နီကိုလပ်စ်၏ တောင်းဆိုချက်
Vol. 23 Ch. 343
ရှားလော့ခ်သည် သူ၏ ဝတ်ရုံကို ဝတ်ဆင်ကာ ကြက်ဥခေါင်း နှင့်အတူ ဒန်ဂျင်ပတ်လည်တွင် လျှောက်သွား နေခဲ့သည်။
လူနေဧရိယာများမှာ လမ်းလျှောက်ချိန် မိနစ် ၂၀ ကြာမြင့်သည်အထိ ကြီးမားစွာ ချဲ့ထွင် ထားခဲ့သည်။ လူနေဂူ တစ်ခုစီမှာ စတုရန်းမီတာ ၁၀၀ ကျယ်ဝန်းပြီး ဂူတစ်ဝက်မှာ ပထမနှင့် ဒုတိယ ဘီတာဂိမ်းမာများ တည်ဆောက်ခဲ့သော သုံးထပ် အဆောက်အအုံများဖြင့် ပြည့်နှက် နေခဲ့သည်။ တတိယဘီတာ ဂိမ်းမာများမှာ ဂိမ်းထဲသို့ အခုလေးတင် ဝင်ရောက်လာခဲ့သောကြောင့် သူတို့ ဂူများ၏ ထောင့်များတွင် အိပ်စက်နေခဲ့ကြသည်။
ရှားလော့ခ်သည် အားနည်းပြီး သနားစရာ ကောင်းသော ဂိုဘလင်များ အနည်းငယ် စုတ်ပြတ်နေသော အဝတ်စများ သယ်ဆောင်ကာ ဂူ တစ်ခု၏ ထောင့်တစ်နေရာတွင် သူတို့၏ သူငယ်ချင်းများ နှင့်အတူ ညှပ်သိပ် အိပ်နေကြသည်ကို တွေ့မြင်ခဲ့ရသည်။ သူတို့ စုတ်ပြတ်နေသော အဖြူရောင် အဝတ်စဖြင့် မိမိကိုယ်ကို ဖုံးအုပ်ထားကြပြီး သူတို့၏ မျက်နှာများပင် ဖုံးအုပ်ထားကာ တစ်ယောက်နှင့် တစ်ယောက် နှုတ်ဆက်နေခဲ့ကြသည်။
လက်နက်များ ထုလုပ်နေသော ဆင်းဘသည် ဤသို့ သနားစရာ ကောင်းသော မြင်ကွင်းကို မြင်တွေ့ရ၍ ခေါင်းခါကာ သက်ပြင်းချလိုက်သည်။
ရှားလော့ခ်သည် ဒုက္ခသည် စခန်းများကဲ့သို့ မြင်မကောင်းသော လူနေဧရိယာများကို လည်ပတ်ခဲ့သည်။ ထို့နောက် သူ ဖယ်ရီမလေး၏ မျိုးစေ့ခင်းနှင့် ဒန်ဂျင်အရှင် ခန်းမဆောင်၊ လစ်ခ်ျ၏ သင်္ချိုင်းခန်းမနှင့် နေရာရွှေ့ပြောင်း ဝင်ပေါက် ခန်းမဆောင်တို့ ပါဝင်သော ဗဟိုအုပ်ချုပ်ရေး ဧရိယာသို့ သွားရောက်ခဲ့သည်။ ပြီးနောက် သူ ဖိုကြီးကို ဗဟိုပြုထားသော ထုလုပ်ရေး ဧရိယာသို့ လည်ပတ်ခဲ့သည်။ ထုလုပ်ရေးဧရိယာတွင် ပန်းပဲဆိုင်၊ လက်သမားအလုပ်ရုံ၊ မာနာအင်ဂျင်နီယာ စီမံကိန်း ခန်းမဆောင်၊ မှော်ပစ္စည်း ထုတ်လုပ်ရေး ခန်းမဆောင်နှင့် အဂ္ဂိရတ်ခန်းတို့ တည်ရှိနေခဲ့သည်။ လူအများဆုံး နေရာမှာ ကုန်သွယ်ရေး ဧရိယာ ဖြစ်သည်။
