ရှာတွေ့ခြင်း
Vol. 157 Ch. 2233
ထိုအခိုက်အတန့်တွင် ပုံရိပ်တစ်ခုက ရီဖူရှင်းထံသို့ မျောလွင့်လာသည်။ ထိုပုံရိပ်က ထူးချွန်ထက်မြက်သော အရှိန်အဝါနှင့် ပုံပန်းသွင်ပြင်ကို ပိုင်ဆိုင်ထားသည့် မိန်းကလေးတစ်ယောက် ဖြစ်သည်။
သူမက ခရမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး စကတ်အနားစများက တဖျတ်ဖျတ် လွင့်နေခဲ့သည်။ သူမသည် လျှို့ဝှက်နက်နဲသော နတ်မိမယ်တစ်ပါးကဲ့သို့ ထင်မှတ်ရပေသည်။ သူမက ခရမ်းရောင်အလင်းများက လင်းလက်နေသော မျက်လုံးများနှင့် ရီဖူရှင်းကို စိုက်ကြည့်နေခဲ့သည်။
"ရှင် ကြယ်ကောင်းကင်ကို လေ့လာကြည့်ပြီးပြီလား။" ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးက သိမ်မွေ့စွာ မေးလိုက်သည်။
"အင်း။" ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။
"ကျွန်မ နာမည်က လော့ဆုပါ။ ကျွန်မက တေးသွားနဲ့ သံစဥ်ကို ကျင့်ကြံပါတယ်။ ရှင့်လိုပဲ နတ်တေးသွား ဆက်ဆံသူတစ်ယောက်ပါ။ ကျွန်မက ကောင်းကင်ဒေသရဲ့ ပြင်ပခရမ်းရင့်ကောင်းကင်က လာခဲ့တာ။" ထိုအမျိုးသမီးက သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။ "ရန်ဟောင်ရီနဲ့ ကျွန်မတို့ မိတ်ဆွေ ဖြစ်နိုင်မယ် ထင်ပါတယ်။"
ရီဖူရှင်းက အမျိုးသမီးကို ကြည့်လိုက်သည်။ ပြင်ပခရမ်းရင့်ကောင်းကင်က ကောင်းကင်ဒေသ၌ ထိပ်သီးအင်အားစုတစ်ခု ဖြစ်သည်။ သို့သော် သူက ထိုအကြောင်းကို အနည်းငယ်သာ သိရှိ၏။ ထိုအမျိုးသမီးရန်ဟောင်တွင် တောက်ပကာ ကြည်လင်သန့်ရှင်းသော မျက်လုံးတစ်စုံရှိသည်။ သူမက ယုံကြည်စိတ်ချကလောက်သည့် ခံစားချက်ကို ပေးစွမ်းပေသည်။
ထို့ပြင် ရီဖူရှင်းသည် သူမက သူ့ကို အစပြုကာ ချဥ်းကပ်လာသည်အား အံ့အားသင့်နေခဲ့သည်။ သူသည် သူမက မည်သည့်အရာကို လိုချင်နေကြောင်း နားလည်ပေသည်။ သူမက တေးသွားသံစဥ်တွင် ကျွမ်းကျင်သည်ဟု ပြောခဲ့သည့်အတွက် သူမ ဤနေရာသို့ ရောက်လာခြင်းမှာ အကြောင်းရင်းတစ်ခုကြောင့်သာ ဖြစ်နိုင်သည်။
ယခင်က ကျင့်ကြံသူတော်တော်များများ တူညီသည့် အကြောင်းပြချက်ဖြင့် ရီဖူရှင်းကို ချဥ်းကပ်လာကြပေသည်။ သို့သော် ရီဖူရှင်းက ထိုလူများကို နင်ဟွာအား သတ်ရန် ကူညီလုပ်ဆောင်ပေးသူကိုသာ ပြန်လည် ကူညီပေးမည်ဟု ကန့်သတ်ပစ်လိုက်သည်။ သို့သော် မည်သူကမှ ကံကြမ္မာအခွင့်အလမ်းတစ်ခုအတွက်နှင့် တုန်းဟွာနယ်မြေသခင်အိမ်တော်မှ ဒုနယ်မြေသခင်အား သတ်ဖြတ်ရန် ဆန္ဒမရှိကြပေ။ ထို့ပြင် သူတို့၏ စွမ်းရည်နှင့် နင်ဟွာကို သတ်ဖြတ်နိုင်ခြင်း ရှိမရှိက ပြောရခက်ပေသည်။
သူတို့က တုန်းဟွာနယ်မြေသခင်အိမ်တော်မှ ဒုနယ်မြေသခင်၏ ပစ်မှတ်ထားခံရခြင်းနှင့် အဆုံးသတ်ပါက ကိုယ်ကျိုးနည်းသွားရပေလိမ့်မည်။
လော့ဆုက သူ သူမ၏ တောင်းဆိုချက်ကို သဘောတူလိမ့်မည်ဟု မည်သည့်အတွက်ကြောင့် ထင်နေပါသနည်း။.
