← Chapters

အခန်း (၂၂၈)

Vol. 23 Ch. 228

အခန်း (၂၂၈)

Vol. 23 Ch. 228

“တီတီ...”

ကားဟွန်းသံ ထွက်ပေါ်လာသောကြောင့် ကျန်းကျန်းက အနောက်ဘက်ကိုလှည့်ကြည့်လိုက်မိလျှင် ဘတ်စ်ကား ရောက်လာသည်ကို တွေ့လိုက်ရလေသည်။

ထို့ကြောင့် ကားတံခါးပွင့်သည်နှင့် ကျန်းကျန်းက ရှီကျွင့်ကျဲ၏လက်ကို အမြန်ဆွဲ၍ ကားပေါ်သို့ တက်သွားခဲ့သည်။

ဝက်နံရိုးကြော် ထည့်ထားသည့် စက္ကူအိတ်ကို ကိုင်ထားသည့် လီမင်ပေမှာ ချက်ချင်းပင် ဆွံ့အသွားခဲ့ရချေသည်။

“ရှီကျွင့်ကျဲက ကျန်းကျန်းရဲ့လက်ကို မထိရဘူးလို့ ငါပြောထားတာ၊ ဒါပေမဲ့ ကျန်းကျန်းကပဲ သူများရဲ့လက်ကို အရင်သွားကိုင်လိုက်တယ်၊ ဒါကို ဘယ်လိုလုပ်ရမှာလဲ”

ကျန်းကျန်းကတော့ ရှီကျွင့်ကျဲ၏ လက်ကို ဆွဲ၍ နှစ်ယောက်ထိုင်ခုံကို ချက်ချင်း ရှာလိုက်သည်။

ကျန်းကျန်းက ပြတင်းပေါက်ဘေး၌ ထိုင်ပြီးနောက် သူမ ရှီကျွင့်ကျဲ၏ လက်ထဲမှ ထမင်းဘူးများကို သေသေချာချာ ဂရုတစိုက် ယူလိုက်သည်။

သူမက လမ်းတွင် ဖိတ်သွားမည် စိုးရိမ်နေခဲ့ပေသည်သာ။

ရှီကျွင့်ကျဲက ခုံ၏ နေရာများစွာကို ဘူးများကိုချ၍ထိုင်နေသည့် ကျန်းကျန်းကို ကြည့်၍ ရုတ်တရက် အနည်းငယ် စိတ်မကောင်း ဖြစ်သွားသည်။

“တကယ်တော့ အဲဒီထမင်းဘူးတွေကိုကိုယ်ကိုင်ထားလို့ ရပါတယ်”

“မရဘူး”

ကျန်းကျန်းက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

“ကျွန်မတို့နှစ်ယောက်က လက်ချင်းတွဲထားရမှာလေ”

လီမင်ပေက ကျန်းကျန်းဘေးသို့ လျှောက်လာနေချိန်တွင် ကျန်းကျန်း၏ ပြောစကားကို ကြားလိုက်ရပြီး သူ့၏ခြေထောက်ပင် ချော်၍ လဲတော့မည်နှယ် ဖြစ်သွားရသည်။

သူက လက်တစ်ဖက်က လက်ကိုင်တန်းကို ဆုပ်ကိုင်ထား၍ ကျန်လက်တစ်ဖက်က စက္ကူအိတ်ကို ကိုင်ထားရသည့်အတွက် ကြောင့်သာ မလဲသွားခြင်းဖြစ်ပေသည်။

သို့သော် ထွတ်လန််စိတ်ကြောင့် မျက်နှာက ဖြူဖတ်ဖြူလျော် ဖြစ်နေရသည်။

ဝမ်ရှင်းဝမ့်တစ်ယောက် ဗိုက်ကို ဖိကိုင်၍ ထိုင်လိုက်သည်နှင့် လီမင်ပေ၏ ရှက်ရွံ့နေသည့် ပုံစံကို မြင်သောကြောင်း ချက်ချင်း ပြုံးလိုက်မိသည်။

“ဘာလို့ ဒီလောက်တောင် တုံးအရတာလဲ”

မင်ပေက လက်ကိုင်တန်းကို သတိထား၍ ကိုင်ကာ နောက်ဘက်သို့ လျှောက်သွားခဲ့ပြီး ဝမ်ရှင်းဝမ့်၏ဘေး၌ ထိုင်လိုက်သည်။

ထို့နောက် ရှေ့ခုံ၌ ထိုင်နေသည့် ရှီကျွင့်ကျဲမှ ခုံကို ကပ်ထိုင်၍ ကျန်းကျန်းအတွက် နေရာတစ်ဝက် ချန်ထားသည်ကို မြင်လိုက်ရချေသည်။

