← Chapters

အခန်း (၉၈+၉၉+၁၀၀)

Vol. 4 Ch. 98+99+100

အခန်း (၉၈+၉၉+၁၀၀)

Vol. 4 Ch. 98+99+100

အခန်း(၉၈) ပြောရခက်သော ညီအစ်ကိုများ

“မဟုတ်ဘူး မဟုတ်ဘူး!” ရှုယီဟောက် ငြီးတွားလိုက်ပါသည်။

လက်ချောင်းကို ဖျက်ပစ်ရမှာလားတဲ့! ဘယ်လိုတောင် တွေးလိုက်တာလဲ?!

ကြောက်စရာ ကောင်းလိုက်တာ!

“ဒါဆို ဘယ်လိုဖွင့်ရမှာလဲ”စူစူလေး ထပ်မေးလိုက်၏။

“ဖုန်း… ဖုန်းကို ငါ့လက်ချောင်းတွေနဲ့ ထိပေးလိုက်… အဲ့… အဲ့တာဆို ရပြီ”

ရှုယီဟောက်က စူစူလေးကို ကြိုးဖြည်ပေးဖို့တောင် မတောင်းဆိုတော့ပါ။ ကြိုးဖြည်လိုက်ရင်တောင် အဆစ်လွဲနေသည့် သူ့လက်တွေ ဘာမှသုံးလို့ရမှာ မဟုတ်ပေ။

ဖုန်းဖွင့်ဖို့ သူ့လက်ချောင်းကို မဖြတ်လျှင် လုံလောက်ပါပြီ။

စူစူလေးလည်း ရှုယီဟောက် ညွှန်ကြားသည့်အတိုင်း လုပ်လိုက်သည်။

ဖုန်းပွင့်သွားခဲ့ပါသည်။

“ပြီးရင်… ဖုန်း… ဖုန်းပုံလေးနဲ့ ခလုတ်ကို နှိပ်လိုက်။ ဟုတ်တယ်… အဲ့တာ… အဲ့တာ…” ရှုယီဟောက် အသံတွေ တဖြည်းဖြည်း တိုးညှင်းသထက် တိုးညှင်းလာပါသည်။ အချိန်အတော်ကြာ စိတ်ချောက်ချားနေခဲ့ရသဖြင့် သတိလစ်လုနီးပါး ဖြစ်နေလေပြီ။

“ပြီးရင် နင့်အဖေ ဖုန်း ဒါမှမဟုတ် နင့်အမေဖုန်းနံပါတ်ကို ဆက်လိုက်….” ရှုယီဟောက် ဆက်ပြောလိုက်သည်။

စူစူလေးက မလှုပ်မရှားဘဲ ဖုန်းကို စိုက်ကြည့်နေ၏။

“ဘာလုပ်နေတာလဲ ဖုန်းဆက်လေ!” ရှုယီဟောက် မစောင့်နိုင်တော့ပါ။ ခုလေးတင် မြွေက သူ့ဘောင်းဘီထဲ ဝင်သွားပြီး အောက်ပိုင်းသို့ ခရီးနှင်နေပါပြီ…။

“ဘာကို နှိပ်ရမှာ”။ စူစူလေးက နားမလည်သော မျက်နှာလေးဖြင့် ထပ်မေးလိုက်သည်။

“နင့်အဖေဖုန်း သို့မဟုတ် နင့်အမေဖုန်းနံပါတ်ကို ဆက်လို့။ ဒါမှမဟုတ် မိသားစုဝင် တစ်ယောက်ယောက်ရဲ့ နံပါတ်ကို ဆက်လည်းရတယ်!” ရှုယီဟောက် အော်ပြောလိုက်သည်။

သူသည်းမခံနိုင်တော့ပါ။

အချိန်ဆွဲမနေစမ်းပါနဲ့! သူရူးတော့မယ်! မြွေက သူ့ပေါင်ပေါ် ရောက်နေပြီ! အ-အာ-အား!!

“ဖုန်းနံပါတ်က ဘာလဲ” စူစူလေးက ခေါင်းလေးစောင်းကာ မေးလိုက်သည်။

ရှုယီဟောက် ကြက်သေသေသွား၏။ အချိန်အတော်ကြာမှ စကားပြန်ပြောနိုင်သည်။ “နင့်မိဘတွေ ဖုန်းနံပါတ်ကို မသိဘူးလား?!”

