အခန်း (၈၂+၈၃)
Vol. 4 Ch. 82+83
အခန်း(၈၂) သောက်ခွက်ပြောင်တာလား
သူ့ညီမ?
ညီမ?!
“ယုကျီး အဲ့တာ ဟာသ လုပ်စရာမဟုတ်ဘူး! ငါက ဘယ်ကနေ ညီမ ရလာတာလဲ။ ငါတို့ ချင်းမိသားစုမှာ သမီးမိန်းကလေးလည်း မရှိဘူး! မင်း အိပ်ငိုက်နေပြန်ပြီလား ဒါမှမဟုတ် ဂိမ်းဆော့လွန်ပြီး ကြောင်နေတာလား”
ချင်းရှင်းကျစ်က သူ့သားစကားကို မယုံပါ။ သူတို့ကို ကျီစယ်နေတာ ဖြစ်မည်ဟုသာ တွေးနေသည်။
“အရင်က မရှိဘူး။ ဒါပေမယ့် အခု ရှိသွားပြီ။ အဖေ့ မိဘတွေ ကြိုးစားလိုက်တာလေ။ အခု အဖေ ညီမလေး ‘စစ်စစ်’ တစ်ယောက် ရသွားပြီ” ချင်းယုကျီးက ‘စစ်စစ်’ ဟူသော စကားလုံးကို အသားပေး ပြောလိုက်သည်။
ချင်းယုကျီးက ကလဲ့စားလည်း ချေချင်နေပါသည်။ သူ့မိဘတွေရဲ့ ပါးစပ်အဟောင်းသား ဖြစ်သွားသော မျက်နှာမျိုးကို မြင်ချင်သည်။
ဖုန်းထဲမှာ စူစူလေးရဲ့ အခြေအနေကို ပြောတုန်းက သူ့ကို မယုံခဲ့ကြပါ။ မဟုတ်တာတွေ ပြောနေသည်ဟု ဆိုပြီး ဖုန်းတောင် ချသွားသေးသည်။
ဖုန်းထဲမှာ သူသတိပေးတာကိုသာ နားထောင်ခဲ့ကြလျှင် သူတို့ စိတ်ပိုင်းဆိုင်ရာ ကြိုတင် ပြင်ဆင်နိုင်သေးသည်။ အခုတော့ အစိမ်းလိုက် ခံစားရတော့မည်။
ဝမ်ချန်း ခေတ္တစဉ်းစားလိုက်ပြီး ပြန်ပြောလိုက်ပါသည်။ “ယုကျီး မဟုတ်တမ်းတရားတွေ မပြောစမ်းနဲ့။ နင့်အဘိုးနဲ့ အဘွားက သူတို့အသက်အရွယ်နဲ့ နင့်အဖေကို ဘယ်လိုလုပ် ညီမလေး မွေးပေးနိုင်မှာလဲ။ အမှန်တိုင်း ပြောစမ်း။ ဒါ နင့်အစ်ကို ယုဟွိုင်း အပြင်မှာ လွန်လွန်ကျူးကျူးဖြစ်ပြီး ရလာတဲ့ တရားမဝင် သမီးလေး မလား။ စိတ်မပူပါနဲ့ မိန်းမတစ်ယောက်နဲ့ အပြင်မှာ ဖြစ်လို့ သူ့ကိုငါ စိတ်မဆိုးပါဘူး။ တကယ်တော့ အဲ့လိုဖြစ်ပါစေလို့တောင် နင့်အဖေနဲ့ ငါနဲ့ ဆုတောင်းနေနတာ”
ချင်းရှင်းကျစ်ကလည်း ထောက်ခံ၏။ “မင်းအမေ ပြောတာမှန်တယ်။ မင်းအစ်ကိုရဲ့ သမီးဆိုရင် ငါတို့ကို အမှန်တိုင်းသာ ပြော။ ငါတို့က အေးဆေးပဲ။ မင်းအမေနဲ့ ငါနဲ့က သဘောထားကြီးပါတယ်။ အဲ့ဒီ မိန်းကလေးကိုလည်း ကြည်ကြည်ဖြူဖြူ လက်ခံပေးမယ်။ ဒါပေမယ့် တရားခံက မင်းဆိုရင်တော့ မဖြစ်ဘူးနော်။ မင်းက ငယ်သေးတယ်”
