← Chapters

ဖော်ထုတ်ခြင်း

Vol. 157 Ch. 2234

ဖော်ထုတ်ခြင်း

Vol. 157 Ch. 2234

ရီဖူရှင်းက မဟာအင်ပါယာ ကိုင်ထားသော ကောင်းကင်စာလိပ်ရှိရာသို့ သွားခဲ့ပေသည်။ ကောင်းကင်စာလိပ်က ကြယ်အလင်းရောင်မှ ပြောင်းလဲခံထားရသလို ထင်မှတ်ရကာ နားလည်ရခက်ခဲပြီး ထိတွေ့မရနိုင်သလိုပင် ဖြစ်သည်။

ရီ​ဖူရှင်း၏ စိတ်အာရုံက မဟာလမ်းစဥ် နတ်အလင်းတို့ဖြင့် ဝန်းရံခံထားရသော ကောင်းကင်စာလိပ်ထံ မျောလွင့်သွားလေသည်။ သူ ယခင်က အင်ပါယာကြယ်များနှင့် ဆက်သွယ်စဥ်ကကဲ့သို့ တူညီသော နည်းလမ်းကို သုံးကာ ကောင်းကင်စာလိပ်နှင့် ဆက်သွယ်ချင်နေသည်။ သို့သော် ကောင်းကင်စာလိပ်က အဆုံးမဲ့ နတ်အလင်းတို့နှင့် လွှမ်းခြုံခံထားရကာ စီဝေ့မဟာအင်ပါယာ၏ လက်အတွင်း၌ တိတ်ဆိတ်စွာ ကျန်ရှိနေရင်း အနည်းငယ်မျှပင် ပြောင်းလဲမသွားခဲ့ပေ။

ကြယ်ကောင်းကင်ရှိ ​ကျင့်ကြံသူများသည် ရီဖူရှင်း၏ အပြုအမူကို မြင်သည့်အခါ အံ့အားသင့်မှုတို့က သူတို့ မျက်နှာများထက် ဖြတ်ပြေးသွားပြီး သူတို့ မျက်လုံးများက ကောင်းကင်စာလိပ်ကို အာရုံစိုက်နေကြသည်။

လူတိုင်းသည် ရီဖူရှင်းက ကြယ်ကောင်းကင်၏ လျှို့ဝှက်ချက်ကို ဖြေရှင်းကာ ရှစ်ခုမြောက်အင်ပါယာကြယ်ကို ရှာဖွေရန် ကြိုးစားနေသည်အား သိကြပေသည်။ သို့သော် သူက မည်သည့်အတွက်ကြောင့် ကောင်းကင်စာလိပ်ထံ ရွေ့လျားသွားနေရသနည်း။ သူက တစ်ခုခုကို ရှာဖွေတွေ့ရှိသွားသည်လား။

"အင်ပါယာရီ။" ကြယ်ကောင်းကင်မှ တစ်စုံတစ်ယောက်က မေးလိုက်သည်။ "ကောင်းကင်စာလိပ်မှာ လျှို့ဝှက်ချက် တစ်ခုခု ရှိနေလို့လား။"

ရီဖူရှင်း၏ မျက်လုံးများက ကောင်းကင်စာလိပ်ပေါ်၌သာ ရှိနေခဲ့သည်။ သူက တစ်ဖက်လူ၏ အမေးကို ပြန်ဖြေလိုက်သည်။ "စီဝေ့မဟာအင်ပါယာရဲ့ လက်အောက်မှာ ရှိတဲ့ မဟာအင်ပါယာရှစ်ယောက်ထဲမှာ အင်ပါယာကြယ် ခုနစ်ခုကို ရှာတွေ့ပြီးပြီ။ ဒါပေမယ့် ကြယ်ကောင်းကင်မှာ ရှစ်ခုမြောက်အင်ပါယာကြယ် တည်ရှိနေတာမျိုးကို မမြင်ရဘူး။ ကျုပ်ရဲ့ ခန့်မှန်းချက်အရတော့ မဟာအင်ပါယာရှစ်ယောက်လုံးရဲ့ အမွေအနှစ်စွမ်းအားတွေက အင်ပါယာကြယ်အဖြစ် ပြောင်းလဲသွားဖို့ မလိုအပ်ဘူး။ အဲဒါက ဘာလို့ ကောင်းကင်စာလိပ်အဖြစ် မပြောင်းလဲနိုင်ရမှာလဲ။"