သို့သော်လည်း သူမက အမှန်တကယ်ကို အချိန်ကိုက် ရောက်လာခြင်း ဖြစ်သည်။
လော့ဆုက ရှင်းပြလိုက်သည်။ "အရင်က ကျွန်မ ဒီအင်ပါယာကြယ်ကို အာရုံခံမိခဲ့ပေမယ့် တစ်ခုခု လိုအပ်နေသေးတဲ့ပုံပဲ။ ရန်ဟောင်ရီက ကျွန်မကို ကူညီဖို့ ဆန္ဒရှိမယ်ဆိုရင် ဒီအင်ပါယာကြယ်နဲ့ မြန်မြန် ပေါင်းစပ်နိုင်လိမ့်မယ်လို့ သေချာတယ်။ အဲဒီနောက် ရန်ဟောင်ရီက ကြယ်ခုနစ်ခုရဲ့ ပုံစံအနေအထားကို အပြင်လူတစ်ယောက်အနေနဲ့ လေ့လာနိုင်မယ်လေ။ အဲဒါက ရှင် ရှစ်ခုမြောက် အင်ပါယာကြယ်ရဲ့ တည်နေရာကို ရှာတဲ့နေရာမှာ အမြင်သစ်တွေ ရဖို့ အကူအညီ ဖြစ်စေလိမ့်မယ်။" သူမက ဆက်ပြောလိုက်သည်။ "ပြီးတော့ ရန်ဟောင်ရီမှာ တခြားတောင်းဆိုချက်တွေ ရှိရင်လည်း ပြောလို့ရပါတယ်။ ကျွန်မ စွမ်းဆောင်နိုင်တဲ့ အတိုင်းအတာထဲမှ ရှိသရွေ့ လုပ်ပေးမှာပါ။"
ရီဖူရှင်းက ထိုလှပသည့် အမျိုးသမီးရန်ဟောင်ကို ကြည့်လိုက်သည်။ လော့ဆု၏ တည်ငြိမ်သည့် အရိုးခံသဘောထားက သူ့ကို သက်သောင့်သက်သာ ခံစားမိစေသည်။ ယခင်က သူသည် နတ်မိမယ်ထိုက်ဟွာအား အင်ပါယာကြယ်၏ ပညာရပ်များကို လက်ဆင့်ကမ်းပေးရန် ရည်ရွယ်ခဲ့သည်။ အမှန်တွင် သူသည် ထိုက်ဟွာတောင်နှင့် ကောင်းမွန်သော ဆက်သွယ်မှု ရှိလာစေရန် ထိုအခွင့်အရေးကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ သို့သော် နတ်မိမယ်ထိုက်ဟွာ၏ အေးစက်သော သဘောထားက သူ့အစီအစဥ်ကို စွန့်ပစ်လိုက်စေသည်။
ယခု လော့ဆုက တက်ကြွစွာ ချဥ်းကပ်လာခဲ့သည်။ သူမက နတ်တေးသွားသံစဥ်၏ ဆက်ခံသူလည်း ဖြစ်သည်။ သူမကို မကူညီနိုင်ရန် အကြောင်းပြချက် မရှိပေ။ ရီဖူရှင်းအနေနှင့် ထိုသို့ ပြုလုပ်ခြင်းမှ ထိခိုက်နစ်နာစရာအကြောင်း မရှိပါချေ။ သူက ထိပ်သီးအင်အားစုတစ်ခုနှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်လျှင် ထိုသို့လုပ်ပေးရန် ဆန္ဒရှိသည်ထက် ပိုပေသည်။
"ကျုပ်က နတ်တေးသွားကို ကျွမ်းကျင်တယ်ဆိုတာ သိတာလား။" ရီဖူရှင်းက မေးလိုက်သည်။
