အခန်း (၉၆+၉၇)
Vol. 4 Ch. 96+97
အခန်း(၉၆) သနားစရာ ပြန်ပေးသမားများ (၂)
ကိတ်မုန့်ကို တစ်ကိုက် နှစ်ကိုက် ကိုက်ပြီးနောက် စူစူလေး ရေသန့်တစ်ဘူး ထုတ်လိုက်ပြီး မော့သောက်လိုက်သည်။ “ဂလု ဂလု”
သူမ ကောင်းကောင်း စားသောက်ရမည်ဆိုတာ သိပါသည်။ ဒါမှ အိမ်ပြန်ဖို့ စွမ်းအင် လုံလုံလောက်လောက် ရှိမည်ဖြစ်သည်။
အခုလောက်ဆို သူမ ဖေဖေနဲ့ မေမေတို့ စိတ်ပူနေလောက်ရောပေါ့။ သူမ မေမေဆို ငိုပါ ငိုနေလောက်သည်။ သူမ မေမေကို ငိုခွင့်မပေးနိုင်ပါ။
ဖေဖေနဲ့ မေမေတို့ကို ဝမ်းမနည်းစေချင်ပါ။ သူမ အမြန်ဆုံး အိမ်ပြန်ရမည်။
ထိုအတွေးဖြင့် စူစူလေး မုန့်တွေကို ပိုပြီး အားရပါးစား စားလိုက်ပါသည်။
ကြမ်းပြင်ပေါ်မှာ ထိုင်ရင်း သူမရဲ့ လက်သေးသေးလေး နှစ်ဖက်မှာ ကိတ်မုန့်တွေ ကွတ်ကီးတွေနဲ့ ပြည့်နှက်နေပြီး ဘယ်ကိုက်လိုက် ညာကိုက်လိုက်နဲ့ လေးလေးနက်နက် စားသောက်နေသည်။
သနားစရာ ပြန်ပေးသမားများက ခေါင်းငုံ့ပြီး အားရပါးရ စားသောက်ပျော်ရွှင်နေသော စူစူလေးကို ကြည့်ရင်း ဗိုက်တွေပိုဆာလာပါသည်။ ရေလည်း အလွန်ငတ်နေပါသည်။
“ချင်းစူစူ ငါတို့လည်း ဗိုက်ဆာတယ်။ နည်းနည်းလောက် ကျွေးပါလား”။ ပြန်ပေးသမား တစ်ယောက်က တောင်းပန်လိုက်ပါသည်။
စူစူလေးက မုန့်တွေကို ကိုင်ရင်း ဟိုဘက်လှည့်ထိုင်ကာ ပြန်ပေးသမားတွေကို ကျောပေးလိုက်သည်။ ထို့နောက် ဆက်စားနေလိုက်ပါသည်။
ဘာလို့ ကျွေးရမှာလဲ?!
အာ…
ပြန်ပေးသမားတွေလည်း စူစူလေး၏ ကျောကိုသာ မြင်ရပြီး တံတွေးသာ မျိုချနိုင်တော့သည်။
ဂွီ~ ဂွီ~
ဒီလိုအချိန်မျိုးကျမှ ဘယ်ဗိုက်က အရှက်မရှိ ထမြည်ရဲတာလဲကွ?!
အော်နေလို့ ဘာမှမထူးပါ။ စူစူလေးက သူတို့ကို ဘာမှမကျွေးဖို့ စိတ်ဆုံးဖြတ်ထားသည်။
ခဏကြာတော့ စူစူလေး ဗိုက်ပြည့်သွားပါပြီ။
ကြမ်းပြင်ပေါ်က မုန့်အခွံတွေကို ကောက်သိမ်းလိုက်ပြီး ပြန်ပေးသမားတွေရှေ့ ပြန်လျှောက်သွားလိုက်သည်။
သူမလက်ထဲမှာ ရှုယီဟောက်၊ ပျောင်ကဲနဲ့ တခြားကြံရာပါတွေရဲ့ ဖုန်းတွေကို ကိုင်ထားပြီး ပျောင်ကဲအား စစ်ဆေးမေးမြန်းလိုက်၏။ “ပြောစမ်း! ဖုန်းဘယ်လို ဆက်ရလဲ”
“ငါ့ကို လွှတ်ပေးရင် ဖုန်းကူဆက်ပေးမယ်”။ ပျောင်ကဲက ပြောလိုက်သည်။
“မလွှတ်ပေးဘူး!”