သူက အခြားလူများထံမှ တစ်ခုခုကို ဖုံးကွယ်ထားခြင်း မရှိပေ။ ကြယ်ကောင်းကင်မှာ ရှိသော ကျင့်ကြံသူအားလုံးက သူ လုပ်သမျှအရာအားလုံးကို မြင်တွေ့ကြပေသည်။ သူက မည်သည့်အရာကိုမှ ဖုံးကွယ်မထားနိုင်လျှင် တစ်ခုခုကို ကွယ်ဝှက်ထားခြင်းမျိုး မလုပ်ချင်ပေ။ စီဝေ့မဟာအင်ပါယာ၏ အမွေအနှစ် လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်သည့် မည်သူမဆို မိမိ၏ ကိုယ်ပိုင်စွမ်းရည်အပေါ် မျှမျှတတ မှီခိုရပေလိမ့်မည်။

"မင်း ပြောတာ ဒီကောင်းကင်စာလိပ်က ရှစ်ယောက်မြောက် မဟာအင်ပါယာ ချန်ခဲ့တဲ့ အမွေအနှစ်လို့လား။" နောက်တစ်ယောက်က မေးလိုက်သည်။

"ဒါက ခန့်မှန်းချက်သက်သက်ပဲ ဖြစ်ပြီးတော့ အတည်မပြုရသေးဘူး။" ရီဖူရှင်းက တုံ့ပြန်လိုက်သည်။ "ကျုပ်တို့ အတူတူ ကြိုးစားကြည့်ပြီး ကောင်းကင်စာလိပ်ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်လား ကြည့်ကြတာပေါ့။"

"ကောင်းပြီ။" ရီဖူရှင်း၏ စကားများကို ကြားသည့်အခါ ကျင့်ကြံသူများအားလုံးက ကောင်းကင်စာလိပ်ရှိရာသို့ လျင်မြန်စွာ သွားရင်း သူတို့၏ စိတ်အာရုံများကို ထုတ်လွှတ်လိုက်သည်။ သူတို့ တစ်ယောက်ချင်းစီက ကောင်းကင်စာလိပ်၏ လျှို့ဝှက်ချက်ကို လေ့လာ၍ ၎င်းနှင့်တစ်ခုခု ပေါင်းစပ်နိုင်မလား ကြိုးစားကြည့်ချင်နေကြသည်။

အင်ပါယာကြယ်များနှင့် ဆက်သွယ်နေသည့် ကျင့်ကြံသူ ခုနစ်ယောက်သည်လည်း ထိုနေရာသို့ ကြည့်လိုက်ကာ တစ်ခုခု တွေးနေပုံရသည်။ ရီဖူရှင်းက သူတို့ကို ကြည့်လိုက်ပြီး မြင့်မားသော နေရာထိ တက်သွားကာ ပြောလိုက်သည်။ "ခင်ဗျားတို့ ခုနကအတိုင်း ဆက်လုပ်ပြီး ကျုပ် ဒီထက် နည်းနည်းလောက်ပို လေ့လာလို့ရအောင် လုပ်ပေးနိုင်မလား။ အဲဒီနေရာမှာ တစ်ခုခု ပျောက်ဆုံးနေသလို ခံစားရတယ်။ အင်ပါယာကြယ်ခုနစ်ခုက သော့တွေ ဖြစ်တဲ့ပုံပဲ။"

