← Chapters

အခန်း (၈၈+၈၉)

Vol. 4 Ch. 88+89

အခန်း (၈၈+၈၉)

Vol. 4 Ch. 88+89

အခန်း(၈၈) စူစူလေး ပစ်မှတ်ထားခံရခြင်း

“ဖေဖေတို့က သမီးရဲ့ မိဘအစစ်တွေဖြစ်မှန်း သူတို့ သိပါတယ်။ သမီးက ဖေဖေတို့ရဲ့ သွေးသားအရင်းဆိုတာလည်း သူတို့သိတယ်။ ဖေဖေတို့ ရတနာလေး အပြင်သွားရင် သူများတွေ မကောင်းပြောတာကို ခံရမှာစိုးလို့ သူတို့ပြောတာပါ! သူတို့က ဖေဖေတို့ ရတနာလေးနဲ့ မိသားစုဝင် အကုန်လုံးကို တစ်နည်းတစ်ဖုံနဲ့ ချစ်ကြပါတယ်!” အဘိုးချင်းက အမြန်ရှင်းပြလိုက်ပါသည်။

“ဪ အဲ့လိုလား။ အဲ့တာဆိုလည်း ပြီးကော!”

စူစူလေး စက္ကန့်ပိုင်းအတွင်း ပြန်တည်ငြိမ်သွားပြီး ဇွန်းလေးကို ပြန်ကောက်ကာ မနက်စာ ပြန်စားနေလိုက်ပါသည်။

မနက်စာကလည်း အလွန်အရသာရှိလှသည်။

စူစူလေးရဲ့ စိတ်က အတက်အကျ မြန်လွန်းသည်။

ဒါကိုမြင်မှ အားလုံး သက်ပြင်းချနိုင်ကြပါသည်။

စူစူလေးကို ချော့ပြီးနောက် အဘိုးချင်း၏ လေသံလည်း ပျော့ပြောင်းသွားသည်။ “ဟုတ်ပါပြီ။ မင်းတို့ မကြိုက်ရင်လည်း မကြိုက်သလိုပဲနေပေါ့။ မမြင်ချင်ယောင်သာ ဆောင်လိုက်။ စူစူလေးကို မင်းတို့ ချစ်လိမ့်မယ်လို့ ငါတို့ မျှော်လင့်မထားဘူး”

“အဖေ…”။ ချင်းရှင်းကျစ်၏ ခံစားချက်များ ရှုပ်ထွေးသွားသည်။

ထို့နောက် သူ့မိန်းမဝမ်ချင်းကို လှည့်ကြည့်လိုက်၏။ ဝမ်ချင်း၏ မပျော်မရွှင် မျက်နှာကို မြင်သောအခါ ချင်းရှင်းကျစ် အသည်းကွဲသွားပါသည်။

ဝမ်ချင်းက ပိုလို့တောင် စိတ်မချမ်းသာဖြစ်သွားသေးသည်။ ယောက္ခမတွေကို ဒေါသထွက်အောင်လုပ်ဖို့ မရည်ရွယ်ခဲ့ပါ။ ဒီကလေးမလေးကြောင့် တခြားမိသားစုဝင်တွေကို မထိခိုက်စေချင်ရုံသာ ဖြစ်သည်…။

ယခုတော့ ယောက္ခမတွေက ပြောစရာရှိတာ ပြောပြီးပြီ ဖြစ်သဖြင့် သူမ ဘာမှ ဝင်ပြောလို့မရတော့ပါ။

အားလုံး မနက်စာကို တိုးတိုးတိတ်တိတ် သုန်သုန်မှုန်မှုန်နဲ့ စားခဲ့ကြသည်။

မနက်စာစားပြီးနောက် အဘိုးချင်းတို့ လင်မယားက စူစူလေးနဲ့ ချင်းလောင်ယွင်တို့ကို မူကြိုသို့ လိုက်ပို့ပါသည်။

ကလေးနှစ်ယောက် မူကြိုထဲ ဝင်သွားတာကို သေချာစောင့်ကြည့်ပြီးမှ မပြန်ချင် ပြန်ချင်ဖြင့် ပြန်ခဲ့ကြသည်။

