← Chapters

အခန်း (၉၀+၉၁)

Vol. 4 Ch. 90+91

အခန်း (၉၀+၉၁)

Vol. 4 Ch. 90+91

အခန်း(၉၀) စူစူလေး ပြန်ပေးဆွဲခံရခြင်း (၂)

သို့သော်လည်း ရှုယီဟောက်က သူမကို လျစ်လျူရှုလိုက်ပြီး သူ့ကြံရာပါတွေနဲ့အတူတူ စူစူလေးဆီ ပြေးလာကြသည်။ ထို့နောက် စူစူလေးကို ပွေ့ချီလိုက်ပြီး ထွက်ပြေးသွားလေသည်။

၁၀ စက္ကန့်အတွင်းမှာ ရှုယီဟောက်နဲ့ ကြံရာပါများ စူစူလေးနဲ့အတူ ချင်းလောင်ယွင်၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားကြပါသည်။

ချင်းလောင်ယွင် ကြက်သေသေသွားပြီး အချိန်အတော်ကြာသည်အထိ ထိုနေရာမှာပဲ ကြောင်ရပ်နေမိသည်။

ခဏကြာ‌တော့ ကလေးတွေကို စောင့်ကြည့်ရသည့် ဆရာမတစ်ယောက် သူမဆီလျှောက်လာတာကို သတိထားမိပါသည်။

ဆရာမက ပွင့်နေသော ခြံတံခါးကြီးနဲ့ ကြောင်တောင်တောင် ဖြစ်နေသော ချင်းလောင်ယွင်ကို မြင်သွားသည်။

“ယွင်ယွင်၊ စူစူလေး ဘယ်မှာလဲ” ဆရာမကျူးက စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။

ချင်းလောင်ယွင် အသိစိတ်ပြန်ကပ်သွားမှ မကောင်းတာတစ်ခုခု ဖြစ်သွားမှန်း နားလည်သွားကာ ရုတ်တရက်ကြီး အော်ငိုလိုက်ပါသည်။ “အီးဟီးဟီး--”

ချင်းလောင်ယွင်၏ ငိုသံကြောင့် ဆရာမကျူးလန့်သွား၏။ “ဘာဖြစ်တာလဲ။ ဘာတွေဖြစ်လို့လဲ။ စူစူလေး ဘယ်မှာလဲ ယွင်ယွင်။ သူဘယ်ရောက်သွားလဲ”

သူမ ဖုံးကွယ်လို့မရတော့မှန်း နားလည်သဖြင့် ချင်းလောင်ယွင် ရှိုက်ကြီးတငင် အမှန်တိုင်း ပြောလိုက်သည်။ “ချင်းစူစူကို ဖမ်းသွားကြပြီ!”

“ဘာ?! ဖမ်းသွားတယ် ဟုတ်လား?!”

ဆရာမကျူး သွေးပျက်သွားလေသည်။ ငယ်ငယ်ရွယ်ရွယ် မူကြိုဆရာမတစ်ယောက် ဖြစ်တာကြောင့် သူမ လုပ်သက်မှာ ဒီလောက် ကြီးမားသည့် အဖြစ်အပျက် ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်သည်။

သူမ ဦးနှောက် ၁၀ စက္ကန့်စာလောက် လုံးဝ ရပ်တန့်သွားခဲ့ပါသည်။

ထို့နောက် စူစူလေး ပြန်ပေးဆွဲခံရပြီဖြစ်မှန်း ဆရာမကျူး နားလည်သွားတော့သည်။

--- --- ---

ရှုယီဟောက်နဲ့ ကြံရာပါတွေ ကားထဲခေါ်လာတာကို ခံခဲ့ရသည့် စူစူလေးတစ်ယောက် ကားထဲက လူတွေကို ကြောင်စီစီဖြင့် စိုက်ကြည့်နေသည်။

