အခန်း (၂၂၉)
Vol. 23 Ch. 229
ကျန်းကျန်းနှင့် ရှီကျွင့်ကျဲတို့ ထမင်းစားဆောင်ကို စရောက်စဉ်က လူသိပ်မများသေးပေ။
သို့သော် မကြာခင် စားသောက်ချိန်သို့ရောက်လာခဲ့ပြီး ကျောင်းသားများက ပို၍များပြားလာခဲ့သည်။
၎င်းတတို့ထဲတွင် ပြင်သစ်စာပေဌာန၊ သတင်းစာပညာဌာန၊ စီးပွားရေးဌာနမှ ကျောင်းသားများလည်း ပါဝင်သည်။
ပြင်သစ်စာပေဌာနမှ ကျောင်းသားများသည်ကတေန့ ရှီကျွင့်ကျဲမှ လီမင်ကျန်းအတွက် နေရာယူထားသည်ကို မကြာခဏ မြင်ဖူးနေကြသောကြောင့် ထိုသူတို့က ဤမြင်ကွင်းမျိုးကအား အဆင်သင့် ဖြစ်နေကြမည်ပင်။
သို့သော်လည်း အခြားဌာနနှစ်ခုမှ ယောက်ျားလေးများအတွက်မူ မိုးကြိုးပစ်ခံရသကဲ့သို့ပင် ဖြျစ်သွားခဲ့ရသည်။
ထိုသူတို့ထဲမှ ကျောင်းသားကျောင်းသူများသည်ကား အသက်အရွယ်မတူကြပါချေ။
မိန်းကလေးများထဲတွင် အသက်သုံးဆယ်ကျော်များ၊ လက်ထပ်ပြီး ကလေးရှိသူများလည်း များစွာပင် ရှိသည်။
ကျန်းကျန်းကဲ့သို့ နုနယ်ပြီး ချောမောသည့် အမျိုးသမီးပညာရှင်ဟူသည်က ရှားပါးပေသည်။
ယောက်ျားလေးများစွာက လီမင်ကျန်းကို ထိုသူတို့၏ အိပ်မက်တွင်း နတ်သမီးအဖြစ် သဘောထား၍ ဒိုင်ယာရီအတွင်း ချစ်ကဗျာများ များစွာ ရေးထားကြသည်။
သို့သော်လည်း သူတို့၏ အိပ်မက် နတ်သမီးက ရုတ်တရက် ပိုင်ရှင်ရှိလာသောကြောင့် ယောက်ျားလေးများစွာက အနည်းငယ်ခန့် ထိတ်လန့်ကြောင်အသွားခဲ့ကာ ထမင်းဘူး ကိုကိုင်၍ အစာစားရန်ပင် မေ့သွားခဲ့ကြသည်။
ထို့ကြောင့် ကျန်းကျန်း စားသောက်၍မှုအတွင်း၌ နှစ်မြှပ်နေစဉ် ပတ်ဝန်းကျင်မှ ထမင်းစားစားပွဲများသည် ပို၍ ပြည့်လာသည်ကို တွေ့လိုက်ရသည်။
ယောက်ျားလေးတစ်ဝက်သည်ကတော့ ကျန်းကျန်းကိုမြင်နိုင်သည့် ထောင့်တစ်နေရာ၌ ထိုင်၍ ဖြစ်နိုင်ချေများကို မှန်းဆနေကြတုန်းပင်။
“သူတို့က မောင်နှမတွေ ဖြစ်နိုင်တယ်”
သသည့် အတွေးဖြင့် ရန်သူ့ဘက်မှအခြေအနေကို စုံစမ်းကြသည်။
မိန်းကလေးတစ်ဝက်ကတော့ ရှီကျွင့်ကျဲကိုမြင်နိုင်သော ထောင့်တစ်နေရာ၌ ထိုင်၍ ရှီကျွင့်ကျဲ စားသောက်သည်ကို ကြည့်နေခဲ့ကြလေ၏။
မိန်းကလေးတစ်ဦး၏ ခံစားချက်ဆိုသည်ကား အမြဲတမ်း ကဗျာဆန်လေ့ရှိသည်။ ဤခေတ်ကာလ၌ ကိုယ့်ကိုယ်ကိုယ် ဖော်ပြရဲသည့် မိန်းကလေးများ သိပ်မများသော်လည်း ချောင်းကြည့်ရဲသူများမူ များစွာပင် ရှိနေသေးပေသည်။