ကျင့်ကြံသူ ခုနစ်ယောက်က ရီဖူရှင်း၏ စကားကို ကြားသောအခါ မည်သည်မှ ပြန်မပြောတော့ဘဲ အင်ပါယာကြယ်နှင့် ဆက်လက် ဆက်သွယ်ရန် လုပ်ဆောင်ကြပြီး နတ်အလင်းများ ကျဆင်းလာစေဖို့ရာ ကြိုးစားလိုက်ကြသည်။

ရီ​ဖူရှင်းက ကြယ်ကောင်းကင်ကို ဆက်လက်၍ စူးစမ်းလေ့လာနေပြီး ကြယ်မြေပုံ၊ အင်ပါယာကြယ်ခုနစ်ခု၏ တည်နေရာနှင့် အင်ပါယာအရိပ် မျက်နှာချင်းဆိုင်ရာဘက်သို့ ဆန်းစစ်ကြည့်နေခဲ့သည်။

သူ၏ မျက်လုံးများက တောက်ပနေပြီး သူ့ စိတ်ထဲတွင် ကြယ်ကောင်းကင်က လည်ပတ်နေကာ ပန်းချီကားတစ်ချပ်ကဲ့သို့ စတင်ပေါ်ပေါက်လာသည်။ ကြယ်ကောင်းကင်၏ ထိုပန်းချီကားက အလိုအလျောက် ပြောင်းလဲနေခဲ့သော်လည်း ရီဖူရှင်းသည် ထိုအထဲမှ ဝင်္ကပါအစီအရင်ကို ခံစားမိကာ သူ့နှလုံးခုန်သံက ပိုမို လျင်မြန်လာသည်။

သူက ယခု ၎င်းကို ကြိုးစားကြည့်နေပြီး သူသာလျှင် မဟုတ်ဘဲ အခြားကျင့်ကြံသူများသည်လည်း ကြိုးစားကြည့်နေကြပေသည်။ သို့သော်လည်း ကောင်းကင်စာလိပ်၏ လျှို့ဝှက်ချက်ကို ဖြေရှင်းနိုင်ရန် နည်းလမ်းမရှိပေ။ ဤကောင်းကင်စာလိပ်သည် ထူးဆန်းသော လေဟာနယ်အတွင်း တည်ရှိနေသလို ထင်မှတ်ရပြီး ရှာမတွေ့နိုင်ပေ။ ကြည့်ရသည်မှာ ၎င်းက တစ်ခုခု ပျောက်ဆုံးနေဆဲ ဖြစ်ပုံရလေသည်။

"လူတိုင်းပဲ။" ရီဖူရှင်းက လေထဲတွင် ရှိနေပြီး အင်ပါယာကြယ်နှင့် ဆက်သွယ်နေသော လူခုနစ်ယောက်ကို ကြည့်ကာ ပြောလိုက်သည်။ "မင်းတို့ ခဏလောက် ရပ်လိုက်ပါဦး။ နေရာပြောင်းပြီး အင်ပါယာကြယ်တွေနဲ့ ဆက်သွယ်ကြည့်ပါလား။"

ဂူတုံးလျှို၊ မျက်မမြင်ထျယ်နှင့် လော့ဆုတို့က သူ့စကားကို အရင်နားထောင်သောသူများ ဖြစ်သည်။ သူတို့က အင်ပါယာကြယ်များနှင့် ဆက်သွယ်နေခြင်းကို ရပ်တန့်လိုက်၏။ ထို့နောက် အခြားကျင့်ကြံသူ​လေးယောက်ကလည်း ရပ်တန့်လိုက်ကာ ရီဖူရှင်းထံ ရောက်လာပြီး အနက်ရောင်ဝတ်စုံနှင့် ရန်ဟောင်က မေးလိုက်သည်။ "နေရာဘယ်လိုပြောင်းရမလဲ။"

