အခန်း (၂၂၄)
Vol. 23 Ch. 224
ရှီကျွင့်ကျဲ ချက်ပြုတ်ပြီးသား ခိုကို တစ်ဝက်စီ လှီး၍ စားပွဲပေါ်မှ ပန်းကန်ပေါ်တွင် တင်လိုက်သည်။
ကျန်းကျန်းက ပုစွန်ဆီပြန်ငါးကောင်ကို မိနစ်အနည်းငယ်အတွင်း စားပြီးသွားသည်ကို တွေ့မြင်ရသော် သူက လှီးဖြတ်ထားသည့် ခိုသားများကို သူမ၏ပန်းကန်အတွင်း ထည့်ပေးလိုက်ပြန်သည်။ သူက အခုလေးတင်ပြောခဲ့သည့် ဆင်ခြေနှင့်ပင် ပြောလိုက်လေသည်။
“ကိုယ့်အတွက် မြည်းစမ်းကြည့်ပါဦး”
ခိုသားများက ထိလိုက်လျှင် အနည်းငယ်ပူနေဆဲပင်။ ကျန်းကျန်းတူနှငာ့ ကောက်ကိုင်လိုက်ကာ တူများနှင့် ခို၏ တောင်ပံများကို သေသေချာချာညှပ်ပြီး ကျောဘက်က အသားကို ကိုက်လိုက်သည်။
အရသာက မငန်ဘဲ အရည်ရွှမ်းလှပေသည်။ အတွင်းမှ အရည်များက ခိုသားကို ပူလောင်သည်ဟု မခံစားရဘဲ စားလိုက်သည့်ခဏတွင် ကျန်းကျန်း၏ပါးစပ်အတွင်း အရသာများ ပြည့်လာခဲ့ရသည်။
ရှီကျွင့်ကျဲက ဟင်းတစ်ခွက်ချက်ပြီးလျှင် ကျန်းကျန်းက ဟင်းတစ်ခွက်မြည်းစမ်းသည်။ ဟင်း ဆယ့်နှစ်ခွက်က မိနစ်လေးဆယ်အတွင်း ပြီးစီးသွားခဲ့ပြီး ကျန်းကျန်းကတေား ဗိုက်ပြည့်လုနီးပါး ဖြစ်နေခဲ့ပြီ။
သူမက လက်ကိုင်ပဝါကို ထုတ်၍ သူမ၏ပါးစပ်ကို သုတ်လိုက်သည်။ ရှီကျွင်ကျဲကတော့ ဟင်းလျာများကို နောက်ဆုံးအနေဖြင့် အလှဆင်နေခဲ့ပြီ။
သူက မီးဖိုချောင်အပြင်မှ ခူးလာသည့် ပန်းများကို ပန်းကန်ပေါ်၌ တစ်ပွင့်ချင်းစီ တင်လိုက်လေသည်။ ဤသည်က ဟင်းလျာများကို မြင်ရသည်မှာ အလွန်လှပသွားစေခဲ့သည်။
ကျန်းကျန်း သူမ၏ ဗိုက်ဖောင်းဖောင်းလေးကို လက်ဖြင့်ဖုံးအုပ်ရင်း ခန်းမကြီးဆီသို့ စားပွဲများ၊ ကုလားထိုင်များ ပြင်ဆင်ရန် သွားခဲ့လေသည်။
လီမင်ရှီက ဟင်းပွဲများနကို ကူညီချပေးပြီး လီမင်ပေကတော့ လူများကို ညစာစားရန် သွားခေါ်လိုက်သည်။
စားပွဲပေါ်၌ ဟင်းပွဲများက အပြည့်အစုံ ရှိနေခဲ့သည်။ ကင်ထားသည့်ဘဲနှင့် မှိုနှင့်ပေါင်းထားသည့် ကြက်သားစွပ်ပြုတ်များမှလွဲ၍ ကျန်သည့်အရာအားလုံးက ရှီကျွင်းကျဲ ချက်ထားသည့်အရာများသာ ဖြစ်နေခဲ့သည်။
ကျန်းကျန်း သူ့ကို အနည်းငယ်ရှက်ရွံ့စွာ ကြည့်လိုက်လေသည်။
“ဧည့်သည်ဖြစ်နေတာကို ချက်ပြုတ်ဖို့ စိတ်အနှောင့်အယှက်ပေးမိတဲ့အတွက် တကယ်ကို တောင်းပန်ပါတယ်”
