အခန်း (၉၄+၉၅)
Vol. 4 Ch. 94+95
အခန်း(၉၄) ပြန်ပေးသမားတွေ ဖုန်းမဆက်သေးပါ.
“ဟုတ်တယ် ဟုတ်တယ်! သူက သာမန်ကလေး မဟုတ်ဘူး!” ချင်းယုကျီး ခေါင်းကို ပြင်းထန်စွာ ငြိမ့်လိုက်သည်။
သူက မကောင်းဆိုးဝါးလေးပဲ! မကောင်းဆိုးဝါးလေးတွေကို အလွယ်တကူ အနိုင်ကျင့်လို့မရဘူး။
ထိုအချိန်တွင် ချင်းယုဟွိုင်း ခေါ်လာသည့် နည်းပညာရှင် ၃ ယောက်က ဟုံဖုန်းမူကြိုနဲ့ အနီးနား ပတ်ဝန်းကျင်ရှိ CCTV မှတ်တမ်းများကို ဝင်ရောက်ကြည့်ရှုပြီး သံသယရှိသူ တစ်ယောက်အကြောင်း ရှာဖွေတွေ့ရှိသွားကြပါသည်။
“သခင်ကြီးချင်း ဒီလူက ကျွန်တော်တို့ရဲ့ သံသယရှိသူဖြစ်လောက်တယ်”
ရှုယီဟောက်၏ ဓာတ်ပုံ ကွန်ပျူတာဖန်သားပြင်ပေါ်မှာ အထင်းသား ပေါ်လာခဲ့သည်။
အဘိုးချင်းနဲ့ အဘွားချင်းတို့ ဖန်သားပြင်ပေါ်က ဓာတ်ပုံကို ကြည့်ရင်း ဓာတ်ပုံထဲကလူကို အပြင်ဆွဲထုတ်က သေအောင် ရိုက်နှက်ချင်စိတ်တွေ တဖွားဖွား ပေါ်လာကြပါသည်။
“ရှုယီဟောက်လား?” ချင်းယုကျီး ချက်ချင်းမှတ်မိသွားသည်။ “ခွေးမသား!”
ချင်းယုကျီး မခံမရပ်နိုင် ဖြစ်သွားသည်။ ချင်းယုဟွိုင်းလည်း ရှုယီဟောက်ကို မှတ်မိပါသည်။ “မင်းနဲ့ ပြီးခဲ့တဲ့လက ရန်ဖြစ်ဖူးတဲ့ ကောင်လား”
“ဟုတ်တယ် သူပဲ!” ချင်းယုကျီးက အတည်ပြုလိုက်သည်။ “ဒါဆို စူစူလေး ပြန်ပေးဆွဲခံရတာ… ငါ့အပြစ်ပေါ့…”
ရုတ်တရက် သူ့ကိုယ်သူ အပြစ်တင်စိတ်တွေ ဖြစ်ပေါ်လာခဲ့သည်။
“ယုကျီး အဲ့လို မတွေးနဲ့။ ဒီလို ပြန်ပေးဆွဲတဲ့ လုပ်ရပ်မျိုးကို ရှုယီဟောက်တစ်ကောင်တည်း မလုပ်နိုင်ဘူး။ သူက ကြံရာပါသက်သက်ပဲ။ ဦးဆောင်တဲ့ကောင်က နောက်တစ်ယောက် ဖြစ်ရမယ်”။ ချင်းယုဟွိုင်းက အကြောင်းပြချက်ပေးဖို့ ကြိုးစားသည်။
“မဟုတ်ဘူး! ငါ့ကြောင့် စူစူလေးပါ ထိခိုက်ရတာ!”