ဂိမ်းမာများသည် ဆိုင်ခုံများ အတွက် အသုံးပြုမည့် ပိတ်ဆို့ထားသော သေတ္တာ ၅၀၀ နေရာကို မျဉ်းတားပြီး ဖြစ်နေခဲ့ပြီး ၎င်းမှာ ဂိမ်းမာ ၅,၀၀၀ အတွက် လုံလောက်သည်ထက် ပိုနေခဲ့သည်။
ယာယီဆိုင်ခန်းများကို ဦးရာလူစနစ်ဖြင့် လုပ်ကိုင်ရမည် ဖြစ်သည်။ ကြာချိန်မှာ တစ်နာရီ ဖြစ်ပြီး ငှားရမ်းခ ပေးချေ ရမည် ဖြစ်သည်။
ကုန်သွယ်ရေး ဆိုင်ခန်းများတွင်မူ ထိုမျှ စည်းမျဉ်းများစွာ မရှိခဲ့ဘဲ လစဉ်ငှားရမ်းခ ပေးချေပြီးနောက် သူတို့ ဆိုင်ခန်းများကို အချိန်မရွေး အသုံးပြုနိုင်ခဲ့သည်။
ဂိမ်းမာအချို့မှာ လေလံပွဲ ခန်းမဆောင် ရှိနေလျက်နှင့် ကုန်သွယ်ရေး ဆိုင်ခန်းများ အဘယ်ကြောင့် လိုအပ်သည်ကို သိချင်နေခဲ့ကြသည်။
အဓိက အကြောင်းရင်းမှာ လေလံတင် ပစ္စည်းတိုင်း အခွန်ဆောင် ရသော်လည်း ကုန်သွယ်ရေး ဆိုင်ခန်းမှာမူ တစ်ခုတည်းသော စည်ပင်အခွန်ကိုသာ ဆောင်ရသောကြောင့် ကုန်ပစ္စည်း အရေအတွက် များပြားပါက ဆိုင်ခန်း တစ်ခု ရှိခြင်းမှာ ပိုမို သက်သာသောကြောင့် ဖြစ်သည်။
ကုန်သွယ်ရေး ဆိုင်ခန်းများသည် အစည်းအရုံးများအတွက်လည်း အကျိုးရှိသည်၊ အဘယ်ကြောင့်ဆိုသော် သူတို့ အစည်းအရုံးဝင်များအား အကျိုးအမြတ်များ ပေးအပ်နိုင်ပြီး လူသိရှင်ကြား ကြော်ငြာလှည့်ကွက် တစ်ခုအဖြစ်လည်း ဆောင်ရွက်နိုင်သောကြောင့် ဖြစ်သည်။
လေလံပွဲတွင် ဈေးနှုန်း သတ်မှတ်ပြီးသည်နှင့် ၎င်းကို ပြောင်းလဲ၍ မရနိုင်တော့သော်လည်း ကုန်သွယ်ရေး ဆိုင်ခန်းများရှိ ဈေးနှုန်းများကိုမူ သဘောအတိုင်း ပြောင်းလဲနိုင်ခဲ့သည်။ ထို့အပြင် ရုပ်ပိုင်းဆိုင်ရာ ဆိုင်ခန်းများတွင် ဈေးဝယ်ခြင်း၏ ပျော်ရွှင်မှုကို လေလံစာရင်း တစ်ခု ရပ်ဖတ်နေရခြင်းနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။