“ဒီလောက်က ဘာများရှက်စရာ ရှိလဲ”
ရှီကျွင်းကျဲသည် ကျန်းကျန်းကို နူးညံ့စွာ ကြည့်၍ ချစ်မြတ်နိုးသည့်အသံဖြင့် ပြောလိုက်လေသည်။
“ကိုယ်က မင်းအတွက်တစ်သက်လုံး ချက်ပြုတ်ပေးချင်နေတာလေ”
ကျန်းကျန်းတစ်ယောက် သူမ၏နီရဲနေသော မျက်နှာလေးကို ဖုံးအုပ်၍ ရှီကျွင်းကျဲကို ကြည့်လိုက်သည်။ ထိုသူမှု သူမကို တစ်ကိုယ်လုံး ထုံကျင်သွားအောင်ပင် လုပ်နိုင်ပေသည်။
ဤမျှချောမောပြီး စနောက်တတ်သည့်၊ ချက်ပြုတ်တတ်သည့် ကောင်လေးက သူမ၏ချစ်သူ ဖြစ်နိုင်ပါသလား။
သူမ၏ ယခင်ဘဝက ကမ္ဘာကြီးကို ကယ်တင်ခဲ့ခြင်းပင် ဖြစ်ရမည်။
ကျန်းကျန်း သူ့ကို မျက်တောင်မခတ်တမ်း ကြည့်နေသည်ကို တွေ့မြင်ရသော် ရှီကျွင်းကျဲ ပြုံး၍ သူမ၏ဆံပင်များကို သပ်တင်ပေးလိုက်သည်။
“ကောင်းပြီ၊ ဆက်ကြည့်နေမယ်ဆိုရင် ကိုယ်တို့ရဲ့ဟင်းပွဲတွေ အေးသွားလိမ့်မယ်”
ကျန်းကျန်း ချက်ချင်းပင် သတိပြန်ဝင်လာရသည်။ အလှအပက အရေးကြီးသော်လည်း အချိန်မရွေး ကြည့်နိုင်ပေသည်။
သို့သော်အစားအစာများ အေးသွားလျှင် အရသာလျော့သွားလိမ့်မည်။
ဤသို့ဆိုလျှင် ရှီကျွင့်ကျဲ၏ ကြိုးစားအားထုတ်မှုများက အလကားဖြစ်သွားမည်မဟုတ်ပါလား။
ကျန်းကျန်း ချက်ချင်းပင် ဗန်းရှည်ကြီးကို ထုတ်၍ ဟင်းပွဲခြောက်ခု တင်လိုက်သည်။ သူမ ကောက်ယူကာ အပြင်သို့ ထွက်ခါနီးတင် ရှီကျွင့်ကျဲတစ်ယောက် သူမကို လျှင်မြန်စွာ တားလိုက်ပြီး ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိလေသည်။
“ဒီလိုအလုပ်မျိုးကို နောက်ဆိုရင် ကိုယ့်အတွက် ထားခဲ့မယ်လို့ မင်း မပြောခဲ့ဘူးလား”
“ဟုတ်တယ်”
ကျန်းကျန်းသည် ဗန်းကို ရှီကျွင့်ကျဲ၏ လက်ထဲသို့ ဂရုတစိုက် ထည့်ပေးလျက် ပြောလိုက်သည်။
“ကျွန်မက အခုလိုမျိုးချစ်သူရှိလာတာက ဒါ ပထမဆုံးအကြိမ်ဆိုတော့ မရင်းနှီးသေးဘူးလေ”
ရှီကျွင့်ကျဲ၏ လက်မောင်းက အားနည်းလောက်သည်ကို မြင်ရသောအခါ ကျန်းကျန်း စိုးရိမ်တကြီး သတိပေးလိုက်သည်။
“မကိုင်နိုင်ရင် ပြောဖို့ မမေ့နဲ့နော်၊ ကျွန်မက အားအရမ်းသန်တယ်”
ရှီကျွင့်ကျဲက ဗန်းကို ယူဆောင်လျက် သက်တောင့်သက်သာပင် အရှေ့သို့ လျှောက်လှမ်းသွားသည်။
“ကိုယ့်ဆီမှာ အားတော့ရှိပါသေးတယ်၊ ဘာပဲဖြစ်ဖြစ်...”
