ဖယ်ရီမလေး၏ တောင်းဆိုချက်
Vol. 23 Ch. 338
"ဆိုင်ခန်း အသစ်တွေနဲ့ ဆိုင်ခုံ အသစ်တွေ ဖန်တီးနေတာလား။"
လီလို ပြတင်းပေါက် အပြင်ဘက်သို့ ကြည့်လိုက်သည်။ ဆောက်လုပ်ရေး လုပ်ငန်းများ အမြောက်အမြား လုပ်ဆောင်နေပြီး မြေနေရာများ ပိုမို ရှင်းလင်း လာနေခဲ့သည်။ ဂိမ်းမာများ၏ ဒီဇိုင်းများ အတိုင်း အိမ်တန်းများ တည်ဆောက် ထားခဲ့သည်။
လီလို ရှင်းလင်းခြင်း မပြုရသေးသော တောအုပ်၏ အခြား တစ်စိတ်တစ်ပိုင်းကို စိုက်ကြည့် နေခဲ့သည်။
"ဆိုင်ခန်းတွေနဲ့ ဆိုင်ခုံတွေကို အဲဒီနေရာမှာ စီစဉ်လိုက်။"
...
"လမ်းတစ်လျှောက် ပထမဆုံး ဆိုင်ခန်း။ လေလံပွဲ စတင်ပါပြီ။"
ဖိုးဉာဏ်ကျယ်သည် တူငယ်တစ်လက်ကို ဆုပ်ကိုင်ကာ "ဒုံး" အသံဖြင့် ထုနှက် ချလိုက်သည်။ ဂိမ်းမာများ ချက်ချင်း ဆိုသလို အော်ဟစ်လာကြသည်။
"မှော်ကျောက်တုံး ဆယ်တုံး။"
"မှော်ကျောက်တုံး နှစ်ဆယ်တုံး။"
"မှော်ကျောက်တုံး ငါးဆယ်တုံး။ တခြားလူတွေ အားလုံး လက်ရှောင်ကြ။ ပထမဆုံး ဆိုင်ခန်းက ဒရဂွန်ရာဂျာပိုင်ပဲ။"
"ဟား။ မင်းတို့က ကိုယ့်ကိုယ်ကိုယ် ပြိုင်ဘက်ကင်း ထင်နေကြတာလား။ မှော်ကျောက်တုံး ခြောက်ဆယ်တုံး။ အသား၊အရွက်နဲ့ ဆန်မဟာမိတ်အဖွဲ့ကပဲ ပထမဆုံး ဆိုင်ခန်းကို ထိုက်တန်တယ်။"
"မှော်ကျောက်တုံး တစ်ရာတုံး။" အနက်ရောင် ချပ်ဝတ် ဝတ်ဆင်ထားသော သူရဲကောင်းတစ်ဦး ထွက်လာပြီး ဆိုလိုက်သည်။
"အလိုလေး၊ အာသာပဲ။"
"အာသာ ပြန်ရောက်လာပြီ။"
"အာသာ၊ မိုးလက်ဖက်ရည်က ဘာရောဂါ ဖြစ်နေတာလဲ။"
"နဂါးမျိုးနွယ်သားက,ကော။ အဲဒီကောင်လေးက မင်းနဲ့ ကောင်မလေး ပြိုင်လုနေတာလား။ မင်းဆီက စကားတစ်ခွန်းပဲ လိုတယ်၊ ငါတို့ သူ့ ဘဝကို ပျက်လုနီးပါး ဖြစ်အောင် လုပ်ပစ်မယ်။"
ဂိမ်းမာများသည် စိတ်လှုပ်ရှား နေကြသော်လည်း အနက်ရောင် ချပ်ဝတ် ဝတ်ဆင်ထားသော သူရဲကောင်းမှာ လျင်မြန်စွာ ပြန်ထွက်ခွာသွားခဲ့သည်။
ဖိုးဉာဏ်ကျယ်သည် အဖြစ်အပျက်ကို စောင့်ကြည့်ကာ သူ၏ မှတ်တမ်း စာအုပ်တွင် လျင်မြန်စွာ မှတ်တမ်း တင်လိုက်သည်။ သူ အစိမ်းရောင် အသားအရေ ရှိသော သတ္တဝါများ၏ စိတ်ခံစားချက်များကို သုတေသန လုပ်နေခဲ့သည်။
ထို့နောက် သူ သူ၏ တူငယ်ကို ထုတ်ယူကာ "ဒုံး" အသံဖြင့် ထုနှက်ချလိုက်သည်။ သူ စိတ်ခံစားချက် ကင်းမဲ့စွာ ဂိမ်းမာများကို ကြည့်လိုက်ပြီး "ငါတို့ နောက်ဆက်တွဲ ဆိုင်ခန်းတွေကို လေလံတင်ကြမယ်။"ဟု ဆိုလိုက်သည်။
...