"မဟာလမ်းစဥ်အသံတွေကနေပြီး အဲဒါက နတ်ဘုရားပျောက်ဆုံးခြင်းတေးသွားဆိုတာ ဘယ်လို မပြောနိုင်ဘဲ နေပါ့မလဲ။" လော့ဆုက အပြုံးနှင့် ပြန်ဖြေလိုက်သည်။ ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။ "ကောင်းပြီ။ ဒီလိုဆိုရင် ကျုပ်လည်း ခင်ဗျားနဲ့ မိတ်ဆွေ ဖြစ်ဖို့ ဆန္ဒရှိပါတယ်။"
သူက ပြောရင်းနှင့် နတ်အလင်းတစ်ခုက သူ့မျက်ခုံးနှစ်ခုကြားမှ ထွက်လာကာ လော့ဆု၏ နဖူးအလယ်သို့ ရောက်ရှိသွားပြီး သူမ၏ စိတ်ထဲ ဝင်သွားခဲ့သည်။ လော့ဆုက သူ့ကို ထိုသို့ပြုလုပ်ခြင်းမှ မရပ်တန့်ခဲ့ဘဲ အလင်းအား သူမစိတ်ထဲ ဝင်ခွင့်ပြုလိုက်သည်။ သူမက ခပ်ရေးရေး သဘောပေါက်သွားပြီး ရီဖူရှင်းအား ပြုံးကာ ကြည့်လိုက်သည်။ သူမက ခေါင်းကို အနည်းငယ် ညွှတ်ကာ အရိုအသေပေးရင်း ပြောလိုက်သည်။ "ကျေးဇူးအများကြီးတင်ပါတယ် ရန်ဟောင်ရီ။ ကျွန်မ သွားပြီး ကြိုးစားကြည့်လိုက်ဦးမယ်။"
"ကောင်းပြီ။" ရီဖူရှင်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။ လော့ဆုက အထက်သို့ မျောလွင့်သွားကာ သူမ၏ ခရမ်းရောင်ဝတ်ရုံကလည်း လေထဲတွင် လွင့်ဝဲနေခဲ့ပေသည်။ သူမ၏ စိတ်အာရုံက ကြယ်ကောင်းကင်ကို လွှမ်းခြုံသွား၏။ သိပ်မကြာခင်မှာပင် ကြယ်ကောင်းကင်ထက်မှ ကြယ်အလင်းရောင် ကျဆင်းလာပြီး အစွမ်းထက်သည့် မှော်တေးသွားသံစဥ်က သူမ၏ ပုံရိပ်ကို ဝန်းရံထားသည်။ ကောင်းကင်ရှိ အမျိုးမျိုးသော အင်ပါယာကြယ်များက ပေါင်းစည်းနေခဲ့သည်။
"အရမ်းမြန်တာပဲ။" ရီဖူရှင်းက အံ့သြစွာသည့် အကြည့်တို့ကို ဖော်ပြလာပြီး မှတ်ချက်ချလိုက်သည်။ ကြည့်ရသည်မှာ လော့ဆုက လိမ်နေခြင်း မဟုတ်ပေ။ ယခင်က သူမသည် အင်ပါယာကြယ်နှင့် ဆက်သွယ်နိုင်လုနီးပါးပင် ဖြစ်ကာ ရီဖူရှင်း၏ လမ်းညွှန်ပေးမှုနှင့် သူမက အချိန်တိုအတွင်း ထိုသို့ လုပ်ဆောင်နိုင်စွမ်းရှိခဲ့ပေသည်။
ကြယ်ခုနစ်ခုက စုစည်းနေကြပြီး ရီဖူရှင်းက အောက်ဘက်တွင် ရပ်ကာ စူးစမ်းလေ့လာနေသည်။ ဤတစ်ကြိမ်၌ ကြယ်မြေပုံက ပို၍ပင် ပြီးပြည့်စုံသွားပုံရသည်။
ဤသည်က နတ်ဝင်္ကပါအစီအရင်ပေလားဟု ရီဖူရှင်းက ကောင်းကင်မှ ကြယ်မြေပုံကို ကြည့်နေရင်း တွေးလိုက်သည်။ ထိုနေရာ၌ ကြယ်အလင်းများက စီးဆင်းနေသည့် မဟာအင်ပါယာ၏ ပုံရိပ်ခုနစ်ခု ရှိနေသည်။