အမှန်တရားကို လက်မခံနိုင်ကြသေးသော် မိဘနှစ်ပါးကို ကြည့်ရင်း ချင်းယုကျီး တည်ငြိမ်စွာ ပြန်ပြောလိုက်ပါသည်။ “အဖေနဲ့ အမေ စိတ်ပျက်သွားရင် စိတ်မကောင်းပါဘူး။ သူက အဖေတို့ရဲ့ မြေးမလေး မဟုတ်ဘူး။ အဲ့တာ တကယ် အဖေ့ညီမလေး”
“မဖြစ်နိုင်တာတွေ! ငါမင်းကို မယုံဘူး! ငါပြောထားတယ်နော် ကိုယ့်မိဘတွေကို စနောက်လို့ရတယ် ဒါပေမယ့် အတိုင်းအတာတစ်ခုထိပဲ။ အခုလို အဓိပ္ပာယ်မရှိတဲ့ ဟာသတွေ ထပ်မပြောနဲ့တော့!”။ ချင်းရှင်းကျစ် လက်မခံနိုင်ပါ။
သူ့အဖေနဲ့အမေက ဒီအသက်အရွယ်ကြီးရောက်မှ ကလေးထပ်မွေးနိုင်ပါဦးမလား။
ယုကျီးက အမြဲတမ်း ပေါ့တီးပေါ့ပျက် နေတတ်သူဖြစ်သဖြင့် ဒီတစ်ခါလည်း မဟုတ်တာတွေ ပြောပြီး နောက်နေတာသာ ဖြစ်ပါလိမ့်မည်။
ထိုစဉ် စကားပြောသံတွေ ကြားပြီး အဘိုးချင်း ရောက်လာကာ ချင်းဟုံကျစ်နဲ့ ဝမ်ချင်းတို့ကို လေးလေးနက်နက် ပြောလိုက်ပါသည်။ “ယုကျီးပြောတာ အမှန်ပဲ။ စူစူလေးက ငါနဲ့ မင်းအမေရဲ့ သမီးအရင်းပဲ။ ဆိုလိုတာက မင်းညီမလေး အရင်းပဲ”
အဘိုးချင်း၏ စကားများက ဗုံးတစ်လုံးလို အာနိသင်ရှိပြီး ချင်းရှင်းကျစ်နဲ့ ဝမ်ချင်းတို့ ခေါင်းတွေ တစ်ပတ်လည်ကာ ဘာမှ မတုန့်ပြန်နိုင်တော့ပေ။
သူတို့သားသာ နောက်ရင် နောက်နိုင်မည်။ သူတို့အဖေကတော့ ဒီလို နောက်မှာ မဟုတ်ပါ။
ချင်းယုကျီး၏ နှုတ်မှ ထွက်လာသော ထိုစကားလုံးများက အလိမ်အညာဖြစ်နိုင်သော်လည်း အဘိုးချင်း၏ နှုတ်မှ ထွက်လာသော စကားလုံးများကတော့ အမှန်တရားကလွဲပြီး တခြား မဖြစ်နိုင်ပါ။
သူတို့နှစ်ယောက် ဒီလို တုန့်ပြန်လိမ့်မည်ဟု အဘိုးချင်း မျှော်လင့်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူ ကြိုတင် ပြင်ဆင်ထားသော DNA စစ်ဆေးမှု ရလဒ်ကို ထုတ်ပြလိုက်၏။ “ဒါ တလောက ယုဟွိုင်းနဲ့အတူတူ ငါတို့ သွားစစ်ထားတဲ့ DNA အဖြေပဲ။ မင်းမယုံရင် ကိုယ်တိုင်သာ ကြည့်လိုက်တော့”
ချင်းရှင်းကျစ် အတန်ကြာမှ အသိစိတ်ပြန်ဝင်လာပြီး သူ့အဖေလက်ထဲက DNA အဖြေကို လှမ်းယူကာ သူ့မိန်းမနဲ့အတူတူ လှန်ကြည့်လိုက်သည်။
