← Chapters

အခန်း (၈၄+၈၅)

Vol. 4 Ch. 84+85

အခန်း (၈၄+၈၅)

Vol. 4 Ch. 84+85

အခန်း(၈၄) ခြံထဲက ကောက်လာတဲ့ အားဖြည့်ဆေး

စူစူလေး၏ အသံက ချိုမြိန်ပြီး ပျော့ပြောင်းသည်။ သူမရဲ့ ချစ်စရာကောင်းသော အမူအယာလေးနဲ့ ပေါင်းလိုက်သောအခါ ချင်းရှင်းကျစ် မတုန့်ပြန်ဘဲ မနေနိုင်ပါ။

ချင်းရှင်းကျစ်က ပြန်ပြောလိုက်၏။ “ရပါတယ်… ဒီတိုင်း ခေါင်းအေးအေးထားပြီး စဉ်းစားဖို့ အချိန်ပဲ လိုတာ။ ဒီတစ်သက်မှာ ညီမလေးတစ်ယောက် ရလိမ့်မယ်လို့ ထင်မထားဘူး…”

စိတ်ကို စုစည်းထားရမယ်! ချစ်ဖို့ကောင်းတာက ချစ်ဖို့ကောင်းတာပဲ၊ ဒါပေမယ့် ငါ့အသက်အရွယ်နဲ့ ရုတ်တရက်ကြီး ညီမလေးတစ်ယောက် ရလာတာ ကြောက်ဖို့ကောင်းတယ်! ချစ်ဖို့ကောင်းရုံနဲ့ ဒါကို ခွင့်လွှတ်ပေးလို့မရဘူး!

“အင်းပါ အချိန်ယူ အချိန်ယူ။ အသင့်ဖြစ်မှ သမီး အစ်ကိုကြီးလို့ ထပ်ခေါ်မယ်” စူစူလေးက ပြန်ပြောလိုက်သည်။

အစ်ကိုကြီးလို့ ခေါ်တဲ့အသံကလည်း သာယာလိုက်တာ! သမီးမိန်းကလေးတွေက နွေးထွေးမှုပေးတာ တကယ်ပါပဲလား! သူ့သားဆိုးတွေထက် အများကြီး ပိုချစ်ဖို့ကောင်းသည်။

ထို့နောက် စူစူလေးက ဝမ်ချင်းဘက်သို့လှည့်ကာ ခေါ်လိုက်သည်။ “မရီး”

“မရီး” ဟူသည့် ခေါ်သံလေးက အားပြင်းသော ရိုက်ချက်တစ်ချက် ဖြစ်သည်။

ဝမ်ချင်း အသက်ဝဝ ပြန်ရှူနိုင်ခါစအချိန်တွင် ချွဲချွဲပျစ်ပျစ်အသံလေးနဲ့ ‘မရီး’ဟု ခေါ်သံက သူမကို ထပ်ပြီး မူးနောက်သွားစေသည်။

သူမ မျက်လုံးတွေ မှိတ်ပြီး အရှိတရားမှ ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်တော့သည်။

ဒါကိုမြင်တော့ ချင်းရှင်းကျစ်က စူစူလေးကို ပြောလိုက်သည်။ “ငါ့မိန်းမက အခုမှ အိမ်ပြန်ရောက်တာမို့ နေသိပ်မကောင်းဘူး။ ခဏလောက် နားခွင့်ပေးလိုက်ပါ”

“သူကော ဆရာဝန်ခေါ်ဖို့ လိုနေတာလား။ သမီးကူညီပေးမယ်!” စူစူလေးက အမြန် ကမ်းလှမ်းလိုက်သည်။

ထိုသို့ပြောပြီးနောက် စူစူလေးက ဝမ်ချင်းကို မ,ချီဖို့ ပြင်လိုက်သည်။

ချင်းယုကျီး အမြန်ဝင်တားလိုက်၏။ “မလိုပါဘူး မလိုပါဘူး! ခဏနားလိုက်ရင် သက်သာသွားမှာပါ”

“ဪ ဟုတ်သားပဲ။ ခန္ဓာကိုယ် အားရှိစေဖို့အတွက် သုံးလို့ရတဲ့ ပစ္စည်းတစ်ခု ခြံထဲကနေ သမီး ကောက်လာတယ်။ ဒါလေးနဲ့ဆို သူမြန်မြန် သက်သာသွားမှာ!”