သူ၏ မျက်ဝန်းများက ကျန်းကျန်း၏ ကိုယ်ပေါ်သို့ ဝေ့ကြည့်လျက် ပြောလာခဲ့သည်။
“ပိုလေးတဲ့အရာတွေကို သယ်ရဦးမှာလေ”
ကျန်းကျန်း ရှီကျွင့်ကျဲ၏ စကားအဓိပ္ပာယ်ကို ချက်ချင်းပင် နားလည်သွားပြီး သူမ၏ မျက်နှာက နီရဲလာသည်ဟု ခံစားမိရသည်။
သူတို့ နှစ်ဦး စင်္ကြံသို့ ရောက်သည်နှင့် လီမင်ပေနှင့် လီမင်ရှီ နှစ်ဦးလုံး ထွက်လာကြရာ ကျန်းကျန်းကသူတို့အား မီးဖိုချောင်ကို လက်ညှိုးထိုးပြလျက်ပြောလိုက်လေ၏။
“ဟင်းတွေက အကုန်ပြင်ပြီးပြီ၊ အစ်ကိုတို့ ကူသယ်ပေးကြပါဦး”
လီမင်ပေတစ်ယောက် လည်ပင်းကို ဆန့်တန်းလျက် ကြည့်လိုက်စော် ပန်းကန်များအတွင်းရှိ အရောင်အသွေးစုံလင်၍ အရသာရှိသော ဟင်းပွဲခြောက်မျိုးကို မြင်လိုက်ရပြီး ရုတ်တရက် ဆာလောင်လာသည်ဟု ခံစားလိုက်ရသည်။
လီမင်ပေ ဝမ်းဗိုက်ကို ပွတ်သပ်လျက် ကျန်းကျန်းကိုချီးကျူးကာ မကြာခင် ပိုမိုစားသုံးနိုင်ရန် ကြိုးစားမည်ဟု ဆုံးဖြတ်လိုက်သည်။
“ညီမလေး၊ မင်းချက်တဲ့ ဒီဟင်းတွေက အရသာရှိပုံရတယ်၊ မင်း တကယ်ပဲ ပိုပြီး တတ်မြောက်လာပြီပဲ”
ကျန်းကျန်းက ဘေးနားရှိ ရှီကျွင့်ကျဲကို တစ်ချက်မျှ ကြည့်ပြီး လီမင်ပေကို ပျော်ရွှင်စွာ ပြောကြားလိုက်သည်။
“ဒါတွေက ကျွင့်ကျဲ ချက်ထားတာ”
ကျန်းကျန်း၏ သူနှင့်ပတ်သက်သော လေသံကို ကြားလိုက်ရလျှင် ရှီကျွင့်ကျဲနှာ ပျားရည်စားသုံးရသကဲ့သို့ ချိုမြိန်သည်ဟု ခံစားရသည်။
ရှီကျွင့်ကျဲက သူမကို ပြုံး၍ ကြည့်နေသည်ကို မြင်လျှင် ကျန်းကျန်းသည် သူ၏ လက်မောင်းကို မလုံမလဲ ဆုပ်ကိုင်လျက် အရှေ့သို့ ဆက်လက်သွားရန် တိုက်တွန်းခဲ့သည်။
လီမင်ပေတစ်ယောက် ဝေးရာသို့ လျှောက်လှမ်းသွားသည့် လူငယ်နှစ်ဦး၏ နောက်ကျောများကို ကြည့်လျက် တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု အမြဲ ခံစားနေရသည်။
“ဒုတိယအစ်ကို၊ ဒီရှီကျွင့်ကျဲက တကယ်တော်တာပဲ၊ ဟင်းလည်း ကောင်းကောင်းချက်တတ်တယ်၊ ကျန်းကျန်း ချက်တာထက်တောင် ပိုကောင်းပုံရတယ်”
