရှစ်မျိုး ဆေးလုံး?”

“ဟုတ်တယ်။ ရှေးခေတ်ကနေ လက်ဆင့်ကမ်းလားတဲ့ လျှို့ဝှက်ဖော်မြူလာ တစ်ခုပဲ။ တိုင်းတစ်ပါးသားတွေဆီ လုံးဝ မပေါက်ကြားခဲ့ဘူး။ ဒီဆေးလုံးက အအေးဒဏ်ကို ခုခံနိုင်စွမ်းရှိစေပြီး ခန္ဓာကိုယ်ထဲက ချီဓာတ်တွေကို ပြန်ပြည့်ဝစေတယ်။ ပြီးတော့ အပူလည်း ကင်းစေတယ်။ အရသာက ချိုပြီး လန်းဆန်းစေတယ်…။ ဧကရာဇ်မင်းကြီး ရှမ့်ကျုံရဲ့ ခေတ်တုန်းက စတင်ဖန်တီးခဲ့တာလို့ သိရတယ်။ သူ့ရဲ့ ကိုယ်လုပ်တော် တစ်ယောက်က အသက်ကြီးပြီး ချူချာလွန်းလို့ အာဟာရ ဖြည့်စွက်ဖို့ လိုအပ်ခဲ့တယ်။ ဒါပေမယ့် အဲ့ဒီ ကိုယ်လုပ်တော်က ဆေးခါးခါးတွေကို မသောက်နိုင်လို့လေ။ အဲ့တာကြောင့် သမားတော်ဂိုဏ်းက ဒီဆေးကို ခက်ခက်ခဲခဲ ဖော်စပ်ခဲ့ကြတာ။ အဲ့အချိန်တုန်းက နန်းတော်ရဲ့ လျှို့ဝှက် ဖော်မြူလာပေါ့။ ဒီခေတ်မှာလည်း အဲ့ဒီ ဆေးအကြောင်း သိတဲ့သူက ရှားတယ်။ ဖော်စပ်နိုင်တဲ့လူဆို ပိုတောင် ရှားသေးတယ်”

ဆရာကြီးပိုင်က ဆက်ရှင်းပြသည်။ “ဒီဆေးမှာ တန်ဖိုးကြီး ပါဝင်ပစ္စည်းတွေ ပါဝင်တယ်။ ရတနာ ရှစ်မျိုးဆိုတာက အရမ်းရှားပါးပြီး အဖိုးတန်တဲ့ တရုတ်ဆေးပင် ၈ မျိုးကို ဆိုလိုတာ။ ဆေးတန်ဖိုးအားဖြင့် ဆေးလုံးတစ်လုံးတိုင်က ယွမ် ၁၀,၀၀၀ ကနေ ၂၀,၀၀၀ အထိ တန်ကြေးရှိတယ်။ ဒါပေမယ့် ဒီဆေးက အဖိုးတန်လွန်းတော့ ဘယ်သူမှ မရောင်းကြဘူး။ ဝယ်ချင်တဲ့လူတွေကလည်း ပိုက်ဆံ ဘယ်လောက် ပေါနေပါစေ ဘယ်မှာမှ မရှာနိုင်ကြဘူး”

ထိုသို့ပြောပြီးနောက် ဆရာကြီးပိုင် သက်ပြင်းချလိုက်သည်။ “ချင်းမိသားစုရဲ့ သခင်ကြီးနဲ့ သခင်မကြီးကတော့ သူတို့သမီးလေးကို တော်တော် ချစ်ကြတာပဲ။ ဒီလောက် အဖိုးတန်တဲ့ ဆေးလုံးတွေကို သကြားလုံးလို စားဖို့ ပေးထားတယ်…”

ဆေးလုံးကို စစ်ဆေးပြီးနောက် လုကျန်းယွီအား ပြန်ပေးလိုက်သည်။ “သခင်လေး ဒီဆေးကို သောက်သင့်တယ်။ သခင်လေးရဲ့ ရောဂါအတွက် အထောက်အကူ သိပ်မဖြစ်နိုင်ပေမယ့် လုံးဝ အကျိုးရှိပြီး ခန္ဓာကိုယ်ကိုလည်း အားဖြစ်စေတယ်။ သခင်လေးက လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်လို့ ခန္ဓာကိုယ်က သူများတွေထက် ပိုပြီး အားနည်းတယ်။ အဲ့တာကြောင့် ဒီဆေးက ကျုပ်ရေးပေးနေတဲ့ ဆေးညွှန်းတွေထက် အများကြီး ပိုအာနိသင်ရှိလိမ့်မယ်”

လုကျန်းယွီက သူ့လက်ထဲရှိ သကြားလုံးလေးကို ငေးကြည့်လိုက်သည်။

ဆရာကြီးပိုင်ရဲ့ စကားတွေကို သူစဉ်းစားနေတာ မဟုတ်ပါ။ သူ့ကို သကြားလုံး လက်ဆောင် ပေးခဲ့တုန်းက စူစူလေးရဲ့ ချိုချိုမြိန်မြိန် အပြုံးလေးများနဲ့ ကြည်ကြည်လင်လင် မျက်လုံးလေးတို့ကို ပြန်မြင်ယောင်နေတာ ဖြစ်ပါသည်။

နောက်တစ်ဖန် စူစူလေး ပေးခဲ့သည့် ‘သကြားလုံး’လေးကို သူ့ပါးစပ်ထဲ ထည့်လိုက်သည်။ အရင် တစ်ခေါက်ကလို ချိုမြိန်နေဆဲပင်။