ဂိမ်းမာများသည် လေလံ ဈေးနှုန်းများကို စစ်ဆေးပြီးနောက် အခွန်လွတ် ကုန်ပစ္စည်းများ ရရှိရန် ဆိုင်ခုံများသို့ သွားရောက်ခြင်းကို ပိုနှစ်သက်ခဲ့ကြသည်။
ရှားလော့ခ် သူ၏ စစ်ဆေးရေး ခရီးစဉ်များ ပြုလုပ်ရန် ရောက်ရှိ လာသည့်အခါ ဂိမ်းမာများ အံ့ဩခြင်း မရှိခဲ့ကြပေ။ သူ အချိန်ရသည့်အခါ သူတို့ ထံသို့ လာရောက် လည်ပတ်လေ့ ရှိသည်ပင်။
ကြက်ဥခေါင်းသည် သူ၏ လက်သည်းများကို သူ၏ နောက်ကျောတွင် ထားကာ ဂိမ်းမာများ စည်းမျဉ်း တစ်ခုခု ချိုးဖောက်ခြင်း ရှိ၊မရှိ စစ်ဆေးနေသည်။ သူ ကုန်သွယ်ရေးဆိုင်ခန်းများ အတွက် တူးဖော်မှုများမှာ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ဟုတ်၊မဟုတ်ကိုလည်း အာရုံစိုက်ခဲ့သည်။ ဂိမ်းမာများသည် သူတို့၏ ကိုယ်ပိုင်ဆိုင်ခန်းများ အတွက် တူးဖော်မှုများ လုပ်ဆောင်ခဲ့ရပြီး ဆုလာဘ် တစ်ခု ရှိနေခဲ့သည်။
သင့်လျော်သော စီမံခန့်ခွဲမှု အပြီးတွင် ရှားလော့ခ်သည် ဂိမ်းမာများ၏ ခြေထောက်များကို နင်းမိကာ ကျိုးပဲ့သွားမည်ကို စိုးရိမ်စရာ မလိုတော့ပေ။ တားမြစ် ကန့်သတ်ထားသော သေတ္တာနေရာများ မရှိခင်က ဆိုင်ခုံများမှာ နေရာ အနှံ့အပြားတွင် ရှိနေခဲ့သောကြောင့် မည်သူမဆို လှုပ်ရှားသွားလာရန် ခက်ခဲခဲ့သည်။ ယာယီဆိုင်ခန်းများကို သတ်မှတ် ပိုင်းခြားထားခြင်းဖြင့် ဆိုင်ခုံဧရိယာ၏ အလယ်တွင် ကျယ်ဝန်းသော လမ်းတစ်ခု ရှိနေခဲ့သည်။
"မင်း ဘာလို့ မင်း ခြေထောက်ကို အပြင်ထုတ်ထားတာလဲ။"
"မင်း ဒီနေရာမှာ တူးဖော်ခွင့် ရှိလို့လား။"
"မင်းရဲ့ ကုန်ပစ္စည်းတွေကို သေသေချာချာ စီထားလိုက်စမ်း။ လမ်းတစ်ခုလုံးရဲ့ ဂုဏ်သိက္ခာက မင်းကြောင့် ပျက်စီးသွားပြီ။"
"ငါ မင်းရဲ့ ကုန်ပစ္စည်း အားလုံးကို သိမ်းဆည်းပစ်မယ်လို့။ မင်း မယုံဘူးလား။"