သို့သော် သူတို့သည်လည်း ရှီကျွင့်ကျဲက ကျန်းကျန်းကို ဟင်းခပ်ပေးသည်သော်လည်းကောင်း၊ သူမကို အပြုံးနှင့်ပြည့်နေသည်ကိုသော်လည်းကောင်း တွေ့မြင်နေခဲ့ရသည်။
သူတို့၏ စားပွဲမှဇွန်းတချွင်ချွင် အသံလေးများကိုသာ အမြဲ ကြားနေခဲ့ရသည်။
ကျန်းကျန်းက အစားအသောက်များကိုသာ အာရုံစိုက်နေခဲ့ပြီး ထမင်းများ စားသည့်အချိန်ကိုရောကတော့မှသာ ဗိုက်ပြည့်နေပြီဖြစ်ကြောင်းကို သတိပြုမိလိုက်ရသည်။
ရှီကျွင့်ကျဲတစ်ယောက် ကျန်းကျန်းမှ သူမ၏ စားပွဲပေါ်မှ နောက်ဆုံးထမင်းတစ်လုပ်ကို သူမ၏ ပါးစပ်တွင်းသို့ အောင်မြင်စွာ ထည့်လိုက်သည်ကို ကြည့်နေခဲ့သည်။
ပန်းကန်တွင်း ထမင်းတစ်ဝက်မှာ ရှင်းလင်းသပ်ရပ်စွာ ကုန်ဆုံးထားခဲ့သည်။ သူမ၏ နှုတ်ခမ်းနားနှင့် လက်ချောင်းများတွင်လည်း ဆီပေကျံနေသည့်မျိုး မရှိပေ။
ကျန်းကျန်းမှာ ကျန်ရှိနေသေးသည့် ထမင်းတစ်ဝက်ကို စိုးရိမ်တကြီး ကြည့်လိုက်မိသည်။
အစားအသောက်များ ရှားပါးနေသည့်ခေတ်ကာလ၌ ကောင်းမွန်သည့် ဆန်ဟူသည်ကား အလွန်ပင်ရှားပါးလှသည်။
ထမင်းစားဆောင်၌ စားသည့်အချိန်တွင် ကျောင်းသားတစ်ဝက်ခန့်သာ ထမင်းနှင့် ပေါက်စီကိုစားနိုင်ပြီး ကျန်ရှိသည့် ကျောင်းသားတစ်ဝက်ကျော်ကမူ ပန်ကိတ်ကြီးများနှင့် အရွက်ချဉ်များကိုသာစားကြသည်။
စားသောက်၍ မကုန်သည့် ထမင်းကို လွှင့်ပစ်လိုက်သော် အခြားသူများ၏ မျက်လုံးများသာမက ကိုယ့်ကိုယ်ကိုယ်ပင် စိတ်မချမ်းသာနိုင်ပေ။
ကျန်းကျန်းတစ်ယောက် စိုးရိမ်ပူပန်နေသည့်မျက်နှာဖြင့် ထမင်းကို စိုက်ကြည့်နေသည်ကို မြင်သောအခါ ရှီကျွင့်ကျဲက မျက်ခုံးကိုပင့်၍ မေးမြန်းလိုက်သည်။
“မင်း မစားနိုင်တော့ဘူးလား”
“ဟုတ်တယာ”
ကျန်းကျန်းသည် ရှီကျွင့်ကျဲကို လက်သုံးချောင်းထောင်၍ သနားစရာမျက်လုံးလေးများဖြင့် ကြည့်လျက် ပြောလိုက်လေ၏။
“ရှင် ချက်ထားတဲ့ ဂဏန်းအသားလုံးက တကယ် အရမ်းကို အရသာရှိတယ်၊ ကျွန်မ သုံးလုံးတောင် စားလိုက်တာ၊ အခု ဗိုက်အရမ်းပြည့်နေပြီ”
ရှီကျွင့်ကျဲ ခပ်တိုးတိုး ရယ်မောလိုက်ကာ ကျန်းကျန်းဆီသို့ ခေါက်ထားသည့် တစ်ရှူးတစ်ရွက်ကို ကမ်းပေးလိုက်သည်။
“လက်သွားဆေးလိုက်တော့၊ ကျန်တာ ကိုယ့်ဆီမှာ ထားလိုက်”
