အခန်း (၈၀+၈၁)
Vol. 4 Ch. 80+81
အခန်း(၈၀) စူစူလေးရဲ့ အစ်ကိုကြီးနဲ့ မရီး
အဘွားချင်းက ပြောလိုက်သည်။ “အင်းပါ အင်းပါ။ နားလိုက်ဦး။ ပြီးရင် နို့သောက်ရမယ်နော်”
“အွန်း!” စူစူလေး ခေါင်းငြိမ့်လိုက်သည်။ “မေမေက ဖြည်းဖြည်းစား”
“ဟုတ်ပါပြီ ဖြည်းဖြည်းစားပါ့မယ်”။ အဘွားချင်းမျက်နှာ အပြုံးတွေနဲ့ ပြည့်နှက်နေသည်။
ဟွော်ထျင်းက စူစူလေးရဲ့ ပန်းကန်အလွတ်ကို လှမ်းကြည့်လိုက်ပြီး သူ့ပန်းကန်သူ ပြန်ကြည့်လိုက်သည်…။
ထို့နောက် သူ့နောက်မှာ ရပ်နေသည့် အိမ်တော်ထိန်းကို ဟွော်ထျင်း ကပ်တိုးလေး မေးလိုက်သည်။ “အစားအသောက်ချေးများရင် တကယ် အရပ်မရှည်ဘူးလား”
အိမ်တော်ထိန်းလျို့က စဉ်းစားပြီး ပြန်ဖြေ၏။ “ခန္ဓာကိုယ် ဖွံ့ဖြိုးဖို့ဆိုတာ အာဟာရတွေ အများကြီး လိုအပ်တော့ အစားအသောက် ချေးများရင် အရပ်ကို ထိခိုက်နိုင်တယ် ထင်တာပဲ”။
အိမ်တော်ထိန်းလျို့၏ အဖြေကို ကြားပြီး ဟွော်ထျင်း အတွေးနက်နဲသွားသည်။
ဒီတိုင်းသာဆို ဟိုကောင်မလေးက သူ့ထက် အရပ်ပိုရှည်သွားနိုင်လား…? သူ့ရဲ့ တစ်ခုတည်းသော အားသာချက်ကို ဆုံးရှုံးလို့မဖြစ်ပါ။
ထိုအတွေးဖြင့် အိမ်တော်ထိန်းလျို့ကို ဟွော်ထျင်း အမိန့်ပေးလိုက်သည်။ “ငါ့ကို နောက်တစ်ပန်းကန် ထပ်ယူလာပေး။ ငါအကုန်စားပြစ်မယ်!”
ဒါကိုကြားတော့ အိမ်တော်ထိန်းလျို့ ကြက်သေသေသွားပြီး ဘာမှ မလုပ်နိုင်ခဲ့ပါ။ သခင်လေးက ထပ်စားချင်သေးတယ်တဲ့လား?
“ဘာရပ်ကြည့်နေတာလဲ။ နောက်တစ်ပန်းကန် ယူလာဖို့ ပြောတာ မကြားဘူးလား?!” ဟွော်ထျင်း ငေါက်လိုက်သည်။
“ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ။ အခုချက်ချင်း မီးဖိုချောင်ထဲ သွားယူပေးပါ့မယ် သခင်လေး!”
အိမ်တော်ထိန်းလျို့ အသိစိတ်ပြန်ကပ်လာတာနဲ့ တစ်ပြိုင်နက် ဟွော်ထျင်း ညွှန်ကြားသည့်အတိုင်း နောက်တစ်ပန်းကန် သွားယူပေးလိုက်ပါသည်။
ပန်းကန်ထဲက မုန်လာဥတွေကို ကြည့်ရင်း ဟွော်ထျင်း မျက်မှောင်ကြုတ်ကာ မျက်လုံးမှိတ်လိုက်ပြီး ပါးစပ်ထဲ ထိုးထည့်ပြစ်လိုက်သည်။ ထို့နောက် သေမင်းနဲ့ ရင်ဆိုင်နေရသည့်နှယ် ခက်ခက်ခဲခဲ ဝါးကာ မျိုချလိုက်ပါသည်။
ဟွော်ထျင်း၏ ရှုံ့မဲ့နေသော မျက်နှာကို ကြည့်လျက် စူစူလေး ခေါင်းလေးစောင်းကာ မေးလိုက်သည်။
“နင် စားရတာ မကြိုက်လို့လား”
“မဟုတ်တာ! ကြိုက်တယ်! အရမ်းကြိုက်တယ်!”