ကြက်ဥခေါင်း၏ တင်းကျပ်သော စည်းကြပ်မှု အပြီးနှင့် ကုန်သွယ်ရေး ဧရိယာတွင် သူတို့၏ စစ်ဆေးရေး ခရီးစဉ်များ ပြီးဆုံးပြီးနောက် ရှားလော့ခ်သည် ကျေနပ်စွာ ခေါင်းညိတ် လိုက်သည်။
ဘရုက ရုတ်တရက် ရှားလော့ခ်အား "အရှင်ရှားလော့ခ်၊ ဆောင်းတောင်ကုန်းမြို့က တစ်စုံတစ်ယောက် နေရာရွှေ့ပြောင်း ဝင်ပေါက်ကနေ တစ်ဆင့် ထာဝရတိုင်းပြည်ကို လာရောက် လည်ပတ်ဖို့ တောင်းဆိုနေပါတယ်။ ကျွန်တော် ထင်တာတော့ ဘာရွန်နီကိုလပ်စ်ပဲ။"ဟု ဆိုလိုက်သည်။
"ဘာရွန်နီကိုလပ်စ် ဟုတ်လား။ ငါ နားလည်ပြီ၊ သူ့ကို လာခွင့်ပေးလိုက်။ ငါ သူ့ကို သွားကြိုဆိုမယ်။"
ရှားလော့ခ်က ခေါင်းညိတ်ကာ ကြက်ဥခေါင်းကို နေရာရွှေ့ပြောင်း ဝင်ပေါက် ခန်းမဆောင်သို့ ခေါ်ဆောင် သွားခဲ့သည်။ မကြာမီ ဘာရွန်နီကိုလပ်စ်သည် နေရာရွှေ့ပြောင်း ဝင်ပေါက်မှ ထွက်လာခဲ့သည်။
နီကိုလပ်စ် ပေါ်လာသည့်အခါ ဂိမ်းမာများ စိတ်လှုပ်ရှားစွာ အော်ဟစ် ကြွေးကြော် ကြသည်။
"ချာတိတ်။ ချာတိတ်။"
"အလိုလေး၊ ဇာတ်လမ်းပိုင်းအသစ်လား။"
"ငါ မှတ်မိတယ်၊ ချာတိတ်က ဆောင်းတောင်ကုန်းမြို့ ဒန်ဂျင်အရှင် မဟုတ်ဘူးလား။"
"မင်း ဘယ်လို သိတာလဲ။ ဒီဇာတ်လမ်းပိုင်းကို တရားဝင် ဝက်ဘ်ဆိုက်မှာ မကြေညာခဲ့ဘူး။"
"မင်း မှော်ကျောက်တုံးတွေ အတွက် ဆောင်းတောင်ကုန်းမြို့မှာ အလုပ် မလုပ်ခဲ့ဘူးလား။ ချာတိတ်က ဆောင်းတောင်ကုန်းမြို့ရဲ့ ယာယီ ဒန်ဂျင်အရှင်ပဲ။ မင်း ဒီသတင်း အချက်အလက်ကို ဘယ်နေရာမှာ မဆို ရရှိနိုင်တယ်။"
ဂိမ်းမာများသည် စကားလုံးများနှင့် လုပ်ဆောင်ချက်များ နှစ်မျိုးစလုံးတွင် စိတ်အားထက်သန် နေခဲ့ကြသည်။
စိတ်လှုပ်ရှားနေသော ဂိမ်းမာများသည် နီကိုလပ်စ်၏ ကိုယ်ခန္ဓာကို ထိတွေ့ရာတွင် အလုပ်များ နေခဲ့ကြသည်။ ဂိမ်းမာတစ်ဦး သူ့ကို ထိတွေ့ပြီး ပြဿနာ မရှိကြောင်း တွေ့ရှိသည့်အခါ ကျန်ဂိမ်းမာများလည်း အတုယူလိုက်ကြသည်။ ဂိမ်းမာအချို့မှာ ပိုက်ဆံအိတ်၊ ဓားနှင့် ပေါင်များ ဆီသို့ သွားရောက် ထိခဲ့ကြသည်...
