← Chapters

အခန်း (၈၆+၈၇)

Vol. 4 Ch. 86+87

အခန်း (၈၆+၈၇)

Vol. 4 Ch. 86+87

အခန်း(၈၆) ခွဲခြားခွဲခြားနဲ့

ညီမလေးတစ်ယောက် လိုချင်သည့် ချင်းဟုံကျစ်၏ ဆန္ဒများ နှစ် ၄၀ အကြာမှာ ပြန်လည် နိုးထလာခဲ့သည်။

သို့သော်လည်း ခဏတာသာ ဖြစ်ပြီး သူ့ဆန္ဒကို အမြန်ချုပ်တည်းလိုက်သည်။

မဖြစ်ဘူး! အသက် ၅၀ လောက်မှ ညီမလေးတစ်ယောက်ရတာ ထူးဆန်းလွန်းတယ်! သမီး မိန်းကလေး လိုချင်တာနဲ့ပဲ ဒီလိုအရေးကြီးတဲ့အချက်ကို မေ့လို့မဖြစ်ဘူး!။

“ဂွတ်မောနင်း အစ်ကိုကြီးနဲ့ မရီးတို့”။ စူစူလေးက ချင်းရှင်းကျစ်နဲ့ ဝမ်ချင်းတို့ကို နှုတ်ဆက်လိုက်ပါသည်။ သူမရဲ့ နှုတ်ဆက်ပုံလေးကတောင် သက်တူရွယ်တူလေးများထက် အများကြီး ပိုချစ်ဖို့ကောင်းနေသည်။

“အင်း မောနင်းပါ”။ ချင်းရှင်းကျစ် ပြန်နှုတ်ဆက်လိုက်သည်။ အား!!! အစ်ကိုကြီးလို့ အခေါ်ခံရတာ ကောင်းလိုက်တာ!

ဝမ်ချင်းကတော့ ဘာမှ ပြန်မပြောဘဲ စူစူလေးကို မမြင်ချင်ယောင် ဆောင်လိုက်သည်။

ဒီ ထူးထူးခြားခြား ‘ညီမလေး’ အနားရောက်လာတိုင်း သူမ ခေါင်းတွေ မူးလာသလို ခံစားရသည်။ ဒီအသက်အရွယ်ကြီးရောက်မှတော့ ‘အဘွား’ဟုသာ အခေါ်ခံချင်ပါတော့သည်။

ချင်းလောင်ယွင်လည်း အောက်ထပ်သို့ ဆင်းလာပြီး ချင်းရှင်းကျစ်နဲ့ ဝမ်ချင်းတို့ကို မြင်သောအခါ ခြေလှမ်းသုတ်သုတ်ဖြင့် အပြေးရောက်လာပြီး ချိုချိုမြိန်မြိန် နှုတ်ဆက်လိုက်သည်။

“ဂွတ်မောနင်းပါ ဦးလေးကြီးနဲ့ ဒေါ်ကြီးတို့”

“အောင်မယ်လေး! ယွင်ယွင်လေးလည်း ရောက်နေတာကိုး!” ချင်းလောင်ယွင်ကို မြင်သောအခါ ချင်းရှင်းကျစ် ခါးကုန်းလိုက်ပြီး ပြုံးကာ နှုတ်ဆက်လိုက်ပါသည်။ ယွင်ယွင်လေးက အမြဲတမ်း ချစ်ဖို့ကောင်းပြီး အသံချိုချိုလေးလည်း ရှိသည်။ သူမကို ချင်းရှင်းကျစ် အလွန်ချစ်ပါသည်။

ဒီကလေးမလေးကို သနားတာကြောင့်လည်း သူ့ရဲ့ ဆန်ကုန်မြေလေး ဦးလေး ပိုက်ဆံလာတောင်းတိုင်း ပေးကမ်းနေရခြင်း ဖြစ်သည်။

“ဟုတ်! ဘွားဘွားက ဆေးရုံတက်နေရပြီး ဘိုးဘိုးက သူ့ကို လူနာစောင့်ပေးနေရလို့။ အဲ့တာကြောင့် သမီး ဒီမှာ ခဏလာနေတာ”။ ချင်းလောင်ယွင်က လိမ်လိမ်မာမာနဲ့ ရှင်းပြလိုက်သည်။