ကျန်းကျန်းတစ်ယောက် အစားအသောက်များက များစွာ ကျန်ရှိနေသေးသည်ကို တွေ့သည့်အတွက် ရှီကျွင့်ကျဲမှ ထမင်းများကို ထမင်းဘူးအတွင်းသို့ ပြန်ထည့်တော့မည်ဟု ထင်ခဲ့ကာ တစ်ရှူးတစ်ရွက်ကိုယူကာ လက်နှင့်မျက်နှာကိုဆေးရန် ရေဇလုံဆီသို့ သွားလိုက်သည်။
သူမ လက်ကိုင်ပဝါဖြင့် မျက်နှာကို သုတ်ရင်း ပြန်လျှောက်လာသောအချိန်တွင် ရှီကျွင့်ကျဲမှ သူမ၏ ထမင်းကျန်များကို ဂေါ်ဖီထုပ်နှင့်ရော၍ တစ်လုပ်ချင်း စားနေသည်ကို တွေ့လိုက်ရသဖြင့် အနည်းငယ် ထိတ်လန့်သွားရလေသည်။
ကျန်းကျန်း ရှီကျွင့်ကျဲ၏ရှေ့၌ ထိုင်လိုက်ပြီး သူမ၏ ပါးပေါ်က ရေစက်များကို မသိစိတ်အရလက်ကိုင်ပဝါဖြင့် သုတ်လိုက်မိကာ ရှီကျွင့်ကျဲကို ရှက်ရွံ့စွာ ကြည့်လိုက်လေသည်။
“ဒါက ကျွန်မ စားပြီးသားလေ၊ သိပ်ပြီးသန့်မှာ မဟုတ်ဘူး”
“မဟုတ်ပါဘူး”
ရှီကျွင့်ကျဲ၏ မျက်လုံးများက ကျန်းကျန်း၏ နီမြန်းနေသည့် နှုတ်ခမ်းများကို ဝေ့ကြည့်လိုက်၍ သူ၏ မျက်နှာပေါ်က အပြုံးသည်ကား ပို၍နက်ရှိုင်းလာခဲ့သည် ။
“ကိုယ့်အတွက်တော့ ပိုပြီးအရသာရှိတယ်လို့ ထင်တယ်”
“ပါးစပ်သွက်လိုက်တာ”
ကျန်းကျန်း မျက်လုံးကိုလှိမ့်လိုက်၍ သူ့ကို ဒေါသတကြီး ကြည့်လိုက်သည်။
ရှီကျွင့်ကျဲက ခပ်တိုးတိုး ရယ်လိုက်ပြန်သည်။ သူသည် ကျန်းကျန်းကို လက်လှမ်းပြလိုက်သောကြောင့် ကျန်းကျန်းက ခေါင်းကို သူ၏အနီးသို့ ကပ်လိုက်ချိန်တွင် ရှီကျွင့်ကျဲက သူ၏ နားနား ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။
“နွေရာသီတုန်းက ကန်ဘေးမှာ မင်းနဲ့ မင်းအစ်မပြောနေတာကို ကိုယ်ကြားခဲ့တယ်၊ မင်း ကိုယ့်ကိုချောတယ်လို့ ပြောခဲ့တာလေ”
ဤစကားကို ကျန်းကျန်းက ရှီကျွင့်ကျဲအား မျက်နှာချင်းဆိုင် ပြောဖူးသော်လည်း သူ၏ နောက်ကွယ်၌ ပြောထားသည့် စကားကို ပိုင်ရှင်က ကြားသွားသောအချိန်တွင်တော့ အနည်းငယ်လောက် ရှက်စရာကောင်းသည်ဟု ခံစားစေရသည်။
ကျန်းကျန်းတစ်ယောက် ဤအခြိန်တွင် ချက်ချင်းဆိုသလို ထွက်ပြေးလိုစိတ် ပေါ်လာခဲ့ရသည်။ ကျန်းကျန်း၏ အတွေးကို တွေ့မြင်ထားပုံရသည့် ရှီကျွင့်ကျဲက သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်၍ သူမ၏ နားအနီး၌ပင် ဆက်ပြောလိုက်သည်။
“ကျန်းကျန်းက ကိုယ့်ကို ကြိုက်တယ်ဆိုတာက ကိုယ်အတွက် ကံကောင်းတာပဲ၊ တကယ်တော့ ကိုယ်လည်းမင်းကို အရမ်းလှတယ်လို့ ထင်တယ်၊ ကိုယ် မင်းကလွဲလို့ တခြားဘယ်သူ့ကိုမှ အိပ်မက်မမက်ဖူးဘူး”