ကျန်းကျန်းက သူ ပြုတ်ကျသွားမည်စိုး၍ သူ၏လက်မောင်းကိုပင် တင်းတင်းဆုပ်ကိုင်၍ ပြန်ဆွဲလိုက်သေးသည်။

သူတို့နှစ်ဦးက နေရာတွင် ကောင်းမွန်စွာ ထိုင်နိုင်ရန် အချိန် အတော်ကြာအောင် ပြုလုပ်နေကြရသည်။

ကျန်းကျန်းနှင့် ရှီကျွင့်ကျဲတို့က ဘေးချင်းကပ်လျက် ရှိနေကြသည်။ ကုလားထိုင်၏ နောက်ကျောဘက်က ကွယ်နေသော်လည်း သူတို့နှစ်ဦး လက်ချင်းတွဲထားသည်ကိုတော့ ခန့်မှန်း၍ ရနိုင်သည်။

လီမင်ပေတစ်ယောက် သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်၍ အဖွားဖြစ်သူပေးသည့် တာဝန်မှာ အလွန် ခက်ခဲလွန်းသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

သူ့အထင်၌ မိန်းကလေးများဆိုသည်မှာ လက်ကို ထိလိုက်ရုံနှင့် လည်ပင်းရင်းအထိ နီရဲ၍ ရှက်ရွံ့နေရသည် မဟုတ်သည်လော။

သူ့၏ ဤညီမငယ်တွင်ကျမှ မည်သည်ပြသနားများဖြစ်နေရသည်နည်း။

ပတ်ဝန်းကျင်၌ မည်သူမျှ မရှိသည်ကို မြင်သောအခါ ဝမ်ရှင်းဝမ်က လီမင်ပေ၏ လက်မောင်းကို လှမ်းဆွဲ၍ ခေါင်းလေးကို ကပ်ကာ တီးတိုးလေး မေးလိုက်သည်။

“ဘာတွေ သက်ပြင်းချနေပြန်တာလဲ”

လီမင်ပေက သူ၏ သေးငယ်လှသည့် ချစ်ဇနီးလေးကို ငုံ့ကြည့်လိုက်မိပြီး သူ ဝမ်ရှင်းဝမ်နှင့် ချိန်းတွေ့စဉ်ကလည်း ဤမိန်းကလေးမှပင် သူ့ကို လိုက်ခဲ့ဖူးသည်ကို သတိရသွားသည်။

ထို့ကြောင့် လီမင်ပေလည်း ဝမ်ရှင်းဝမ့် ၏ နှာခေါင်းလေးကို ဆွဲညှစ်၍ နားမလည်စွာ ကြည့်လျက် မေးလိုက်မိသည်

“မင်းက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ရဲတင်းနေရတာလဲ၊ ယောက်ျားလေးတစ်ယောက်ကို ချိန်းတွေ့ချင်တယ်လို့တောင် ကိုယ်တိုင်ဘက်ကနေ အစပျိုးပြီး ပြောရဲရတယ်လို့”

ဝမ်ရှင်းဝမ့်က သူ၏ လက်ချောင်းလေးများဖြင့် မင်ပေ၏ လက်ဖဝါးကြီးတွင်းမှ ပါးလွှာသည့် အမာရွတ်လေးများကို ပွတ်သပ်ရင်း ပြောလိုက်မိသည်။

“ဒါက ဘာများ ဆန်းလို့လဲ၊ ကျွန်မကသာ ပြောဖို့မဝံမရဲဘဲ အရမ်းတင်းကျပ်နေမယ်ရင် အခု ရှင်က ဘယ်လိုမျိုးဖြစ်နေလောက်မှာလဲ”

သူမက လက်ကို ဆန့်ထုတ်၍ လီမင်ပေနှင့် လက်ချောင်းချင်း ယှက်လိမ်လိုက်သည်။ ထို့နောက် လီမင်ပေ၏ အမူအရာကို ကြည့်ကာ ဝမ်ရှင်းဝမ် တခစ်ခစ် ရယ်မိပြန်သည်။

ဝမ်ရှင်းဝမ့်သည်ကား ကလေးအမေတစ်ယောက်နှင့် လုံးဝကို မတူပါချေ။

လီမင်ပေ၏ အတွေးများသည် ကျန်းကျန်းဆီမှ ချက်ချင်း ဆွဲထုတ်ခံလိုက်ရသည်။

သူသည်ကား ညီမဖြစ်သူကို ဂရုမစိုက်လိုသည် မဟုတ်ပါချေ။ တကယ်တမ်းတွင် တစ်ဖက်လူကို အခွင့်အရေးယူနေသူက ကျန်းကျန်းပင် ဖြစ်သည်မဟုတ်ပါလား။