ဒါကိုကြားတော့ ချင်းရှင်းကျစ် ကလေးမလေးအတွက် အလွန်စိတ်မကောင်း ဖြစ်သွားခဲ့ပါသည်။

သူမ မိဘများက အလွန်တာဝန်မဲ့ကြသည်။ ဒီလို ငယ်ငယ်ရွယ်ရွယ် ကလေးလေး တစ်ယောက်ကို အဘိုးအဘွားတွေ လက်ထဲ အပ်ထားခဲ့ရက်သည်။ အဘိုးအဘွားတွေကလည်း ထူးမနားခြားမနားပင်။

“ဒါဆို ဒီမှာ သမီး လိုအပ်သလောက်‌ အေးအေးဆေးဆေး နေလို့ရတယ်”။ ချင်းရှင်းကျစ်က ပြောလိုက်ပါသည်။

“ကျေးဇူးတင်ပါတယ် ဦးကြီးနဲ့ ဒေါ်ကြီးတို့” ချင်းလောင်ယွင်က ကျေးဇူးတင်ကြောင်း လှိုက်လှိုက်လှဲလှဲ ပြောလိုက်သည်။

“ရပါတယ်ဗျာ”။ ချင်းရှင်းကျစ် သက်ပြင်းချလိုက်သည်။ ဒီကလေးမလေးက သိတတ်လိုက်တာ။

ဝမ်ချင်းက ချင်းလောင်ယွင်ကို ကြည့်လိုက်သည်။ ထို့နောက် ချင်းစူစူကို ကြည့်လိုက်၏။

ဒီကလေးမလေး နှစ်ယောက်က အသက်အားဖြင့် သိပ်မကွာသော်လည်း မျိုးဆက်ရာထူးက မျိုးဆက် တစ်ဆက်လုံး ကွာခြားနေသည်။

စူစူလေးကို လျစ်လျူရှုခဲ့သော်လည်း ဝမ်ချင်းက ချင်းလောင်ယွင်ကိုတော့ ပြုံးပြလိုက်ပြီး စကား ပြန်ပြောခဲ့ပါသည်။ “ယွင်ယွင် တစ်ခုခု လိုအပ်တာရှိရင် ဒေါ်ကြီးကိုပြောနော်။ ဒေါ်ကြီး ဝယ်ပေးမယ်”

ချင်းလောင်ယွင်က ကျေးဇူးထပ်တင်လိုက်ပြန်ပါသည်။ “ကျေးဇူးပါ ‌ဒေါ်ကြီး”

“အင်းပါ အင်းပါ”

နှစ်ယောက်စလုံးက နူးနူးညံ့ညံ့ အသံလေးတွေနဲ့ ကလေးမလေးတွေ ဖြစ်ကြသော်လည်း “ဒေါ်ကြီး” ဟူသော ခေါ်သံက “မရီး”ဟူသော ခေါ်သံထက် ပိုနားဝင်ချိုပါသည်။

သူမ ဦးကြီးနဲ့ ဒေါ်ကြီးတို့က ယခင်တုန်းကလိုပဲ သူမကို ချစ်နေဆဲဖြစ်မှန်း သိရသဖြင့် ချင်းလောင်ယွင် ရင်ထဲမှာ ပျော်ရွှင်သွားပါသည်။

ထို့အပြင် သူမရဲ့ ဦးကြီးနဲ့ ဒေါ်ကြီးက တခြားသူတွေလိုမဟုတ်ဘဲ ချင်းစူစူကို မကြိုက်ကြပါ။

ချင်းလောင်ယွင်၏ ရင်ထဲ အနည်းငယ် အောင်ပွဲခံမိသွားသည်။

ချင်းစူစူကို သူမ တမင်တကာ လှည့်ကြည့်လိုက်၏။

သို့သော်လည်း စူစူလေးက စားပွဲဝိုင်းမှာ အသင့်ထိုင်နေပြီဖြစ်ပြီး မျက်လုံးတွေက မနက်စာပေါ်မှာသာ ရှိနေသည်။ မစားခင် စားပွဲမှာ မိသားစုတွေ လူစုံညီဖို့ စောင့်နေတာသာ ဖြစ်သည်။ သူမရဲ့ အစ်ကိုကြီး၊ မရီးနဲ့ ချင်းလောင်ယွင်တို့အကြားက ဆက်ဆံမှုတွေကို လုံးဝ သတိထားမိပုံမပေါ်ပါ။