--- --- ---

ညနေခင်းအချိန်ရောက်သောအခါ ချင်းမိသားစုနဲ့ ဧည့်သည်တော်များ ညစာစားဖို့ ညစာစားပွဲဝိုင်းမှာ ဝင်ထိုင်ကြပါသည်။

ဧည့်သည်တော်တွေထဲမှာ ဟွော်ထျင်းနဲ့ ချင်းလောင်ယွင်တို့လည်း ပါတင်သည်။

ဒီနေ့ ချင်းမိသားစုက အနောက်တိုင်းဆန်ဆန် ညစာစားမှာ ဖြစ်သည်။

ချင်းလောင်ယွင်က သူမ ပန်းကန်ပေါ်ရှိ ပမာဏနည်းပါးသော်လည်း လှလှပပ ပုံဖော်ထားသည့် ဟင်းလျာကို ကြည့်လိုက်သည်။

သူမ ဘယ်လို စ,စားရမလဲဆိုတာ လမ်းပျောက်နေပါသည်။

သူမ မွေးလာသည့် အချိန်မှာ သူမ မိသားစုက ပိုက်ဆံ‌တွေအကုန် ဖြုန်းတီးလိုက်ပြီ ဖြစ်သည်။ ထို့ကြောင့် အသက် ၄ နှစ်အရွယ် ရောက်သည့်အချိန်အထိ ဒီလို အစားအစာမျိုးတွေကို တစ်ခါမှ မစားဖူးပါ။ သူမ အဘွား ချက်ပြုတ်ပေးသည့် အိမ်ချက်ဟင်းလျာတွေကိုသာ စားခဲ့ရသည်။

ပင်လယ်မျှော့၊ ပင်လယ်ခရု၊ မြေအောင်းမှို အစရှိသော တန်ဖိုးကြီး အစားအသောက်တွေကို မစားဖူးပါ။ ထို့နည်းတူစွာ အနောက်တိုင်းဆန်သည့် အစားအသောက်တွေကိုလည်း တစ်ခါမှ မမြင်ဖူးသဖြင့် စားပွဲပေါ်မှာ မြင်လိုက်ရသောအခါ ဘယ်ကနေ စ,စားရမှန်း မသိဖြစ်သွားခဲ့သည်။

တစ်ဖက်မှာတော့ ဟွော်ထျင်းက အလွန်ချေးများပါသည်။ သူ့ရှေ့က ဟင်းလျာကို တစ်ဝက်လောက်သာ ခပ်ပြီး ဖြည်းဖြည်းချင်းနဲ့ နည်းနည်းချင်းစီ ကိုက်စားနေသည်။

ဘေးမှာ မတ်တပ်ရပ်နေသည့် အိမ်တော်ထိန်းလျို့က သူ့သခင်လေးရဲ့ အစားအသောက်အကျင့်ကို ရင်းနှီးပြီးသားဖြစ်၏။

ငယ်ငယ်လေးကတည်းက သူ့ကို အစားအသောက်ကျွေးရတာ အလွန်ခက်ခဲပါသည်။ သူ့ကို တစ်နပ် ကျွေးနိုင်ဖို့ လူ ၁၀ ယောက်ကျော်က မနည်းကြိုးစားရသည်။

စူစူလေးကတော့ အားလုံးနဲ့ ခြားနားပါသည်။

သူမရဲ့ အစားအသောက်တွေကို ငြိမ်ငြိမ်သက်သက် စားသောက်နေပြီး စကားတစ်ခွန်းမှ မဟပါ။ ပန်းကန်ထဲမှာ ဘာပဲရှိရှိ အကုန်ကုန်အောင် စားပြစ်သည်။

အသီးအရွက်မရွေး အသားငါး မရွေးပါ။

အချိန်တိုအတွင်း သူမရှေ့က စားစရာတွေအကုန် ပြောင်သွားခဲ့ပါပြီ။

စားသောက်ပြီးသောအခါ စူစူလေးက ပဝါတစ်ခုယူလိုက်ပြီး သူမရဲ့ နှုတ်ခမ်းလေးကို သုတ်လိုက်ပါသည်။ ထို့နောက် စူစူလေး၏ ညစာစားချိန် ပြီးဆုံးသွားတော့သည်။

ဒါကိုမြင်တော့ အဘွားချင်းက သူမကို ချီးကျူးလိုက်၏။ “ငါ့သမီးလေးက လိမ္မာလိုက်တာ! ဒီနေ့လည်း အကုန်လုံး ကုန်အောင် စားတယ်! မုန်လာဥတွေလည်း စားတးယ်! တော်တယ် တော်တယ်!”

စူစူလေး ခေါင်းငြိမ့်လိုက်သည်။ “အွန်း! သမီးက တော်ပြီးသား! အစားအသောက်ချေးမများဘူး။ အကုန်လုံးစားမှ အရပ်ရှည်လာမှာ! အရပ်မြန်မြန်ရှည်လာပြီး ဖေဖေနဲ့ မေမေတို့ကို ကာကွယ်ပေးမှာ! အရပ်ရှည်ချင်ရင် အစားအသောက် ချေးများလို့ မဖြစ်ဘူး!”

“သမီးလေး ဗိုက်ဝပြီလား။ နည်းနည်း ထပ်စားဦးမလား”။ အဘွားချင်းက မေးလိုက်သည်။

သူမရဲ့ ဗိုက်ပူပူလေးကို ငုံ့ကြည့်ကာ ကိုင်ကြည့်လိုက်ပြီး စူစူလေး ပြန်ပြောလိုက်သည်။ “ဒီနေ့တော့ ဗိုက်တင်းသွားပြီ! ဘာမှ ထပ်စားလို့ မရတော့ဘူး”

All Chapters