"ကောင်းကင်စာလိပ်ရှိနေတဲ့နေရာက ကြယ်ခုနစ်ခု ဆုံစည်းတဲ့နေရာ ဖြစ်နိုင်တယ်။ ဒါကြောင့် ကျုပ်မှာ အကြံတစ်ခု ရှိပြီး ခင်ဗျားတို့ ကျုပ်နဲ့အတူ ကြိုးစားကြည့်ပေးကြဖို့ မျှော်လင့်ပါတယ်။ အလုပ်ဖြစ်မဖြစ်ကတော့ ကျုပ် အာမမခံနိုင်ဘူး။" ရီဖူရှင်းက ပြောလိုက်သည်။

အခြားလေးယောက်က သူ ပြောသည်ကို ကြားသောအခါ သူတို့က မည်သည့်ကန့်ကွက်မှုမှ မပြုဘဲ သူနှင့်အတူ အလုပ်လုပ်ရန် ဆန္ဒရှိပေသည်။ သူတို့ထဲမှ တစ်ယောက်က ပြောလိုက်သည်။ "နေရာတွေက ဘယ်လိုပြောင်းရမလဲ။"

ရီဖူရှင်းက ကောင်းကင်စာလိပ်အောက်ဘက် လေဟာနယ်ကို ကြည့်လိုက်ပြီး ၎င်းမှ တောက်ပသော အလင်းခုနစ်ခု က နေရာခုနစ်ခုပေါ်သို့ ကျဆင်းလာပေသည်။ ထို့နောက် သူက တစ်ယောက်ချင်းစီကို လုပ်ဆောင်ရမည့် တာဝန်များ ခွဲပေးလိုက်သည်။ သူတို့လေးယောက်က ထူးချွန်ထက်မြက်သော ကျင့်ကြံသူများ ဖြစ်လျှင်ပင် ထိုအခိုက်အတန့်၌ သူတို့က ရီဖူရှင်း၏ စကားကို ဤတစ်ကြိမ်၌ နားထောင်ရန် ဆန္ဒ ရှိကြပေသည်။ သူတို့ ကျရှုံးလျှင်ပင် ကိစ္စမရှိသော်လည်း အောင်မြင်သွားလျှင် ကြယ်ကောင်းကင်၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ကြမည် ဖြစ်သည်။

ထို့ကြောင့် သူတို့အားလုံးက ရီဖူရှင်း အောင်မြင်လိမ့်မည်ဟု မျှော်လင့်နေကြပေသည်။

"ကျုပ်တို့ အခု စလို့ရပြီ။" ရီဖူရှင်းက သူတို့ကို ကြည့်ကာ ပြောလိုက်သည်။ ထိုခုနစ်ယောက်က မျက်လုံးများကို မှိတ်ကာ အင်ပါယာကြယ်များနှင့် စတင် ဆက်သွယ်ရန် ကြိုးစားလိုက်သည်။ သူတို့က လုပ်ငန်းစဥ်များနှင့် ရင်းနှီးနေကြပြီ ဖြစ်သည်။ မကြာခင်၌ ကောင်းကင်ထက်တွင် မဟာလမ်းစဥ်နတ်အလင်းတို့ ဖြာကျလာကာ အားလုံးသော အင်ပါယာကြယ်ခုနစ်ခု၏ နတ်အလင်းတို့က စတင်ကျဆင်းလာကာ သူတို့နှင့် ဆက်သွယ်လာပေသည်။

ဤတစ်ကြိမ်၌ သူတို့အောက်ခြေတည့်တည့်၌ ရပ်မနေဘဲ ခပ်စောင်းစောင်းတွင် ရပ်နေခြင်း ဖြစ်သည်။ နတ်အလင်းက ထောင့်ဖြတ်ကာ အနေအထားပြောင်းလဲ၍ ကျဆင်းလာသည်။ သို့သော် လူအများ၏ ထိတ်လန့်အံ့အားသင့်နေသော အကြည့်များအောက်တွင် နတ်အလင်းတန်း ခုနစ်ခုက နောက်ဆုံး၌ တူညီသော ဆုံမှတ်တွင် ရပ်တန့်သွားခဲ့သည်။