"ထာဝရတိုင်းပြည်မှ ကြိုဆိုပါတယ် ဘာရွန်နီကိုလပ်စ်။ ကျေးဇူးပြုပြီး ကျွန်တော့် ရုံးခန်းမှာ စကားစမြည် ပြောဆိုဖို့ လာခဲ့ပါ။"
သံတမန်ရေးရာ ပဋိပက္ခ တစ်ခု ဖြစ်ပွားတော့မည့် ဆဲဆဲတွင် ရှားလော့ခ် ပေါ်လာပြီး ထိန်းချုပ်မှု မရှိတော့သော ဂိမ်းမာများကို ချုပ်တည်းလိုက်သည်။
နီကိုလပ်စ်သည် စိတ်သက်သာရာ ရသွားခဲ့သည်။ သူ ဘာများ လုပ်နိုင်မည်နည်း။ သူ သူ့ကို အခွင့်အရေး ယူခဲ့သော ဤအစိမ်းရောင် အသားအရေ ရှိသော သတ္တဝါများကို သတ်ဖြတ်နိုင်မည်လော။ ၎င်းမှာ သူ၏ ရည်ရွယ်ချက် ဖြစ်သည်။
နီကိုလပ်စ်သည် ရှားလော့ခ်နောက်သို့ လိုက်၍ ဒန်ဂျင်အရှင် ခန်းမဆောင်သို့ သွားရောက်ခဲ့ရာ ကြက်ဥခေါင်းသည် မိမိကိုယ်တိုင်နှင့် ရှားလော့ခ် အတွက် သွေးဂန္ဓမာ လက်ဖက်ရည် ဖျော်စပ်ပေးခဲ့သည်။ ကြက်ဥခေါင်းသည် ထို့နောက် ရှားလော့ခ် ဘေးတွင် ထိုင်ကာ ဘာရွန်နီကိုလပ်စ်ကို စိုက်ကြည့် နေခဲ့သည်။
"ကျေးဇူးပြုပြီး ထိုင်ပါ ဘာရွန်နီကိုလပ်စ်။" ရှားလော့ခ်က နေရာလွတ် တစ်ခုကို လက်ညှိုး ထိုးပြပြီး ဆိုလိုက်သည်။ ထို့နောက် သူ နီကိုလပ်စ်ကို ကြည့်လိုက်ပြီး "ဆောင်းတောင်ကုန်းမြို့ ဒန်ဂျင်အရှင်ဖြစ်လာတဲ့ အတွက် ဂုဏ်ယူပါတယ်။"ဟု ဆိုလိုက်သည်။
"အရှင်ရှားလော့ခ် ကျွန်တော့်ကို တရားဝင် ရာထူး ခန့်အပ်ခံရတာ ဘယ်လို သိတာလဲ။" နီကိုလပ်စ်သည် အံ့အားသင့် သွားခဲ့သည်။
"ဒါက မှန်းဆရ ခက်တာ မဟုတ်ပါဘူး။ ဆောင်းတောင်ကုန်းမြို့မှာ ဆုံးရှုံးမှုတွေ ဖြစ်ပြီးနောက် ကုန်သည်မဟာမိတ် အဖွဲ့က ဆောင်းတောင်ကုန်းမြို့မှာ မှော်ကျောက်တုံး အမြောက်အမြား ရင်းနှီးမြှုပ်နှံတဲ့ ပြင်ပလူတွေကို နောက်ထပ် ယုံကြည်စိတ်ချရင် ကျွန်တော် အံ့ဩမိမှာပဲ။ ဒီခက်ခဲတဲ့ အချိန်မှာ ဆောင်းတောင်ကုန်းမြို့က ခင်ဗျားလို အရည်အချင်း ရှိတဲ့ ဘာရွန်တစ်ယောက်ကို လိုအပ်ပါတယ်။ ခင်ဗျားသာ တရားဝင် ရာထူး ခန့်အပ်မခံရရင် အကြောင်းပြချက် ပေးစရာ မရှိတော့ဘူး၊။" ရှားလော့ခ်က လျင်မြန်စွာ ဆိုလိုက်သည်။