ရီဖူရှင်းတစ်ယောက်တည်းသာလျှင် မဟာအင်ပါယာခုနစ်ပါး၏ ပုံရိပ်များကို မြင်နေရခြင်း ဖြစ်နိုင်သည်။ ကျန်သည့် ကျင့်ကြံသူများအားလုံးက အင်ပါယာကြယ်များမှ ထုတ်လွှတ်နေသော နတ်ရောင်ဝါကိုသာလျှင် မြင်နိုင်ကြပေသည်။ ကျင့်ကြံသူများက နတ်အလင်းများထဲ၌ နစ်မြုပ်နေပြီး သူတို့သည် သူတို့နှင့် ဆက်သွယ်မှုပြုထားနိုင်သည့် မဟာအင်ပါယာ၏ ပုံရိပ်ကို အာရုံခံနိုင်ရန် ကြိုးစားနေကြပေသည်။
ရီဖူရှင်း၏ အာရုံက ကြယ်ကောင်းကင်တစ်ခွင်ကို လွှမ်းခြုံထားသည်။ သူက ကြယ်များနှင့်တသားတည်း ဖြစ်လာသလို ထင်မှတ်ရပေသည်။ သူ၏ စိတ်အာရုံက ကြယ်အလင်းများနှင့် စီးဆင်းနေခဲ့သည်။ တဖြေးဖြေးနှင့် သူက ထိုစီးဆင်းနေသော ကြယ်အလင်းများနှင့် မဟာအင်ပါယာများ၏ တောက်ပသော ပုံရိပ်များက တူညီသော အရပ်မျက်နှာသို့ ဦးတည်နေသည်ကို သတိပြုမိလိုက်သည်။
ကြယ်ကောင်းကင်တစ်ခွင်လုံးက ရီဖူရှင်း၏ မျက်လုံးများထဲ ပေါ်ပေါက်လာပုံရသည်။ ပုံရိပ်များသည်ပင် ရီဖူရှင်း၏ စိတ်ထဲ၌ ပေါ်ပေါက်လာသည်။
"သူတို့က စီဝေ့မဟာအင်ပါယာနဲ့ မျက်နှာချင်းဆိုင်နေတာလား။" ရီဖူရှင်းက ပြောလိုက်ရင်း သူ၏ နှလုံးသားက တုန်လှုပ်လာသည်။ သူက ဝင်္ကပါ အစီအရင်ပုံသဏ္ဌာန်ကို စတင်၍ နားလည်လာသလို ခံစားမိပေသည်။ မဟာအင်ပါယာများ၏ ပုံရိပ်ခုနစ်ခုက စီဝေ့မဟာအင်ပါယာ ပုံရိပ်နှင့် မျက်နှာချင်းဆိုင်နေခဲ့သည်။ သို့ဆိုလျှင် ရှစ်ခုမြောက်ပုံရိပ်သည်လည်း ထိုအတိုင်းပင် ဖြစ်ရပေမည်။
မဟာအင်ပါယာများ၏ ပုံရိပ်ခုနစ်ခုက မတူညီသော နေရာများ၌ ရှိနေသည်။ ၎င်းတို့ တစ်ခုချင်းစီက နေရာတစ်ခုချင်းစီမှ အဓိကနေရာတွင် ရှိနေခဲ့သော်လည်း ရီဖူရှင်းက တစ်ခုခု ပျောက်ဆုံးနေသလို ခံစားရပေသည်။
မည်သည့်အရာ ပျောက်ဆုံးနေသနည်း။ ရီဖူရှင်း၏ စိတ်က တုန်လှုပ်နေခဲ့၏။
မဟာအင်ပါယာ ခုနစ်ယောက်၏ ပုံရိပ်များက စီဝေ့မဟာအင်ပါယာ ပုံရိပ်နှင့် မျက်နှာချင်းဆိုင်နေခဲ့သည်။
သို့ဆိုလျှင် ရှစ်ယောက်မြောက် ပုံရိပ်က မည်သည့်နေရာ၌ ရှိနေသနည်း။