“ခဏလောက် စိတ်အေးအေးထားစမ်းပါ။ အဲ့ဒီကောင်ကို အရင်ခြေရာခံကြည့်ရအောင်”
သူ့ညီ စိတ်မတည်ငြိမ်တာကို ချင်းယုဟွိုင်းကောင်းကောင်း သိသည်။
သို့သော်လည်းယခု သူ့ညီရဲ့ ခံစားချက်တွေထက် လက်ရှိလုပ်ရမည့် အရာတွေက ပိုအရေးကြီးပါသည်။
ချင်းယုဟွိုင်းက ချင်းယုကျီးကို ဆက်အဖော်မပြုပေးတော့ဘဲ သူ့ နည်းပညာရှင်တွေကို လှည့်မေးလိုက်သည်။ “အဲ့ဒီကောင်တွေကို ခြေရာခံနိုင်လား”
“အချိန်နည်းနည်းတော့ ယူရလိမ့်မယ်။ သူတို့ထဲမှာ ပရော်ဖက်ရှင်နယ်တွေပါတော့ ခြေရာဖျောက်နိုင်စွမ်း ရှိတယ်”
“ရှုယီဟောက်မှာ အဲ့လောက် အစွမ်းအစ မရှိဘူး။ ခုရက်ပိုင်းထဲ အဲ့ဒီကောင် တခြားဘယ်သူတွေနဲ့ ဆက်သွယ်သေးလဲဆိုတာ စုံစမ်းကြည့်လိုက်” ချင်းယုဟွိုင်း ညွှန်ကြားလိုက်သည်။
“ကောင်းပါပြီ”။ နည်းပညာရှင်တွေ ထပ်ပြီး အလုပ်ရှုပ်သွားကြသည်။
ဟွော်ထျင်းက ဖုန်းကိုင်ပြီး အောက်ထပ်သို့ ဆင်းလာ၏။ “ဟိုကောင်မလေးကို ပြန်ပေးဆွဲသွားတာ ဒီကောင်တွေပဲ!”
ဟွော်ထျင်းဖုန်းထဲက အချက်အလက်တွေကို သူ့အဖေ ပို့ပေးထားတာ ဖြစ်သည်။
ဟွော်ချန်းယီက လျှင်မြန်ပါးနပ်သူဖြစ်သည်။ တခြားသူတွေ လနဲ့ချီပြီး ရှာမတွေ့နိုင်သည့်အရာတွေကို ၁၅ မိနစ်အတွင်း တွေ့အောင် ရှာနိုင်စွမ်းရှိသည်။
အားလုံး ဟွော်ထျင်းရဲ့ ဖုန်းကို ဝိုင်းကြည့်လိုက်ကြ၏။
အားလုံး ဟွော်ထျင်းရဲ့ ဖုန်းကို ကြည့်နေကြစဉ် ချင်းယုကျီးက အိမ်ထဲမှ ထွက်သွားပါသည်။
စူစူလေး သူ့ကြောင့် ပြန်ပေးဆွဲခံရတာဖြစ်သည်။ ဒီကိစ္စကို သူ့နည်းလမ်းနဲ့သူ ဖြေရှင်းဖို့ ဆုံးဖြတ်ထား၏။
ချင်းယုကျီး အိမ်ပြင်ထွက်ရင်းနဲ့ ဖုန်းတစ်လုံးကို ခေါ်ဆိုလိုက်သည်။ “ငါ့ကို လာခေါ်လိုက်။ ရှုယီချန့်ကို မိနစ် ၂၀ အတွင်း တွေ့ချင်တယ်”
ရှုယီဟောက် အခု ဘယ်မှာရှိနေသလဲ မသိသော်ငှား ရှုယီချန့်ကို ဘယ်မှာရှာရမလဲတော့ သူသိသည်။
ပြန်ပေးသမားတွေ ဘယ်သူဘယ်ဝါတွေလဲဆိုတာ ကြည့်ပြီးသွားကြခါမှ ဧည့်ခန်းထဲကလူတွေ ချင်းယုကျီး ပျောက်သွားမှန်း သတိထားမိသွားကြသည်။