"ကျွန်တော် အရမ်း ဂုဏ်ယူမိပါတယ်။ ကုန်သည်မဟာမိတ် အဖွဲ့က နှစ်ရှည်လများ အဖွဲ့ဝင်တွေကို ပိုပြီး ယုံကြည်စိတ်ချပါတယ်။ ဒီရာထူး အတွက် ကျွန်တော့်ကို အကြံပြုပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ် အရှင်ရှားလော့ခ်။" နီကိုလပ်စ်က ရှားလော့ခ်အား ကျေးဇူးတင်စွာ ဆိုလိုက်သည်။
"ကျွန်တော့်ရဲ့ အကြံပြုချက် ဟုတ်လား။ မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ကျွန်တော် အမှန်တရားကိုပဲ ပြောခဲ့တာပါ။ ခင်ဗျားရဲ့ ကုန်ကြမ်းပစ္စည်းတွေမှာ ပညာရှိစွာ ပံ့ပိုးမှုသာ မရှိခဲ့ရင် ကျွန်တော်တို့ ဆာမေးလ်ကို အဲဒီလောက် လွယ်လွယ်ကူကူ အနိုင်တိုက်နိုင်မှာ မဟုတ်ပါဘူး။ ခင်ဗျားရဲ့ ပံ့ပိုးကူညီမှုတွေက ခင်ဗျား ထင်ထားတာထက် အများကြီး ပိုပြီး အရေးပါခဲ့ပါတယ်။"
ရှားလော့ခ်သည် နီကိုလပ်စ်အား ချီးကျူးထောပနာ ပြုလိုက်သည်၊ အဘယ်ကြောင့်ဆိုသော် သူ ဆုံးရှုံးစရာ ဘာမှ မရှိသောကြောင့် ဖြစ်သည်။
ရှားလော့ခ်က ကြက်ဥခေါင်းအား "မြန်မြန် ၊ ဒန်ဂျင်အရှင်နီကိုလပ်စ် အတွက် မြေအောက်ရေ တစ်ခွက် ယူခဲ့ပါ။"ဟု ဆိုလိုက်သည်။
ကြက်ဥခေါင်းသည် သူ၏ သွေးဂန္ဓမာ လက်ဖက်ရည်ခွက်ကို သောက်သုံးပြီးနောက် သူ၏ ထိုင်ခုံမှ ခုန်ချလိုက်သည်။ သူ သိုလှောင်စင်များဆီသို့ လျှောက်သွားကာ သစ်သားခွက် တစ်လုံးကို ယူလိုက်ပြီးနောက် ရေနွေးအိုး တစ်လုံးမှ ရေလောင်းထည့် လိုက်သည်။
ကြက်ဥခေါင်းသည် သူ၏ အလုပ်ကို အလွန် ကျွမ်းကျင်စွာ လုပ်ဆောင်ခဲ့သည်။
ကြက်ဥခေါင်း ရေခွက်ကို သူ့အား ပေးအပ်လိုက်စဉ် နီကိုလပ်စ်က ယဉ်ကျေးစွာ ဆိုလိုက်သည်။ "အရှင်နဂါးနက်၊ ကျေးဇူးတင်ပါတယ်။ ကျွန်တော် ကိုယ့်ဘာသာကိုယ်ပဲ ယူပါ့မယ်။"
ကြက်ဥခေါင်းက ခေါင်းခါလိုက်သည်။ သူ အလေးအနက် ကြည့်လိုက်ပြီး ဆိုလိုက်သည်။ "ခင်ဗျားရဲ့ အဖျော်ယမကာကို သောက်သုံးပါ။ ခင်ဗျား ဘာလို့ ဒီလောက် စကားများနေရတာလဲ။"
"ဘေးကိုသွားပြီး အိပ်လိုက်တော့။" ရှားလော့ခ်က ကြက်ဥခေါင်း၏ ခေါင်းကို ပွတ်သပ်လိုက်ပြီး ထောင့်မှ အသိုက်ကို လက်ညှိုးထိုး ပြလိုက်သည်။