ထိုအဖြေကို ကြည့်ခြင်းအားဖြင့် အဘိုးချင်းနဲ့ အဘွားချင်းတို့က စူစူလေးရဲ့ မိဘအရင်းတွေ ဖြစ်ကြမှန်း သိနိုင်ပါသည်။
“ယောက်ျား ကျွန်မ ခေါင်းတွေ မူးလာပြီ…” ဝမ်ချင်း တကယ် ခေါင်းမူးလာပြီး ပြောလိုက်သည်။
ချင်းရှင်းကျစ်က သူ့မိန်းမကို ကူတွဲပေးလိုက်ပါသည်။ “အာ့ချင်း အဆင်ပြေရဲ့လား”
“ယောက်ျား၊ ကျွန်မ စိတ်နဲ့လူနဲ့ ပြန်ကပ်ဖို့ ခဏနားရမယ်ထင်တယ်… ဦးနှောက်က မတွေးနိုင်တော့ဘူး… ကားထဲမှာ ထိုင်တာများပြီး အမြင်တွေ မှားနေတာဖြစ်မယ်…”
အသက် ၇၀ ကျော် ယောက္ခမတွေက သမီးအရင်းတစ်ယောက် မွေးထားတယ်တဲ့လား။ ငါကားထဲမှာ ထိုင်ပါများလို့ အမြင်တွေမှားနေတာလား။ ဒါမှမဟုတ် အိပ်မက်မက်နေတာလား။
ဟုတ်တယ်… အိပ်မက်မက်နေတာပဲဖြစ်မယ်!
… … …
အခန်း(၈၃) နူးညံ့ပြီး ချစ်ဖို့ကောင်းလိုက်တာ!!!
“မလောနဲ့ မလောနဲ့ စိတ်ကို အေးအေးထား”။ ချင်းရှင်းကျစ်က သူ့မိန်းမကို နှစ်သိမ့်ပေးလိုက်သည်။
ချင်းယုကျီးကတော့ အေးဆေးပဲဖြစ်သည်။ “အမေ စိတ်လျှော့စမ်းပါ။ အခု လက်မခံလို့ မရတော့ဘူး”
ဒါတောင် ထိုသတ္တဝါလေးရဲ့ လူသားမဆန်သော ခွန်အားကို သူတို့ မမြင်ဖူးကြသေးပါ။ ထို သတ္တဝါလေးက ဝါရင့်ရုံတင်မကဘဲ အဖျက်စွမ်းအားလည်း ကြီးသေးသည်။
“ပေါက်လွှတ်ပဲစားလေး! ဘာတွေ လာပြောနေတာလဲ! မင်းအမေကို လာတွဲပေးစမ်း!” ချင်းရှင်းကျစ်က ငေါက်လိုက်၏။
သူ့အတွက်တော့ မိန်းမက နံပါတ် ၁ ဖြစ်ပြီး သားတွေကို ဇယားထဲမှာ ထည့်မတွက်ပါ။
ချင်းယုကျီးလည်း ဝမ်ချင်းကို တွဲပြီး ဆိုဖာပေါ် လိုက်ပို့ပေးလိုက်ကာ ဖြောင်းဖြဖို့ ကြိုးစားသည်။
“အမေ စိတ်အေးအေးထားစမ်းပါ။ အဲ့လောက်လည်း မဆိုးပါဘူး။ အမေ ညီမလေးတစ်ယောက် အပို ရလိုက်တာပဲ။ ကျွန်တော်တို့ထက် ပိုဖြေသာသေးတယ်။ ကျွန်တော်တို့က ဒေါ်လေးတစ်ယောက် ရလိုက်တာ! အဲ့လိုစဉ်းစားကြည့်လိုက်ရင် ဖြေသာ မသွားဘူးလား”