ထာဝရတိုင်းပြည်နှင့် ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများသည် ပျော်ရွှင်စွာ ကစား နေကြသည်။ အခြား ဂိမ်းမာ တစ်ဦးမှာလည်း ပျော်ရွှင်နေခဲ့ပြီး နှစ်ဆတိုး ပျော်ရွှင် နေခဲ့သည်။
၎င်းမှာ အကျဉ်းကျ ခံထားရသော လူဆိုးလေး ဖြစ်သည်။
"ပွမ်။"
ပုံပျက်နေသော ကျောရိုးရှိသည့် လူဆိုးလေးကို သတ္တုလှောင်အိမ်မှ ထုတ်ယူကာ မြေပြင်ပေါ်သို့ ပစ်ချ လိုက်သည်။ ဓားပြတစ်ဦး သူ၏ ဝမ်းဗိုက်ပေါ်သို့ တက်နင်းကာ ရက်စက်စွာ ဆိုလိုက်သည်။ "မင်း စကားမပြောချင်လို့ ငါတို့ ခေါင်းဆောင်ဆီက အဆူခံရတယ်။ ဒါ မင်း အမှားပဲ။"
"ကျွန်တော် ခင်ဗျားတို့ကို အကြိမ်များစွာ ပြောပြ ပြီးပြီလေ၊ ကျွန်တော်က ဗစ်တိုးရီးယားမြို့က ဂိမ်းမာတစ်ယောက်ပါဆို။ ကျွန်တော်တို့ အားလုံး ဗစ်တိုးရီးယားမြို့က ဂိမ်းမာတွေချည်းပဲ၊ ကျွန်တော်တို့ အားလုံး ၅,၀၀၀ ရှိတယ်။ ပြီးတော့ ထာဝရတိုင်းပြည်မှာ ဂိမ်းမာ ၅,၀၀၀ ရှိတယ်။ ဗစ်တိုးရီးယားမြို့ရဲ့ ခေါင်းဆောင်က လီလို၊ နတ်သက်ကြွေ ကောင်းကင်တမန် တစ်ပါးပဲ၊ ဒန်ဂျင်ရဲ့ ခေါင်းဆောင်က ရှားလော့ခ်၊ အထက်တန်းစား နတ်ဆိုးတစ်ပါးပဲ။ ကျွန်တော်တို့ မြို့သစ် တစ်ခု တည်ဆောက်နေကြတာ။ ကျွန်တော်က လူဆိုးလေး ယောဂအသင်းရဲ့ ခေါင်းဆောင်၊ ဗစ်တိုးရီးယားရဲ့ သဘာဝ တိုက်ခိုက်ရေးသမားလည်း ဖြစ်တယ်။"
သူ စကား ပြောပြီးနောက် သူ နင်းချေ ကန်ကျောက်ခြင်း ခံခဲ့ရသည်။
"ငါတို့ကို ငတုံးတွေလို့ မင်း ထင်နေတာလား။ ငတုံး တစ်ယောက်တောင် မင်းကို ယုံမှာ မဟုတ်ဘူး။"
ဓားပြများ လူဆိုးလေးကို ရိုက်နှက်ပြီးနောက် သူတို့ ပတ်တီးများနှင့် မှော်ဆေးရည် တစ်မျိုးကို ထုတ်ယူကာ သူ့ကို ပြန်ကုသ ပေးခဲ့ကြသည်။
သူတို့ သူတို့၏ ဘောင်းဘီများကို ပြန်ပြင်ကာ ထရပ်လိုက်ပြီး သက်ပြင်း ချလိုက်ကြသည်။
"ကောင်းတယ်ဗျ၊ နောက်တစ်ခါ ထပ်လာခဲ့ဦး။"
"ကောင်းပြီ၊ ကျွန်တော် နောက်တစ်ခါ ထပ်လာခဲ့ပါ့မယ်။"
ဓားပြများ ထွက်ခွာသွားသည်ကို မြင်တွေ့ ရသောအခါ လူဆိုးလေးသည် သတ္တုချောင်းငယ်လေး တစ်ခုကို တိတ်တဆိတ် ထုတ်ယူလိုက်ပြီး သော့ကို စမ်းသပ်ကြည့် လိုက်သည်။ ထို့နောက် သူ သော့ခိုးဖွင့်ခြင်းကို စတင်ခဲ့သည်။ လူဆိုးလေးသည် သူ၏ လက်များ သော့ကို ထိတွေ့မိသည့်အခါ ယုံကြည်မှု ရှိ လာခဲ့သည်။
"ငါက သော့ပြင်သမား တစ်ယောက်ပဲဟာ၊ ဒီလောက် ရှေးကျတဲ့ သော့နဲ့ မင်းတို့ ငါ့ကို ဘယ်လိုလုပ် တားဆီးနိုင်မှာလဲ။"
...