မုန်လာဥနဲ့ ကြက်သွန်ကဲ့သို့သော အသီးအရွက်တွေကို မုန်းတီးသဖြင့် သူ့မျက်နှာ ရှုံ့မဲ့နေရခြင်း ဖြစ်ကြောင်း မာနကြီးသော ဟွော်ထျင်း ဝန်မခံနိုင်ပါ။
ဒီလို ကလေးမလေးရဲ့ အထင်သေးမှုကို သူ မခံနိုင်ပါ။
ထိုသို့ကြေညာပြီးနောက် ပန်းကန်ထဲက အစားအစာတွေကို ကုန်အောင်စားမည်ဟု စိတ်ပိုင်းဖြတ်လျက် ခေါင်းမဖော်နိုင်အောင် စားလေတော့သည်။
ဘေးမှကြည့်နေသည့် အိမ်တော်ထိန်းလျို့ အလွန်ကြည်နူးသွားသဖြင့် မျက်ရည်တောင် ဝဲချင်သွားပါသည်။
သူတို့ သခင်လေး ချေးမများတော့ဘူး! သူတို့ သခင်လေး အားရပါးရ စားသောက်နေပြီ! ချင်းမိသားစုနဲ့ လာနေတာ မှန်သွားပြီပဲ! သခင်မလေးချင်းနဲ့ နေရတာ အရမ်းကောင်းတယ်!
ချင်းလောင်ယွင်လည်း ခေါင်းငုံ့လျက် စားသောက်ခဲ့သည်။ စူစူလေးလိုပဲ သူမလည်း အကုန်ကုန်အောင် စားခဲ့ပါသည်။
သို့သော် သူမ စားသောက်ပြီးတော့ ဘယ်သူမှ သူမကို မချီးကျူးကြပါ။
အနောက်မှာ ရပ်နေသည့် အိမ်စေတွေသာ သူမကို ထပ်ယူဦးမလားဟု မေးကြသည်။
ချင်းလောင်ယွင် ဝမ်းနည်းစွာဖြင့် အောက်နှုတ်ခမ်းကို ကိုက်ထားမိသည်။
သူမရဲ့ အဘိုးအဘွားတွေကို လွမ်းနေမိပါပြီ…
အဘိုးအဘွားတွေအကြောင်း ပြန်စဉ်းစားရင်း သူမ အဘိုးပြောထားသည့် အကြောင်းအရာတစ်ခုကို ပြန်သတိရသွားသည်။
ထို့ကြောင့် ချင်းလောင်ယွင် ခေါင်းမော့လိုက်ပြီး သူနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေသည့် ဟွော်ထျင်းကို ကြည့်လိုက်သည်။ ဟွော်ထျင်း၏ မုန်လာဥစားနေသော နာနာကျင်ကျင် မျက်နှာကို မြင်သောအခါ သူမ ပြောလိုက်ပါသည်။ “ကိုကြီး ဟွော်ထျင်း၊ မုန်လာဥ မကြိုက်ရင် မစားပါနဲ့။ သမီးလည်း မကြိုက်ဘူး။ မုန်လာဥမစားလို့ ဘာမှမဖြစ်ဘူးလို့ သမီးဘိုးဘိုးက ပြောဖူးတယ်။ တခြာဟာတွေ စားလည်း အတူတူပဲတဲ့”
ဟွော်ထျင်း ရပ်တန့်သွားကာ ပြန်ပြောလိုက်သည်။ “ငါမုန်လာဥမကြိုက်ဘူးလို့ ဘယ်သူပြောလဲ။ ငါ အကုန်လုံး ကြိုက်တယ်! ငါ ချေးမများဘူး!”