ကြက်ဥခေါင်းသည် အလိုမကျစွာ ထောင့်သို့ ပြန်လျှောက်သွားကာ တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။ သူ သူ၏ ကွန်ပျူတာကို တစ်ချက်ကြည့်ပြီး နီကိုလပ်စ်ကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများမှာ နီကိုလပ်စ်ကို ထွက်ခွာသွားစေလိုသော ဆန္ဒကို ဖော်ပြနေခဲ့၏။ သို့မှသာ သူ သူ၏ ကွန်ပျူတာ ဂိမ်းများကို ဆက်လက် ကစားနိုင်မည် ဖြစ်သည်။
"ဆွေးနွေးစရာ အထူးကိစ္စတွေ ရှိသေးလား ဒန်ဂျင်အရှင်နီကိုလပ်စ်။" ရှားလော့ခ်က သူ၏ လက်များကို စားပွဲပေါ်တင်ကာ မေးလိုက်သည်။
"ဒါက ကျွန်တော့်ရဲ့ ဒန်ဂျင်အရှင် မစ်ရှင်နဲ့ သက်ဆိုင်ပါတယ်။" နီကိုလပ်စ်သည် ကြက်ဥခေါင်း၏ မကျေနပ်မှုကို မသိချင်ယောင် ဆောင်ကာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဆိုလိုက်သည်။ "ကျွန်တော့်ရဲ့ ဒန်ဂျင်အရှင်ရာထူးက မတည်ငြိမ် သေးပါဘူး။ ကုန်သည်မဟာမိတ် အဖွဲ့က ကျွန်တော့်ကို တရားဝင် ရာထူး ခန့်အပ်ဖို့ ဆုံးဖြတ်ပြီး ဖြစ်ပေမဲ့ ဒီရာထူးကို တပ်မက်နေတဲ့ သူကောင်းမျိုးနွယ်တွေ အများကြီး ရှိနေပါတယ်။ ပြင်ပလူတွေကို မဆိုထားနဲ့၊ ကုန်သည်မဟာမိတ် အဖွဲ့ဝင်တွေ ထဲမှာလည်း ဒီရာထူးကို စိတ်ဝင်စားနေကြတဲ့ သူတွေ အများကြီး ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော် အရမ်း ဒုက္ခရောက်နေပါတယ်။"
"ကျွန်တော် ပတ်ဝန်းကျင်က အိုဂါမျိုးနွယ်စုတွေကို ရှင်းလင်းပစ်ရ ပါလိမ့်မယ်။ အိုဂါတွေ မကြာသေးခင်က ဆောင်းတောင်ကုန်းမြို့ ပတ်လည်မှာ ပေါ်လာခဲ့ကြတာပါ၊ အန်ဒရူးရဲ့ ဆိုးယုတ်တဲ့ လုပ်ရပ်တွေရဲ့ အကြွင်းအကျန်တွေပေါ့။ သူတို့ကို ဖျက်ဆီးရ လွယ်ကူလိမ့်မယ်လို့ ကျွန်တော် ထင်ခဲ့တယ်၊ ဒါကြောင့် ကျွန်တော့်ရဲ့ လက်ရွေးစင် တပ်ဖွဲ့တွေကို စေလွှတ်ခဲ့တယ်၊ ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာက သူတို့ အသေအပျောက် များစွာနဲ့ ရှုံးနိမ့်ခဲ့ကြရတယ်။" နီကိုလပ်စ်က လေးနက်စွာ ဆိုလိုက်သည်။
"အသေအပျောက် များစွာနဲ့ ရှုံးနိမ့်ခဲ့သလား။"