“ဆန်ကုန်မြေလေး,လေး! ဒီလိုအချိန်မျိုးမှာ ဘာတွေပြောနေတာလဲ?! ဒီလိုကိစ္စဖြစ်နေတာကို ငါတို့ကို ဘာလို့ အကြောင်းမကြားတာလဲ။ အနည်းဆုံးတော့ ငါတို့ကို ကြိုသတိပေးထားပေါ့။ အခုတော့ မင်းအမေ ဘယ်လောက်တောင် လန့်သွားလဲ ကြည့်ပါဦး!” ချင်းရှင်းကျစ်က ထပ်ငေါက်လိုက်ပါသည်။
“ကျွန်တော် ဖုန်းဆက်တယ်လေ မမှတ်မိဘူးလား။ ကျွန်တော့်ကို မယုံဘဲ ဖုန်းတောင် ချသွားသေးတယ်” ချင်းယုကျီး ပခုံးတွန့်ပြလိုက်သည်။
အဲ… အဲ့လိုတော့ ဖြစ်ဖူးခဲ့သား…။
သူ့သားဖုန်းဆက်တာကို ချင်းရှင်းကျစ် မှတ်မိပါသည်။
“ဒါဆိုလည်း မင်းဘက်က ဖုန်းထပ်ဆက်သင့်တာပေါ့ကွ!” ချင်းရှင်းကျစ် ဒေါသတကြီး ပြောလိုက်သည်။
“အစ်ကိုကြီးလည်း ဖုန်းမဆက်ဘူးလေ။ ဖုန်းပေါ်မှာ ပြောရတာ မလွယ်လို့ အဖေတို့ အိမ်ပြန်ရောက်မှ ဖြည်းဖြည်းချင်း ရှင်းပြမယ်လို့ အစ်ကိုကြီးက ပြောထားလို့ပါ”။ ချင်းယုကျီး ရှင်းပြလိုက်ပါသည်။
“တော်ပြီ တော်ပြီ ငါနားလည်ပြီ။ ရုတ်တရက်ဆန်လွန်းတော့ မင်းအမေနဲ့ ငါ သေချာစဉ်းစားဖို့ လိုတယ်!” ချင်းရှင်းကျစ် အလွန်စိတ်ရှုပ်ထွေးနေသဖြင့် သူ့သားငယ်နဲ့ စကားပြောဖို့တောင် စိတ်မပါတော့ပါ။
ခဏကြာတော့ ဝမ်ချင်း ပြောလိုက်သည်။ “ကျွန်မ အခု ကယောင်ချောက်ချားတွေ မြင်နေတာမလားဟင်။ ဘယ်က ညီမလေးလဲ။ ကျွန်မ နားကြားမှားတာလား။ ယုဟွိုင်းရဲ့ တရားမဝင်သမီးပဲ ဖြစ်မှာပါ။ ဒါမှမဟုတ် ယုချဲရဲ့ သမီးဆိုရင်တောင် လက်ခံနိုင်တယ်…”
ဝမ်ချင်း ထိုသို့ပြောပြီးပြီးချင်း စူစူလေး အိမ်ထဲဝင်လာသည်။
သူမက ချစ်စရာ ဂါဝန်လေးကို ဝတ်ဆင်ထားပြီး ဆံပင် ရှည်ရှည် နှစ်ဖက်ကို စုစည်းထားကာ မျက်နှာလေးကလည်း ပန်းရောင်သမ်းနေပြီး နူးညံ့ပျော့အိမည့်ပုံစံပင်။
“ဖေဖေ!” စူစူလေးက အဘိုးချင်းထံ ပြေးလာ၏။
‘ဖေဖေ’ဟူသော ခေါ်သံက ဝမ်ချင်း၏ နှလုံးသားကို ထပ်မံ ရှော့ခ်ရိုက်လိုက်သလိုပင်။
“အောင်မယ်လေး…” ဝမ်ချင်း ထပ်မူးလာပြန်ပါပြီ။
အဘိုးချင်းက စူစူလေး၏ ခေါင်းလေးကို ပွတ်ပေးလိုက်သည်။ “သမီးလေး လိမ္မာလိုက်တာ။ ဟိုမှာ သမီး အစ်ကိုကြီးနဲ့ မရီးတို့ ပြန်လာကြပြီ။ သွားနှုတ်ဆက်လိုက်ဦး သွား!”
“အစ်ကိုကြီးနဲ့ မရီး?”