ထို့နောက် အဘိုးချင်းနဲ့ အဘွားချင်းတို့လည်း စားပွဲဝိုင်းသို့ ရောက်လာကြ၏။

ပျောက်နေသော တစ်ယောက်တည်းသောသူက အိပ်ရာထဲမှာ ရှိနေဆဲဖြစ်သည့် ဟွော်ထျင်း ဖြစ်သည်။ လောလောဆယ် သူက ကျောင်းမတက်သေးသဖြင့် အဘိုးချင်း သူ့ကို ခေါ်မနေတော့ပါ။

အားလုံး မနက်စာ စားပွဲဝိုင်းမှာ ထိုင်ပြီးတာနဲ့ မနေ့က အဖြစ်အပျက်အတွက် ဝမ်ချင်း တောင်းပန်လိုက်ပါသည်။ “အဖေနဲ့ အမေ၊ မနေ့က သမီးနည်းနည်း လွန်သွားတယ်။ ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့နော်”

“ရပါတယ် ရပါတယ်။ နင်တို့ ခံစားချက်ကို ငါနားလည်ပါတယ်”။ အဘိုးချင်းက ပြန်ပြောလိုက်သည်။

“ဟုတ်တယ်။ နင်တို့အဖေနဲ့ ငါနဲ့က နင်တို့ အမြင်အတွက် ကြိုတွေးထားပြီးသားပါ”။ အဘွားချင်းကလည်း ပြောသည်။

“နားလည်ပေးလို့ ကျေးဇူးတင်ပါတယ် အဖေနဲ့ အမေ”။ ဝမ်ချင်းက ဆက်ပြောသည်။ “ပြီးတော့ ချင်းကျစ်နဲ့ သမီးတို့ မနေ့ညက ဆွေးနွေးကြည့်သေးတယ်။ သူများတွေ ဝေဖန်တာကို မခံရအောင် အပြင်လူတွေကို စူစူလေးက အဖေတို့ ကျေးရွာဘက်ကနေ မွေးစားလာတဲ့ ကလေးလေးလို့ ကြေညာလိုက်ပါလား”

… … …

အခန်း(၈၇) ဒီတိုင်း ဆက်ပြောနေရင် ဒေါသထွက်မိလိမ့်မယ်

“ညည်းဘာတွေ ပြောနေတာလဲ။ အဲ့လို ကြေညာလို့ ဖြစ်မလား။ စူစူလေးက ငါတို့ရဲ့ ရတနာလေးဟဲ့! သူ့ကို ဘယ်သူမှ မေးခွန်းထုတ်စရာ မလိုဘူး!” အဘွားချင်း၏ မျက်နှာက ချက်ချင်း တင်းမာသွားပါသည်။

“အမေကလည်း သမီးက မိသားစုအတွက် ထည့်တွက်ပြီး စဉ်းစားပေးတာပါ။ သမီးတို့ အပြင်သွားရင် ဒီကိစ္စကြောင့် အတင်းအဖျင်းပြောသံတွေ မကြားချင်ဘူး။ ပြီးတော့ ယုဟွိုင်းနဲ့ တခြားကလေးတွေရဲ့ အနာဂတ် အိမ်ထောင်ရေးကိစ္စတွေမှာလည်း ဒီကိစ္စကြောင့် မထိခိုက်စေချင်ဘူး။ အမေ့ကို မလေးမစား ပြောတာ မဟုတ်ပါဘူး”။ ဝမ်ချင်းက ရှင်းပြလိုက်၏။