စူစူလေး တစ်ခုခုကို သတိရသွားပြီး သူမ အိပ်ကပ်ထဲ မွှေနှောက်နှိုက်ယူလိုက်သည်။ ထို့နောက် ပုစဉ်းရင်ကွဲအခွံတစ်ခုကို ဆွဲထုတ်လိုက်၏။

အားလုံး ကြက်သေသေသွားကြသည်။

“အား!!”

ဝမ်ချင်းတစ်ယောက် ဆိုဖာပေါ်မှ ထခုန်လိုက်လေသည်။

“ပိုးကောင်ကြီး! ယောက်ျား ပိုးကောင်ကြီး!”

ဝမ်ချင်းက ပိုးကောင်တွေဆို အလွန်ကြောက်တတ်ပါသည်။

“မကြောက်ပါနဲ့ မိန်းမရယ်။ မကြောက်ပါနဲ့! အဲ့တာ ပိုးကောင်မဟုတ်ဘူး! ပုစဉ်းရင်ကွဲအခွံပါ။ ဒီတိုင်း အခွံကြီး၊ မလှုပ်ဘူး!” ချင်းရှင်းကျစ်က အမြန်ရှင်းပြလိုက်သည်။

စူစူလေးကလည်း ဝင်ပြောလိုက်၏။ “မကြောက်ပါနဲ့။ ဒီဟာလေးက ကျန်းမာရေးအတွက် ကောင်းတယ်လို့ ဦးလေး ပိုင်ဟူကျင်းက ပြောဖူးတယ်”

ဦးလေးပိုင်ဟူကျင်းအတွက် ဒီလို ပုစဉ်းရင်ကွဲအခွံလေးတွေအများကြီး သူမ ကောက်ပေးဖူးသည်။ သူမ မမှားနိုင်ပါ။

“မလိုချင်ဘူး!! ဝေးဝေးမှာထားစမ်းပါ!!!” ဝမ်ချင်း အကြောက်လွန်နေပါပြီ။

“ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး မကြောက်ပါနဲ့”။ ချင်းရှင်းကျစ်က သူ့မိန်းမကို အမြန် ချော့လိုက်သည်။

ထို့နောက် စူစူလေးကို လှည့်ပြောလိုက်ပါသည်။ “သမီးရဲ့ မရီးက ပိုးကောင်တွေကြောက်တတ်တယ်။ သမီး လက်ဆောင်ပေးတာကို သူကျေးဇူးတင်ပါတယ်။ ဒါပေမယ့် မပေးတာ ပိုကောင်းလိမ့်မယ်”

“ဪ ဟုတ် ဟုတ်!” စူစူလေး စကား နားထောင်လိုက်ပါသည်။ “ဒါဆို နောက်တစ်ခါ သူပိုးကောင်ကြီးနဲ့ တွေ့ရင် သမီးကို ခေါ်လိုက်! သမီးက မကြောက်တတ်ဘူး! အရမ်းတော်တာ!”

စူစူလေးက သူမရဲ့ ရင်ဘတ်ကလေးကို ပုတ်ရင်း ကြေညာလိုက်ပါသည်။

သူများကို ကာကွယ်ပေးမည်ဟု ကတိပေးနေသော စူစူလေး၏ ပုံစံက အလွန်ချစ်ဖို့ကောင်းသည်ဟု ချင်းရှင်းကျစ် ထင်မိပါသည်။

ချစ်စရာကောင်းလိုက်တာ!!!

သူသာ သူ့မြေးမလေး ဖြစ်ရင် ဘယ်လောက် ကောင်းလိုက်မလဲ?!

ချင်းရှင်းကျစ် ရင်ထဲမှာ သက်ပြင်းချလိုက်မိပြန်ပါသည်။

သူ့အမေ နှလုံးရောဂါမရအောင် ချင်းယုကျီး ရှေ့ထွက်လာပြီး စူစူလေး၏ လက်ထဲက ပုစဉ်းရင်ကွဲအခွံကို ယူလိုက်ကာ ပြောလိုက်သည်။ “စူစူ SpongeBob ကာတွန်းကား လာတော့မယ်။ သွားကြည့်ရအောင်!”