ထို့နောက် ချင်းလောင်ယွင်ကို ဟွော်ထျင်း ထပ်ငေါက်လိုက်သည်။ “နင့်ဖာသာနင် ချေးများတာ ငါ့ကို ဆွဲမထည့်နဲ့!”
ချင်းလောင်ယွင်ရဲ့ ခန္ဓာကိုယ်သေးသေးလေး တောင့်တင်းသွား၏။
သူမ ပြောတာ ဘာများမှားသွားလို့လဲ မသိပါ။ သူမ အမှန်တိုင်း ပြောတာပဲ မဟုတ်လား။ ကိုကြီး ဟွော်ထျင်းက သူမကို ဘာကြောင့် ဆူရတာလဲ…။
--- --- ---
အရေးကြီး အော်ဒါတစ်ခုကို ညှိနှိုင်းဆွေးနွေးဖို့အတွက် ရက်ပေါင်းများစွာ လုပ်ငန်းကိစ္စ ခရီးနှင်နေရသော ချင်းရှင်းကျစ်နဲ့ သူ့ဇနီး ဝမ်ချင်းတို့ ဟွာချန့်မြို့ကို ပြန်လာကြပါသည်။
ခြံထဲကို ဝင်လာတာနဲ့တစ်ပြိုင်နက် သူတို့ခြံထဲမှာ ကစားနေသည့် မမြင်ဖူးသော ကလေး ၂ ယောက်ကို တွေ့လိုက်ရသည်။
“ဒီကလေးတွေက ဘယ်သူ့ကလေးတွေပါလိမ့်…”။ ဝမ်ချင်း ရေရွတ်လိုက်သည်။
… … …
အခန်း(၈၁) အဲ့တာ အဖေ့ ညီမ
“မသိဘူးလေ။ ငါနဲ့ ဘာမှမဆိုင်ဘူးနော်!” ချင်းရှင်းကျစ်က သူ့ပယောဂ မဟုတ်ကြောင်း ရှင်းပြပြီး ကြိုတင် ကာကွယ်ထားသည်။
“ရှင်နဲ့ ဆိုင်တယ်လို့လည်း မပြောမိပါဘူး။ ဘာတွေ ပျာယာ ခတ်နေတာလဲ”။ ဝမ်ချင်းက စိတ်ကြည်မနေဘဲ ပြန်ပြောလိုက်ပါသည်။
“မင်း မဟုတ်တရုတ်တွေ တွေးမှာစိုးလို့ ကြိုပြောထားတာ! အဲ့လိုတွေ တွေးမိပြီး ဒေါသထွက်သွားရင် ဘယ်လိုလုပ်မလဲ။ မင်း ထိခိုက်ဒဏ်ရာ ရရင်တောင် ကိုယ်ပါ နာကျင်ရတာ! တစ်စက္ကန့်စာ ဒေါသ ထွက်မယ်ဆိုရင်တောင် အဆင်မပြေဘူး။ အဲ့တစ်စက္ကန့်အတွင်း ကိုယ့်ဇနီးလေး မျက်နှာပေါ် အရေးကြောင်းတစ်ကြောင်း ထပ်ထင်လာမှာမို့လို့။ အဲ့တာဆို ကိုယ့်အပြစ် ကြီးသွားမှာပေါ့”
ယောက်ျားဖြစ်သူ၏ စကားများကြောင့် အသက် ၅၀ ကျော်နေပြီဖြစ်သည့် ဝမ်ချင်းတစ်ယောက် ဆယ်ကျော်သက် ကောင်မလေး တစ်ယောက်လို ရှက်သွေးဖြာသွားသည်။
“ရှင်တော်တော် ဆိုးပါလား။ အိမ်မှာ အဖေနဲ့အမေ ရှိနေတာ။ မြင်သွားရင် ရှက်စရာကြီး!”
ဒီယောက်ျားကတော့ တကယ်ပါပဲ! ဒီအသက်အရွယ်ကြီးနဲ့ ရွနေသေးတယ်!