သူက ကြယ်ကောင်းကင်ကို စတင်၍ ရှာဖွေလိုက်သည်။ သူသည် နောက်ဆုံးမဟာအင်ပါယာ၏ ပုံရိပ်က မည်သည့်နေရာ၌ ရှိနေသည်ကို မသိရှိပေ။ ၎င်းက မဟာအင်ပါယာများ၏ အခြားပုံရိပ်ခုနစ်ခု၏ အနေအထားနှင့် ကြယ်မြေပုံတို့နှင့် ကိုက်ညီနေသင့်ပေသည်။
အချိန်က ကုန်ဆုံးသွားခဲ့သည်။ ကျင့်ကြံသူခုနစ်ယောက်က ထိုနေရာ၌သာ ကျန်ရစ်နေရင်း အင်ပါယာကြယ်များ၏ နေရာကို ရှင်းလင်းလာစေရန် လုပ်ဆောင်နေသည်။ တစ်ချိန်တည်းတွင် ၎င်းက ရီဖူရှင်းကို မဟာအင်ပါယာများ၏ ပုံရိပ် တည်ရှိမှုကို အာရုံခံနိုင်ရန် ပို၍ လွယ်ကူလာစေသည်။ မည်သည့်အတွက်မှန်း မသေချာသော်လည်း ကြယ်ကောင်းကင်ရှိ ကျင့်ကြံသူများက ရီဖူရှင်းသည် အဋ္ဌမမြောက်ကြယ်ကို ရှာဖွေတွေ့ရှိနိုင်မည့်သူဖြစ်ကြောင်း ယုံကြည်နေကြပေသည်။
ထိုသည်မှာ သူ၏ အဆင့်အတန်း၊ စွမ်းရည်တို့နှင့် မသက်ဆိုင်ပေ။ ထိုသည်မှာ ရီဖူရှင်း ပြသခဲ့သော စွမ်းဆောင်မှုက အလွန်အမင်း သာလွန်နေသောကြောင့် ဖြစ်ပေသည်။
သူက အကောင်းဆုံး လုပ်ဆောင်ပြသွားနိုင်သည့်အတွက် အောင်မြင်ရန် အခွင့်အလမ်း အမြင့်မားဆုံး ဖြစ်ပေသည်။
ရီဖူရှင်းက ပုံရိပ်၏ တည်နေရာကို ဆုံးဖြတ်ရန် အသင့်တော်ဆုံး နည်းလမ်းကို အသုံးပြုနေပုံရလေသည်။
သို့သော် အချိန်အကြာပြီးသည့်နောက်၌ပင် ရှာမတွေ့နိုင်သေးပေ။ ဤသည်မှာ အခြားလူများအား သံသယဖြစ်လာစေရန် ပြုလုပ်နေသည်။ ရှစ်ခုမြောက်အင်ပါယာကြယ်က အမှန်တကယ် မတည်ရှိနေသည်လား။
အချိန်အတော်ကြာပြီးနောက် ရီဖူရှင်းက စိတ်မသက်မသာ ဖြစ်လာသည်။ သူက စိတ်အာရုံကို ပြန်ဆုတ်ခွာလိုက်သည်။ သူ၏ အမြင်က တဖြေးဖြေးနှင့် ပုံမှန်သို့ ပြန်လည်ရောက်ရှိလာသည်။ သူက စိတ်ထဲမှာ သက်ပြင်းချလိုက်မိသည်။ ကြယ်ကောင်းကင်က အလွန် ကျယ်ပြောကာ လျှို့ဝှက်ဆန်းကြယ်လှသည်။ သူက ၎င်း၏ လျှို့ဝှက်ဆန်းကြယ်မှုကို မဖြေရှင်းနိုင်ပေ။ ကြယ်မြေပုံက သူ လုပ်နိုင်သည့် စွမ်းဆောင်ရည်ထက် သာလွန်နေခဲ့သည်။
"ကျုပ် မဖြေရှင်းနိုင်ဘူး။" ရီဖူရှင်းက ကြယ်ကောင်းကင်၌ ရှိနေသော သူ့ကို စိုက်ကြည့်နေသူများအား ပြောလိုက်သည်။ အမှန်တွင် လက်ရှိ ရှိနေသော လူတိုင်းတွင် ကိုယ်ပိုင် ရည်ရွယ်ချက်များ ရှိသည်။ သို့သော် သူတို့က စီဝေ့မဟာအင်ပါယာ၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ရန် တူညီသော ရည်မှန်းချက်များဖြင့် စုစည်းနေကြခြင်း ဖြစ်သည်။