လီမင်ပေ အနောက်သို့ လှည့်ကြည့်လိုက်လျှင် လီမင်ရှီ၏ တုန်လှုပ်နေသည့် မျက်နှာအမူအရာကို မြင်ရပြီး အနည်းငယ် ရှုပ်ထွေးသွားသည်။
“ဟင်းချက်တတ်တဲ့လူဖြစ်နေရုံပဲကို၊ ဟင်းချက်တာက ဒီလောက်ထိကြောက်စရာ မလိုဘူးလေ”
လီမင်ရှီတစ်ယောက် သူ၏ ကြောက်လန့်နေသော နှလုံးသားကို ဆုပ်ကိုင်ထားပြီး သူလျှို့ဝှက်ချက်ကြီးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ခံစားနေရသည်။
မနက်ပိုင်း၌ ကျန်းကျန်းနှင့် ရှီကျွင့်ကျဲတို့က အတူတကွ ပြေးလွှားနေကြသည်ဟု သူပြောကြားခဲ့သည်ကို သတိရပြီးနောက် လီမင်ရှီ သူ၏ ပါးစပ်ကို အားပြင်းစွာ ရိုက်ပစ်လိုစိတ် ပေါက်သွားရသည်။
သူ့ ဖခင်၏ မျက်ဝန်းများက အဘယ်ကြောင့် ဤသို့ဖြစ်နေသည်ကို ယခုအခါ နားလည်သွားပြီ။
ဤစိမ်းလန်းလှပကာ ရေဓာတ်ပြည့်ဝနေသော ဂေါ်ဖီထုပ်ကို တစ်စုံတစ်ဦးက ခိုးယူတော့မည် ဖြစ်သည်။
လီမင်ပေ၏ စိတ်သည်ကား အလွန်အမင်း ရိုးသားဖြောင့်တန်းသောကြောင့် သူက မည်သည့်အရာကိုမျှ မစဉ်းစားဘဲ လီမင်ရှီနှင့်သာအတွေ့အကြုံများကို ပျော်ရွှင်စွာ ဖလှယ်နေခဲ့သည်။
“ကျွန်တော် တို့ ရှီကျွင့်ကျဲနဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံထားရမယ်လို့ ထင်တယ်၊ စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေ ဘာတွေရရင် သူ့ကို အိမ်ကို လာလည်ဖို့ ဖိတ်ခေါ်ရမယ်၊ အဲဒီဟင်းရဲ့ရနံ့ကို ရလိုက်ရုံနဲ့ကို အရသာရှိမယ်လို့ သိနေပြီ”
“စတုတ္ထညီလေး ၊ မင်းရဲ့ အစ်ကိုတစ်ယောက်အနေနဲ့ ငါ မင်းကို ပြောပြမယ်၊ မင်းစားတဲ့အခါ များများစားလို့ရပေမဲ့ စကားကိုတေား နည်းနည်းပြောသင့်တယ်ဆိုတာ မသိဘူးလား”
လီမင်ပေ၏ နားမလည်နိုင်သော ပုံပန်းသဏ္ဍာန်ကို မြင်လိုက်ရလျှင် လီမင်ရှီတစ်ယောက် သက်ပြင်းချလျက် ကောက်ချက်ချလိုက်သည်။