သို့သော် အဘိုးချင်းတို့လင်မယားနဲ့ စူစူလေးကို တစ်ချိန်လုံး စောင့်ကြည့်နေသည့်လူတစ်ယောက် ရှိတာကို သူတို့ မသိခဲ့ကြပါ။

လမ်းတစ်ဖက်မှ ရှုယီဟောက်က ကောက်ကျစ်သော မျက်လုံးများဖြင့် စူစူလေး မူကြိုထဲဝင်သွားတာကို စောင့်ကြည့်နေခဲ့သည်။

အရင်တစ်ခေါက်က ချင်းယုကျီး ထိုးကြိတ်တာကို အရှက်တကွဲခံခဲ့ရသည့် အဖြစ်ကို သူ့ရင်ထဲမှာ မကျေနပ်နိုင်သေးပါ။ ယခု သူ့အစ်ကိုကြီး ရှုယီချန့်ကိုလည်း ချင်းယုကျီးက ထိုနည်းလည်းကောင်း ထိုးကြိတ်ခဲ့ပြန်သည်။

သူဒေါသထွက်သွားသော်လည်း ဘာကြောင့်မှန်း မသိဘဲ သူ့အစ်ကိုကြီးက သူ့ကို တားမြစ်ထားသည်။ ချင်းယုကျီးကို သူကလဲ့စားချေဖို့ အစီအစဉ်မရှိကြောင်းနဲ့ သူ့ကိုလည်း ချင်းယုကျီးကို သွားမထိဖို့ တားမြစ်ထားပါသည်။

သူ့အစ်ကိုကြီးက သူရဲဘောင် ကြောင်သွားနိုင်သော်လည်း သူကတော့ ငကြောက်မဟုတ်ပါ။

သူ့အစ်ကိုကြီး မကူညီလျှင် သူ့ဝမ်းကွဲအစ်ကိုပျောင်နဲ့ ပူးပေါင်းရပါလိမ့်မည်။ သူနဲ့ သူ့ဝမ်းကွဲအစ်ကိုတို့ အစီအစဉ်တစ်ခုရေးဆွဲထားသည်။ ဒီကလေးမလေးကို ပြန်ပေးဆွဲပြီး ချင်းမိသားစုကို ငွေညှစ်မည်။

ချင်းမိသားစုက အလွန်ချမ်းသာကြသည်။ ဒီလို အန္တရာယ်ကင်းသည့် ကလေးမလေးကို ပြန်ပေးဆွဲဖို့က သိပ်မပင်ပန်းဘဲ ငွေအများကြီး ညှစ်လို့ရသည်။ ဘယ်ဘက်ကကြည့်ကြည့် အရှုံးမရှိပါ။

စူစူလေး မူကြိုကျောင်းထဲ ဝင်သွားပြီး အဘိုးချင်းတို့ လင်မယားပြန်သွားပြီ ဖြစ်မှန်း အတည်ပြုပြီးနောက် ရှုယီဟောက်က မူကြိုကျောင်း မီးဖိုဆောင်သို့ ဟင်းချက်ပစ္စည်းများ လာပို့သည့် ဒလီဘာရီအယောင် ဆောင်ပြီး ဘေးဘက်တံခါးမှ မူကြိုကျောင်းထဲသို့ ဝင်လာခဲ့ပါသည်။

မူကြိုကျောင်းထဲ ရောက်သောအခါ ကလေးတွေ ရှိသည့်နေရာကို ရှုယီဟောက် တန်းဝင်လို့ မရသေးပါ။

အပြင်လူတွေ သွားလာနိုင်သည့်နေရာနဲ့ ကလေးတွေကစားသည့်နေရာကို ၃ မီတာမြင့်သော သံခြံစည်းရိုးကြီးက ခြားထားသည်။

ထို့အပြင် ထိုခြံစည်းရိုးကို အတွင်းဘက်မှသာ ဖွင့်နိုင်ပြီး အထဲက ကလေးတစ်ယောက်ယောက် ကူဖွင့် မပေးပါက သူတို့ အထဲဝင်ဖို့ မဖြစ်နိုင်ပါ။