သူ အကျယ်ကြီး အော်ပြောလိုက်သည်။

“မသိဘူး”။ စူစူလေးက ရိုးရိုးသားသား ပြန်ဖြေလိုက်၏။

“ဒါဆို နင်ဘယ်သူ့ကို ဖုန်းဆက်မလို့လဲ?!”

ကောင်းကင်ဘုံက ဆင်းကယ်ပေးကြပါ!

“ခလုတ်နှိပ်လိုက်ရင် အလိုလို ဆက်တာ မဟုတ်ဘူးလား”

တယ်လီဖုန်းတွေ ဘယ်လို အလုပ်လုပ်သလဲ စူစူလေး နားမလည်ပါ။

သူများတွေ ဖုန်းပြောခါနီးတွင် ဒီတိုင်း ဖုန်းကို ကောက်ကိုင်ပြီး ပြောနေကြတာကိုသာ မြင်ဖူးသည်။

ဒီစက်ကလေးက ကိုယ်ဖုန်းပြောချင်သည့်လူကို ခလုတ်တစ်ခုတည်းနဲ့ ဆက်သွယ်ပေးနိုင်သည်ဟုပင် စူစူလေး တွေးခဲ့သေးသည်။

ရှုယီဟောက် စိတ်လွတ်ခါနီး ဖြစ်နေလေပြီ။

မြွေစိမ်းမြီးကောက်ကော၊ ဒီမကောင်းဆိုးဝါးမလေး ချင်းစူစူကော သူ့ကို စိတ်လွတ်အောင် လုပ်နေကြသည်။ သေရမှာထက် ပိုဆိုးသည်။

“110 ကို ဖုန်းဆက်လိုက်…” ရှုယီဟောက် စိတ်ဓာတ်ကျစွာ ပြောလိုက်သည်။

ပြန်ပေးသမားက ဓားစာခံကို ရဲခေါ်နည်း သင်ပေးနေရတယ်တဲ့။ ဘယ်လိုတွေ ဖြစ်သွားတာလဲ?!

ဒါကိုကြားတော့ အစ်ကိုပျောင်က လှမ်းငေါက်လိုက်သည်။ “ရှုယိဟောက် မင်းရူးသွားပြီလား။ မင်းသူ့ကို ရဲခေါ်နည်း သင်ပေးလိုက်တာလား?!”

တခြား ကြံရာပါတွေလည်း ဝိုင်းဆဲကြသည်။

“ရှုယီဟောက် မင်းသေချင်ရင် ငါတို့ကိုပါ ဆွဲမထည့်နဲ့! ငါတို့ ထောင်ထဲ မဝင်ချင်သေးဘူး!”

“ရှုယီဟောက် မနောက်ပါနဲ့ကွာ! မင်းဒီတိုင်း ဆက်လုပ်နေဦးမယ်ဆိုရင် ငါတို့ထောင်ကလွတ်တာနဲ့ မင်းကို အရင်လာသတ်မှာ!”

အကုန်လုံး ရှုယီဟောက်ကို ခြိမ်းခြောက်ကုန်ကြသည်။

ရှုယီဟောက်၏ မျက်နှာက မသာလို ဖြူဖပ်နေပါပြီ။ “ငါက ဘာလုပ်နိုင်ဦးမှာလဲ?! မင်းတို့ အဲ့လောက် တော်နေရင် ငါ့ဆီက မြွေကို လာဖယ်ပေးစမ်း လာ!”