“ယုကျီး ရူးရူးမိုက်မိုက်တွေ လျှောက်လုပ်တော့မှာလား မသိဘူးနော်?!” ဝမ်ချင်းက ပူပန်စွာ မေးလိုက်သည်။
“အာ့ချင်း ဘာမှ စိတ်မပူနဲ့။ ယုကျီးက ပုံမှန်ဆို မဆင်မခြင် လုပ်တတ်ပေမယ့် အရေးကြီးတဲ့ ကိစ္စတွေကိုတော့ ကောင်းကောင်း ခွဲခြားတတ်ပါတယ်”။ ချင်းရှင်းကျစ်က သူ့သားကို ယုံကြည်သည်။
“ဟုတ်ပါတယ် ဟုတ်ပါတယ်”။ ချင်းရှင်းကျစ်၏ စကားလုံးများကြောင့် ဝမ်ချင်း အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ “ပြန်ပေးသမားတွေက ဘာလို့ ဖုန်းမဆက်သေးတာလဲ မသိဘူးနော်”
ဝမ်ချင်း၏ မေးခွန်းကို အားလုံးလည်း စိတ်ထဲမှာ မေးနေကြတာ ဖြစ်သည်။
ပြန်ပေးသမားတွေ အခုချိန်ထိ ဘာလို့ ဖုန်းမဆက်ကြသေးတာလဲ။
သူတို့ စူစူလေးကို ပြန်ပေးဆွဲတာ အောင်မြင်ခဲ့သည်။ သူတို့မှာ ရည်ရွယ်ချက်တစ်ခုခု မရှိသင့်ဘူးလား။ ငွေကြောင့်ပဲဖြစ်ဖြစ် ယုကျီးကို ကလဲ့စားချေချင်တာကြောင့်ပဲ ဖြစ်ဖြစ် အနည်းဆုံးတော့ ဖုန်းတစ်ကော အရင်ဆက်သင့်တာ မဟုတ်ဘူးလား။
သို့သော် အခုချိန်ထိ ပြန်ပေးသမားတွေ ဖုန်းဆက်မလာသေးတာ ဘာသဘောလဲ?!
… … …
အခန်း(၉၅) သနားစရာ ပြန်ပေးသမားများ (၁)
ချင်းမိသားစု မသိခဲ့တာက ပြန်ပေးသမားတွေ ငွေတောင်းဖို့ ဖုန်းမဆက်ကြသေးတာ မဟုတ်ပါ။။ မဆက်နိုင်ကြတာကြောင့်သာ ဖြစ်သည်။
သူတို့ ဖုန်းတစ်ကော မခေါ်နိုင်ရုံတင်မကဘဲ အသက်ရှင်လျက် ထွက်သွားနိုင်ပါ့မလားတောင် မသေချာကြပါ။
တောထဲက တစ်လုံးတည်း ထီးထီးရပ်တည်နေသော အိမ်ပုလေးထဲတွင် အရွယ်ရောက်ပြီးသား ယောက်ျားလေးတချို့ ကြမ်းပြင်ပေါ် မှောက်လျက်လဲကာ ကြိုးတုပ်ခံထားရပါသည်။
အကုန်လုံး ဒဏ်ရာတွေ ဆိုးဆိုးရွားရွား ရရှိထားကြ၏။ တချို့က အသေးစား ဒဏ်ရာဖြစ်ပြီး တချို့ကတော့ အလွန်ပြင်းထန်သည်။
ထို့အပြင် ဒဏ်ရာတွေက အများအားဖြင့် မျက်နှာတွေ၊ လက်တွေ၊ ခြေတွေပေါ်မှာသာ ရှိနေပြီး အရေးကြီး ခန္ဓာကိုယ်အစိတ်အပိုင်းများ ဖြစ်သည့် ရင်ဘတ်တွေ ဗိုက်တွေကတော့ ဘာမှ မထိခိုက်ထားကြပါ။