ရှုယီဟောက်နဲ့ သူ့ကြံရာပါတို့ ခြံစည်းရိုးအပြင်မှာ ခဏစောင့်နေစဉ် ကလေးမလေး တစ်ယောက် ဖြတ်သွားလေသည်။

ထိုကလေးမလေးကိုလည်း သူတို့ မြင်ဖူးပါသည်။ ဒီနေ့မနက်က အဘိုးချင်းတို့လင်မယား၊ ချင်းစူစူတို့နဲ့ အတူ မူကြိုကျောင်းသို့ လာသော ကောင်မလေးဖြစ်၏။

ကံကောင်းလိုက်တာ ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင် ပစ်နိုင်တော့မှာပဲ!။

“ညီမလေး ဒီကို ခဏလောက် လာပါဦး။ ကိုကြီးကို တစ်ခုလောက် ကူညီပေးပါလား”။ ရှုယီဟောက်က ချင်းလောင်ယွင်ကို အပြုံးဖြင့် ပြောလိုက်သည်။

ရှုယီဟောက်က ကလေးမလေးရဲ့ ယုံကြည်မှုကို ရဖို့အတွက် သူ့အပြုံးကို အတတ်နိုင်ဆုံး ဖော်ရွေနွေးထွေးအောင် ပြုံးထားပါသည်။

ချင်းလောင်ယွင်ကလည်း သူတို့ဆီ လျှောက်သွားခဲ့ပါသည်။ “ဘာကူညီပေးရမလဲ ကိုကြီး”

“ညီမလေးတို့ မူကြိုမှာ ချင်းစူစူလို့ ခေါ်တဲ့ ကောင်မလေးရှိလား။ ရှိရင် ဒီကိုခေါ်လာပေးပါလား”။ ရှုယီဟောက်က ပြောသည်။

ချင်းစူစူ၏ နာမည်ကို ကြားသောအခါ ချင်းလောင်ယွင်၏ မျက်နှာ ညှိုးငယ်သွားပါသည်။

သူမက အသက် ၄ နှစ်သာ ရှိသေးသဖြင့် ခံစားချက်တွေကို မဖုံးကွယ်တတ်သေးပါ။

ရှုယီဟောက်က ချင်းလောင်ယွင်၏ ညှိုးငယ်မှုကို သတိထားမိသွားပြီး ချက်ချင်း မေးလိုက်၏။ “ဘာဖြစ်လို့လဲ။ ညီမလေးက သူ့ကို သဘောမကျဘူးလား”

… … …

အခန်း(၈၉) စူစူလေး ပြန်ပေးဆွဲခံရခြင်း

“သဘောမကျဘူး။ သူက အရမ်းဆိုးတယ်!” ချင်းလောင်ယွင် ပြန်ဖြေလိုက်သည်။

“ဒါဆို သူ့ကို အပြစ်ပေးတာ မခံစေချင်ဘူးလား”။ ရှုယီဟောက်က ချင်းလောင်ယွင်၏ တုန့်ပြန်မှုကို အသာလိုက်ပြီး ခနဲ့ပေးလိုက်သည်။

“အပြစ်ပေးမယ်ဟုတ်လား”။ ချင်းလောင်ယွင်၏ မျက်နှာလေး ကြောင်စီစီ ဖြစ်သွားသည်။ ရှုယီဟောက် ဘာကို ဆိုလိုသလဲဆိုတာ သူမ မသိပါ။

“တကယ်တော့ ကိုကြီးတို့ ဒီနေ့ လာခဲ့ရတဲ့ အကြောင်းအရင်းရှိတယ်။ ချင်းစူစူဆိုတဲ့ ကောင်မလေးကို ဆုံးမပြီး သင်ခန်းစာပေးဖို့။ သူက အပြင်မှာ ရန်လည်းဖြစ်တယ်။ အဲ့တာကြောင့် အပြစ်ပေးသင့်တယ်! ကိုကြီးအတွက် သူ့ကို ကူခေါ်ပေးပါလား။ သူ့ကို ကိုကြီး စကားကောင်းကောင်း ပြောစရာရှိလို့ပါ”။ ရှုယီဟောက်က ရှင်းပြလိုက်သည်။