သူမ ဘဝမှာ ဒီလို ပြန်ပေးဆွဲခံရတာမျိုး ပထမဆုံးအကြိမ်အဖြစ် ကြုံဖူးတာဖြစ်ကာ ဘယ်လို တုန့်ပြန်ရမှန်း မသိပါ။

ဒီလုပ်ရပ်က ကောင်းသလား ဆိုးသလားဆိုတာလည်း သူမ မသိသေးပါ။

ကားထဲက အခြေအနေကို အကဲခတ်ကြည့်ရင်း သူမ မျက်နှာသေးသေးလေး ဇဝေဇဝါဖြစ်နေလေသည်။

ရှေ့ခုံမှာ ထိုင်နေသည့် အစ်ကိုပျောင်ဟူသည့် လူက အကျယ်ကြီးအော်ရယ်လိုက်ပြီး မေးလိုက်သည်။ “ယိဟောက် မင်းခေါ်လာတဲ့ ကလေးမလေးက မှန်ကောမှန်ရဲ့လား”

“ငါစောင့်ကြည့်နေတာ ကြာပြီ။ မမှားနိုင်ဘူး”။ ရှုယီဟောက်က ယုံကြည်ချက် ပြည့်ဝစွာ ပြန်ပြောလိုက်ပါသည်။

“မင်းသိလား၊ ဒီကလေးမလေးက နည်းနည်းတော့ ထူးဆန်းသား။ မင်းခေါ်လာတုန်းကလည်း မငိုဘူး။ မသောင်းကျန်းဘူး။ ဒီတိုင်း ငြိမ်ငြိမ်လေး ထိုင်နေတယ်။ ငါ့ကိုမြင်တာတောင် မငိုဘူးကွာ”။ အစ်ကိုပျောင်က ရယ်မောလိုက်သည်။

အစ်ကိုပျောင်က အလွန်ကြံ့ခိုင်သန်မာပြီး လူကောင်အလွန်ကြီးကာ ကျောပြင်အကျယ်ကြီးလည်း ရှိသည်။

သူ့ကို ကြည့်ပြီး ကလေးတွေ ငိုသွားတာ ပုံမှန်လို ဖြစ်နေပါပြီ။

ချင်းစူစူလို ကလေးမလေးကတော့ သူ့ကြောင့် ကလေး ဘယ်နှယောက်တောင် ငိုခဲ့ရသလဲဆိုတာကို သိမှာ မဟုတ်ပါ။

“မငိုတော့ ပိုကောင်းတာပေါ့ကွာ။ အာရုံနောက် သက်သာတယ်။ သူငိုယို သောင်းကျန်းရင် ငါသည်းခံနိုင်မှာ မဟုတ်ဘူး”။ ရှုယီဟောက်က ပြောလိုက်၏။

“ဟုတ်ပါပြီ။ ဒါဆို ငါတို့ ရောက်တာနဲ့ သူ့ကို ငိုအောင် လုပ်မယ်။ ပြီးရင် ဗီဒီယိုရိုက်ပြီး သူ့မိသားစုဆီ ပို့ပေးလိုက်မယ်။ ဒါမှ ပိုက်ဆံမြန်မြန်ပို့ပေးမှာ”။ အစ်ကိုပျောင်က ပြောလိုက်သည်။

ဒီလို အလုပ်မျိုးက အမြန်လှုပ်ရှားရသည်။ သူတို့ အချိန်ဆွဲလေလေ သူတို့အတွက် အန္တရာယ်များလေလေ ဖြစ်သည်။

“ရပါတယ်။ ဒီကလေးမလေးကို သနားစရာကောင်းတဲ့အထိ ငိုသွားအောင် ငါလုပ်ပြမယ်။ ဒါမှ သူတို့ မိသားစု အရမ်းကြောက်ပြီး ပိုက်ဆံချက်ချင်း ပေးကြမှာ!”။ ရှုယီဟောက်က ယုံကြည်ချက် ပြည့်ဝစွာဖြင့် ကြွေးကြော်လိုက်ပါသည်။