ဒဏ်ရာအဆိုးရွားဆုံး ရရှိထားသူက ရှုယီဟောက်ဖြစ်၏။ ခြေထောက်တစ်ဖက် လုံးဝ ကျိုးသွားပြီး လက်နှစ်ဖက်စလုံး အဆစ်ပြုတ်နေသည်။ နာကျင်မှုကြောင့် မျက်နှာ ဖြူဖတ်နေပြီး ချွေးစေးတွေ စီးကျနေကာ အော်ပင် မအော်နိုင်တော့ပါ။
ရင်ဘတ် သို့မဟုတ် ဝမ်းဗိုက်တို့ကို တိုက်ခိုက်ပါက လူကိုသေစေနိုင်သည်ဟု ဦးလေးပိုင်ဟူကျင်းက စူစူလေးကို သင်ပေးထားသည်။
ခြေတွေလက်တွေကတော့ အန္တရာယ်ကင်းပါသည်။ ကျိုးပဲ့သွားရင်တောင် အချိန်တိုအတွင်း မသေစေနိုင်ပါ။ ရန်သူအများစုကို မလှုပ်မရှားနိုင်အောင် လုပ်ဖို့ အရေးကြီးသည့် အစိတ်အပိုင်းတွေလည်း ဖြစ်သည်။
ပျောင်ကဲနဲ့ သူ့ညီကိုတွေလို သွေးစွန်းရသည့် အလုပ်တွေနဲ့ မကင်းသည့်လူတွေတောင် ထင်မထားသည့် ဒီလိုနေရာမှာ ပထမဆုံး အရှုံးကို ရင်ဆိုင်ခဲ့ရသည်။
အတော်လေး ဆိုးရွားသော အရှုံးလည်းဖြစ်၏။
သူမက ကလေးလေးတစ်ယောက် ဖြစ်တာကြောင့် ကြိုးတွေဘာတွေ မတုပ်ခဲ့ကြပါ။ သို့သော် ဒီကလေးမလေးက လက်တစ်ဖက်တည်းနဲ့ သူတို့အကုန်လုံးကို ဂျွမ်းပြန်သွားအောင် လုပ်နိုင်ခဲ့သည်။
ဒီလို ၃ နှစ်ခွဲအရွယ် ကောင်မလေးမှာ ဘာကြောင့် ကြောက်စရာခွန်အားတွေ ရှိနေရသလဲဆိုတာ သူတို့ စဉ်းစားမရပါ။
စူစူလေးက သူတို့အားလုံးရှေ့မှာ မတ်တပ်ရပ်နေပြီး ရင်ဘတ်ရှေ့မှာ လက်ပိုက်လျက် စိတ်ရှုပ်ထွေးသော အကြည့်ဖြင့် သူတို့ကို ကြည့်နေပါသည်။
လူဆိုးတွေ အကုန်မှောက်သွားပြီ။ သို့သော်လည်း သူမ အိမ်ဘယ်လို ပြန်ရမလဲ မသိပေ။ သူမ လမ်းမသိပါ။ အပြင်မှာလည်း သစ်ပင်တွေကလွဲပြီး လူသူမတွေ့ရပါ။ တကယ် ဒုက္ခများသည်။
စူစူလေး ထိုလူတွေထံမှ လုယူထားသည့် ဖုန်းတွေကို ထုတ်ကြည့်လိုက်သည်။ သို့သော် သူမ ဖုန်းမသုံးတတ်ပါ။
စူစူလေး ငယ်လွန်းသေးသဖြင့် သူမ မိဘတွေက ဖုန်းသုံးနည်း သင်မပေးထားခြင်း ဖြစ်သည်။
စိုးရိမ်စရာပဲ…။
စူစူလေး အိမ်ဘယ်လိုပြန်ရမလဲ မသိတော့ဘဲ မျက်နှာလေး ညှိုးငယ်သွားပါသည်။
စူစူလေး၏ မျက်နှာကို မြင်တော့ ပျောင်ကဲက အခွင့်အရေးယူပြီး ညှိနှိုင်းဖို့ ကြိုးစား၏။ “ချင်းစူစူ ကျေးဇူးပြုပြီး ငါတို့ကို သွားခွင့်ပေးပါ။ ငါတို့မှားမှန်း သိပါပြီ!”