“နင်ငါ့ကို ဒီလို ကြိုးတုပ်ထားရင် ဘယ်လို ဖုန်းဆက်ပေးရမှာလဲ?!”
“ပါးစပ်ကပြော”
“ရှင်းမပြတတ်ဘူး! ဒီမှာ - နင်ငါ့ကို လွှတ်ပေးမယ်ဆိုရင် နင့်အတွက် ငါဖုန်းခေါ်ပေးမယ်လေ။ အဲ့တာ ပို မလွယ်ဘူးလား”။ ပျောင်ကဲက ထပ်ပြီး ချော့ပြောလိုက်သည်။
ဒီကလေးမလေးကို ဖုန်းဆက်နည်း သင်ပေးလိုက်လျှင် သူတို့ လွတ်နိုင်ချေ မရှိတော့ပါ။ ထို့ကြောင့် သူတို့ လွတ်နိုင်မည့် နည်းလမ်းကို စဉ်းစားရပါသေးသည်။
“မပြောပြဘူးပေါ့?” စူစူလေးက မေးလိုက်သည်။
“မပြောဘူးဟာ! ငါ့ကို ထပ်ရိုက်ရင်တောင် မပြောဘူး!!” ပျောင်ကဲ ပြန်ပြောလိုက်၏။
တခြားသူတွေကလည်း ဝင်ပြောကြသည်။ “ပျောင်ကဲပြောတာ မှန်တယ်။ ငါတို့ကို လွှတ်ပေးပြီး ငါတို့ ဖုန်းကူဆက်ပေးတာ ဒါမှမဟုတ် အိမ်ပြန်လိုက်ပို့ပေးတာကို ခံမလား ဒါမှမဟုတ် ငါတို့နဲ့အတူတူ ဒီမှာ တစ်သက်လုံး သေတဲ့အထိ စောင့်နေမလား တစ်ခုခု ရွေးလိုက်!”
စူစူလေးက စကားတစ်ခွန်းမှ မပြောဘဲ သူတို့ကို အကြာကြီး ကြည့်နေခဲ့သည်။ ထို့နောက် ရုတ်တရက်ကြီး မျက်နှာလွှဲကာ အိမ်ပုလေး အပြင်သို့ ပြေးထွက်သွားလေသည်။
“အဲ့ကလေးမ ဘယ်သွားတာလဲ”
“ဘာလို့ ထွက်ပြေးသွားတာလဲ။ သူ့ဖာသာသူ တောင်ပေါ်က ပြန်ဆင်းဖို့ ကြံနေတာတော့ မဟုတ်ပါဘူးနော်”
“မဟုတ်လောက်ပါဘူးနော်… သူ တောထဲ လမ်းပျောက်ပြီး ငါတို့ဆီ ပြန်မလာနိုင်ရင် ဘယ်လိုလုပ်ကြမလဲ ငါတို့ ဒီမှာ မသေလောက်ပါဘူးနော်…”
ပြန်ပေးသမားတွေ စိတ်ဖိစီးလာကြသည်။
သူတို့ ခန္ဓာကိုယ်တွေ အလွန် နာကျင်ကိုက်ခဲနေပြီး အစားအသောက်မရှိ ရေမရှိဘဲ ကြိုးတုပ်ခံထားရ သဖြင့် အစာငတ် ရေငတ်ပြီး သေရတော့မည်ဟူသော အတွေးက အလွန်ချောက်ချားဖို့ ကောင်းပါသည်။
အဆိုးရွားဆုံးက ခြေတွေလက်တွေ ကျိုးနေသည့် ရှုယီဟောက်ဖြစ်သည်။ သူသည်းမခံနိုင်တော့ဘဲ ခက်ခက်ခဲခဲ ပြောလိုက်၏။ “ငါမခံနိုင်တော့ဘူးကွာ ငါတကယ် မရတော့ဘူး။ သူ့ကို ဖုန်းဆက်နည်း ပြောပြလိုက်ကြရအောင်! အနည်းဆုံးတော့ ငါ့ကို ဆေးရုံတင်ပေးကြမှာပါ။ ငါအခု မခံနိုင်အောင် နာနေတယ်ကွာ!”