SpongeBob ဟူသည့် အသံကြားရုံနဲ့ စူစူလေး မျက်လုံးများ အရောင်လက်သွားပြီး အပေါ်ထပ် ပြေးတက်သွားသည်။

သက်တမ်း ၁၀၃ နှစ်ခွဲ ရှိသည့် နတ်သားရဲမလေး ဖြစ်နေရင်တောင် ကာတွန်းကား၏ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ပါ။

စူစူလေး မရှိတော့မှ ချင်းရှင်းကျစ်က သူ့အဘိုးကို မေးလိုက်ပါသည်။ “အဖေ… အဖေနဲ့ အမေတို့ အသက်အရွယ်မှာ… ကလေးရတာ အံ့ဩစရာပဲနော်”

အသက် ၇၀ ကျော်အရွယ် လူတွေက ဒီလို ကလေးမွေးနိုင်သေးမှန်း သူ မသိခဲ့ပါ။

“ငါ့ခန္ဓာကိုယ်က သန်မာနေတုန်းပဲ! မင်းအမေလည်း တူတူပဲ! ဘာလဲ မင်းက မနာလို ဖြစ်နေတာလား။ မင်းခန္ဓာကိုယ်က ငါ့ခြေဖျားတောင်င မမှီဘူး။ မင်းလည်း တောင်ပေါ်ဒေသ ကျေးရွာဘက်မှာ ခဏလောက် သွားနေသင့်တယ်။ တောင်တန်းတွေရယ် မြစ်ချောင်းတွေရယ်၊ လေကောင်းလေသန့်လည်း အမြဲတမ်း ရှူရတယ်။ အဲ့မှာဆို မင်းခန္ဓာကိုယ် အများကြီး ပိုလန်းဆန်းလာမှာ”

အဘိုးကြီးက နည်းနည်းလေးတောင် မရှက်ဘဲ ဂုဏ်တောင် ယူနေပါသေးသည်။

… … …

အခန်း(၈၅) နောက်ဆုံးချိန်ထိ ခေါင်းမာသော အစ်ကိုကြီး

“အဲ… မနာလိုတာတွေ ဘာတွေ မဟုတ်ပါဘူး…။ ဘာလို့ ကျွန်တော်တို့နဲ့ အရင် မတိုင်ပင်တာလဲ”။ ချင်းရှင်းကျစ် မေးလိုက်သည်။

“မင်းနဲ့ ဘာကို တိုင်ပင်ရမှာလဲ။ မင်းညီတွေကို မွေးပေးတုန်းကလည်း မင်းနဲ့ တိုင်ပင်ခဲ့လို့လား! ပြီးတော့ မင်းအမြဲတမ်း ညီမလေးတစ်ယောက် လိုချင်ခဲ့တာ မဟုတ်ဘူးလား။ ကဲ အဲ့မှာ မင်းညီမလေးလေ၊ ဆန္ဒတွေ ပြည့်ဝသွားပြီ။ မင်းအဖေ တော်တယ်မလား”

ချင်းရှင်းကျစ်: “…”

သူ ညီမ‌လေး လိုချင်တာ မှန်ပါသည်။ ဒါပေမယ့် အဲ့တာ လွန်ခဲ့တဲ့ နှစ် ၄၀ - ၅၀ လောက်က မဟုတ်လား?!

“အဖေ… ပြီးခဲ့တဲ့ နှစ်တွေက ကျွန်တော်တို့ကို အဖေတို့ဆီ လာလည်ခွင့်မပေးတာ ဒီကိစ္စ လျှို့ဝှက် ထားချင်လို့လား”။ ချင်းရှင်းကျစ်က ထပ်မေးလိုက်ပါသည်။

“ဟုတ်တယ်။ မင်းတို့ကောင်တွေက ဆူညံပွက်လောရိုက်ပြီး ငါတို့ အဖိုးတန်လေးကို စိတ်ညစ်အောင် လုပ်မှာစိုးလို့လေ။ မင်းတို့လို လူကြီးတွေ အကုန်လုံး စုပြုံပြီး ရောက်လာရင် ငါ့အဖိုးတန်လည်း သေအောင် ကြောက်သွားမှာပေါ့!”။ အဘိုးချင်းက ပြန်ပြောလိုက်ပါသည်။