သူအပြစ်ရှိလျှင် ရဲဖမ်းခံလိုက်ကာ ဥပဒေ စီရင်တာကိုပဲ ခံယူပါတော့မည်။

ဒီမကောင်းဆိုးဝါးမလေး နှိပ်စက်တာကို သူခံနိုင်ရည်မရှိတော့ပါ…။

--- --- ---

ရှုယီဟောက်ကို ရူးသွားလောက်သည့်အထိ စူစူလေး နှိပ်စက်နေစဉ် သူ့အစ်ကို ရှုယီချန့်၏ အခြေအနေကလည်း မခြားနားလှပါ။

ချင်းယုကျီး၏ မျက်လုံးများက အလွန်သွေးဆာလောင်နေပြီး သူ့လက်သီးချက်တွေကလည်း ရှုယီချန့်၏ မျက်နှာပေါ် တစ်ချက်ပြီးတစ်ချက် ကျရောက်နေပါသည်။ ရှုယီချန့် အလွန်မူးဝေနေပြီး သက်ညှာပေးဖို့ တောင်းဆိုနေရသည်။

အခန်းထဲမှာ ရှုယီချန့်ရဲ့ နောက်လိုက်တွေ အကုန်လုံးကို ချင်းယုကျီး ခေါ်လာသည့် လူတွေက ဖမ်းချုပ်ထားကြပြီး သူတို့ဘော့စ် ရှုယီချန့်အား ချင်းယုကျီး အမဲဖျက်နေတာကိုသာ ငေးကြည့်နေကြရသည်။

Suit တစ်စုံ ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည် အသက် ၂၀ ဝန်းကျင် လူငယ်တစ်ယောက်က အတော်ကြာအောင် ရပ်ကြည့်နေပြီး ချင်းယုကျီး၏ လက်ကို ဝင်ဆွဲလိုက်ပါသည်။

“အာ့ကျီး တော်လောက်ပြီ။ မင်းသူ့ကို ဆက်ထိုးနေဦးမယ်ဆိုရင် မင်းမေးတာတွေ သူဖြေနိုင်တော့မှာ မဟုတ်ဘူး”။ ထိုလူငယ်က တည်ငြိမ် တိုးညှင်းသော်လည်း ထင်မထားလောက်အောင် အေးစက်သည့် လေသံဖြင့် ပြောလိုက်သည်။

… … …

အခန်း(၉၉) နင့်တူလေး ချင်းယုကျီးပါ

ယုဝမ်ရှုက ချင်းယုကျီး၏ သူငယ်ချင်းတစ်ယောက်ဖြစ်သည်။ သူတို့နှစ်ယောက် ရင်းနှီးလာတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။

ချင်းယုကျီး၏ စိတ်ဆတ်လွယ်သော စရိုက်လိုမဟုတ်ဘဲ ယုဝမ်ရှုကတော့ အလွန် တည်ငြိမ် အေးဆေးသည်။ မျက်နှာကလည်း အမြဲတမ်း တည်တံ့နေတတ်သည်။

ရင်းနှီးလာသည့် သက်တမ်းတစ်လျှောက် ယုဝမ်ရှု၏ မျက်နှာပေါ်မှာ ပိုပိုကဲကဲ မျက်နှာထားမျိုး တစ်ခါမှ မတွေ့ခဲ့ဖူးပါ။

ကောင်းကင်ပြိုရင်တောင် သူ့မျက်နှာထား လုံးဝ ပြောင်းလဲနိုင်မှာမဟုတ်ပေ။

ချင်းယုကျီး လက်သီးကို ရပ်တန့်လိုက်ပြီး သွေးချင်းနီနေသည့် မျက်လုံးများဖြင့် ရှုယီချန့်ကို စိုက်ကြည့်လိုက်ပါသည်။

“သူ့ညီဘယ်မှာရှိလဲဆိုတာ မပြောရင် ဒီနေ့ သူ အဲ့ဒီတံခါးကနေ ထွက်မသွားနိုင်စေရဘူး!”

“သူက လူယုတ်မာ၊ မင်းကတော့ မဟုတ်ဘူး။ သူ့လိုကောင်အတွက်နဲ့ မင်းအနာခံဖို့ မလိုပါဘူး”

ပြောပြောဆိုဆိုနဲ့ ယုဝမ်ရှုက လက်ကိုင်ပဝါသန့်သန့်တစ်ထည်ကို ထုတ်လိုက်ပြီး ချင်းယုကျီး၏ ဒဏ်ရာ ရထားသော လက်ကို သုတ်ပေးလိုက်ပါသည်။

ယုကျီးက သူ့အသက်သူတောင် ဂရုမစိုက်သလို တိုက်ခိုက်ခဲ့သဖြင့် သူ့လက်မှာ ဒဏ်ရာတွေ ရထားတာကိုပင် မသိခဲ့ပါ။