ချင်းရှင်းကျစ်ကလည်း ဝင်ဖျန်ဖြေပေးသည်။ “အဖေနဲ့ အမေ၊ အာ့ချင်းက တခြား ဆိုလိုတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ မိသားစုအတွက် အကောင်းဆုံးဖြစ်မယ့် ဖြေရှင်းချက်ကို စဉ်းစားပေးနေတာပါ။ သူ့ကို မွေးစားထားတယ်ဆိုတာ အပြင်လူတွေပဲ သိမှာ။ ကျွန်တော်တို့ ရင်ထဲမှာတော့ အမှန်တရားကို သိပြီးသားလေ၊ ဘာမှ သိပ်မပြောင်းလဲပါဘူး”

“မရဘူးလို့ ပြောနေတယ်!”။ အဘွားချင်းက ပြတ်ပြတ်သားသား ကန့်ကွက်လိုက်သည်။ “သူ့ကို ငါတို့ ကိုယ်တိုင် မွေးထားတာ ငါတို့ရဲ့ သမီးလေးပဲ! မွေးစားထားတယ်လို့ ဘာလို့ ပြောရမှာလဲ။ အဲ့လို ပြောရင် ငါတို့ သမီးလေးကို သူများတွေ အထင်သေးမှာပေါ့! ငါလုံးဝ လက်မခံဘူး!”

“အမှန်ပဲ! ဒါမျိုးက လူရယ်စရာမှ မဟုတ်တာ။ မနေ့ညက ငါပြောခဲ့သလိုပဲ သူက ငါတို့မိသားစုအတွက် ကောင်းချီးမင်္ဂလာတစ်ခုပဲလို့! ကိုယ်တိုင် ကလေးမမွေးနိုင်တဲ့လူတွေက ငါတို့ကို လှောင်စရာ အကြောင်း မရှိဘူး”။ အဘိုးချင်းကလည်း အဘွားချင်းနည်းတူ ပြတ်သားသည်။

သူပြောချင်သည့်စကားကို အနည်းငယ် စိတ်ပါသွားသဖြင့် အဘိုးချင်း အသံလည်း အနည်းငယ် ကျယ်သွားပါသည်။

စူစူလေးက မနက်စာကို ဇွန်းလေးဖြင့် ခပ်နေစဉ် သူမ မိဘတွေနဲ့ အစ်ကိုကြီး၊ မရီးတို့အားလုံး မပျော်မရွှင် ဖြစ်နေတာကို သတိထားမိသွားပြီး ဇွန်းကို ချလိုက်ပါသည်။

“ရန်မဖြစ်ပါနဲ့!”

စူစူလေးက မျက်နှာတင်းတင်းဖြင့် ဝင်ပြောလိုက်သည်။

“သမီးလေး…”။ အဘွားချင်းက စူစူလေးကို စိတ်ပူစွာ ကြည့်လိုက်သည်။ ချင်းရှင်းကျစ်နဲ့ ဝမ်ချင်းတို့ရဲ့ စကားကြောင့် သူမ စိတ်ဒဏ်ရာ ရသွားမှာကို စိုးရိမ်သည်။’

အဘွားချင်း၏ စိုးရိမ်မှုက အလကားပင်။ စူစူလေး လုံးဝ ဂရုမစိုက်ပါ။

စူစူလေးက ချင်းရှင်းကျစ်နဲ့ ဝမ်ချင်းတို့ကို ပြောလိုက်သည်။ “သမီးကို ဖေဖေနဲ့ မေမေတို့ ကိုယ်တိုင် မွေးထားတာ! မွေးစားထားတာလို့ ပြောလို့မရဘူး! ပြောရင် စိတ်ဆိုးမှာနော်!”

စူစူလေးရဲ့ ပါးလေးတွေ ဖောင်းတက်လာပြီး သူမရဲ့ နူးနူးညံ့ညံ့ ချွဲချွဲပျစ်ပျစ် အသံလေးကြောင့် ခြိမ်းခြောက်ခံရသည့် ခံစားချက်မျိုး လုံးဝ မရပါ။

သို့သော်လည်း သူမ အတည်ပြောတာဖြစ်ပြီး ဒေါသထွက်နေမှန်း သိသာပါသည်။

ချင်းရှင်းကျစ်က စူစူလေးရဲ့ ပုံစံလေးကို အသဲယားသွားသည်။ အခြေအနေတွေသာ တင်းမာမနေပါက သူမရဲ့ ပါးလေးတွေကို လက်ညှိုးဖြင့် ထိုးကြည့်မိလောက်သည်။