သူ့အဖိုးတန်လေးအတွက် သူမားမားမတ်တမတ် ရပ်တည်ပေးရမည်။

ဒီလူဆိုးကောင်တွေ သူ့သမီးလေးကို ဘာမှသံသယဖြစ်စရာ မလိုပါ။

“ဒါပေမယ့် အဖေ… ဒီသတင်းသာ အပြင်ကို ပေါက်ကြားသွားရင် ကျွန်တော်တို့ လူရယ်စရာ ဖြစ်လိမ့်မယ်”။ ချင်းရှင်းကျစ်က ပြောလိုက်သည်။

“ဘာကို လူရယ်စရာ ဖြစ်ရမှာလဲ။ စူစူလေးက မင်းအမေနဲ့ ငါ့ရဲ့ ကြိုးစားမှုကြောင့် မွေးလာတာ။ ပြီးတော့ ငါတို့ မိသားစုရဲ့ ကောင်းချီးမင်္ဂလာလေးပဲ! သူတို့သာ အစွမ်းအစရှိရင် သူတို့ဖာသာ မွေးကြပါလား။ မမွေးနိုင်ရင် ငါတို့ကို ဘာလှောင်ရယ်စရာ လိုလို့လဲ။ မနာလို ဝန်တိုနေကြတာပါကွာ!” အဘိုးချင်းက ပြင်းပြင်းထန်ထန် ပြန်ချေပလိုကသည်။

သူ့အဖေ စကားကြောင့် ချင်းရှင်းကျစ် ဆွံ့အသွားသည်။

ချင်းရှင်းကျစ် သူ့အဖေကို ကြည့်လိုက်၏။ ထို့နောက် သူ့မိန်းမကို လှည့်ကြည့်လိုက်သည်။

နောက်ဆုံးမှာတော့ သူ့မိန်းမကို အိပ်ခန်းထဲ ခေါ်သွားပြီး အနားယူကာ အားအင်တွေ ပြည့်ဝသွားကြမှ ဒီကိစ္စကို ဆက်ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတော့သည်။

--- --- ---

တစ်ညတာ ကုန်ဆုံးသွားပြီး မနက်မိုးလင်းသောအခါ ချင်းရှင်းကျစ်နဲ့ သူ့မိန်းမ ဝမ်ချင်းတို့ မျက်ကွင်းတွေ ညိုလျက် အောက်ထပ်သို့ ဆင်းလာကြပါသည်။

ချင်းယုကျီးက မနက်စာစားပွဲဝိုင်းကို ကြိုရောက်နေပြီဖြစ်ကာ သူ့မိဘတွေရဲ့ အခြေအနေကို မြင်ပြီးနောက် လှမ်းနောက်လိုက်ပါသည်။ “အဖေနဲ့အမေတို့ ညက ကြွက်ဖမ်းနေကြတာလား။ မျက်ကွင်းတွေလည်း နက်လို့။ ပန်ဒါတွေတောင် အရှုံးပေးရမယ်!”

“ခွေးကောင်လေး! မိဘတွေကို မပြောင်နဲ့လို့ ပြောနေတယ်!” ချင်းရှင်းကျစ်က ဒေါသတကြီး ပြောလိုက်သည်။

ဒီ ဆန်ကုန်မြေလေး,လေးက သူတို့လင်မယားနှစ်ယောက် ညဘက် ဘာကြောင့် အိပ်မပျော်တာလဲဆိုတာ တကယ် မသိဘဲနေမလား။ တမင်သက်သက် ပြောင်နေတာပဲ ဖြစ်မှာ! သားတွေဆိုတာ တကယ် အရင်ဘဝက မဆပ်ဘဲ ရှောင်ခဲ့တဲ့ အကြွေးတွေပါလား၊ သမီးလေးတစ်ယောက်သာဆို ဒီလောက် ဒေါသထွက်ဖို့ ကောင်းမှာ မဟုတ်ဘူး!