"ကြယ်ခုနစ်ခုဆုံမှတ်။" ကြယ်ကောင်းကင်ရှိ အဝေးမှ လူများ၏ နှလုံးသားက ပြင်းထန်စွာ တုန်ယင်လာပေသည်။ ဤမြင်ကွင်းက အကြွင်းမဲ့ ထိတ်လန့်အံ့သြစရာပင် ဖြစ်လေသည်။

ထိုအခိုက်အတန့်တွင် သူတို့က ရီဖူရှင်း၏ အတွေးများ မှန်ကန်သည်ဟု ခံစားမိလိုက်ကြသည်။

ထိုသည်မှာ ကြယ်ခုနစ်ခု ဆုံစည်းရာနေရာသည် စီဝေ့မဟာအင်ပါယာ၏ လက်ဖဝါး ကောင်းကင်စာလိပ် ရှိရာနေရာပင် ဖြစ်​​လေသည်။

နတ်အလင်းခုနစ်ခုက ကောင်းကင်စာလိပ်ပေါ်သို့ ကျဆင်းလာပြီး ကောင်းကင်စာလိပ်မှ ခမ်းနားထည်ဝါကာ တောက်ပသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာစေသည်။ နတ်အလင်းတန်းများက ချက်ချင်းပင် စာလိပ်ကို ဖြတ်ကာ ထိုပုဂ္ဂိုလ်ခုနစ်ဦးထံ ကျဆင်းလာပေသည်။ ထို့ကြောင့် ယခု ကြယ်များအောက်တွင် ခမ်းနားထည်ဝါသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာစေသည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်စာလိပ်မှ စာမျက်နှာများ ပွင့်လာပြီး အနန္တအက္ခရာစာလုံးများက စာလိပ်မှ မျောလွင့်လာကာ ချက်ချင်းပင် အဆုံးမဲ့ ကြယ်ကောင်းကင်၌ ပျံ့နှံ့သွားပေသည်။ မရေတွက်နိုင်သော နတ်အလင်းများက ကောင်းကင်သို့ ထိုးတက်သွားပြီး ကြယ်ကောင်းကင်ကမ္ဘာကို အလင်းရောင် ထွန်းလင်းသွားစေသည်။

"ကောင်းကင်စာလိပ် ပွင့်လာပြီ။" လူတိုင်း၏ နှလုံးသားများက အလွန် လျင်မြန်စွာ ခုန်ပေါက်လာခဲ့သည်။ ရီဖူရှင်းက မှန်ကန်စွာ တွေးနိုင်ခဲ့ပေသည်။ သူက ရှစ်ယောက်မြောက် မဟာအင်ပါယာ၏ အမွေအနှစ်ကို ရှာဖွေတွေ့ရှိခဲ့သည်။

ဤစာအုပ်က အသိသာအထင်ရှားဆုံး နေရာ၌ တည်ရှိသော်လည်း ဖော်ထုတ်ရန် အခက်ခဲဆုံး ဖြစ်သည်။

ရီဖူရှင်းက အမှန်တကယ်ပင် နတ်ဘုရား၏ ချီးမြှောက်ခြင်းခံရသော ပါရမီရှင် ဖြစ်လေသည်။ သူက ကောင်းကင်စာလိပ်ကို ဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းသည် ဤကြယ်ကောင်းကင်၌ မည်သည့်အပြောင်းအလဲများ ဖြစ်စေလိမ့်မည်ကို မည်သူကသိပါမည်နည်း။