သူ့အနေဖြင့် သူမ၏ လက်သေးသေးလေးဖြင့် တစခြားလူတစ်ဦး၏ မျက်နှာကို တို့ထိနေသည်ကို မမြင်ရလျှင်ပင် သူတို့၏ညီမဖြစ်သည့် ဤမိန်းကလေးသည်ကား အလွန်ရဲတင်းသည်ဖြစ်ကြောင်း သိနိုင်သည်ပင်။

လီမင်ပေ လက်ထဲမှ ပူနွေးနေဆဲ အိတ်ကို ဖွင့်လိုက်လျှင် အတွင်း၌ ခရင်းတစ်ချောင်းပင် ပါဝင်သေးသည်ကို တွေ့လိုက်ရသည်။

သူ၏ အနာဂတ် ယောက်ဖအပေါ် လီမင်ပေ၏ ချစ်ခင်မှုသည်က ချက်ချင်း တိုးလာခဲ့ပြီး နံရိုးတစ်တုံးကို ခရင်းဖြင့် ထိုးကာ ဝမ်ရှင်းဝမ့်၏ ပါးစပ်နားသို့ ကမ်းပေးလိုက်သည် ။

“နှစ်တုံးလောက် စားဦးမလား၊ ကျောင်းကိုနေ ပြန်ရောက်တဲ့အထိစောင့်နေမယ်ဆိုရင် နာရီဝက်လောက် ကြာဦးမယ်၊ အဲဒီအချိန်ကျရင် မင်းဗိုက်ဆာနေလောက်ပြီ”

ဝက်သားနံရိုး၏ရနံ့ကို ရရှိလိုက်သည်နှင့် ဝမ်ရှင်းဝမ့်တစ်ယောက် အမှန်တကယ်ပင် ဗိုက်ဆာလာရသည်။

သူမက ပါးစပ်ကိုဖွင့်၍ တစ်ကိုက် ကိုက်လိုက်ရာ ကြွပ်ရွကာ မွှေးနေခဲ့၍ ဆီများခြင်းလည်းမရှိသလို အီလည်း မအီပါပေ။

ရှီကျွန့်ကျဲမှ မည်သို့ကြော်ထားသည်ကိုတော့ မသိသော်လည်း ဝမ်ရှင်းဝမ့်တစ်ယောက် အလွန် ကြိုက်နှစ်သက်သွားရသည်။

ထို့ကြောင့် တစ်တုံးစားပြီးသည်နှင့် လီမင်ပေကို စားခိုင်းလိုက်သည်။ သူတို့ဇနီးမောင်နှံနှစ်ဦးက တစ်ယောက်ကို တစ်ကိုက်စီ စားရင်း မှတ်တိုင်ခုနစ်ခု ရှစ်ခုခန့် အရောက်တွင် အိတ်တစ်ဝက်ခန့် ကုန်သွားတော့သည်။

ကာ့ပေါ်တွင် လူများ များပြားလာသည်ကို မြင်လိုက်ရပြီး နောက်ဘက်တွင်ပါ လူများပြည့်လာသည့်အတွက် ဝမ်ရှင်းဝမ်သည် နံရိုးများကို သိမ်းလိုက်လေ၏။

လီမင်ပေက ဝမ်ရှင်းဝမ် သောက်ရန် ရေနွေးခွက်တစ်ခွက် ငဲ့ပေးခဲ့သည်။

ဘက်စ်ကားက ကျောင်းဂိတ်၌ ရပ်လိုက်သောအချိန်တွင် ကျန်းကျန်းနှင့် ရှီကျွန့်ကျဲတို့က ထမင်းဘူးများကို ကိုင်လျက် ကားပေါ်မှ တစ်ဦးပြီးတစ်ဦး ဆင်းလာခဲ့ကြသည်။

လီမင်ပေသည်လည်း ဝမ်ရှင်းဝမ်ကို ဘူတာရုံမှ ဆင်းရန် ကူညီပြီးသည့်နောက် ကျန်းကျန်းနှင့် ရှီကျွန့်ကျဲတို့ နှစ်ဦးစလုံး ကျောင်းဂိတ်အတွင်းသို့ ဝင်သွားသည်ကို တွေ့လိုက်ရလေသည်။

