← Chapters

အခန်း (၂၂၃)

Vol. 23 Ch. 223

အခန်း (၂၂၃)

Vol. 23 Ch. 223

ချက်ပြုတ်ရန် အလျင်လိုနေကြောင်း ပြောသော်လည်း နှစ်ယောက်စလုံးက သူတို့၏ အတူရှိချိန်များကို ပျော်ရွှင်နေဆဲပင်။

ကြာမြင့်စွာ ချစ်ခဲ့ရသည့် မိန်းကလေးက သူ၏ချစ်သူ ဖြစ်လာပြီဟု တွေးလိုက်မိသော် ရှီကျွင်းကျဲမှာ ကျန်းကျန်းကို မကြာခဏငုံ့ကြည့်နေခဲ့မိသည်။

ပထမတစ်ချက်ကြည့်လိုက်ပြီးနောက် ဤအရာအားလုံးသည် သူ၏စိတ်ကူးယဉ်မှု ဟုတ်၊ မဟုတ်ဟုပင် တွေးတောနေခဲ့မိသည်။

ရှီကျွင်းကျဲမှ သူမကို မကြာခဏ ကြည့်နေသည်ကို တွေ့မြင်ရသော် ကျန်းကျန်းက ခေါင်းမော့၍ သူ့ကို ပြုံးပြလိုက်သည်။

“ရှင် ကျွန်မကို ကြည့်ရတာ ဒီလောက်တောင်ကြိုက်လား”

“အင်း”

ရှီကျွင့်ကျဲ၏ နားရွက်တွေက နီရဲနေတုန်းပင်။

“တကယ်ကို ကြိုက်ပါတယ်။”

“ကျွန်မလည်း ရှင့်ကို ကြည့်ရတာ ကြိုက်တယ်၊ ရှင်က အရမ်းချောတာပဲ။”

ကျန်းကျန်းရဲ့ အပြုံးလေးက ငါးခိုးစားထားသည့် ကြောင်လေးလို ဖြစ်နေခဲ့ပေ၏။

“ဒီတစ်ခါတော့ ကျွန်မက ရှင့်ကိုအမြတ်ထုတ်လိုက်ပြီ”

“ကျန်းကျန်း...”

ကျန်းကျန်း၏ အမည်ပြောင်ကို ပထမဆုံးအကြိမ် ခေါ်ခြင်း ဖြစ်သော်လည်း ရှီကျွင့်ကျဲသည်ကား မည်သည့် မသက်မသာမှုကိုမျှ မခံစားရပါ။

သူ့အနေဖြင့်သဘာဝကျသည်ဟု ခံစားရသည်။ သူက ကျန်းကျန်း၏ ပြုံးနေသည့် မျက်လုံးများကို ကြည့်လိုက်ကာ သူ၏ နှုတ်ခမ်းထောင့်စွန်း၌ ချစ်မြတ်နိုးသည့်အမူအရာများ ပါရှိနေခဲ့သည်။

“မင်းသာ အမြတ်ထုတ်ချင်တယ်ရင် အချိန်မရွေး ကြိုဆိုပါတယ်”

သူတို့ နှစ်ယောက်စလုံး မီးဖိုချောင်သို့ ရောက်ရှိသည်အထိ လက်ချင်းမဖြုတ်ဘဲ လျှောက်လာခဲ့ကြသည်။ ရှီကျွင့်ကျဲ ကျန်းကျန်း၏ ပါးပြင်ပေါ်၌ ကျနေသည့် ဆံပင်များကို ကူညီသပ်တင်ပေးရင်း သူ့ကို ညင်သာစွာ မေးမြန်းလိုက်သည်။

“ဘာတွေ ချက်ဖို့ စီစဉ်ထားလဲ၊ ကိုယ် ကူညီပေးလို့ရမလား”

“ဟမ် ၊ ရှင် ချက်ပြုတ်တတ်လား။”

ကျန်းကျန်းသည် သူ့ကို အနည်းငယ်အံ့ဩစွာ ကြည့်လိုက်မိသည်။ လီမိသားစုအိမ်ဟောင်း၌ ကျန်းကျန်း၏ အစ်ကိုများသည်ကား အမဲလိုက်ခြင်း၊ ငါးဖမ်းခြင်း၊ ထင်းဆွဲခြင်းတို့၌ ကောင်းမွန်သည်။