“ကိစ္စမရှိပါဘူး။ အဖေနဲ့အမေ မြင်လည်း ဘာမှပြောမှာ မဟုတ်ဘူး။ ကိုယ့်မိန်းမကိုယ် ချစ်လို့ ပြောတာ အပြစ်လား”။ ချင်းရှင်းကျစ်က အပြုံးဖြင့် ပြောလိုက်သည်။
“အဖေနဲ့အမေက ဘာမှမပြောလောက်ပေမယ့် ယုဟွိုင်းနဲ့ ယုကျီးတို့ကို ထည့်တွက်ဦးလေ။ သူတို့ အရွယ်ရောက်နေပြီ။ ရှင်ကတော့ အခုချိန်ထိ တည်တည်တံ့တံ့ မနေတတ်သေးဘူး!” ဝမ်ချင်း ဆူငေါက်လိုက်ပါသည်။
“သူတို့ကို မေ့ထားလိုက်စမ်းပါ! သူတို့သာ အစွမ်းအစရှိရင် ရည်းစားရှာပြီး လက်ထပ်လိုက်ပေါ့။ အဲ့အခါကျမှ ငါတို့ရှေ့မှာ ပြန်ကြည်နူးပြလို့ရတယ်။ မဟုတ်ရင် ငါတို့ ကြည်နူးပြတာပဲ ထိုင်ကြည့်ပလေ့စေ!”။ သူ့သားတွေကို ချင်းရှင်းကျစ် ဂရုမစိုက်ပါ။
ပညာသင်ရမည့်သူက ပညာကောင်းကောင်းမသင်သလို လက်တွဲဖော်ရှာရမည့်သူကလည်း လက်တွဲဖော် ကောင်းကောင်း မရှာသေးပါ။
ဒင်းတို့ ဘယ်လိုတွေးတွေး ဘာဂရုစိုက်စရာလိုလို့လဲ။ သူ့မိန်းမနဲ့သူ ပူးကပ်နေတာ ဘာဖြစ်လဲ!
ထိုသို့ပြောပြီးနောက် ချင်းရှင်းကျစ်က လက်နှစ်ဖက်ကို ဆန့်တန်းပြီး ဝမ်ချင်းကို ပွေ့ဖက်လိုက်ပါသည်။
ဝမ်ချမ်းက သူ့ကို အမြန်တွန်းဖယ်ကာ ပြောလိုက်သည်။ “ကဲပါ ကဲပါ။ အထဲအရင် ဝင်ရအောင်။ ပြီးရင် ဒီကလေး ၂ ယောက်အကြောင်း မေးရမယ်”
ဝမ်ချင်းက ကလေးတွေကို မေးကြည့်ဖို့တော့ မစဉ်းစားထားပါ။ လူကြီးတွေကို မေးတာ ပိုကောင်းပါလိမ့်မည်။
ရင်ထဲမှာ မေးခွန်းတွေအပြည့်နဲ့ လင်မယားနှစ်ယောက် ခြံဝန်းထဲက ဖြတ်လို့ အိမ်ထဲ ဝင်လာကြပါသည်။
အိမ်ထဲရောက်တာနဲ့ တစ်ပြိုင်နက် ချင်းယုကျီးကို မြင်ပြီး ချင်းရှင်းကျစ် လှမ်းငေါက်လိုက်ပါသည်။ “ဟို ငပွေးကောင်။ ငါမရှိတုန်း အိမ်မှာ လိမ်လိမ်မာမာ နေရဲ့လား။ မင်းအဘိုးနဲ့ အဘွားတွေကို ဒေါသထွက်အောင် လုပ်သေးလား”
“မ- မလုပ်ပါဘူး။ ကျွန်တော် လိမ်လိမ်မာမာ နေတာပါ!”
“တကယ်လား ငါမင်းကို မယုံဘူး”
“တကယ်ပါဆို မယုံရင် အဘိုးနဲ့ အဘွားကို သွားမေးလိုက်!”
