အခန်း (၉၂+၉၃)
Vol. 4 Ch. 92+93
အခန်း(၉၂) ချင်းမိသားစု ပျာယာခတ်နေပြီ
စူစူလေး ပျောက်ဆုံးသွားပြီးနောက် ဆရာမကျူးက ချင်းမိသားစုကို ချက်ချင်း ဆက်သွယ်ခဲ့ပါသည်။
သတင်းဆိုးကို ကြားပြီးနောက် အဘွားချင်းတစ်ယောက် သတိလစ်လုနီးပါး ဖြစ်သွားခဲ့သည်။
“ကျွန်မ သမီးလေး! အဘိုးကြီး ကျွန်မတို့ ဘာလုပ်ကြမလဲ။ ကျွန်မတို့ သမီးလေး ဘာမှ မဖြစ်လောက်ပါဘူးနော်?!”
ပုံမှန်ဆို ဉာဏ်လျင်သော အဘွားချင်းတစ်ယောက် စူစူလေး ပျောက်သွားသည့် သတင်းကို ကြားပြီး ဘာမှ မစဉ်းစားတတ်တော့ပါ။
“အဘွားကြီး စိတ်လျှော့ပါ။ ငါတို့ သမီးလေး အဆင်ပြေမှာပါ။ သူအဆင်ပြေမှာပါ”
အဘိုးချင်းက သူ့မိန်းမကို နှစ်သိမ့်နေသော်လည်း သူကိုယ်တိုင်က စိတ်ချောက်ချားနေပါသည်။
သူ့မိန်းမကို နှစ်သိမ့်သည့် စကားလုံးများက သူ့ကိုယ်သူ နှစ်သိမ့်နေခြင်းလည်း ဖြစ်သည်။ ဒါမှ သူ့ခေါင်းကို ရှင်းရှင်းလင်းလင်း ထားနိုင်ပြီး ပြဿနာကို သေချာ ကိုင်တွယ်နိုင်မှာ ဖြစ်သည်။
“အဖေနဲ့ အမေတို့ မကြောက်ကြပါနဲ့! ပြန်ပေးသမားတွေက သူတို့ လိုချင်တာရှိလို့ စူစူလေးကို ပြန်ပေးဆွဲသွားတာ! သူတို့ အခုချိန်ထိ ဖုန်းမဆက်သေးဘဲ ဘာမှလည်း မတောင်းဆိုသေးဘူးဆိုတော့ သူ ဘေးကင်းဦးမှာပါ!”
ချင်းရှင်းကျစ်က သူ့မိဘတွေကို အမြန် အားပေးလိုက်ပြီး သူတို့ကို စိတ်တည်တည်ငြိမ်ငြိမ် ထားနိုင်အောင် ကူညီပေးခဲ့သည်။ သူတို့ သမီးလေး သတင်းကို မကြားရသေးခင် သူ့မိဘတွေ စိတ်ဓာတ်ကျသွားလို့ မဖြစ်ပါ။
ဒီလိုဖြစ်ရပ်မျိုးကို ချင်းရှင်းကျစ် ရင်းနှီးနေပါသည်။
အရင်တစ်ခေါက်က သူ့သားအငယ်ဆုံး ချင်းယုကျီး ပြန်ပေးဆွဲခံရတာ ဖြစ်သည်။ ထိုအချိန်တုန်းကလည်း တစ်မိသားစုလုံး ဗြောင်းဆန်သွားခဲ့ရ၏။
ထိုအချိန်ကစလို့ ကလေးတွေ ကျောင်းထဲဝင်တာကို ကိုယ်တိုင် စောင့်ကြည့်ပြီးမှ စိတ်အေးနိုင်ကြသည်။
သို့သော်လည်း ဒီတစ်ခေါက်တော့ ပြန်ပေးသမားတွေက မူကြိုကျောင်းက ကလေးကို ပြန်ပေးဆွဲရလောက်သည့်အထိ ရဲတင်းလာကြသည်။
သူတို့ ဘာလုပ်ကြမှာလဲ။ စူစူလေးက အလွန်ငယ်သေးသည်။ ချစ်ဖို့လည်း ကောင်းသည်။ ပြန်ပေးသမားတွေရဲ့ လက်ထဲမှာ သူမ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။
ထိုအခြေအနေမျိုးကို ချင်းရှင်းကျစ် မမြင်ယောင်ရဲပါ။ အတွေးနဲ့တင် သူ့နှလုံးသား အစိပ်စိပ်အမွှာမွှာ ဖြစ်သွားနိုင်သည်။