"ဟိုကိုကြည့်လိုက်။" တစ်စုံတစ်ယာက်က ရေရွတ်လိုက်သည်။ သူတို့သည် ကြယ်ခုနစ်လုံးမှ နတ်အလင်းက  ကောင်းကင်စာလိပ်ကို ဖြတ်သန်းသွားပြီးသည့်အခါ ၎င်းက အနန္တအက္ခရာစာလုံးများနှင့် ပုံရိပ်ခုနစ်ခုဆီ မျောလွင့်လာကာ သူတို့ပေါ်သို့ တိုက်ရိုက်ကျဆင်းလာပေသည်။ ထိုအချိန်တွင် လူခုနစ်ယောက်ပေါ်မှ နတ်အလင်းတို့က ပို၍ပင် တောက်ပလင်းလက်လာပေသည်။

"ကောင်းကင်စာလိပ်ထဲမှာ မြှုပ်နှံထားတာက အင်ပါယာကြယ်ခုနစ်ခုရဲ့ အစစ်အမှန် အမွေအနှစ်စွမ်းအားတွေ ဖြစ်နိုင်လား။" ကျင့်ကြံသူများအားလုံး၏ နှလုံးသားများက ပြင်းထန်စွာ ခုန်ပေါက်လာခဲ့သည်။ ကောင်းကင်စာလိပ် ပွင့်သည့်အချိန်က အခွင့်အရေးတစ်ခုသာလျှင် ဖြစ်ပေသည်။

"ရီဖူရှင်း" တစ်စုံတစ်ယောက်၏ အာရုံစိုက်မှုက ရီဖူရှင်းထံ ရောက်ရှိသွားသည်။ သူက ဤတစ်သက်မှာ တစ်ခါသာရသော အခွင့်အရေးကို ကောင်းကင်ဒေသ၏ ကျီရှောင်းနယ်မြေမှ ကျင့်ကြံသူတစ်​ယောက်ဖြစ်သော လော့ဆုကို ပေးအပ်ခဲ့သည်။

မဟာအင်ပါယာ၏ အမွေဆက်ခံမှုကို ဤကဲ့သို့ပင် အခြားသူအား ပေးပစ်လိုက်သည့်အတွက် လူအများက သူ့အတွက် နှမြောတသဖြစ်နေကြသည်။

ထို့ပြင် နတ်မိမယ်ထိုက်ဟွာက သူမရှေ့မှ မြင်ကွင်းများကို မြင်သည့်အခါ သူမနှလုံးသားထဲမှ စိတ်ပျက်ခြင်းကို ခံစားလိုက်ရသည်။ အင်ပါယာအဆင့် အမွေအနှစ်ကို သူက လော့ဆုထံ ပေးအပ်လိုက်သည်လား။

ဤအခွင့်အရေးက သူမအတွက် ဖြစ်ခဲ့သော်လည်း သူမက အလွယ်တကူ လက်လျှော့ခဲ့သည့်အတွက် ထိုအခွင့်အရေးက လွဲချော်သွားခဲ့ရပေသည်။

သို့သော် ရီဖူရှင်းကိုယ်တိုင်က မည်သို့မှ ခံစားရပုံမပေါ်ဘဲ သူက ဤအမွေအနှစ်အကြောင်း မည်သို့မှ ဂရုမစိုက်ပုံရလေသည်။

ကြယ်ခုနစ်လုံး၏ နတ်အလင်းများက ကျဆင်းလာကာ ကောင်းကင်စာလိပ်ပေါ်တွင် စုစည်းနေသည့်အချိန်တွင် သူ့မျက်လုံးများက ကောင်းကင်စာလိပ်ပေါ်၌ ရှိနေခဲ့သည်။ စာလိပ်က ပွင့်လာပြီး အပြောင်းအလဲများ ဖြစ်ပေါ်လာသည်။ နတ်အလင်းက ကောင်းကင်သို့ ထိုးတက်လာကာ ချက်ချင်းပင် ကြယ်ကောင်းကင်တစ်ခွင်လုံး လင်းလက်လာပြီး ကြယ်များက ကောင်းကင်၌ ပြည့်နှက်လာသည်။