အထူးသဖြင့် ဒီအဖြစ်အပျက်ကြောင့် ငယ်ငယ်က မှတ်ဉာဏ်တွေ ပြန်လည်ပေါ်ပေါက်လာသဖြင့် သူ စိတ်တွေ အကုန်လွတ်သွားခဲ့သည်။

“စူစူလေး ပြန်ပေးဆွဲခံရတာ ငါ့အပြစ်ပဲ! အခွင့်အရေးရတုန်း အဲ့ကောင်တွေကို သတ်ပြစ်ခဲ့ရမှာ!” ချင်းယုကျီး အပြစ်ရှိသလို ခံစားချက်တွေနဲ့ ရင်ထဲပြည့်နှက်နေသည်။

“အဲ့လိုတွေ မတွေးစမ်းပါနဲ့။ လူတ်သတ်မှုဆိုတာ ရာဇဝတ်မှုပဲ။ သူ့လို လူယုတ်မာ တစ်ယောက်အတွက် မင်းဘဝကို ထောင်ထဲမှာ ကုန်ဆုံးရမှာ မတန်ပါဘူး”။ ယုဝမ်ရှုက လေးလေးနက်နက် ပြောလိုက်သည်။

“စူစူလေး တစ်ခုခုဖြစ်သွားရင် ငါသတ်မှာ”။ ချင်းယုကျီး နာကျင်စွာ ပြောလိုက်သည်။

ယုဝမ်ရှုက ချင်းယုကျီး၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။ “အတွေးမလွန်ပါနဲ့။ မှတ်ဉာဏ်တွေထဲမှာ အမြဲတမ်း ပိတ်မိမနေစေနဲ့။ အတိတ်နဲ့ ပစ္စုပ္ပန်ကို ခွဲခြားနိုင်အောင်လုပ်။ ချင်းစူစူနဲ့ ရှောင်ဟုန်းတို့ရဲ့ ကွာခြားချက်ကို မင်းသိအောင်လုပ်ပါ”

ယုဝမ်ရှု၏ အသံတွင် လူတွေကို စိတ်တည်ငြိမ်သွားစေသည့် မှော်အစွမ်းမျိုးရှိသည်။ ထို့ကြောင့် သူ့ နှစ်သိမ့်မှုအောက်မှာ ချင်းယုကျီး စိတ်အနည်းငယ် ပြန်တည်ငြိမ်သွားခဲ့ပါသည်။

“မင်းခဏလောက် နားလိုက်ဦး။ ကျန်တာ ငါ့တာဝန်ထား”

ချင်းယုကျီးကို နှစ်သိမ့်ပြီးနောက် ရှုယီချန့်ဆီ ယုဝမ်ရှု လျှောက်လာခဲ့သည်။ ထို့နောက် ရှုယီချန့်၏ အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်လိုက်သည်။ ရှုယီချန့်၏ လက်ဗွေဖြင့် ဖုန်းကို ဖွင့်ပြီးနောက် ရှုယီဟောက်၏ ဖုန်းနံပါတ်ကို ရှာကာ ဆက်ကြည့်လိုက်သည်။

၃ ခါလောက် တုန်မြည်ပြီးနောက် ဖုန်းဝင်သွားလေသည်။

“ဟယ်လို~”

တစ်ဖက်မှ ချွဲချွဲပျစ်ပျစ် ကလေးသံလေးတစ်သံထွက်ပေါ်လာသည်။

ထိုအသံက… စူစူလေးရဲ့အသံ!

ချင်းယုကျီး ချက်ချင်းပဲ ဖုန်းကို ဖြတ်လုလိုက်၏။ “စူစူ?! ချင်းစူစူလား?!”

“ဟင် ငါစူစူမှန်း နင်ဘယ်လိုသိလဲ”

ရှုယီဟောက်၏ ဖုန်းက စူစူလေးရဲ့ လက်ထဲမှာ ရှိနေဆဲဖြစ်သည်။ ဖုန်းဝင်လာသောအခါ စူစူလေး အစိမ်းရောင်ခလုတ်ကို နှိပ်ကြည့်လိုက်၏။

တကယ် စူစူလေးပဲ! တကယ် ချင်းစူစူပဲ!