“မင်းပါးစပ် ပိတ်ထားစမ်း! မင်းက အသက်မရှင်ချင်ပေမယ့် ငါတို့က အသက်ရှင်ချင်သေးတယ်ကွ! ငါတို့ ထောင်ထဲ မဝင်နိုင်ဘူး!” ပျောင်ကဲက ငေါက်လိုက်သည်။
“မင်းခြေထောက်တွေ လက်တွေ မကျိုးသေးလို့ အဲ့လို ပြောနိုင်တာပါ ပျောင်ကဲရာ။ ငါသေသွားတာမှ ပိုကောင်းဦးမယ်လို့ ခံစားနေရပြီ”။ ရှုယီဟောက်က နာကျင်စွာ ပြန်ပြောလိုက်သည်။
“ငါတို့ကကော ဘာထူးလို့လဲ။ ငါတို့ ခြေတွေလက်တွေ မကျိုးပေမယ့် ခန္ဓာကိုယ်ပေါ်မှာ ဘယ်နေရာက အကောင်းအတိုင်း ရှိနေသေးလို့လဲ?! အဲ့ဒီမကောင်းဆိုးဝါးမလေးက အရမ်း လက်သံပြောင်တာ!” ပျောင်ကဲ ပြန်ငြီးတွားလိုက်သည်။
ခဏကြာတော့ စူစူလေး ပြန်ရောက်လာ၏။
သူ့လက်ထဲမှာလည်း တစ်ခုခု ပါလာသည့် ပုံစံပင်။ ဘာလဲဆိုတာ အနီးကပ် မြင်လိုက်ကြသောအခါ အားလုံး မျက်နှာတွေ ဖြူဆုပ်သွားလေတော့သည်။
… … …
အခန်း(၉၇) သနားစရာ ပြန်ပေးသမားများ (၃)
စူစူလေး၏ လက်သေးသေးလေးနဲ့ ကိုင်ဆုပ်ထားတာက အလွန်ရှည်လျားသော…
မြွေစိမ်းမြီးကောက်ကြီး!
မြွေကြီး! မြွေအစစ်ကြီး! ရှည်ရှည်တုတ်တုတ် မြွေကြီး!
စူစူလေးရဲ့ လက်မောင်းထက်တောင် ပိုကြီးသေးသည်။
ပြန်ပေးသမားတွေ သွေးပျက်ကာ အမြန်အော်ဟစ်လိုက်ကြသည်။
“လွှင့်ပစ်လိုက်စမ်း! လွှင့်ပစ်လိုက်! အဲ့တာ မြွေစိမ်းမြီးခြောက်ကြီးဟဲ့! အဆိပ်အရမ်းရှိတယ်!”