လီမင်ပေသည် အချိန်အကြာကြီး ကြောင်အပြီးမှ သတိပြန်ဝင်လာကာ ဝမ်ရှင်းဝမ့်ကို မေးမိသည် ။

“သူတို့ ဘာလို့ ဒီလောက် မြန်မြန်ပြေးသွားကြတာလဲ”

“ကျွန်မတို့ဆီက ထွက်ပြေးဖို့အတွက်ပဲဖြစ်မှာပေါ့”

ဝမ်ရှင်းဝမ်က ဤအကြောင်းကို ကောင်းစွာ နားလည်ထားခဲ့ပြီး လီမင်ပေ၏ လက်ကို ညှစ်ကာမျက်စောင်းထိုး၍ ပြောလိုက်သည်။

“ကျန်းကျန်းက ကိစ္စတွေကို ရှင်းရှင်းလင်းလင်း သိတယ်၊ ရှင် ဝင်မရှုပ်နဲ့”

“သူက သိတယ်ဆိုတော့ ကိုယ်က မသိဘူးလို့ပြောချင်တာလား”

လီမင်ပေတစ်ယောက် ဝမ်းနည်းစွာ သက်ပြင်းချ၍ ဝမ်ရှင်းဝမ့်ကို မသေချာစွာ ကြည့်ရင်း ဆက်ပြောလာသည်။

“မင်းပြောကြည့်ပါဦး၊ ကိုယ်က အစ်ကိုတစ်ယောက်ပဲလေ၊ နောက်အပတ် အိမ်ပြန်ရောက်ရင် ကိုယ့်ရဲ့အဖေက ကိုယ့်ကို ခြေထောက်နဲ့ ကန်ထုတ်မှာ မဟုတ်ဘူးလား”

ထမင်းစားဆောင်ဆီသို့ ပျော်ပျော်ရွှင်ရွှင် ပြေးနေသည့် ကျန်းကျန်းကတော့ သူမကြောင့် သူမ၏ ရိုးသားဖြောင့်မတ်သည့် စတုတ္ထအစ်ကို ဒုက္ခရောက်နေသည်ကိုပင် သတိမထားမိပေ။

ရှီကျွန့်ကျဲက ထမင်းဘူးများကို စားပွဲပေါ်သို့ တင်လိုက်၍ သူတို့နှစ်ဦး လက်ဆေးပြီး ပန်းကန်ခွက်ယောက်များကို ယူလာကြသည်။

ထမင်းဘူးကို စားပွဲပေါ်သို့ တင်လိုက်ပြီးနောက် ကျန်းကျန်း၏ မျှော်လင့်နေသည့် မျက်လုံးများအောက်၌ ရှီကျွန့်ကျဲက ထမင်းဘူးအဖုံးများကို တစ်ခုချင်းစီ ဖွင့်လိုက်သည်။

ဂဏန်းအသားလုံး၊ ခိုကောင်ကြော်၊ ဝက်နံရိုးချိုချဉ်၊ သစ်အယ်သီးနှင့် ဂေါ်ဖီထုပ်၊ ဟင်းချိုအတွင်းမှ ခရုများ...

ပန်းကန်များသည်ကား မတိုင်ခင်က နေ့လယ်စာခန့် လှပခြင်းမျိုး မရှိသော်လည်း အနံ့ခံကြည့်ရုံဖြင့် အရသာက နေ့လယ်စာထက် မနိမ့်သည်က သိသာသည်။

ရှီကျွန့်ကျဲက ထမင်းနှစ်ပန်းကန် ဝယ်လာပြီး ကျန်းကျန်း၏ ရှေ့၌ တစ်ပန်းကန်ချပေးကာ တူတစ်စုံ ကမ်းပေးလိုက်သည် ။

“ထမင်းဘူးထဲမှာ ထည့်ထားရတော့ အရသာကို ထိခိုက်မလား မသိဘူး၊ မင်းမြည်းကြည့်ပါဦး”

“အင်း”

ကျန်းကျန်းသည် ခေါင်းညိတ်၍ ဂဏန်းအသားလုံးတစ်လုံးကို ပါးစပ်ထဲသို့ အငမ်းမရ ထည့်လိုက်သည်။

အသားလုံးသည်ကား နူးညံ့ပြီး ပန်းရောင်သန်းနေကာ ဂဏန်းနံ့လေးများ သင်းနေခဲ့သည်။ ကျန်းကျန်း တစ်ကိုက်ကိုက်လိုက်သည်နှင့် ပါးစပ်တွင်း၌ အသားများ ပြည့်နေသကဲ့သို့ ခံစားရကာ တူတစ်စုံကိုပါ ပါးစပ်တွင်းသို့ မထည့်ဘဲ မနေနိုင်တော့ပေ။