အနီးအနားမှ ကျောင်းသားများက ထိုသူနှစ်ဦး၏ အသံကို မကြားနိုင်ကြသော်လည်း ရှီကျွင့်ကျဲက ကျန်းကျန်း၏ လက်ကောက်ဝတ်ကို ကိုင်ထားသည့် အမူအရာဟန်ပန်သည်ကား အလွန်သိသာလွန်းလှပေသည်။ ထို့ကြောင့် လူအုပ်စုများက ချက်ချင်းပင် တုန်လှုပ်သွားခဲ့ကြသည်။
ကျန်းကျန်း၏ အသိစိတ်အောက်၌ ပတ်ဝန်းကျင်မှ ကျောင်းသားများ၏ တုန်လှုပ်နေသည့်၊ စိတ်မကောင်းဖြစ်နေသည့်အမူအရာများကို မြင်တွေ့နေခဲ့ရပြီး တစ်ဖက်မှ ကျောင်းသူများ၏ စူးရဲသောမျက်လုံးများနှင့် နှုတ်ခမ်းကို ကိုက်နေသည့် မျက်နှာအမူအရာများက ကျန်းကျန်း၏ စိတ်တွင်း၌ ရှင်းရှင်းလင်းလင်း ပေါ်လာခဲ့လေသည်။
ကျန်းကျန်းက တစ်ဖက်လူ၏ နီးကပ်နေသည့် နှုတ်ခမ်းများကို ဘေးဘက်မှ ကြည့်၍ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်သည်။
ထို့နောက် သူမ၏ မျက်လုံးကို အပေါ်ဘက်သို့ ပြောင်း၍ပင့်မ,ကြည့်လိုက်လျှင် သူ၏ ရှည်လျားကွေးညွတ်နေသည့် မျက်တောင်များဆီကို ရောက်သွားသည်။
ရှီကျွန့်ကျဲ၏ မျက်လုံးများက ကျန်းကျန်း၏ မျက်လုံးများကို အနီးကပ် လိုက်ကြည့်နေခဲ့သည်။ နှစ်ဦးသား မျက်လုံးချင်းဆုံသောအခါ ရှီကျွန့်ကျဲက ရုတ်တရက် ပြုံးလိုက်လေ၏ ။
“ကျန်းကျန်း၊ မင်း ဘာလို့ ဒီလောက် တောင် ချစ်စရာကောင်းရတာလဲ”
လူအများကြား၌ ထိုမျှကလူပျီစယ်နိုင်သည်လား။
ပတ်ဝန်းကျင်မှ ဇွန်းကိုက်သံများ သူ မကြားသည်လား။
ဤမျှများပြားသော တစ်ဖက်သတ်အချစ်သမားများစွာကို ဂရုစိုက်စရာ မလိုအပ်သည်လား။
ရှီကျွင့်ကျဲက ကျန်းကျန်း၏လက်ကို လွှတ်ပေးလိုက်သောအချိန်တွင် ကျန်းကျန်းက ခုံပေါ် ပြန်ထိုင်၍ နီရဲနေသည့် ပါးပြင်များကို တို့ထိလိုက်မိသည်။
ကျန်းကျန်း နားမလည်နိုင်ခဲ့ပေ။ သူမကိုယ်တိုင်မှ အစပျိုးကာ တစ်ဖက်လူ၏ လက်ကိုဆွဲ၍ ဝန်ခံစဉ်ကပင် မရှက်ခဲ့ဘဲ ယခုမူ အဘယ်ကြောင့် ဤမျှ ရိုးရှင်းသည့် စကားလုံးများက သူမ၏ ပါးပြင်ကို နီရဲစေသည်လဲ။
ကျန်းကျန်း အကြာကြီး စဉ်းစားပြီးမှ သူမ၏ မျက်နှာကြောင့်ပင် ဖြစ်ရမည်ဟု ခံစားမိရသည်။
ရှီကျွင့်ကျဲက သူမ၏ ထမင်းကျန်များကို စိတ်ပါလက်ပါ စားနေသည်ကို မြင်သောအခါ ကျန်းကျန်း၏ နှလုံးသားထဲတွင် ချိုမြိန်သွားသည်။ ဤကဲ့သို့ လှပသည့် မျက်နှာကို မည်သည့်အခါမျှ နမ်းနိုင်မည်ကို မသိတော့ပေ။