ထိုအတွေးဖြင့် ချင်းရှင်းကျစ် ပိုစိတ်ညစ်သွားသည်။

အား!!! အဲ့ဒီ ချစ်စရာ ကလေးမလေးက ဘာလို့ ငါ့သမီး သို့မဟုတ် မြေးမလေး မဖြစ်ရတာလဲ?! ဒါမှမဟုတ် လွန်ခဲ့တဲ့ နှစ် ၄၀ တုန်းက ဘာလို့ ရောက်မလာခဲ့တာလဲ?!

ချင်းယုကျီးက အေးအေးဆေးဆေး ပြောလိုက်သည်။ “အဖေနဲ့အမေကလည်း ဖြစ်ပြီးသားတွေပဲ ဥစ္စာ။ အေးဆေးပေါ့။ ရေးကြီးခွင်ကျယ် မဟုတ်ပါဘူး။ အကောင်းဘက်က မြင်ကြည့်လိုက်။ ကျွန်တော်တို့ မိသားစုထဲမှာ ဘယ်သူမှ ဖောက်ပြန်နေတာမျိုး မဟုတ်ဘူး။ ဘာမှ ဝမ်းနည်းစရာလည်း မလိုဘူး။ ကျွန်တော့်အစ်ကိုကြီးဆို အဲ့လိုတွေးပြီး ဖြေသိမ့်လိုက်တာ!”

ထိုတွေးပုံတွေးနည်းက အဓိပ္ပာယ်တော့ရှိပါသည်။ ချင်းရှင်းကျစ်နဲ့ ဝမ်ချင်းတို့လည်း မနေ့ညက ထိုကဲ့သို့ တွေးကြည့်ဖို့ ကြိုးစားသေးသည်။

“ထားလိုက်တော့ ထားလိုက်တော့။ အဲ့ကိစ္စကိုမပြောနဲ့တော့။ ဒီတိုင်း ထားလိုက်တော့”။ ချင်းရှင်းကျစ် ထိုအကြောင်း ဆက်မပြောချင်တော့ပါ”

“တကယ်တော့ အဖေ အဲ့သတ္တဝါလေးကို ချစ်တယ်မလား။ အဖေ အမြဲတမ်း သမီးလေး လိုချင်နေတာကို!” ချင်းရှင်းကျစ်က လူယုတ်မာ အပြုံးဖြင့် အမှန်တရားကို ဖော်ထုတ်လိုက်သည်။

“သွားစမ်းပါကွာ အဲ့တာ မင်းအပူတစ်ပြားမှ မပါဘူး”

“အဖေ ခုခံဖို့ မကြိုးစားပါနဲ့။ ကျွန်တော်တို့ မိသားစုထဲမှာ အဖေက သမီးမိန်းကလေး အလိုချင်ဆုံးပဲ!” ချင်းယုကျီးက သူ့အဖေအကြောင်း ကောင်းကောင်းသိပါသည်။

“ပေါက်ကရတွေကွာ! ငါ သမီးမိန်းကလေး ဘယ်လောက်ပဲ လိုချင်လိုချင်၊ ငါ့ထက် အသက် ၅၀ လောက် ငယ်တဲ့ ညီမတစ်ယောက်ရှိတာ လက်မခံနိုင်ဘူး!” ချင်းရှင်းကျစ်က ခေါင်းမာစွာ ငြင်းဆန်လိုက်သည်။

ထိုစဉ် အမွှေးပွ ကျားရုပ်ကလေးကို ကိုင်ပြီး စူစူလေး အောက်ထပ်သို့ ဆင်းလာပါသည်။

ဒီနေ့ မူကြိုသွားရမှာ ဖြစ်တာကြောင့် သက်တောင့်သက်သာ ဝတ်ဆင်ထားသည်။ အဖြူရှောင် တီရှပ်နဲ့ မီးခိုးရောင် ဘောင်းဘီတို့ကို ဝတ်ဆင်ထားပါသည်။

ထိုကောင်မလေးက အလွန် ချစ်ဖို့ကောင်းလွန်းသည်။

ချင်းရှင်းကျစ်တစ်ယောက် စူစူလေးကို ညီမအဖြစ် အသိအမှတ်မပြုနိုင်ကြောင်း ကြေညာပြီး တစ်စက္ကန့် အကြာမှာ စူစူလေးက သူနှလုံးသားကို လာရောက် ရိုက်ခတ်သွားပြန်ပါပြီ။

All Chapters