သို့ရာတွင် ချက်ပြုတ်ရာ၌ မီးမွှေးခြင်းလောက်ကိုသာ ကူညီပေးနိုင်ခဲ့သည်။ သူတို့ကို ချက်ခိုင်းလျှင် ပန်းထိုးခိုင်းသကဲ့သို့ ခက်ခဲလိမ့်မည်။

“အင်း၊ ကိုယ် အိမ်မှာ မကြာခဏ ချက်လေ့ရှိတယ်”

မီးဖိုချောင်၏ အပြင်ဘက်၌ မည်သူမျှ မရှိသည်ကို တွေ့မြင်ရသော် ရှီကျွင့်ကျဲသည် ခေါင်းငုံ့၍ ကျန်းကျန်း၏ နားအနီးသို့ ကပ်ကာ တီးတိုး ပြောကြားလိုက်သည်။

“မင်းကို ကိုယ့်ရဲ့လက်ရာကို မြည်းစမ်းစေချင်လို့ပါ”

နွေးထွေးသည့် လေငွေ့က ကျန်းကျန်း၏ နားရွက်ဖျားကို မှုတ်ထုတ်လိုက်သည့်အတွက် ယားကျိကျိခံစားမှုက နားရွက်ဖျားမှ ပါးပြင်များဆီသို့ ကူးစက်သွားပြီး ပါးများ နီရဲလာသည်။

ကျန်းကျန်း၏ ဖြူစွတ်နေသည့် အရေပြားတွင် အနီရောင်ရဲရဲ ဖုံးလွှမ်းနေသည်ကို တွေ့မြင်ရသော် ရှီကျွင့်ကျဲသည်ကား အကြည့်လွှဲရန်အတွက် အတင်းအကြပ် ရုန်းကန်လိုက်ရချေသည်။

သူ့အနေဖြင့် သူမ၏ ပါးပြင်ကို နမ်းရှိုက်မိသွားမည် စိုးရိမ်၍ပင် ဖြစ်လေသည်။

နားအတွင်းမှ အသက်ရှုငွေ့များက တဖြည်းဖြည်း ပျောက်ကွယ်သွားသော် ကျန်းကျန်းသည်တစ်ယောက် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ရသည်။

သို့မဟုတ် အနည်းငယ်လောက် စိတ်ပျက်သွားသည်လားကို မပြောနိုင်ပါချေ။

သူမ မနေနိုင်ဘဲ ခေါင်းမော့၍ နားများကို ပွတ်သပ်လိုက်သည်။ တစ်ဖက်လူကို မော့ကြည့်လိုက်မိလျှင် သူတို့၏ မျက်လုံးများက ဆုံစည်းသွားကာ ထပ်မံ ရောယှက်သွားပြန်သည်။

ဤသို့ပင် အချင်းချင်း ကြည့်နေရုံနှင့်ပင် စိတ်ပျော်ရွှင်နေရသကဲ့သို့ပင်။

“ကျန်းကျန်း၊ ဘာတွေ ကြည့်နေတာလဲ၊ ဘဲသား ဘယ်လိုနေလဲ လာကြည့်ပါဦး”

လီမင်ပေတစ်ယောက် မီးဖိုချောင်မှ ထွက်လာ၍ သူတို့နှစ်ဦးကို သိပ်မဝေးသည့် နေရာ၌ ရပ်နေသည်ကို တွေ့မြင်ရသော် မည်သည့်အရာကိုမျှ မှားယွင်းနေသည်ဟု မခံစားရဘဲ ပေါ့ဆသည့်အသံဖြင့် လှမ်းခေါ်လိုက်သည်။

သူသည် မီးဖိုချောင်အတွင်းမှ မီးဖိုထဲမှ ဘဲကို လှန်လှောရန် အထူးချိတ်ကို လှမ်းယူလိုက်သည်။

ကျန်းကျန်းနှင့် ရှီကျွင်းကျဲတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်၍ ပြုံးလိုက်ကြသည်။ နှစ်ယောက်စလုံး မီးဖိုချောင်ဆီ အမြန်လျှောက်သွားကြသည်။