ထိုအချိန်တွင် မဟာအင်ပါယာ၏ ပုံရိပ်က ရှင်းလင်းလာပြီး တဖြေးဖြေးနှင့် ရုပ်လုံးပေါ်လာပေသည်။ ကောင်းကင်မှ နက်နဲသိမ်မွေ့သည့် အရှိန်အဝါတစ်ခု ကျဆင်းလာကာ ၎င်းက ကောင်းကင်မှ စွမ်းအား အစစ်အမှန်ဟု ထင်မှတ်ရပေသည်။

"စီဝေ့မဟာအင်ပါယာ။"

ကြယ်ကောင်းကင်အောက်၌ ရပ်နေရင်း လူတိုင်းသည် မဟာအင်ပါယာ၏ စွမ်းအား နိုးထလာသကဲ့သို့ ခမ်းနားထည်ဝါမှုကို ခံစားမိနိုင်ပေသည်။

စီဝေ့မဟာအင်ပါယာ၏ လျှို့ဝှက်ဆန်းကြယ်မှုက ဖော်ထုတ်ခံလိုက်ရပြီလားဟု လူအများက တွေးလိုက်ကြသည်။ ယခင်က လူအများသည် ရှစ်ခုမြောက်အင်ပါယာကြယ်က ကြယ်ကောင်းကင်၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ရန် သော့ချက်ဖြစ်သည်ဟု ခန့်မှန်းထားကြပေသည်။ ယခု ရှစ်ခုမြောက်အင်ပါယာကြယ်က သူတို့ တွေးထင်ထားသလို မဟုတ်သော်လည်း စီဝေ့မဟာအင်ပါယာလက်အောက်မှ မဟာအင်ပါယာ ရှစ်ယောက်၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်သွားပေသည်။

ထို့နောက် စီဝေ့မဟာအင်ပါယာ၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်သွားလိမ့်မည်လား။

....

ထိုအခိုက်အတန့်တွင် စီဝေ့အင်ပါယာနန်းတော်၌ ကြယ်ရောင်များက လှည့်ပတ်နေပြီး ခန်းမတစ်ခုလုံးက ပြောင်းလဲသွားသလို ထင်မှတ်ရပေသည်။

စီဝေ့အင်ပါယာနန်းတော်သခင်က သူ့မျက်လုံးများကို ဖွင့်လိုက်ပြီး နန်းတော်အတွင်း ထိုင်နေသည့် အားလုံးသော ကျင့်ကြံသူများက တုန်ယင်သွားကြသည်။ အသံတစ်ခုက ပြောလိုက်သည်။ "မဟာအင်ပါယာ ရှစ်ယောက်လုံးရဲ့ အမွေအနှစ်တွေက ဖော်ထုတ်ခံလိုက်ရပြီ။ ကြယ်ကောင်းကင်ရဲ့ အကာအကွယ်က ဖယ်ရှားခံလိုက်ရပြီး စီဝေ့မဟာအင်ပါယာ၏ ပုံရိပ်က ပိုပြီး ကြည်လင်ရှင်းလင်းလာခဲ့ပြီ။"

ဘုန်း...

ကြယ်အလင်းက စီးဆင်းနေသော်လည်း နန်းတော်အတွင်းရှိ ကျင့်ကြံသူများက ပျောက်သွားခဲ့သည်။ လေဟာနယ်အတွင်း အင်ပါယာနန်းတော်သခင်၏ အသံက ပြောလိုက်သည်။ "အဲဒါက ဘယ်လို ဖော်ထုတ်နိုင်သွားတာလဲ။"

"ကြယ်ခုနစ်ခုရဲ့ အလင်းတွေက စုစည်းတောက်ပပြီး ကောင်းကင်စာလိပ်ပေါ်ကို ကျဆင်းလာတာက စာလိပ်ကို ပြောင်းလဲသွားစေတာပဲ။" တစ်စုံတစ်​ယောက်က တုံ့ပြန်လိုက်သည်။ "အဲဒီစာလိပ်က ရှစ်ယောက်မြောက်မဟာအင်ပါယာ ချန်ရစ်ထားခဲ့တဲ့ အမွေအနှစ် ဖြစ်တယ်။"