ဒီမကောင်းဆိုးဝါးမလေးက ခွန်အားကြီးပြီး တိုက်ရည်ခိုက်ရည် ရှိသော်လည်း နောက်ဆုံးမှာတော့ ကလေးမလေး တစ်ယောက်သာဖြစ်သည်။ အတွေးအခေါ်အားဖြင့် လူကြီးတွေလို တွေးတတ်ဦးမှာ မဟုတ်ပါ။
ဧကန္တ သူမကို ချော့ပြောပြီး သူတို့ကို လွှတ်ပေးဖို့ တောင်းဆိုနိုင်လောက်သည်။
“မရဘူး။ ငါ့ကို လှည့်စားဖို့ မကြိုးစားနဲ့။ ငါက အသက် ၃ နှစ်ခွဲရှိပြီ ။ ၃ နှစ်အရွယ် ကလေးလေး မဟုတ်တော့ဘူး! နင်လှည့်စားလို့မရဘူး!” စူစူလေးက ပြန်ပြောလိုက်ပါသည်။
“အမ်…”။ ပျောင်ကဲ ဆွံ့အသွားပါသည်။ ထို့နောက် အာရုံပြန်စိုက်ပြီး ဆက်ညှိနှိုင်းဖို့ ပျောင်ကဲ ကြိုးစားလိုက်သည်။ “ချင်းစူစူ ငါတို့ကို လွှတ်ပေးရင် နင့်မိဘတွေဆီ ပြန်လိုက်ပို့ပေးမယ်လေ။ ဘယ်လိုလဲ”
“မရဘူး” စူစူလေး ငြင်းလိုက်ပြန်၏။
“ဒါပေမယ့် စဉ်းစားကြည့်စမ်းပါ။ နင့်ဖာသာနင် ပြန်နိုင်လို့လား။ နင်အိမ်ပြန်လမ်းကို သိလို့လား။ ပြီးတော့ ကားလည်း မမောင်းတတ်ဘူးမလား။ အဲ့တာဆို ငါ့ကို ပြောစမ်းပါ နင်ဘယ်လိုများ အိမ်ပြန်ဖို့ စဉ်းစားထားလဲ”
ပျောင်ကဲက အသနားခံပြီး ညှိနှိုင်းဖို့ ကြိုးစားပြန်သည်။
“မလွှတ်ပေးချင်ဘူး”။ စူစူလေးက လက်မခံသေးပါ။ “နင်တို့က လူဆိုးတွေ။ ငါလူဆိုးတွေ ပြောတာကို လုံးဝ နားမထောင်ဘူး။ နားကို မထောင်ချင်ဘူး!”
အဲ…
ဒီကလေးမလေးက ဘယ်လိုမှ ဖြောင်းဖြလို့ မရပါလား!
သူတို့ကိုယ် သူတို့ လူဆိုးတွေဟုသာ ခေါင်းစဉ်မတပ်ခဲ့လျှင် ဒီကလေးမလေးကို လှည့်စားလို့ ရနိုင်လောက်သည်။
သို့သော်လည်း အခုတော့ အားလုံး နောက်ကျသွားပါပြီ။ သူတို့ လူဆိုးတွေဆိုတာ ချင်းစူစူ သိသွားပြီ ဖြစ်သဖြင့် သူတို့စကား တစ်ခွန်းမှ နားထောင်မှာ မဟုတ်တော့ပါ။
ဟာကွာ အစောကြီးကတည်းက သိခဲ့ရင်-!
ဂွီ~
စူစူလေး၏ ဝမ်းဗိုက်ကလေးမှ မြည်သံထွက်ပေါ်လာသည်။
တိုက်ခိုက်ပြီးနောက် အားအင်တွေ အများကြီး ကုန်ခမ်းကာ သူမ ဗိုက်ဆာလာပါပြီ။
ပြန်ပေးသမားတွေရဲ့ အစားအသောက်တွေကို စူစူလေး မွှေနှောက်ရှာဖွေလိုက်သည်။
ပြန်ပေးသမားတွေက ဒီအိမ်ပုလေးထဲမှာ အချိန်အတော်ကြာ နေထိုင်ဖို့ စီစဉ်ထားသဖြင့် အစားအသောက်တွေလည်း အများကြီး ကြိုတင်ပြင်ဆင်ထားကြပါသည်။
စူစူလေးက ကိတ်မုန့် ၂ လုံးကို ယူလိုက်ပြီး စတင် ကိုက်စားလေသည်။
ပြန်ပေးသမားတွေလည်း ဗိုက်ဆာနေပါသည်။
သူတို့ တစ်မနက်လုံး ဘာမှ မစားရသေးဘဲ အားအင်တွေလည်း ကုန်ခမ်းခဲ့ရသေးသည်။
ယခုတော့ သူတို့ ရေဆာ၊ ဗိုက်ဆာနဲ့ နာကျင်မှုတွေကိုလည်း အောင့်ခံနေရသည်…။
သူတို့လည်း တစ်ခုခု စားချင်သည်…။