“ကိုကြီးက သူ့ကို ဆုံးမလို့ ရလို့လား။ ကိုကြီးက ကျောင်းဆရာလား”။ ချင်းလောင်ယွင်က မေးလိုက်သည်။

“ဒါပေါ့ ကိုကြီးက ပညာရေးဌာနမှာ အလုပ်လုပ်တာ။ အမှားလုပ်ထားတဲ့ ကလေးတွေကို ဆုံးမရတယ်။ အဲ့တာကြောင့် မလိမ္မာတဲ့ ကလေးတွေကို ဆုံးမပိုင်ခွင့် ကိုကြီးမှာ အပြည့်အဝ ရှိတယ်။ အဲ့ဒီ ချင်းစူစူ ဆိုတဲ့ ကောင်မလေးက အရမ်း ဆိုးလို့လေ။ ကိုကြီး ကောင်းကောင်း ဆုံးမမှ ဖြစ်မှာ!”

ဒါကိုကြားတော့ ချင်းလောင်ယွင် စိတ်ဝင်စားသွား၏။

ပညာရေးဌာနဆိုတာ အတော်အာဏာကြီးတဲ့ နေရာလား မသိဘူး…။ ဒါဆို ချင်းစူစူ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမှာလား။

ကလေးမလေး စိတ်ဝင်စားသွားတာကို မြင်ပြီး ရှုယီဟောက်က သံပူနေတုန်း နာနာရိုက်လိုက်၏။ “လူကြီး စကား နားမထောင်တဲ့ ကလေးတွေကို ဆုံးမပေးဖို့ လိုအပ်တယ်လေ။ ကိုကြီးက အဲ့ဒီအလုပ်လုပ်တာ။ စူစူလေးက မလိမ္မာဘူးလို့ ညီမလေးကော မထင်ဘူးလား။ သူဒီ့ထက် ပိုလိမ္မာဖို့လိုတယ်လို့ ညီမလေး မထင်ဘူးလားပြော”

ချင်းလောင်ယွင် ခေါင်းငြိမ့်လိုက်သည်။ စူစူလေးက တကယ် ဆိုးသွမ်းပြီး အလွန်စိတ်တိုစရာ ကောင်းသည်။

ထိုသို့စဉ်းစားရင်း ချင်းလောင်ယွင် ပြောလိုက်သည်။ “ဒါဆို သမီးသူ့ကို သွားခေါ်ပေးမယ်”

စူစူလေး အဆူခံရတာကို သူမ မြင်ချင်သည်။

“ခဏလေး! ညီမလေး သွားမခေါ်ခင် ကိုကြီးကို ဒီတံခါး ကူဖွင့်ပေးပါလား”။ ရှုယီဟောက်က သူမကို ထပ်ချော့ခိုင်းလိုက်သည်။

“အဲ့လိုလုပ်လို့မရဘူး။ ဆရာမက သမီးတို့ကို ဒီတံခါး မဖွင့်ရဘူးလို့ မှာထားတယ်! အပြင်က သူစိမ်းတွေကို ဝင်လာခိုင်းလို့မရဘူးတဲ့!” ချင်းလောင်ယွင်က ငြင်းဆန်လိုက်သည်။

“ဒါပေမယ့် ကိုကြီးတို့က သူစိမ်းတွေမှ မဟုတ်တာ၊ ပညာရေး ဌာနကပါဆိုနေမှ! ပြီးတော့ စူစူလေးကို ဆုံးမဖို့ဒီကိုလာခဲ့တာလေ၊ အဲ့တာကြောင့် သံခြံစည်းရိုးကြီး ကြားထဲမှာ ကာနေရင် သူ့ကို ကောင်းကောင်း ဆုံးမလို့ ရမှာ မဟုတ်ဘူး။ သူ စကားနားမထောင်ရင် ကိုကြီး သူ့ကို ရိုက်လို့တောင် မရဘူး!” ရှုယီဟောက် ဆက်ပြီး ချော့ပြောလိုက်ပါသည်။