“မပူစမ်းပါနဲ့။ ခဏနေရင် မင်းအဘိုးနဲ့ အဘွားကို မေးဖြစ်အောင် မေးဦးမှာ”
“ဟင်း အဲ့အချိန်ကျရင် ကျွန်တော့်ကိစ္စကို မေးဖို့တောင် ခေါင်းထဲရှိပါဦးမလား မသိဘူး”။ ချင်းယုကျီးက တီးတိုးရေရွတ်လိုက်သည်။
“ဒါနဲ့ ခြံထဲက ကလေး ၂ ယောက်က ဘယ်သူတွေလဲ။ ငါတို့ မိသားစုထဲမှာ အဲ့လို ကလေးတွေ မမြင်ဖူးပါဘူး” ချင်းရှင်းကျစ်က မေးလိုက်သည်။
“ကောင်လေးက ဟွော်ထျင်းတဲ့။ ပေကျင်းမြို့က ဟွော်မိသားစုရဲ့ သခင်လေး။ သူ့ကို အိမ်မှာ ခဏ ခေါ်ထားဖို့ သူ့အဖေနဲ့ ကျွန်တော်တို့ အဘိုး သဘောတူထားတာ”
ဟွော်ထျင်း ဘယ်သူဘယ်ဝါဖြစ်ကြောင်း ချင်းယုကျီး အရင် ရှင်းပြလိုက်သည်။ စူစူလေး အကြောင်းကို ထုတ်မပြောသေးပါ။
“ဟွော်မိသားစု ဟုတ်လား။ ငါထင်နေတဲ့ ဟွော်မိသားစုလား”။ ဝမ်ချင်းက အံ့အားသင့်စွာ မေးလိုက်သည်။
“အမေတို့ ဘယ်ဟွော်မိသားစုကို ထင်နေတာလဲတော့ မသိဘူး။ ဒါပေမယ့် ပေကျင်းမြို့က ဟွော်မိသားစုကို ပြောနေတာ။ အဲ့ကောင်လေးက ဟွော်ချန်းယီရဲ့ သားပဲ”။ ချင်းယုကျီးက ထပ်ပြောလိုက်၏။
ပေကျင်းမြို့က ဟွော်မိသားစုနဲ့ ဟွော်ချန်းယီ! ဒါပေကျင်းမြို့က နာမည်ကျော် မိသားစုပဲ! အဲ့ကောင်လေးက ဟွော်ချန်းယီရဲ့ သားပေါ့?!
“ဟွော်ချန်းယီ… သူ့သားက ဘာလို့ ငါတို့အိမ်မှာ လာနေရတာလဲ”။ ဝမ်ချင်း အံ့လည်းအံ့ဩမိသလို ခေါင်းလည်း ရှုပ်သွားပါသည်။
“အေးလေ ငါတို့ ဟွော်မိသားစုနဲ့ ဘာမှ မပတ်သတ်ဖူးပါဘူး။ စီးပွားရေးအရကော လူမှုရေးအရကော… အခုမှ ဘာလို့ ရုတ်တရက်ကြီးလဲ” ချင်းရှင်းကျစ်လည်း ကြောင်စီစီ ဖြစ်နေသည်။
“သူက စူစူလေးနဲ့ သူငယ်ချင်းဖြစ်ချင်လို့တဲ့” ချင်းယုကျီး ပြန်ဖြေလိုက်၏။
“စူစူလေး ဟုတ်လား။ အဲ့တာ ဘယ်သူလဲ”။ ချင်းရှင်းကျစ် မေးလိုက်ပြန်သည်။
“ခြံထဲမှာ အဖေတို့ တွေ့ခဲ့တဲ့ ကောင်မလေးလေ။ သူ့နာမည်က စူစူတဲ့”။
“အဲ့စူစူဆိုတာ ဘယ်သူလဲလို့” ချင်းရှင်းကျစ်က ထပ်မေးပြန်သည်။
“အဲ့တာ အဖေ့ညီမ” ချင်းယုကျီး တည်အေးဆေးစွာ ဖြေပေးလိုက်လေသည်။