ချင်းယုကျီး အပျော်လွန်သွားသည်။

“ငါ နင့်တူလေး ချင်းယုကျီးလေ!”

အလွန်ပျော်ရွှင်လွန်းသဖြင့် စူစူလေးရဲ့ တူလေးဖြစ်ကြောင်း အသိအမှတ်ပြုလိုက်မိမှန်း ချင်းယုကျီး ကိုယ့်ကိုယ်ကို မသိလိုက်ပါ။

“အမ် တူလေးလား! နင်ကိုး!!”

ချင်းယုကျီးက အမြန်မေးလိုက်သည်။ “နင် ဒဏ်ရာရထားသေးလား”

“မရပါဘူး ဘာမှမဖြစ်ဘူး!”

ချင်းယုကျီး ချက်ချင်းပဲ စိတ်သက်သာရာ ရသွားခဲ့၏။ ထို့နောက် အမြန်ထပ်မေးလိုက်သည်။ “နင်အခု ဘယ်မျာလဲ”

“ဘယ်မှာလဲမသိဘူး။ အိမ်လည်း မပြန်တတ်ဘူး” စူစူလေးက စိတ်ညစ်သော လေသံဖြင့် ပြောလိုက်သည်။

“အဲ့တာဆို ဘေးနားမှာ ဘာတွေတွေ့လဲ ပြောပြ။ အဆောက်အဦးကြီးတွေဘာတွေ ရှိလား။ ပြူတင်းပေါက်ကနေ ဘာမြင်ရလဲ”

“ဒီနားမှာလား…” စူစူလေး လည်တစ်ပတ်လည်ကာ ဘေးပတ်လည်ကို ကြည့်လိုက်သည်။ “သစ်ပင်တွေ… သစ်ပင်တွေ အများကြီးရှိတယ်”

“သစ်ပင်တွေ ဟုတ်လား။ သစ်ပင်တွေအပြင် ဘာရှိသေးလဲ”

သစ်ပင်တွေဆိုတာ တစ်ခုတည်းနဲ့ သိပ်ပြီး အကူအညီမဖြစ်ပါ။

“ကျောက်တုံးတွေနဲ့ တိရိစ္ဆာန်သေးသေးလေးတွေလည်း ရှိတယ်” စူစူလေးက ပြန်ပြောလိုက်ပါသည်။

သစ်ပင်တွေ၊ ကျောက်တုံးတွေနဲ့ တိရိစ္ဆာန်တွေ…

အဲ့တာ ဘယ်နားမှာလဲ?

… … …

အခန်း(၁၀၀) ပြန်ပေးသမားနဲ့ ဓားစာခံရဲ့ အခြေအနေ

“နင့်ကို ပြန်ပေးဆွဲထားတဲ့ လူတွေ အခုဘယ်မှာလဲ” ချင်းယုကျီးက ထပ်မေးလိုက်သည်။

စူစူလေးမှာ ရှုယီဟောက်၏ ဖုန်းရှိနေသည်။ သို့သော် ရှုယီဟောက်က ဘယ်မှာလဲ။

“ငါ့ဘေးမှာရှိတယ်။ နင်သူတို့နဲ့ စကားပြောချင်လို့လား” စူစူလေး မေးလိုက်သည်။

ဘာ? စကားပြောချင်လို့လားတဲ့လား?

ပြန်ပေးသမားနဲ့ ဓားစာခံရဲ့အခြေအနေက ဘယ်လိုကြီးလဲ။

“နင်ဖုန်းဆက်နေမှန်း သူတို့သိလား” ချင်းယုကျီး အံ့အားသင့်စွာ မေးလိုက်သည်။

“သိတယ်လေ! သူတို့ ငါ့ကို ဖုန်းဆက်နည်း သင်ပေးထားတာ။ ဒါပေမယ့် ဖေဖေနဲ့ မေမေတို့ရဲ့ ဖုန်းနံပါတ်ကို မသိတော့ 110 ကို ဖုန်းဆက်ခိုင်းတယ်။ ပြီးတော့ ဖုန်းက သူ့အလိုလို မြည်လာကော၊ ငါ အစိမ်းရောင် ခလုတ်လေးကို နှိပ်ကြည့်လိုက်တော့ နင့်အသံကို ကြားတာပဲ တူလေး!”