"ဘယ်သူလုပ်ခဲ့တာလဲ။" နောက်ထပ် အသံတစ်ခုက မေးလိုက်သော်လည်း ထိုအသံ မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို ပြောရန် ခက်ခဲပေသည်။

ထိုအခိုက်အတန့်တွင် အပြင်ဘက်၌ ရှိနေသော မူလနယ်မြေမှ ကျင့်ကြံသူများ၏ အမူအရာကို ပြောင်းလဲသွားစေသည်။ သူတို့က ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး ကောင်းကင်က တစ်ခုခု ပြောင်းလဲသွားသလို ထင်မှတ်ရကာ တစ်လောကလုံးက ပြောင်းလဲသွားသလိုပင်။

"ဘာတွေ ဖြစ်နေတာလဲ။" တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။ ရုတ်တရက် ကြယ်ကောင်းကင်၏ လောကတစ်ခုအဖြစ် ပြောင်းလဲသွားသလို ထင်မှတ်ရပေသည်။ ထိုအထဲတွင် သူတို့က မရေတွက်နိုင်သော ကြယ်များကို မြင်လိုက်ရပြီး သူတို့က ကြယ်အပိုင်းအစတစ်ခုအတွင်း၌ ရှိနေသည်မဟုတ်ဘဲ ကြယ်ကမ္ဘာအတွင်း ရောက်နေသလို ထင်မှတ်ရပေသည်။

"စီဝေ့အင်ပါယာနန်းတော်က အခု တောက်ပလာနေပြီ။ ဘာတွေ ဖြစ်နေတာလဲ။" ထို ထိပ်သီးကျင့်ကြံသူများက အရှေ့ကို စိုက်ကြည့်နေကြသည်။ သူတို့က ပုံမှန်မဟုတ်သော အရှိန်အဝါကို ခံစားမိကြပေသည်။ စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများကလည်း တစ်နေရာရာသို့ ထွက်ခွာသွားပုံရသည်။

အဝေးရှိ အင်ပါယာနန်းတော်မှ ကျင့်ကြံသူများက အဝေးသို့ အလျင်အမြန် သွားနေကြပြီး အပြင်ဘက်မှ ကျင့်ကြံသူများက ထိုနေရာကို စိုက်ကြည့်နေကြရင်း တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။ "မဟာအင်ပါယာရဲ့ အမွေအနှစ်က ဖော်ထုတ်ခံလိုက်ရပြီလား။"

စွမ်းရည်မြင့်မားလှသော ပုဂ္ဂိုလ်များသည်ပင် အတော်လေး စိတ်လှုပ်ရှားလာပေသည်။ သူတို့၏ စိတ်ခံစားချက်များက ပြင်းထန်စွာ လှုပ်ခတ်လာကြသည်။ စီဝေ့မဟာအင်ပါယာ၏ အမွေအနှစ်က ဖော်ထုတ်ခံရလျှင် ဤလောကက မည်သို့ ဖြစ်လိမ့်မည်နည်း။

အင်ပါယာနန်းတော်မှ အားလုံးသော ကျင့်ကြံသူများက ထိုနေရာသို့ အလျင်စလို သွားနေကြပုံရသည်။

"ကျုပ်တို့လည်း သွားသင့်လား။" တစ်စုံတစ်ယောက်က မေးလိုက်သည်။

"သွားကြစို့။" ထိုကျင့်ကြံသူများက စီဝေ့အင်ပါယာနန်းတော်ရှိရာသို့ သွားလိုက်ကြသည်။ ဤသို့သော အချိန်၌ သူတို့က အခြားကိစ္စများကို အများကြီး စိတ်ပူမနေနိုင်ကြတော့ပေ။

***

All Chapters