“အင်းလေ ဖေဖေနဲ့ မေမေတို့ ပြောဖူးတယ် မှတ်မိလား”
“မှတ်မိတာပေါ့။ သမီးက ဉာဏ်ကောင်းပြီးသား!” စူစူလေးက ဂုဏ်ယူဝံ့ကြွားစွာ ပြန်ဖြေလိုက်သည်။
ထို့နောက် ချင်းရှင်းကျစ်နဲ့ ဝမ်ချင်းတို့ထံ စူစူလေး လျှောက်လာခဲ့၏။
“ယောက်ျား မူးတယ် မူးတယ်…”။ ထိုသတ္တဝါလေး ချဉ်းကပ်လာတာကို ကြည့်ရင်း ဝမ်ချင်းရဲ့ ကမ္ဘာကြီး ထပ်မံ လည်ပတ်သွားပြန်ပါသည်။
“အာ့ချင်း ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး။ ဒီတိုင်း… ကလေးမလေး တစ်ယောက်ပါ!” ချင်းရှင်းကျစ်က ထပ်မံ နှစ်သိမ့်ပေးလိုက်သည်။
ချင်းရှင်းကျစ်က သူ့မိန်းမထက် ပိုမိုတည်ငြိမ်သော်လည်း သူလည်း ဒါကို လက်မခံနိုင်သေးပါ။
“အစ်ကိုကြီးက သမီးရဲ့ အစ်ကိုကြီးလာား”။ စူစူလေးက ချင်းရှင်းကျစ်၏ ရှေ့မှောက်ကို ရောက်နေပြီ ဖြစ်ပြီး ခေါင်းလေး စောင်းကာ မေးလိုက်သည်။
၃ နှစ်ခွဲ အရွယ်ကောင်မလေးဖြစ်သဖြင့် အသံလေးမှာ ချွဲသံလေး ပါနေပါသည်။
သူမရဲ့ ချစ်စရာ အသွင်အပြင်လေးကလည်း နှလုံးသား အရည်ပျော်လောက်အောင်ပင်။
ချင်းရှင်းကျစ်တစ်ယောက် နှလုံးသားကို မိုးကြိုးပစ်ချခံရသလို ခံစားလိုက်ရသည်။
အား!!! ချစ်ဖို့ကောင်းလိုက်တာ!!! ချစ်စရာလေး!!!
သူမသာ သူ့မြေးမလေးဖြစ်ရင် ဘယ်လောက် ကောင်းလိုက်မလဲ။
သမီးဆိုလည်း အဆင်ပြေသည်။ ချစ်ဖို့ကောင်းလိုက်တာ!!
ချင်းရှင်းကျစ်က သားတွေထက် သမီးမိန်းကလေး ပိုလိုချင်တာ ဖြစ်သည်။ သို့သော် ကံကြမ္မာက သူ့ကို မျက်နှာသာ မပေးခဲ့ပါ။ သူ့မှာ ကလေး ၃ ယောက်ရှိပြီး အကုန်လုံးက ယောက်ျားလေးတွေပဲ ဖြစ်သည်။ ထို့ကြောင့် သူမတတ်နိုင်ဘဲ ကံစီမံရာကို လက်ခံခဲ့ရပါသည်။
ထို့နောက် သူ့သားတွေအပေါ် မျှော်လင့်ချက်ထားခဲ့သည်။ သူတို့ အိမ်ထောင်ပြုပြီး သူ့ကို မြေးမလေး မွေးပေးနိုင်ဖို့ မျှော်လင့်ထားခဲ့၏။
သို့သော် ဒီဆန်ကုန်မြေလေးများက မလိမ္မာပါ။ အိမ်ထောင်ပြုရမည့်အရွယ် ရောက်နေသည့်သူတွေက အိမ်ထောင်မပြုရသေးဘဲ မြေးချီဖို့ မပြောဘဲ့ ချွေးမဆိုတာကိုတောင် မမြင်ဖူးသေးပေ။
ချင်းရှင်းကျစ် အချိန်အတော်ကြာအောင် စကားပြန်မပြောသဖြင့် စူစူလေးက မေးလိုက်သည်။ “ဘာဖြစ်လို့လဲ။ နေမကောင်းဘူးလား။ ဆေးသောက်မလား”