ပြန်ပေးသမားတွေက 110 ကို ဖုန်းဆက်ခိုင်းတယ်ဟုတ်လား။ ဒါ ဘာအကွက်လဲ?

“ဒါဆို ပြန်ပေးသမားတစ်ယောက်ကို ဖုန်းပေးလိုက်”။ ချင်းယုကျီးက စိုးရိမ်မှုတွေ၊ မသေချာ မရေရာမှုတွေနဲ့ ပြောလိုက်သည်။

စူစူလေးက ရှုယီဟောက်ကို ဖုန်းပေးလိုက်ပါသ်ည။ “ရော့ နင်စကားပြော!”

ရှုယီဟောက်က ဖုန်းထဲ အမြန်အော်လိုက်သည်။ “ဒီမကောင်းဆိုးဝါးလေးကို အမြန်လာခေါ်ပေးကြပါ!”

ထိုအသံက ခွေးသားရှုယီဟောက်၏ အသံဖြစ်မှန်း ချင်းယုကျီး မှတ်မိသည်။ ထို့အပြင် သူ့အသံက အလွန် အားနည်းနေပြီး နာကျင်နေသည့်ပုံပေါက်သည်။ တစ်ခုခုကို သူ့အားအင်အကုန်လုံး သုံးပြီး ခုခံထားရသည့်အလား။

“ရှုယီဟောက် ခွေးမသား! စူစူလေးကို ဘယ်ခေါ်သွားတာလဲ?!”

“ဘယ်မှာ မခေါ်သွားချင်တော့ပါဘူး… မင်းတို့ပဲ သူ့ကို မြန်မြန် လာခေါ်ကြစမ်းပါကွာ!”

“မင်းဘယ်မှာလဲ?! ငါ့ကို တည်နေရာပြောစမ်း!” ချင်းယုကျီး အသည်းအသန် မေးလိုက်သည်။

“ငါတို့အခု-“

ရှုယီဟောက် ပြောလို့မဆုံးသေးခင် ဖုန်းဖန်သားပြင် ပိတ်သွားခဲ့သည်။

စူစူလေးက ဖုန်းကို ခေါက်ကြည့်၏။ “မီးလင်းမလာတော့ဘူး…”

“အဲ့တာ ဘက်ထရီ ကုန်သွားတာ…” စက်ပိတ်သွားသည့်ဖုန်းကို ရှုယီဟောက် မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် ရှုယီဟောက်မျက်လုံးထဲ ချောက်ချားမှုအပြည့်နှင့်။

“ဘက်ထရီကုန်သွားရင် ဘာလုပ်ရမလဲ” စူစူလေး မေးလိုက်ပါသည်။

ယခုချိန်မှာ ရှုယီဟောက်တစ်ယောက် စကားပြောဖို့တောင် ပင်ပန်းလွန်းနေပါပြီ။

သူတို့ ယူလာသည့်အိတ်တွေထဲမှာ ပါဝါဘန့်ရှာပြီး ဖုန်းအားသွင်းဖို့ စူစူလေးကို ညွှန်ကြားသင့်မှန်း သူသိပါသည်။

သို့သော် အားသွင်းပြီးရင်တောင် သူတို့ ဖုန်းဆက်နိုင်ပါဦးမလား မသေချာတော့ပါ…။ ရှေ့ဆက်ရမည့် လမ်းက အလွန်ရှုပ်ထွေးပြီး သေခြင်းတရားထက် ပိုဆိုးပါသည်။

“အဲ့တော့ အခု ဘာလုပ်ရတော့မှာလဲလို့။ ငါ့တူလေး ငါ့ကို ရှာတွေ့မှာလား”။ စူစူလေး ထပ်မေးလိုက်သည်။

စိုးရိမ်စရာပဲ!