စားသောက်ပြီးသော် ရှီကျွင့်ကျဲက ဆေးပြီးသား ထမင်းဘူးကို အဆောင်ပြန်ပို့၍ ကျန်းကျန်းနှင့်အတူ ကစားကွင်းသို့ ပတ်ကာ အစာကြေစေရန် လမ်းလျှောက်နေခဲ့ကြသည်။
ဤနေ့ တွင်နေ့ခင်းဘက်၌ နေသာသည့်အတွက် နေဝင်သွားသော်လည်း သိပ်မအေးတော့ပေ။
ကစားကွင်းအတွင်း၌ ယောက်ျားလေး ဆယ်ဂဏန်းခန့်က ပွဲကြည့်စင်၌ ထိုင်၍ ကဗျာများကို အသံကျယ်ကျယ်ဖြင့် ရွတ်ဆိုနေခဲ့ကြသည်။
ကျန်းကျန်း ထိုဘက်သို့ လှည့်ကြည့်လိုက်သောအခါ အလွန်ရင်းနှီးသည့် မျက်နှာအချို့ကို တွေ့လိုက်ရသည်။
ဤခေတ်ကာလသည်ကား ကဗျာများ ခေတ်စားနေသည့်ခေတ်ပင်ဖြစ်ချေသည်။
ကျောင်းမှ ထွက်ပေါ်လာမည့် ကဗျာဆရာများသည်ကား စာပေဌာနမှ ကျောင်းသားများသာမကပေ။
ဥပဒေဌာန၊ စီးပွားရေးဌာနနှင့် စပိန်စာပေဌာနမှ လူများစွာက ကဗျာအသင်းကို ဝင်ရောက်ခဲ့ကြသည်။
တချို့ဆိုလျှင် မဂ္ဂဇင်းများတွင် ကဗျာများစွာကို မကြာခဏ ထုတ်ဝေကြသည့်အတွက် အတော်အတန် နာမည်ရကြသည်။
ကျန်းကျန်း၏ မျက်လုံးများက ပွဲကြည့်စင်ဆီသို့ ရောက်သွားသောအခါ ရှီကျွင့်ကျဲက ကျန်းကျန်း၏ လက်လေးကို လှမ်းကိုင်လိုက်သည်။
“ကိုယ် ကျောင်းသားသမဂ္ဂကို ဝင်ဖို့ လျှောက်ချင်တယ်”
ကျန်းကျန်း ပွဲကြည့်စင်မှ မျက်လုံးပြန်ရုတ်၍ ရှီကျွင့်ကျဲနှင့် မျက်လုံးချင်းဆုံလိုက်သည်။
“အဲဒါ ကောင်းတဲ့ ကိစ္စပဲ”
“တကယ်လား”
ကျန်းကျန်းက သူ့ကို ထောက်ခံသည်ကို မြင်သောအခါ ရှီကျွင့်ကျဲ၏ မျက်ခုံးနှင့် မျက်လုံးများ အနည်းငယ်ပိုဝိုင်းလာ၍ သူ၏ အပြုံးအတွင်း၌ ရှက်ရွံ့မှုလေး ပါဝင်သည်။
“ကိုယ်လည်း ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ဖို့၊ ဆက်ဆံရေးတွေ တည်ဆောက်ဖို့၊ အနာဂတ်အတွက် ကောင်းကောင်း နားလည်ဖို့ သက်ဆိုင်ရာ စီမံခန့်ခွဲမှု အတွေ့အကြုံ ပိုရချင်တယ်၊ အလုပ်မှာလည်း အထောက်အကူ ဖြစ်စေတယ်လေ”
ကျန်းကျန်းသည်လည်း လက်ရှိ ကျောင်းသားသမဂ္ဂ၏ ဥက္ကဋ္ဌကို သတိရ၍ ချက်ချင်း ခေါင်းညိတ်လိုက်သည်။
“ရှင် နိုင်ငံခြားရေးဌာနကို ဝင်မယ်လို့ သေချာတယ်ဆိုရင်တော့ ကျောင်းသားသမဂ္ဂကို လုံးဝ ဝင်သင့်တယ်”
“ဒါဆို မင်းကရော ဘယ်ကလပ်ကို ဝင်ချင်သေးလဲ”
ရှီကျွန့်ကျဲ သူ၏ လက်အတွင်းမှ မရိုးသားသည့် လက်အသေးလေးကို ခံစားမိသောကြောင့် သူ၏ အပြုံးသည်က မရပ်နိုင်တော့ပေ။
**