ကျန်းကျန်း စားကြည့်ကာ သဘောကျနေသည်ကို မြင်နေရသောကြောင့် ရှီကျွန့်ကျဲတစ်ယောက် ကျေနပ်စွာ ပြုံးလိုက်မိသည်။

သူသည် ဂဏန်းအသားလုံးဟင်းအတွင်းမှ ဟင်းသီးဟင်းရွက်တစ်ခုကို ယူ၍ ကျန်းကျန်း၏ ပန်းကန်တွင်း ထည့်ပေးလိုက်သည်။

“ဒီဟင်းသီးဟင်းရွက်က ဂဏန်းအသားလုံးနဲ့အတူ ပေါင်းထားတာ၊ အသားအရသာပါတယ်၊ မင်းမြည်းကြည့်”

ကျန်းကျန်းမှာ ဟင်းများက ပါးစပ်အပြည့် ဖြစ်နေ၍ စကားပြောရန်ပင် နေရာလွတ်မရှိခဲ့ပေ။

သူမက ပါးစပ်တွင်းမှ ဂဏန်းအသားလုံးကို မျိုချလိုက်သည်နှင့် စကားပြောရန်ပင် အချိန်မဆွဲနိုင်ဘဲ ဟင်းသီးဟင်းရွက်များကို ပါးစပ်တွင်းသို့ ထည့်လိုက်မိသည်။

စင်စစ်ပင် ဂဏန်းအသားလုံးနှင့် အတူပါဝင်သည့် ဂေါ်ဖီထုပ်က ကြွပ်စပ်နေခြင်း မရှိတော့ပေ။

နူးညံ့ပျော့အိပြီး အသားနံ့နှင့် ဂဏန်းအရသာလေးလည်း ပါဝင်နေခဲ့သည်။

ကျန်းကျန်း ထမင်းတစ်လုပ် စားပြီးနောက် နီရဲတောက်ပနေသည့် ဝက်နံရိုးချိုချဉ်တစ်တုံးကို ညှပ်ယူလိုက်သည်။

အပြင်ဘက်က ချိုချဉ်အရသာ ရှိသော်လည်း အတွင်းကတော့ ငန်ချိုချိုလေး ဖြစ်နေခဲ့ သည်။ အသားက ကြွပ်၍ အတွင်းဘက်၌အရည်ရွှမ်းကာ အရသာရှိလွန်းသည်။

အတွင်းပိုင်း အရိုးများပင် နူးအိကြွနေခဲ့သည်။

ကျန်းကျန်း စွပာပြုတ်ဟင်းရည်ကို တစ်ငုံ သောက်ကြည့်လိုက်သည်။

“အရမ်းမွှေးပြီး အရသာရှိလွန်းတာပဲ”

ကျန်းကျန်းတစ်ယောက် တောက်ပသည့် မျက်လုံးများဖြင့် ရှီကျွန့်ကျဲကို ကြည့်၍ ပြောလာခဲ့လေ၏။

“ဘယ်လိုလုပ်ပြီး ဒီလောက်ထိ အရသာရှိအောင် ချက်နိုင်တာလဲ၊ ဒီတစ်နပ်စားပြီးရင် တစ်ပတ်လောက် ထမင်းစားဆောင်မှာ စားလို့ရနိုင်တော့မယ် မထင်ဘူး”

ရှီကျွန့်ကျဲက ကျန်းကျန်းအတွက် ခရုဟင်းရည်တစ်ပန်းကန် ခပ်ပေးလိုက်သည်။ သူ၏ မျက်လုံးတွင်းမှ နူးညံ့မှုမျာ့က ချိုချဉ်ဝက်နံရိုးတွင်းမှ ဟင်းရည်ထက်ပင် ချိုမြိန်နေသည် ။

“စွပ်ပြုတ်ဟင်းရည်နှစ်ငုံလောက် သောက်လိုက်ဦး၊ မသီးစေနဲ့”

ဟင်းရည်အတွင်းမှ ခရုများသည်လည်း နူးအိ၍ အလွန်အရသာရှိလေသည်။ ကျန်းကျန်း ဟင်းရည်နှင့်အတူ တစ်ငုံသောက်လိုက်သောအခါ ပို၍ပင် ဗိုက်ဆာလာသကဲ့သို့ ခံစားလိုက်ရသည်။

**

All Chapters