"ဟမ့်။ ငါ နင့်ကိုရှာနေတာ အဲဒီ အရေးမပါတဲ့ ဂိုဘလင်အကြောင်း မေးဖို့ မဟုတ်ဘူး။"
ရှားလော့ခ်သည် လက်ပိုက်ထားသော ဖယ်ရီမလေး သူ့ကို ရှာဖွေ လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
"အရေးမပါတဲ့ ဂိုဘလင်က မိုးလက်ဖက်ရည်လား။"
ရှားလော့ခ်၏ မျက်နှာမှာ အရိပ်များကြားတွင် ဝှက်ထားခဲ့သည်။ သူ၏ လက်နှစ်ဖက်စလုံး သူ၏ မေးစေ့ကို ထောက်ထားခဲ့သည်။
"ဟုတ်တယ်၊ အဲဒီဂိုဘလင်ပဲ။ ဟမ့်၊ ငါ နင့်ကို ဘယ်တော့မှ အညံ့ခံမှာ မဟုတ်ဘူး။" ဖယ်ရီမလေးက အော်ဟစ်လိုက်သည်။
ကွန်ပျူတာဖြင့် "အလုပ်လုပ်" နေသော ကြက်ဥခေါင်းသည် ဆူညံပြီး သေးငယ်သော ဖယ်ရီမလေးကို ချောင်းကြည့်လိုက်သည်။
ဖယ်ရီမလေးသည် ကြက်ဥခေါင်းကြောင့် လန့်သွားပြီး ခုန်ပေါက် လိုက်သော်လည်း လျင်မြန်စွာ ပြန်တည်ငြိမ်သွားပြီး ရှားလော့ခ်ကို ခေါင်းမာသော အကြည့်ဖြင့် ပြန်ကြည့်လိုက်သည်။
"အာ၊ အဲဒီဂိုဘလင်ကို ငါ မှတ်မိနေတယ်။ ငါ သူ့ကို သတ်ပစ်လိုက်ဖို့ ရည်ရွယ်ထားတာ။" ရှားလော့ခ်က ပေါ့ပေါ့ပါးပါး ဆိုလိုက်သည်။
"ဟမ့်။ လိမ်မနေနဲ့၊ နင့်ရဲ့ အစေခံတွေက မသေနိုင်ဘူး။ နင်က သူတို့ရဲ့ ဝိညာဉ်တွေကို ကြိုးကိုင် ခြယ်လှယ်ပြီး ထိန်းချုပ်ဖို့ ဘယ်လို ဆိုးယုတ်တဲ့ မှော်အစွမ်းတွေ သုံးထားလဲတော့ ငါ မသိဘူး၊ ဒါပေမဲ့ မိုးလက်ဖက်ရည်က မတူဘူး။ သူက နင့်လို ဆိုးယုတ်တဲ့ နတ်ဆိုးမျိုးကို ကူညီမှာ မဟုတ်ဘူး။" ဖယ်ရီမလေးက အော်ပြောလိုက်သည်။
"မင်းက ဘာလို့ ဒီလောက် ဆူဆူညံညံ အော်ဟစ်နေရတာလဲ။" ဖယ်ရီမလေးကြောင့် လန့်သွားသော ကြက်ဥခေါင်းက မကျေမနပ် ပြောဆိုလိုက်သည်။ သူ၏ လက် တုန်ခါသွားပြီး သူ၏ ကွန်ပျူတာ ဂိမ်းဇာတ်ကောင် သေဆုံးလုနီးပါး ဖြစ်သွားခဲ့သည်။
"နင် မကျေနပ်ရင် နင့် အရှင်အုပ်ချုပ်သူကို သွားတိုင်လေ။" ဖယ်ရီမလေးက ပြန်ပြောလိုက်သည်။
"မင်းက ဘယ်လို ဖယ်ရီမျိုးလဲ။ ဒီလောက် ယဉ်ကျေးမှု မရှိတဲ့ ..." ကြက်ဥခေါင်းက မကျေမနပ် တိုးတိုးလေး ရေရွတ် လိုက်သော်လည်း သူ စကား ထပ်မပြောခဲ့ပေ။
"ဒါကြောင့် ငါ သူ့ကို သတ်ပစ်သင့်တာပေါ့။ သူက အသုံးမဝင်သလို ငါ့ မြို့သားတွေကိုလည်း စိတ်အနှောင့်အယှက် ဖြစ်စေတယ်။ သူက ရန်ပွဲတွေတောင် ဖြစ်ပွားစေခဲ့တယ်။ ငါ သူ့ကို ဘာလို့ဆက်ထားရမှာလဲ။"
ရှားလော့ခ်သည် သူ၏ ထိုင်ခုံတွင် ထိုင်ကာ လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ပြီး "ငါက ဒန်ဂျင် တစ်ခု တည်ထောင်နေတာ၊ ပရဟိတအဖွဲ့အစည်း တစ်ခု လုပ်နေတာ မဟုတ်ဘူး။"ဟု ဆိုလိုက်သည်။
"အိုး..."