“ဘာတွေလုပ်နေကြတာလဲ”။ စူစူလေးက နားမလည်နိုင်စွာ မေးလိုက်သည်။

“ဘာမှမလုပ်ဘူး။ နင်တိတ်တိတ်နေ၊ ဒါမှ သိပ်မနာကျင်ရမှာ”။ စူစူလေး၏ ညာဘက်မှာ ထိုင်နေသည့် ရှုယီဟောက်က သတိပေးလိုက်သည်။

“ငါက ဘာလို့ နာကျင်ရမှာလဲ။ နာကျင်ရတာကို မကြိုက်ဘူး။ မုန့်ချိုချိုလေးတွေပဲ ကြိုက်တယ်”။ စူစူလေးက ပြန်ပြောလိုက်သည်။

“ဒါဆို နင့်အစ်ကို ချင်းယုကျီးကို သွားအပြစ်တင်လိုက်ပေါ့! အဲ့ဒီကောင်က ငါနဲ့ ငါ့အစ်ကိုကြီးကို လာထိုးကြိတ်သွားတာ။ ပြဿနာကို မီးခွက်ထွန်းရှာတဲ့ကောင်ပဲ!” ချင်းယုကျီးအကြောင်း စဉ်းစားရုံနဲ့ ရှုယီဟောက် ဒေါသထွက်လာပါသည်။

“ငါ့တူလေးက ဘာဖြစ်လို့လဲ။ သူ ခုတလော လိမ်လိမ်မာမာ နေနေပါတယ်”။ စူစူလေး မေးလိုက်သည်။

သူမ တူလေး ထပ်ဆိုးပြန်ပြီလား။

“ချင်းယုကျီးကို နင်ဘယ်လို ခေါ်လိုက်တယ်”။ ရှုယီဟောက်က စူစူလေး၏ စကားကြောင့် မှင်သက်သွားသည်။

“တူလေးလေ!”

“တူလေးဟုတ်လား။ နင်က ချင်းယုဟွိုင်းရဲ့ တရားမဝင် သမီးမဟုတ်ဘူးလား။ ချင်းယုကျီးကို ‘ဦီးလေး’လို့ ခေါ်ရမှာ မဟုတ်ဘူးလား” ရှုယီဟောက် နားမလည်စွာ ပြန်မေးလိုက်ပါသည်။

… … …

အခန်း(၉၁) နင်တို့က လူဆိုးတွေမလား

“မဟုတ်တာ! ငါက ဖေဖေနဲ့ မေမေတို့ရဲ့ သမီးလေး! ငါ့တူလေး ကျီးကျီးလေးရဲ့ ဒေါ်လေး အရင်း!”

“နင်က ချင်းယုကျီးရဲ့ ဒေါ်လေးဟုတ်လား။ ဒါဆို နင့်မိဘတွေက… သခင်ကြီးချင်းတို့ လင်မယားလား”

“အွန်း!”

ရှုယီဟောက် ကြက်သေသေသွားသည်။ ကားထဲက တခြားသူတွေလည်း ကြောင်စီစီ ဖြစ်သွားကြ၏။

“သခင်ကြီးချင်းတို့က အသက် ၈၀ နီးပါး ရှိနေပြီ မဟုတ်ဘူးလား။ ဘယ်လိုတောင် စွမ်းကြတာလဲ…။ အားဖြည့်စာတွေဘာတွေများ စားထားကြတာလား”။ ရှုယီဟောက် စိတ်ဝင်စားသွားသည်။

“ဘာဂရုစိုက်စရာလိုလဲကွာ?! သူက ချင်းယုဟွိုင်းရဲ့ သမီးဖြစ်ဖြစ် ချင်းယုဟွိုင်းရဲ့ ဒေါ်လေးပဲဖြစ်ဖြစ် ချင်းမိသားစုဝင်ဖြစ်ရင် ပြီးတာပဲ။ သူ့ကို ပြန်ပေးဆွဲရတာ အလကားမဖြစ်ဘူး။ ငါတို့အတွက် ချင်းမိသားစုက ပိုက်ဆံပေးချင်စိတ်ရှိရင် လုံလောက်ပြီ!” အစ်ကိုပျောင်က ပြောလိုက်၏။