“အထူးသဖြင့် မင်းက အရသာရှိတဲ့ အစားအစာဖြစ်နေရင်တာင် အမြဲတမ်း ချီးကျူးလို့မရဘူး၊ မဟုတ်ရင် မင်း ဒီနေ့ ကျောင်းကို ပြန်သွားနိုင်တော့မှာ မဟုတ်ဘူး”
မင်ပေတစ်ယောက် နားမလည်နိုင်စွာ သူ၏ ခေါင်းကို ပွတ်သပ်လိုက်မိတယ်။
လီမင်ရှီက မီးဖိုချောင်သို့ ဦးတည်သွားသည်ကို မြင်သောလျှင် သူက လီမင်ရှီ၏ ရှင်းပြချက်ကို ချက်ချင်းပင် မေ့ပစ်လိုက်သည်။
“အိုး ဘုရားရေ၊ အရမ်းမွှေးတာပဲ၊ ပါးစပ်ကသွားရည်တွေတောင် ကျလာပြီ”
မဒမ်လီကတော့ ၎င်းကို မြင်သော် သူမ၏စိတ်၌ တီးတိုးရေရွတ်မိသည်။
ဤဟင်းပွဲသည်ကား ကျန်းကျန်းချက်ထားခြင်း မဟုတ်ဟု ချက်ချင်း တွေးမိခဲ့သည်။ မိသားစုရှိ ဤပုဂ္ဂိုလ်များက ကျန်းကျန်းသည်ကား ဟင်းချက်တတ်သည်၊ များစွာသော လှည့်ကွက်များ ရှိသည်၊ သမားတော်ကျန်းထံမှ ဆေးဖက်ဝင်အစားအစာများကိုလည်း သင်ယူထားသည်ကို ရှင်းလင်းစွာ သိညှိနိုင်သည်။
သို့သော်လည်း ယနေ့စားပွဲပေါ်ရှိ ဤဟင်းပွဲများနှင့် နှိုင်းယှဉ်ပါက ကြီးမားသော ကွာဟချက်ကို တွေ့မြင်နိုင်ပါသေးသည်။
အနည်းဆုံး ဤကဲ့သို့ အရောင်အဆင်း၊ အရောင်တောက်ပြောင်မှု၊ ရနံ့၊ အလှဆင်မှုများသည်ကား ကျန်းကျန်း၏ လက်ရာနှင့် မတူပေ။
တကယ်တမ်း၌ ကျန်းကျန်းက ရှေးဘဝ၌ အစားအစာ များစွာကို စားသုံးခဲ့ဖူးသည် ။
သို့သော် ပေရှားဒေသ၏ လူများသည်ကား စတူးဟင်းရည်ချက်ပြုတ်ခြင်းကိုသာ စားသုံးလေ့ရှိပြီး ဟင်းသီးဟင်းရွက်များကို လှပစွာချက်ပြုတ်ခဲသည်။
ထို့ကြောင့် သူတို့အားလုံးက ကျန်းကျန်း၌ ဟင်းချက်ပြုတ်ရာတွင် အတွေးအမြင်များစွာရှိသည်ဟု ခံစားကြရပြီး စားသုံးရန် ကောင်းမွန်သည်ဟု ဆိုကြသည်။
သို့သော် ရှီကျွင့်ကျဲသည်ကတော့ မတူပေ။ သူသည်ကား သူ ပြုလုပ်သော အရာတိုင်း၌ အကောင်းဆုံးဖြစ်အောင် ကြိုးစားလိုခဲ့သည်။
သူနှင့် သူ၏မိဘများ ပြင်သစ်၌ရှိစဉ်က ကျောင်း၌ ဟင်းချက်အတန်းတစ်ခုရှိခဲ့ပြီး ကျောင်းသားများကို ဟင်းချက်ပြုတ်နည်း သင်ကြားပေးရန် နာမည်ကျော် စားဖိုမှူးတစ်ဦးကို ဖိတ်ခေါ်ခဲ့သည်။