သူတောင် အလွန်စိတ်ဖိစီးနေမှတော့ သူ့မိဘတွေဆို ပြောစရာမရှိပါ။ ဒါသူတို့ရဲ့ အဖိုးတန် သမီးလေးပဲ မဟုတ်လား။
“ဖုန်းဘယ်မှာလဲ။ အကုန်လုံး ဖုန်းတွေ အသင့်ပြင်ထားကြ! ပြန်ပေးသမားတွေ ဖုန်းဆက်မှာကို စောင့်နေကြ!”။ အဘွားချင်းက ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး အားလုံးကို ဖုန်းတွေ အသင့် ပြင်ထားဖို့ ညွှန်ကြားလိုက်ပါသည်။
ဒီလိုနဲ့ ချင်းမိသားစုဝင်အားလုံး ဧည့်ခန်းထဲမှာ စုစည်းလိုက်ကြသည်။ သူတို့ရဲ့ ဖုန်းတွေကို ကော်ဖီ စားပွဲပေါ်မှာ တန်းစီ တင်ထားကြပါသည်။
အဘိုးချင်းက ချင်းရှင်းကျစ်ကို ပြောလိုက်သည်။ “ရှင်းကျစ်၊ ပြဿနာတွေ ထိန်းမနိုင် သိမ်းမရ ဖြစ်လာပြီး မင်းအမေနဲ့ ငါနဲ့ အသိစိတ်လွတ်သွားရင် ရဲခေါ်ဖို့ မမေ့နဲ့နော်။ ငါတို့ ရတနာလေးရဲ့ အသက်ကို အလောင်းအစား မလုပ်ရဲပေမယ့် ဒီလို အခြေအနေမျိုးမှာ ရဲတွေကိုပြ အားကိုးရမှာပဲ”
“ကျွန်တော် နားလည်ပါတယ်”။ သူ့အဖေ ဘာကိုဆိုလိုသလဲဆိုတာ ချင်းရှင်းကျစ် ကောင်းကောင်း သိပါသည်။
စူစူလေး၏ အသက်ကိုကယ်တင်ဖို့ သူတို့ ငွေပေးရုံနဲ့ ပြီးသွားလျှင် ကိစ္စမရှိပါ။
သူတို့အတွက် ငွေက ပြဿနာမဟုတ်ပေ။ စူစူလေး ပြန်ရောက်မလာမှာကိုသာ စိုးရိမ်ခြင်းဖြစ်သည်။
ပြန်ပေးသမားတွေသာ သူတို့ ကတိကို မတည်ဘဲ တခြား ပြဿနာတွေဖြစ်လာပါက… အကျိုးဆက်တွေ အလွန်ဆိုးရွားပါလိမ့်မည်။
အဘိုးချင်းကလည်း သူ့သမီးလေး ပြန်ပေးဆွဲခံရသည့်၊ ခြိမ်းခြောက်ခံရသည့် ဗီဒီယိုကို မြင်ပြီးလျှင် စိတ်နဲ့ လူနဲ့ ကပ်နိုင်ပါ့မလား ကိုယ့်ကိုယ်ကို သေချာမသိသဖြင့် သူ့သားကို ကြိုမှာထားရခြင်း ဖြစ်သည်။
သတင်းတွေကို ကြားပြီး ချင်းယုဟွိုင်းလည်း အလုပ်မှ အိမ်ကို အမြန်ဆုံးပြန်လာခဲ့သည်။
အိမ်ထဲဝင်လိုက်တာနဲ့ တစ်ပြိုင်နက် အဘွားချင်းက သူ့ဆီ အပြေးရောက်လာပြီး မေးလိုက်သည်။ “ယုဟွိုင်း! ဖုန်းလာသေးလား။ နင့်ကို တစ်ယောက်ယောက် ဖုန်းဆက်သေးလား”
“အဘွား စိတ်အေးအေးထားပါ။ ကျွန်တော့်ဆီ ဘာဖုန်းမှ မဝင်သေးဘူး။ ကျွန်တော် နည်းပညာကျွမ်းကျင်တဲ့ လူတချို့ ခေါ်လာတယ်။ ပြန်ပေးသမားတွေ ဖုန်းဆက်ရင် သူတို့ တည်နေရာကို အတိကျဆုံး ဖြစ်အောင် ခြေရာခံနိုင်မှာပါ”
ချင်းယုဟွိုင်းက သူတစ်ယောက်တည်း ပြန်လာတာ မဟုတ်ပေ။ နည်းပညာကျွမ်းကျင်သူ ၃ ဦးကိုလည်း ခေါ်လာခဲ့သည်။