"ကျုပ်တို့ တကယ်ဘဲ အကြံဉာဏ်မရှိကြတော့ဘူးလား။" တစ်စုံတစ်ယောက်က သက်ပြင်းချကာ ဝမ်းနည်းစွာ ပြောလိုက်သည်။ "စီဝေ့မဟာအင်ပါယာက ရှေးခေတ်ကာလက မဟာအင်ပါယာတစ်ယောက်ပဲ။ ဒီကြယ်ကောင်းကင်ကျင့်ကြံရေး နယ်မြေတစ်ခုကို ချန်ရစ်ခဲ့တဲ့ သူ့ရည်ရွယ်ချက်က တိတိကျကျ ဘာဖြစ်နိုင်လဲ။ ဒီနေရာမှာ သိမ်းဆည်းထားတာ အင်ပါယာကြယ်ခုနစ်ခုရဲ့ ပညာရပ်တွေပဲ ဖြစ်နိုင်သလား။ စီဝေ့မဟာအင်ပါယာ ကိုင်ထားတဲ့ ကောင်းကင်စာလိပ်ကရော ဘာကြီးလဲ။ အဲဒါက ဘာကို ဆိုလိုတာလဲ။"
ရီဖူရှင်းက ထိုလူ၏ စကားများကို ကြားသည့်အခါ သူ့အကြည့်များက စီဝေ့မဟာအင်ပါယာ လက်ထဲတွင် ကိုင်ထားသည့် ကောင်းကင်စာလိပ်ထံ ပြောင်းရွှေ့သွားခဲ့သည်။ သူက ခေတ္တမျှ အံ့သြမှင်တက်သွားခဲ့၏။ ထို့နောက် သူက အခြားနေရာသို့ ကြည့်လိုက်သည်။
ထိုအခိုက်အတန့်တွင် ရီဖူရှင်း၏ နှလုံးသားက ထိန်းချုပ်မရအောင် ခုန်ပေါက်နေခဲ့သည်။
ကောင်းကင်စာလိပ်လား။ ရီဖူရှင်း၏ နှလုံးသားက တုန်ယင်လာကာ စီဝေ့မဟာအင်ပါယာ လက်ထဲမှ ကောင်းကင်စာလိပ်အား စိုက်ကြည့်နေခဲ့သည်။ ယခင်က ကျင့်ကြံသူအချို့သည် ကောင်းကင်စာလိပ်၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ရန် ကြိုးစားခဲ့သော်လည်း အားလုံး ကျရှုံးခဲ့ပေသည်။ သူတိုထဲမှ အချို့က ၎င်းကို ရရယူရန် ကြိုးစားခဲ့ပေမယ့် ကြိုးစားမှုက သဲထဲရေသွန်သာ ဖြစ်သွားရပေသည်။
မဟာအင်ပါယာများ ချန်ရစ်ခဲ့သော ပညာရပ်များက မည်သည့်အတွက်ကြောင့် ကြယ်များအတွင်း သိုလှောင်ထားရသနည်းဟု ရီဖူရှင်းက စိတ်ထဲမှ ရေရွတ်လိုက်သည်။ သူတို့အားလုံးက မှားယွင်းသော အတွေး၏ ဖမ်းစားခြင်းကို ခံလိုက်ရပုံရသည်။ စီဝေ့မဟာအင်ပါယာ၏ လက်အောက်၌ မဟာအင်ပါယာရှစ်ယောက် ရှိသည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော် မဟာအင်ပါယာများ၏ သင်ကြားမှုများက အင်ပါယာကြယ်များအဖြစ် အသွင်ပြောင်းနေရန် မလိုအပ်ပေ။
ရီဖူရှင်းက ထိုအကြောင်းကို တွေ့ရှိခဲ့ပေသည်။
***