ရှီကျွင့်ကျဲကလည်း ၎င်းဘာသာရပ်ကို အဓိကဘာသာရပ်နှင်းတန်းတူစွာ အလွန်အလေးအနက်ထားကာ သင်ယူခဲ့သည်။
ကျောင်းသင်တန်း ပြီးဆုံးပြီးနောက်တွင် သူသည်ကား စားဖိုးမှူးတစ်ဦးအဖြစ် စားသောက်ဆိုင်၌ပင် သွားရောက်လုပ်ကိုင်ခဲ့သည်။
ယခုအခါတွင် သူ၏ ပြင်သစ်အစားအစာသည်က သာမန်စားသောက်ဆိုင်ရှိ စားဖိုမှူးများထက် ပိုမိုကောင်းမွန်နေခဲ့ပေပြီ။
ရှီကျွင့်ကျဲ တရုတ်အစားအစာ ချက်ပြုတ်တတ်အောင် သင်ယူခဲ့ခြင်းသည်ကား ရှီချန်ပေါ် ပဲရစ်၌ ရှိစဉ်က ပြင်သစ်သို့ ခိုလှုံလာခဲ့သော တရုတ်စားဖိုမှူးတစ်ဦးနှင့် မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ရခြင်းကြောင့် ဖြစ်သည်။
ထိုစားဖိုမှူး၏ ကောင်းမွန်သော ဟင်းချက်ကျွမ်းကျင်မှုကြောင့် ပြည်သူ့သမ္မတနိုင်ငံ မတည်ထောင်မီကတည်းကပင် သူ၏ စားပွဲကို ကြိုတင်မှာယူနိုင်ခြင်းက များစွာသော ငွေကြေးရှင်များအတွက် ဂုဏ်ယူစရာတစ်ခု ဖြစ်ခဲ့သည်။
ထိုငွေကြေးရှင်များ ကျရှုံးပြီးနောက် သူလည်း ပါဝင်ပတ်သက်ခဲ့ရသည်။
ကံကောင်းစွာဖြင့် ထိုနှစ်များအတွင်း၌ သူက ငွေများစွာ စုဆောင်းနိုင်ခဲ့ပြီး သူ၏ မိသားစုနှင့်အတူ ပြင်သစ်သို့ တိုက်ရိုက် ခေါ်ဆောင်သွားရန် နည်းလမ်း ရှာဖွေတွေ့ရှိခဲ့သည်။
ထိုစားဖိုမှူး ပြင်သစ်သို့ ရောက်ရှိပြီးစတွင် ဘာသာစကား မတတ်မြောက်ခြင်း၊ သူ့ကို ခန့်အပ်လိုသော သင့်တော်သည့် စားသောက်ဆိုင် မရှိခြင်း၊ နေထိုင်ရန် သင့်လျော်သည့် နေရာပင် ရှာဖွေမတွေ့ရှိခြင်းတို့ကြောင့် ခဏတာမျှ အခက်အခဲ များစွာ ကြုံတွေ့ခဲ့ရသည်။
ထိုစဉ်က ရှီချန်ပေါ်မှ တစ်နေ့တွင် သူငယ်ချင်းတစ်ဦးကို သွားရောက်လည်ပတ်ခဲ့ရာ ထိုစားဖိုမှူးမှ သူနှင့် တစ်နိုင်ငံသားခြင်း ဖြစ်သည်ကို မြင်သောအခါ အားကိုးတကြီး အကူအညီတောင်းခဲ့ခြင်း ဖြစ်ပေသည်။
*