ချင်းလောင်ယွင် အတွေးများသွားသည်။

ခေတ္တစဉ်းစားပြီးနောက် ရှေ့က ကိုကြီးပြောတာ အဓိပ္ပာယ်ရှိသည်ဟု ခံစားမိသဖြင့် သဘောတူလိုက်ပါသည်။

“အင်းပါ အဲ့တာဆို သမီးဖွင့်ပေးမယ်”။ ချင်းလောင်ယွင် တံခါး ဖွင့်ပေးလိုက်သည်။

“အင်း လိမ္မာလိုက်တဲ့ ကောင်မလေး”။ ရှုယီဟောက်က ချင်းလောင်ယွင်၏ ခေါင်းလေးကို ပွတ်ပေးလိုက်ပြီး ချီးကျူးလိုက်သည်။ “ကဲ အခု အဲ့ဒီ မလိမ္မာတဲ့ ချင်းစူစူကို သွားခေါ်ခဲ့”

“ဟုတ်!”

ချင်းလောင်ယွင် လှည့်ထွက်သွားပြီး ကလေးအများစု ကစားနေသည့် နေရာကို ပြေးသွားလိုက်သည်။

လူကြားထဲတွင် လျှောစီးနေသော စူစူလေးကို သူမ ရှာတွေ့သွားခဲ့ပါသည်။

“ချင်းစူစူ ငါနဲ့ ခဏလောက် လိုက်ခဲ့ပေးပါလား။ ငါနင့်ကို ပြောစရာရှီလို့”။ ချင်းလောင်ယွင်က စူစူလေးကို မဝံ့မရဲ ပြောလိုက်သည်။

သူမကို ဆုံးမဖို့ တစ်ယောက်ယောက်က ခေါ်ခိုင်းလိုက်တာဟု ချင်းလောင်ယွင် တဲ့တိုး မပြောရဲပါ။ ပြောလိုက်လျှင် စူစူလေး လိုက်မလာမှာ စိုးရသည်။

“ဘာလဲ” စူစူလေး မေးလိုက်၏။

“ဒီတိုင်း ပြောစရာ ရှိလို့ပါ။ ဟိုဘက်မှာ သွားပြောလို့ရမလားဟင်”

ချင်းလောင်ယွင်က တောင်းတောင်းပန်ပန် လေသံလေးဖြင့် မေးလိုက်သည်။

“နင်ငိုမလို့တော့ မဟုတ်ပါဘူးနော်”စူစူလေး မေးလိုက်သည်။

သူမသာ ငိုဦးမည်ဆိုလျှင်် စူစူလေး လိုက်မှာ မဟုတ်ပါ။

“ဟင့်အင်း မငိုပါဘူး”။ ချင်းလောင်ယွင် ကတိပေးလိုက်၏။

“အွန်းလေ ပြီးတာပဲ”။ စူစူလေး သဘောတူလိုက်၏။

ချင်းလောင်ယွင်နောက်သို့ စူစူလေး လိုက်လာခဲ့ပြီး မကြာခင် သံခြံစည်းရိုးကြီးနားကို ရောက်လာခဲ့ပါသည်။

ခြံတံခါးရှေ့မှာ ရှုယီဟောက်နဲ့ ကြံရာပါတွေ စောင့်နေကြပြီး သူတို့ရဲ့ ပစ်မှတ် ချင်းစူစူကို ချင်းလောင်ယွင် အောင်အောင်မြင်မြင် ခေါ်လာနိုင်တာကို မြင်တော့ အောင်ပွဲခံအပြုံးများ ပြုံးလိုက်ကြသည်။

“ကိုကြီး သမီး ချင်းစူစူကို ခေါ်လာခဲ့ပြီ” ဘာမှ မသိသည့် ချင်းလောင်ယွင် တစ်ယောက် ရှုယီဟောက်ကို ချိုမြိန်စွာ ပြောလိုက်ပါသည်။

All Chapters