ရဲတွေမဟုတ်သော်လည်း ကွန်ပျူတာပညာနဲ့ ခြေရာခံသည့် နည်းပညာတွေကို အလွန်ကျွမ်းကျင်ပြီး ပြန်ပေးသမားတွေ ဖုန်းဆက်တာနဲ့ တစ်ပြိုင်နက် တည်နေရာကို ချက်ချင်း ရှာဖွေနိုင်စွမ်းရှိသည်။ ထို့အပြင် စူစူလေး ပျောက်သွားသည့် နေရာက လုံခြုံရေးကင်မရာတွေကိုလည်း စစ်ဆေးနိုင်ကြသည်။
“ကောင်းတယ် ကောင်းတယ်! သူတို့ကို မြန်မြန် ပြင်ဆင်ပေးလိုက်!” အဘွားချင်းက အလောတကြီး ပြောလိုက်၏။
အားလုံး ရင်တမမ ဖြစ်နေကြသည်။ ဖုန်းမြည်သံတိုင်းက နှလုံးသားတွေကို လည်ပင်းဝထိ ရောက်အောင် ခုန်သွားစေသည်။
“တီ တီ တီ--” ချင်းယုဟွိုင်း၏ ဖုန်းသံ စတင်မြည်လာပါသည်။
အားလုံး စိတ်ဖိစီးသွားကြ၏။
ဖုန်းကို ခြေရာခံစနစ်နဲ့ ချိတ်ဆက်ပြီးပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် ချင်းယုဟွိုင်း သတိကြီးကြီး ထားပြီး ဖုန်းကိုင်လိုက်လေသည်။
… … …
အခန်း(၉၃) ယုကျီးရဲ့ မှတ်ဉာဏ်များ
“ဟယ်လို---” ချင်းယုဟွိုင်း ရင်တွေ ရူးမတတ် ခုန်နေသည်။
“မစ္စတာချင်းလား ဟိုတစ်ခေါက်က ပြောထားတဲ့ ပရောဂျက်ကိစ္စလေ-“
ချင်းယုဟွိုင်းချက်ချင်း ဖုန်းချပြစ်လိုက်၏။
အလုပ်ကိစ္စဖြစ်ပြီး ချင်းယုဟွိုင်း တစ်လုံးမှ မကြားချင်ပါ။ သူတို့ စောင့်မျှော်နေသည့် ဖုန်းမဟုတ်ပေ။
အားလုံး ဆက်စောင့်နေဖို့သာ တတ်နိုင်ကြသည်။
ဟွော်ထျင်းက အပေါ်ထပ်မှာ ရပ်နေပြီး အောက်က ဧည့်ခန်းကို ငုံ့ကြည်ကာ သူ့ဘေးရှိ အိမ်တော်ထိန်း လျို့ကို မေးလိုက်ပါသည်။ “သူတို့တွေ ဘာဖြစ်နေကြတာလဲ။ ဘာဖြစ်တာလဲ”
“သခင်လေး… သခင်မလေး စူစူ ပြဿနာ နည်းနည်း တက်နေလို့။ ချင်းမိသားစု ဖြေရှင်းနေကြတယ်။ ကျေးဇူးပြုပြီး သူတို့ကို သွားမနှောင့်ယှက်ပါနဲ့”။ အိမ်တော်ထိန်းလျို့က ရှင်းပြလိုက်ပါသည်။
“အဲ့ကောင်မလေး ဘာဖြစ်လို့လဲ” ဟွော်ထျင်းက အမြန် ထပ်မေးလိုက်သည်။
“သူပြန်ပေးဆွဲခံရလို့”
“ဘာ?!” ဟွော်ထျင်းက အသက် ၈ နှစ်ရှိပြီဖြစ်သဖြင့် ပြန်ပေးဆွဲတယ်ဆိုတာ ဘာမှန်း ကောင်းကောင်း နားလည်နေပါပြီ။ ထို့အပြင် ပြန်ပေးဆွဲခံရခြင်းက အလွန်အရေးကြီးသည့် ကိစ္စဖြစ်မှန်းလည်း သိသည်။ ချင်းစူစူ အသက်အန္တရာယ်ရှိနိုင်ပါသည်။
“စိတ်မပူပါနဲ့ သခင်လေး။ သခင်လေး မြင်တဲ့အတိုင်း ချင်းမိသားစုဝင်တွေက အစွမ်းအစ ရှိကြပါတယ်။ သခင်မလေးစူစူကို တွေ့နိုင်ချေ အရမ်းမြင့်ပါသေးတယ်!”