သို့သော်လည်း စူစူလေးက လက်ထဲမှာ ကိုင်ဆုပ်ထားသည့် မြွေစိမ်းမြီးခြောက်ကို လွှင့်မပစ်သည့် အပြင် ပြန်ပေးသမားတွေရှေ့ကို သယ်လာခဲ့ပါသည်။
မြွေစိမ်းမြီးခြောက်နဲ့ ပြန်ပေးသမားတို့ အကြည့်ချင်းဆုံသွား၏။
“ပြောလေ ဖုန်းဘယ်လို ဆက်ရလဲလို့!” စူစူလေး၏ ခြိမ်းခြောက်သံက ချစ်ဖို့ကောင်းနေပါသေးသည်။
ထိုကလေးမလေးက ချစ်ဖို့ကောင်းသော်လည်း သူမ လက်ထဲက မြွေကိုတော့ ဒီလို ပြောလို့မရပါ။
မြွေစိမ်းမြီးခြောက်က လျှာနှစ်ခွကို တပြင်ပြင်နှင့် ခေါင်းကိုလည်းလှုပ်ရမ်းနေကာ အစ်ကိုပျောင်ကို အချိန်မရွေး ကိုက်တော့မည့်အလား။
အစ်ကိုပျောင်က မြွေစိမ်းမြီးခြောက်ကြီးနဲ့ မျက်နှာချင်း ဆိုင်နေရကာ အသားတွေ ဖြူဆုပ်ပြာနှမ်းလာပြီး ချွေးသီးချွေးပေါက်တွေ တဒီးဒီး ကျနေပါသည်။
“ချင်းစူစူ စကားအေးအေးဆေးဆေး ပြောရအောင်။ အဲ့… အဲ့တာကြီးကို… ဝေးဝေးမှာ ထားစမ်းပါ…”
ပျောင်ကဲ အသံတွေ တုန်ယင်စွာ ပြောလိုက်သည်။
“မပြောရင် ရှောင်းလုကို ကိုက်ခိုင်းလိုက်မှာနော် သိလား!” စူစူလေးက ပြောလိုက်သည်။
မြွေကို ရှောင်းလုလို့ ခေါ်လိုက်တာလား?! ဒါဘယ်လို ‘ရှောင်းလု’မျိုးလဲ?! မြွေကို အိမ်မွေးတိရိစ္ဆာန်လို သဘောထားနေတာလား?!
စူစူလေး၏ ခြိမ်းခြောက်မှုကို အစ်ကိုပျောင် အသည်းအသန် ခုခံဖို့ ကြိုးစားပါသေးသည်။ “အဲ့… အဲ့တာက… ငါ… ငါနင့်ကို ပြောပြီးပြီလေ…. ငါ့…ငါ့ကို ကြိုးဖြည်မပေးရင်… သင်… သင်မပေးဘူးလို့!”
အလွန်ကြောက်နေပြီး အသံတွေပါ တုန်နေသော်လည်း သူလုံးဝ ထောင်ထဲ မဝင်နိုင်ပါ။
စူစူလေးက ရှုယီဟောက်ဘက်ကို မြှားဦးလှည့်လိုက်သည်။
နဂိုကတည်းက နာကျင်ကိုက်ခဲနေသော ရှုယီဟောက်တစ်ယောက် မြွေစိမ်းမြီးခြောက်ကြီးနဲ့ မျက်နှာချင်း ဆိုင်ရသောအခါ အသံတွေပါ တိတ်သွားပြီး ကြက်သေသေသွားသည်။
ရှုယီဟောက်လည်း တွန့်ဆုတ်နေသဖြင့် စူစူလေးက မြွေစိမ်းမြီးခြောက်ကို ကြမ်းပြင်ပေါ် ချပေးလိုက်သည်။
“ရှောင်းလု သူ့ကို ကလိထိုးစမ်း!”
ကလိထိုးရမယ်? မြွေက ကလိထိုးတတ်လို့လား။ ဘယ်လို ထိုးမှာလဲ?
ရှုယီဟောက်နဲ့ ကြံရာပါတို့ မှင်သက်သွားကြသည်။
စူစူလေး၏ အမိန့်ပေးမှုကြောင့် မြွေစိမ်းမြီးခြောက်မှာ ရှုယီဟောက်ဆီ တဖြည်းဖြည်း လျှောတိုက် သွားလေသည်။
ထို့နောက် သူ့ခန္ဓာကိုယ်ပေါ် တက်သွားပြီး ကော်လံနားမှတဆင့် အင်္ကျီထဲ လျှောခနဲ ဝင်သွားလေတော့သည်။
အေးစက်စက်နဲ့ ချွဲပျစ်ပျစ်အရာတစ်ခု သူ့တစ်ကိုယ်လုံးကို ပွတ်တိုက်နေသော ခံစားချက်ကြီးက ရှုယီဟောက်ကို စိတ်လွတ်သွားစေသည်။
“အား!!! အား!!!” ရှုယီဟောက် ဆက်တိုက်ဆိုသလို အော်ဟစ်လိုက်သည်။ “ငါဘာပြောပြရမလဲ။ ပြောပြပါ့မယ်! အကုန်ပြောပြပါ့မယ်။ ငါ့ဆီက ဖယ်ပေးစမ်းပါ။ ဖယ်ပေးပါ!”