ဝမ်ချင်းကလည်း စူစူလေး၏ သတိပေးမှုကို အတည်မယူပါ။ စိတ်ဆိုးနေသည့် ယောက္ခမတွေနဲ့ အလုပ်ရှုပ်နေဆဲဖြစ်၏။

သို့သော် စားပွဲမှာထိုင်နေသည့် တခြားသူတွေအားလုံးကတော့ စူစူလေးကို သတိထားပြီး ကြည့်လိုက်ကြပါသည်။

ခုနက ရန်ပွဲက သိပ်အရေးမကြီးပါ။ အရေးအကြီးဆုံးက စူစူလေးရဲ့ ခံစားချက်ဖြစ်သည်။

“စိတ်မဆိုးပါနဲ့ သမီးလေး” အဘွားချင်းက အမြန်ချော့မြူလိုက်၏။

“ဟုတ်တယ် ဟုတ်တယ် စိတ်မဆိုးပါနဲ့!” အဘိုးချင်းလည်း ချက်ချင်း စိတ်ပြန်ပျော့သွားသည်။

ချင်းယုကျီးလည်း မနေနိုင်ဘဲ ဝင်ချော့လိုက်သည်။ “စိတ်မဆိုးစမ်းပါနဲ့ စူစူရာ။ ငါ့မိဘတွေက ဒီတိုင်း စဉ်းစားဖို့ အချိန်နည်းနည်းပဲ လိုတာပါ။ သူတို့ နင့်ကို ချစ်မှာပါ!”

ပုံမှန်ဆို အေးတိအေးစက်နေတတ်သည့် ချင်းယုဟွိုင်းပါ စူစူလေးကို ဝင်ဖြောင်းဖြပါသည်။ “မနက်စာ စားပွဲဝိုင်းမှာ စိတ်အေးအေးထားကြရအောင်။ အကုန်လုံးအတွက် မကောင်းဘူး”

ချင်းယုဟွိုင်း ဒီလို ဝင်ပြောဖို့ဆိုတာ အလွန်ရှားပါသည်။

သူတို့ ၄ ယောက် စူစူလေးကို ဝိုင်းချော့လိုက်ကြ၏။

တစ်ခါကြုံဖူးသူတိုင်း စူစူလေး ဒေါသထွက်လျှင် ဘယ်လောက်ကြောက်ဖို့ကောင်းသလဲဆိုတာ သိကြသည်။

စူစူလေးကို မိသားစုဝင်တွေ အကုန် ဝိုင်းချော့နေကြတာကိုမြင်ပြီး ချင်းရှင်းကျစ်နဲ့ ဝမ်ချင်းတို့ အနည်းငယ် ကြောင်စီစီ ဖြစ်သွားကြ၏။

သူတို့ မိဘတွေ ချော့တာ မပြောလိုပါ။ အသက်ကြီးမှ မွေးတာဖြစ်သဖြင့် သူတို့ သမီးလေးကို အလွန် ချစ်ကြမှာ သေချာပါသည်။

သို့သော် သူတို့ရဲ့ သားတွေကပါ ဘာလို့ ဝင်ချော့နေကြတာလဲ။ ကလေးမလေး ဒေါသထွက်သွားတာနဲ့ တစ်ပြိုင်နက် ညီအစ်ကိုနှစ်ယောက် အလွန်စိုးရိမ်သွားကြသည့်ပုံစံပင်။

စူစူလေး၏ မျက်နှာက တင်းမာနေဆဲဖြစ်၏။ “ဒါပေမယ့် သမီးကို ဖေဖေနဲ့ မေမေမွေးထားတာ မဟုတ်ဘူးလို့ ပြောနေတယ်!”

သူမက ဖေဖေနဲ့ မေမေတို့ရဲ့ သမီးအရင်းမဟုတ်ဘူးလို့ ဘာလို့ပြောရဲတာလဲ။ သူမ အလွန် စိတ်ဆိုးပါသည်။

All Chapters