ဖယ်ရီမလေးသည် အံကြိတ်ကာ နာရီဝက်ခန့် တုံ့ဆိုင်းနေပြီးနောက် "နင်သာ မိုးလက်ဖက်ရည်ကို လွှတ်ပေးရင် ငါ နင့် အတွက် အလုပ်လုပ်ဖို့ စဉ်းစားပေးမယ်။ ငါ နင့်ရဲ့ ညစ်ညမ်းတဲ့ အစေခံတွေ အတွက် အလယ်အလတ်တန်းစား ဆေးရည်တွေ ထုတ်လုပ်ပေးမယ်။"ဟု ဆိုလိုက်သည်။
"ဒါပေမဲ့ ငါ ဘာအကျိုးအမြတ်မှ မရဘူးလေ။ မင်း ငါ့ကို ဆေးရည်တွေ ထုတ်လုပ် ပေးရင်တောင် ငါ မှော်ကျောက်တုံးတွေ အများကြီး မရှာနိုင်ဘူး။ ရိုးရိုးသားသား ပြောရရင် ငါ့မှာ မှော်ကျောက်တုံးတွေ မရှားပါးဘူး၊ ပြီးတော့ မင်းရဲ့ မှော်ကျောက်တုံး တွေကိုလည်း ငါ စိတ်မဝင်စားဘူး။" ရှားလော့ခ်က ပေါ့ပေါ့ပါးပါး ဆိုလိုက်သည်။
ဖယ်ရီမလေးသည် အံကြိတ်ကာ နောက်ဆုံးတွင် အလျှော့ ပေးလိုက်ပြီး "ငါ နားလည်ပါတယ်။ ငါ နင့်ကို မှော်ဆေးရည်တွေ ထုတ်လုပ်ပေးပြီး အဲဒီညစ်ညမ်းတဲ့ အစိမ်းရောင် အသားအရေ ရှိတဲ့ သတ္တဝါတွေကို အဲဒါတွေ ဘယ်လို လုပ်ရမလဲ သင်ကြားပေးမယ်။"ဟု ဆိုလိုက်သည်။
"ပြဿနာ မရှိဘူး။ ဒါက မျှတတဲ့ သဘောတူညီချက်ပဲ၊ ငါ လက်ခံတယ်။"
ရှားလော့ခ်သည် လက်ဖျောက်တစ်ချက် တီးလိုက်ရာ စာရွက် တစ်ရွက်နှင့် ဘောပင် တစ်ချောင်း လေထဲတွင် ပျံဝဲ လာခဲ့သည်။ ဘောပင်သည် စာရွက်ပေါ်တွင် စာချုပ်ကို ရေးသား လိုက်ပြီး ၎င်းမှာ ဖယ်ရီမလေးထံသို့ ဖြည်းညှင်းစွာ ပျံဝဲ သွားခဲ့သည်။
"ဟုတ်ပါတယ်၊ ငါတို့ စာချုပ် တစ်ခု ချုပ်ဆိုရမယ်။ ဒီနေ့ခေတ်မှာ ငါတို့ အားလုံး စာချုပ်တွေကို လိုက်နာဖို့ အလေးအနက် ထားကြတယ်။ ငါတို့ တစ်ယောက်နဲ့ တစ်ယောက် စကားလုံးတွေနဲ့ပဲ သဘောတူနေလို့ မဖြစ်ဘူးလေ။ မင်းရော သဘောမတူဘူးလား။"
ဖယ်ရီမလေး တုံ့ဆိုင်းခြင်း မရှိခဲ့ပေ။ သူမ သူမ၏ အမည်ကို လက်မှတ် ရေးထိုးလိုက်ပြီး "သဘောတူတယ်။"ဟု ဆိုလိုက်သည်။