ဖုန်းကျသွားသောအခါ တစ်ဖက်မှ ချင်းယုကျီးလည်း ဂယောင်ချောက်ချားဖြစ်သွား၏။

သူ ဖုန်းပြန်ခေါ်ဖို့ အကြိမ်ကြိမ် ကြိုးစားသော်လည်း တစ်ဖက်ဖုန်းက စက်ပိတ်သွားပါပြီ။

“ငါဘာလုပ်ရမလဲ။ စူစူလေးတစ်ခုခုဖြစ်သွားတာများလား?!”

ချင်းယုကျီး သွေးပျက်ကာ လမ်းပျောက်သွားပါသည်။

“စိတ်အေးအေးထားပါ။ စူစူလေး ဘာမှမဖြစ်လောက်ပါဘူး။ ပြန်ပေးသမားတွေက ငွေတောင်းဖို့ ဖုန်းမဆက်တဲ့အပြင် စူစူလေးဖုန်းထဲကနေ ပြောသွားတာတွေကို ကြည့်ခြင်းအားဖြင့် ပြန်ပေးသမားတွေကို စူစူလေး အနိုင်ယူထားတာ ထင်တယ်။ ဒါပေမယ့် စူစူလေးတစ်ယောက်တည်း အိမ်ပြန်ဖို့ မဖြစ်နိုင်တာလေးတစ်ခုပဲရှိတာ”

ယုဝမ်ရှုက ချင်းယုကျီးအတွက် အခြေအနေကို သုံးသပ်ပေးလိုက်သည်။

“ဒါဆို ငါဘာလုပ်ရမလဲ။ စူစူလေးကို ငါဘယ်လို ရှာရမလဲ?! ငါသူ့ကို ရှာမတွေ့ရင် သူဗိုက်ဆာနေတော့မှာ။ ကြောက်လည်းကြောက်နေတော့မှာ!” ချင်းယုကျီး စိတ်ပူစွာ မေးလိုက်သည်။

သူမက အတိုက်အခိုက်တော်ပါသည်။ သို့သော် သူမက အသက် ၃ နှစ်ခွဲအရွယ် ကလေးမလေး တစ်ယောက်ဆိုသည့် အမှန်တရားကို လျစ်လျူရှုလို့ မရပါ။ ဖုန်းတောင် ကောင်းကောင်းမသုံးတတ်ဘဲ အိမ်လည်း ပြန်တတ်မှာ မဟုတ်ပါ။

စူစူလေး ဗိုက်အလွန်ဆာပြိး မှောင်မှောင်မဲမဲ အခန်းထောင့်လေးမှာ ခွေခွေလေး အိပ်နေမှာကို မြင်ယောင်ရင်း ချင်းယုကျီး နှလုံးသားထဲ မွန်းကျပ်သွားပြီး ဦးနှောက်က တွေးနိုင်စွမ်းပါ လျော့နည်းသွားသည်။

ယုဝမ်ရှုက ပြောလိုက်၏။ “ပထမဆုံး မင်းအစ်ကိုကြီးနဲ့ အဘိုးအဘွားတွေကို ဖုန်းဆက်ပြီး ဒီအကြောင်း ပြောပြလိုက်။ ဒါမှ စူစူလေး ဘာမှမဖြစ်တာကို သိပြီး လောလောဆယ် စိတ်အေးနိုင်ကြမှာ”

“အင်း”

“ဒုတိယက ရဲကိုဖုန်းဆက်ဖို့။ ရဲတွေရဲ့ ရှာဖွေမှုက ငါတို့ထက် ပိုထိရောက်မှုရှိနိုင်ပြီး စူစူလေးကို မြန်မြန် ရှာတွေ့နိုင်လိမ့်မယ်”

စူစူလေးက ပြန်ပေးသမားတွေကို အနိုင်ယူထားပြီးပြီဖြစ်မှန်း အတည်ပြုနိုင်သဖြင့် ဘာမှ စိတ်ပူစရာ မလိုဘဲ ရဲတိုင်လို့ရပါပြီ။ စူစူလေးကို အတတ်နိုင်ဆုံး မြန်မြန်ရှာတွေ့ဖို့သာ မျှော်လင့်ရသည်။

“ဟုတ်ပြီ!”

ယုဝမ်ရှု ညွှန်ကြားသည့်အတိုင်း ချင်းယုကျီး ဆောင်ရွက်ခဲ့ပါသည်။

… … …

All Chapters