“ငါ့အဖေကို ဖုန်းဆက်လိုက်!” ဟွော်ထျင်း အမိန့်ပေးလိုက်သည်။
“တကယ်-“
“ဆက်မှာဖြင့် ဆက်စမ်းပါ!” ဟွော်ထျင်း မစောင့်နိုင်တော့ဘဲ အိမ်တော်ထိန်းလျို့၏ အိတ်ကပ်ထဲမှ ဖုန်းကို နှိုက်ယူလိုက်ပြီး သူ့အဖေကို ဖုန်းဆက်လိုက်သည်။
ဖုန်းဝင်သွားသောအခါ ဟွော်ထျင်း ပြောလိုက်၏။ “အဖေ ဟိုကောင်မလေး ပြန်ပေးဆွဲခံရလို့! သူ့ကို ကူပြီး ရှာပေးပါဦး!”
တစ်စက္ကန့်ပင် မကြာလိုက်ဘဲ ဟွော်ချန်းယီက ပြန်ပြောလိုက်ပါသည်။ “ဟုတ်ပြီ ဘာမှမပူနဲ့။ ငါချက်ချင်း စုံစမ်းခိုင်းလိုက်မယ်”
“မြန်မြန်လုပ်! မဟုတ်ရင် သူငိုနေလိမ့်မယ်!” ဟွော်ထျင်း သူ့အဖေကို တွန်းအားပေးလိုက်ပါသည်။
“ဟုတ်ပါပြီ။ အဖေ စူစူလေးကို အမြန်ဆုံးတွေ့အောင် ရှာခိုင်းလိုက်မယ်”။ ဟွော်ချန်းယီ ကတိပေးလိုက်သည်။
ဟွော်ထျင်း ဖုန်းပြောနေစဉ် ချင်းယုကျီးလည်း အိမ်ထဲကို ဝုန်းဒိုင်းကျဲလျက် ပြန်ဝင်လာပါသည်။
ချင်းယုကျီးကို မြင်သောအခါ ကျန်မိသားစုဝင်တွေအားလုံး မှင်သက်သွားကြသည်။
“မင်းဘာလို့ ပြန်လာတာလဲ။ ကျောင်းတက်နေရမှာ မဟုတ်ဘူးလား” ချင်းယုဟွိုင်းက မေးလိုက်၏။
“စူစူလေး ပြန်ပေးဆွဲခံရတာ ငါဘယ်လိုလုပ် ကျောင်းသွားနိုင်ဦးမှာလဲကွ?!” ချင်းယုကျီး ဒေါသတကြီး ပြောလိုက်သည်။
သူ့ဒေါသက သူ့အစ်ကိုကြီးကို ရည်ရွယ်တာ မဟုတ်ဘဲ သူ့ကိုယ်သူ ရည်ရွယ်ချင်း ဖြစ်သည်။
“ချင်းစူစူ ပြန်ပေးဆွဲခံရတာ မင်းဘယ်လို သိတာလဲ”
ချင်းမိသားစုထဲက ဘယ်သူမှ ချင်းယုကျီးကို အသိမပေးကြပါ။
“ငါဘယ်လိုသိလဲ အခု အရေးမကြီးဘူး။ စူစူလေးကို ရှာဖို့ နည်းလမ်းအမြန်စဉ်းစားရမယ်!” ချင်းယုကျီးက သူဘယ်က သိလာမှန်း မပြောပြပါ။
လောလောဆယ် သူ့စိတ်ထဲ အတွေးတစ်ခုသာ ရှိသည်။ စူစူလေးကို ကယ်တင်ဖို့ ဖြစ်၏။
ထိုသတ္တဝါလေး အသက်ရှင်လျက် ပြန်လာနိုင်မှ ဖြစ်ပါမည်။