"မှန်ပါတယ်၊ သူတို့ အသေအပျောက် များစွာနဲ့ ရှုံးနိမ့်ခဲ့ကြတယ်။ အန်ဒရူးရဲ့ အထောက်အပံ့နဲ့ အိုဂါတွေ အားကောင်းလာခဲ့ကြပြီ။ အသက်ရှင် ကျန်ရစ်သူတွေဆီက အစီရင်ခံစာတွေ အရ အစွမ်းထက် အိုဂါမျိုးနွယ်စုက မျိုးနွယ်စု တစ်ရာကျော်နဲ့ ဖွဲ့စည်းထားတယ်။ သူတို့ ငယ်ရွယ်ပြီး အားအင်ကြီးမားတဲ့ ခေါင်းဆောင် အသစ် တစ်ယောက်ကိုလည်း ခေါင်းဆောင် တင်ထားကြတယ်။ ဒီအခြေအနေတွေနဲ့ ဆိုရင် ကျွန်တော် သူတို့ကို ဖျက်ဆီးဖို့ မဖြစ်နိုင်တော့ဘူး။ သူတို့ မကြာသေးခင်က ဆောင်းတောင်ကုန်းမြို့ရဲ့ အပြင်ဘက် နယ်နိမိတ်စည်းက ခံတပ် တစ်ခုကိုတောင် သိမ်းပိုက်ထားကြပြီ။"
ရှားလော့ခ်က ခေါင်းညိတ်ကာ "ဆောင်းတောင်ကုန်းမြို့ တပ်စောင့်တွေက,ကော။ ခင်ဗျား သူတို့ကို ဖြန့်ကျက်လိုက်ရင် သူတို့ အိုဂါတွေကို အနိုင်တိုက် နိုင်သင့်တယ် မဟုတ်လား။"ဟု မေးလိုက်သည်။
"ဟုတ်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်သာ တပ်စောင့်တွေကို ဖြန့်ကျက်လိုက်ရင် အသေအပျောက် အမြောက်အမြား ဖြစ်ပွားပါလိမ့်မယ်။ ဆောင်းတောင်ကုန်းမြို့က မတည်ငြိမ်တဲ့ အခြေအနေမှာ ရှိနေပြီး ဆုံးရှုံးမှု ကြီးကြီးမားမား ရှိခဲ့ရင် ကျွန်တော့် ပြိုင်ဘက်တွေက ကျွန်တော့်ရဲ့ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်အပေါ် သံသယတွေ ဖန်တီးကြပါလိမ့်မယ်။ အရေးကြီးဆုံးက ကျွန်တော် မြို့သားတွေရဲ့ ဆန္ဒပြမှုတွေကို မတွန်းလှန်နိုင်ပါဘူး။ အချိန်က ကျွန်တော့်ဘက်မှာ မရှိပါဘူး။ ကျွန်တော်သာ ဘာမှမလုပ်ဘဲ ရလဒ်တွေ မပေးနိုင်ရင် ကျွန်တော့် ရာထူးကို မျက်စိကျနေတဲ့ သူကောင်းမျိုးနွယ်တွေက ဒုက္ခပေးဖို့ ဖန်တီးကြပါလိမ့်မယ်။"
"ခင်ဗျားရဲ့ ဒုက္ခအခြေအနေကို ကျွန်တော် နားလည်ပါတယ်။ ခင်ဗျား ကျွန်တော့်ကို အိုဂါတွေကို ဖျက်ဆီးရာမှာ ကူညီစေချင်တာလား။"
"မှန်ပါတယ်။ ကျွန်တော် သိပါတယ်၊ ဒါက ခင်ဗျား အတွက် ခက်ခဲလိမ့်မယ်၊ ဒါပေမဲ့ ခင်ဗျားက လွဲလို့ တခြားအရည်အချင်း ရှိတဲ့ ခေါင်းဆောင်တွေကို ကျွန်တော် မစဉ်းစားမိပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပေးပါ အရှင်ရှားလော့ခ်။ ကျွန်တော် စစ်စရိတ် အားလုံးနဲ့ သေဆုံးမှု လျော်ကြေးငွေ အားလုံးကို ပေးချေပါ့မယ်။" နီကိုလပ်စ်က တောင်းပန်သော လေသံဖြင့် ဆိုလိုက်သည်။