“အစ်ကိုပျောင် ပြောတာ မှန်တယ်! ဒီဟာမလေးက အဘိုးကြီဂအဘွားကြီးတွေရဲ့ သမီးအရင်းဆို သူတို့တွေ ပိုတောင် ဆွေ့ဆွေ့ခုန်ကြဦးမယ်! အဲ့ဒီအဘိုးကြီးတို့ လင်မယား ငယ်ငယ်တုန်းက ဟွာချန့်မြို့မှာ တကယ့် စီးပွားရေးလောက အကျော်အမော်ကြီးတွေ။ သူတို့ ပိုင်ဆိုင်မှု ဘယ်လောက်တောင် ရှိနေမလဲ မသိဘူး!”။ ကြံရာပါ တစ်ယောက်ကလည်း ဝင်ပြောလိုက်သည်။

“အဲ့တာပြောတာ။ ငါတို့ တောင်းမယ့် ပမာဏကို ထပ်တိုးလို့တောင် ရတယ်! ယွမ် သန်း ၅၀ နဲ့ မလုံလောက်ဘူး! ၂ ဘီလီယံလောက် တောင်းလိုက်ကွာ!” အစ်ကိုပျောင်က ချက်ချင်းပဲ ပမာဏကို ထပ်တိုးလိုက်ပါသည်

ထိုလူတွေရဲ့ စကားတွေကို နားထောင်ပြီး တစ်ခုခု မူမမှန်တာကို စူစူလေး သတိထားမိလာသည်။

ခေတ္တစဉ်းစားပြီးနောက် စူစူလေး မေးလိုက်သည်။ “နင်တို့က လူဆိုးတွေလား”

ဘယ်သူမှ ပြန်မဖြေကြပေ။ စူစူလေး၏ မေးခွန်းကို အရေးတယူလုပ်ပြီး ပြန်ဖြေပေးမနေပါ။

“နင်တို့က လူဆိုးတွေလားလို့”။ စူစူလေး ထပ်မေးလိုက်သည်။

ရှေ့ခုံမှာထိုင်နေသည့် အစ်ကိုပျောင်က စူစူလေးကို လှည့်ပြောလိုက်သည်။ “ဟဲ့ကလေးမ ငါတို့ လူဆိုး ဟုတ်တာ မဟုတ်တာနင်နဲ့ မဆိုင်ဘူး! အခုလောလောဆယ် နင်က ငါတို့ လက်ထဲရောက်နေပြီ။ နင်လုပ်ဖို့ လိုတာဆိုလို့ နင့်မိဘတွေ ပိုက်ဆံပေးမယ့် အချိန်ကို အေးအေးဆေးဆေး ထိုင်စောင့်နေဖို့ပဲ!”

“ဘာလို့ မဆိုင်ရမှာလဲ။ မူကြိုစတက်တုန်းက အကြောင်းရင်း မရှိဘဲ ရန်မဖြစ်ရဘူးလို့ ဖေဖေနဲ့ မေမေက မှာထားတယ်! ဒါပေမယ့် လူဆိုးတွေကိုတော့ ထိုးလို့ရတယ်တဲ့!” စူစူလေးက စိတ်ပါလက်ပါ ရှင်းပြလိုက်သည်။

စူစူလေး၏ စကားကြောင့် တစ်ကားလုံး ရယ်သံတွေ ပြည့်နှက်သွားပါသည်။

“ဟားဟားဟား ဒီအသေးလေးက လူဆိုးတွေကို ချဦးမယ်တဲ့!”။ အစ်ကိုပျောင် အားရပါးရ ရယ်မောလိုက်သည်။ “ဆိုရိုးစကားရှိတယ်ဘာတဲ့။ ကျားပေါက်က- အဲလေ နွားပေါက်က ကျားတွေကို မကြောက်တတ်သေးဘူးတဲ့ ဟုတ်တယ်ဟုတ်တယ် အဲ့ဒီဆိုရိုးစကား! ဒီအသေးလေးလည်း အဲ့လိုပဲ ထင်တယ်”