သူ့စိတ်ထဲ နက်နက်ရှိုင်းရှိုင်း ကိန်းအောင်းနေသည့် မှတ်ဉာဏ်တချို့ ပြန်လည် ပေါ်ထွက်လာပြီး သူ့စိတ်တွေ လွတ်မတတ်ဖြစ်နေပါသည်။
မဖြစ်နိုင်ပါဘူး… စူစူလေး ဘာအန္တရာယ်မှ မဖြစ်နိုင်ပါဘူး။
ရှောင်ဟုန်းကို ကာကွယ်ဖို့ ကျရှုံးခဲ့သော်လည်း စူစူလေးကို ကာကွယ်ဖို့တော့ ကျရှုံးလို့မဖြစ်ပါ။
“ယုကျီး စိတ်အေးအေးထားစမ်း။ စူစူလေး ဘာမှမဖြစ်နိုင်ပါဘူး!” ချင်းယုဟွိုင်းက သူ့ညီကို ဖြောင်းဖြဖို့ ကြိုးစားသည်။
“ဘယ်လိုလုပ် ဘာမှမဖြစ်ဘဲနေမှာလဲ?! သူတို့က အကုန်လုပ်ရဲတဲ့လူတွေ! လူလည်း သတ်ရဲတယ်!” ချင်းယုကျီး ဟိန်းဟောက်လိုက်သည်။
အတိတ်က မှတ်ဉာဏ်တွေက သူ့ကို ပုံမှန်နဲ့မတူအောင် ဒေါသကြီးစေသည်။
သူ့မျက်စိရှေ့မှာ သွေးစွန်းနေသည့် ပုံရိပ်တွေ ပေါ်လာခဲ့ပြီး တဖြည်းဖြည်းနဲ့ သူ့ကမ္ဘာကြီးတစ်ခုလုံး သွေးရောင်လွှမ်းလုနီးပါး ဖြစ်သွားသည်။
ဒီတစ်ခေခါက် သူ့မှတ်ဉာဏ်ထဲက သွေးစွန်းနေသည့် လူနေရာမှာ စူစူလေး ဖြစ်နေသည်။
“ယုကျီး!”။ ချင်းယုဟွိုင်းက သူ့ညီကို တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။ “အဲ့တာတွေ မစဉ်းစားနဲ့။ မင်း အစ်ကိုကြီးကို ယုံစမ်းပါ! အရင်တစ်ခေါက်က မင်းကို မတွေ့ခဲ့ပေမယ့် ဒီတစ်ခေါက် အဲ့လို မဖြစ်စေရဘူး! ငါကတိပေးတယ်!”
“အစ်ကိုကြီး…” သူ့အစ်ကိုကြီးရဲ့ နွေးထွေးသော ပွေ့ဖက်မှုနဲ့ ယုံကြည်ချင်စရာ စကားလုံးများကြောင့် ချင်းယုကျီး အနည်းငယ် စိတ်တည်ငြိမ်သွားသည်။ သွေးစွန်းနေသော မှတ်ဉာဏ်များလည်း တဖြည်းဖြည်း ပြန်ပျောက်ကွယ်သွားခဲ့၏။
“ပြီးတော့ စူစူလေးက အဲ့ဒီတုန်းက မင်းနဲ့မတူဘူး။ စူစူလေးက အရမ်းတော်တယ်။ မင်းမေ့သွားပြီလား။ ချင်းစူစူက သာမန်ကလေး မဟုတ်ဘူး” ချင်းယုဟွိုင်း သူ့ကို သတိပေးလိုက်ပါသည်။