“ဖုန်းဆက်လိုက်! ဖေဖေနဲ့ မေမေတို့ကို ဖုန်းဆက်လိုက်!”
စူစူလေးက ရှုယီဟောက်ကို ဖုန်းပေးလိုက်သည်။
ရှုယီဟောက်၏ အာရုံက သူ့တစ်ကိုယ်လုံးပေါ် လျှောက်သွားနေသည့် မြွေစိမ်းမြီးခြောက်ပေါ်မှာသာ ရှိနေပါသည်။
“မြွေကို အရင်ဖယ်ပေးလို့မရဘူးလား”။ ရှုယီဟောက် တောင်းပန်လိုက်ပါသည်။
“မရဘူး! ဖုန်း အရင်ဆက်!” စူစူလေး လုံးဝ ညှိနှိုင်းခွင့်မပေးပါ။
သူ့ကိုယ်ပေါ်က မြွေ မကိုက်သေးသဖြင့် ရှုယီဟောက် ရွေးချယ်စရာ မရှိတော့ဘဲ စူစူလေး ပေးထားသည့် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရတော့သည်။
“အဲ့ဖုန်းက ငါ့ဟာမဟုတ်ဘူး… ငါ့… ငါ့ဟာက အပြာရောင်…” ရှုယီဟောက် အသံတွေ တုန်ယင်နေပါသည်။
“ဪ ဟုတ်လား။ အဲ့တာဆို ခဏစောင့်”။ စူစူလေး ဖုန်းသွားလဲလိုက်သည်။
“မြန်မြန်… မြန်မြန်လုပ်ပါ… ငါ… ငါခံနိုင်ရည်မရှိတော့ဘူး…” ရှုယီဟောက်တစ်ယောက် စက္ကန့်တိုင်း သေတော့မလို ခံစားနေရသည်။
“ရှုယီဟောက် သောက်ရူးကောင်! မင်းသူ့ကို တကယ် ဖုန်းဆက်ပေးမလို့လား။ သူ လွတ်သွားရင် ငါတို့ အကုန် ပွဲသိမ်းပြီနော်!” အစ်ကိုပျောက်က ဒေါသတကြီး အော်လိုက်သည်။
“ယီးလား… ငါဖုန်းဆက်မှ အသက်ရှင်နိုင်မှာ… မဆက်ရင် ငါသေလူဖြစ်နေပြီ…”
ရှင်သန်လိုစိတ်က စူစူလေး၏ အမိန့်ကို နာခံဖို့ ရှုယီဟောက်အား တွန်းအားပေးခဲ့တာဖြစ်သည်။
သူ ထောင်ထဲမှာ နေနိုင်ပါသည်။ သို့သော်လည်း ဒီအတိုင်း သူ့ကို ဆက်နှိပ်စက်လျှင် သူသေရပါလိမ့်မည်။
“မင်းသူ့ကို ဖုန်းကူဆက်ပေးရဲရင် မင်းသေပြီမှတ်!” အစ်ကိုပျောက် ခြိမ်းခြောက်လိုက်သည်။
“ငါသူ့ကို မကူညီရင် အခုချက်ချင်း သေရမှာ!” ရှုယီဟောက် စွန့်စားဖို့ အသင့်ဖြစ်နေပါပြီ။ လက်ရှိ ဒုက္ခထက် ဘယ်အရာမှ မဆိုးနိုင်တော့ပါ။
နောက်ဆုံးတော့ ရှုယီဟောက်၏ ဖုန်းကို စူစူလေး ပြန်ယူလာခဲ့ပါသည်။
“လက်… လက်ဗွေလိုတယ်။ ငါ့… ငါ့လက်ချောင်းကိုသုံးပြီး ဖုန်းစက်ခရင်ကို ဖွင့်လိုက်”။ ရှုယီဟောက် တုန်ယင်စွာ ပြောလိုက်၏။
“နင့်လက်ချောင်းကို ဘယ်လိုသုံးရမှာလဲ။ ဖြတ်ပစ်ရမှာလား”။ စူစူလေး မေးလိုက်ပါသည်။