တခြားသူတွေလည်း အူတက်အောင် ရယ်မောနေကြသည်။

စူစူလေးက မျက်မှောင်ကြုတ်လိုက်ပြီး ထိုလူတွေ ရယ်နေတာကို ကြည့်ကာ နှုတ်ခမ်းစူလိုက်ပါသည်။

ဘာတွေရယ်နေကြတာလဲ။ ဒီလောက် အရေးကြီးတဲ့မေးခွန်း မေးနေတာကို!

သတ်မှတ်ထားသည့်နေရာသို့ ရောက်သောအခါ ထိုလူတွေ ရယ်နေကြဆဲဖြစ်သည်။ သူတို့ ရောက်သွားသည့် ရောက တောအုပ်တစ်ခုထဲရှိ အိမ်ပုလေးတစ်လုံး ဖြစ်ပါသည်။

တောတောင်တွေကို စောင့်ရှောက်ဖို့နဲ့ သူခိုးတွေရန်မှ ကာကွယ်ဖို့အတွက် သစ်တောထိန်းရဲတွေက ဒီအိမ်ပုလေးကို ဆောက်ထားခြင်းဖြစ်သည်။

အုတ်ခဲ၊ ဘိလပ်မြေတို့ဖြင့် ဆောက်ထားသဖြင့် ရိုးရှင်းသော်လည်း သူတို့ စခန်းချဖို့ ပြီးပြည့်စုံသည့်နေရာ ဖြစ်သည်။

အနီးနားရှိ သစ်တောထိန်းသိမ်းရေး စခန်းကို ဖျက်သိမ်းလိုက်တာ ကြာပြီဖြစ်သဖြင့် ဒီနေရာကြီး လူသူ ကင်းမဲ့နေတာ နှစ်ပေါင်းများစွာရှိပြီဖြစ်ကာ အလွယ်တကူ ရှာတွေ့နိုင်သည့် နေရာလည်း မဟုတ်ပါ။

ကားက အိမ်ပုလေးရှေ့မှာ ရပ်တန့်သွားသည်။

“ထွက်စမ်း!” ရှုယီဟောက်က ကားထဲမှ ထွက်လိုက်ပြီး နောက်လှည့်ကာ စူစူလေးကို ထွက်ခိုင်းလိုက်ပါသည်။

စူစူလေး ကားထဲမှ ခပ်သုတ်သုတ် ထွက်လာ၏။

မြေပေါ်သို့ ခြေချပြီးတာနဲ့ တစ်ပြိုင်နက် စူစူလေး ခါးထောက်လျက် ထပ်မေးလိုက်သည်။ “နင်တို့တွေက လူဆိုးတွေမလားလို့”

“ဟုတ်တယ်ဟာ ဟုတ်တယ်! ငါတို့က လူဆိုးတွေ! နင့်ကို ပြန်ပေးဆွဲလာတာ! ပျော်ပြီလား။ နင်တော်တော် စကားများတာပဲ! ခဏစောင့် နင် မျက်ရည်နဲ့မျက်ခွက် ဖြစ်စေရမယ်!” ရှုယီဟောက်က ကြမ်းတမ်းစွာ ငေါက်လိုက်လေသည်။

“ဒါဆို ကိစ္စမရှိဘူးပေါ့”။ စူစူလေး ခေါင်းငြိမ့်လိုက်သည်။ အလွန်အရေးကြီးသည့် အချက်တစ်ခုကို အတည်ပြုပြီးသွားသလိုမျိုး ပေါ့ပါးသွားပါသည်။

All Chapters