ကျန်းကျန်း သူမ၏အသိစိတ်ဖြင့် ဘဲကို အပြင်ဘက်မှ အတွင်းဘက်အထိ ကြည့်ရှုလိုက်ပြီး ချက်ချင်း ခေါင်းခါလိုက်သည်။

“အချိန်မကျသေးဘူး၊ ထင်း နည်းနည်း ထပ်ထည့်လိုက်ဦး”

“ကောင်းပြီ”

လီမင်ပေက ပြန်တုံ့ပြန်၍ ကျန်းကျန်း ပြင်ဆင်ထားသည့် သစ်တော်သီးပင် အကိုင်းခြောက် ဆယ်တုံးခန့်ကို ထင်းမီးဖိုထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် ရှီကျွင့်ကျဲ၏ လက်ထဲက ပုံးကို လာယူလိုက်ပြန်သည်။

“ဒီလောက်များတဲ့ ငါးတွေ ထပ်မိပြန်ပြီလား၊ မနေ့က ငါးကြင်းတွေရော”

“အင်း အဲဒါကို အရင်ဆုံး ချန်ထားလိုက်ဦး”

ကျန်းကျန်း မီးဖိုချောင်သို့ သွားခါနီး၌ ရုတ်တရက် ရပ်လိုက်ပြီး သူမ၏နဖူးကို ဒေါသတကြီး ရိုက်လိုက်မိသည်။

“ရေကန်နားက ပုစွန်အိုးကို ပြန်ယူလာခဲ့ဖို့ မေ့လာတယ်”

သူက လီမင်ပေ၏ လက်မောင်းကို လှုပ်ယမ်းလိုက်ပြီး သူ့ကို ချိုသာစွာပြုံးပြလိုက်သည်။

“ စတုတ္ထအစ်ကို၊ အစ်ကို မြန်မြနာပြေးနိုင်တယ်မလား”

“ဒီကောင်မလေးကတော့..”

လီမင်ပေက ခေါင်းခါရမ်း၍လိုက်သော်လည်း မည်သည့်အရာမျှ မတတ်နိုင်ခဲ့ပါပေ။

သူက ကျန်းကျန်း၏ ဦးခေါင်းထိပ်ကို အလေ့အကျင့်အတိုင်း ပွတ်သပ်ရန် လက်လှမ်းလိုက်စဉ် ရုတ်တရက် စူးရှသည့် အကြည့်တစ်စုံ ရောက်ရှိလာသကဲ့သို့ ခံစားလိုက်ရသည်။

လီမင်ပေက မသိစိတ်ဖြင့် သူ၏လက်ကို ပြန်ရုပ်လိုက်မိပြီး မော့ကြည့်လိုက်လေသည်။

သို့သော် ဤခဏအတွင်း၌မူ သူ့အနေဖြင့် မည်သည့်အရာကမျှ မှားယွင်းသည်ကို မတွေ့မြင်ရပါချေ။

သူ ခေါင်းနောက်ဘက်ကို ယောင်ချာချာနှင့် ကုတ်ခြစ်လိုက်ပြီး ထိုကိစ္စကို ခေါင်းအတွင်းမှ ထုတ်လိုက်လေသည်။ ထို့နောက် မီးဖိုချောင်တစ်ဘက်သို့ အော်ပြောလိုက်သည်။

“ဒုတိယအစ်ကို၊ အပြင်ထွက်ပြီး ငါးတွေ သတ် ပေးပါဦး”

သူကတော့ ဥယျာဉ်ဘက်သို့ အမြန်ပေးသွားလိုက်လေသည်။

လီမင်ပေက မည်သည့်အရာကိုမျှ မှားယွင်သည်ကို မတွေ့မြင်ရသော်လည်း ကျန်းကျန်းကတော့ ရှီကျွင်းကျဲ၏ လုပ်ဆောင်ချက်များကို ရှင်းလင်းစွာ မြင်နေခဲ့ရသည်။

သူမက တစ်ဖက်လူကို မျက်နှာရှုံ့မဲ့ပြလိုက်ကာ နှုတ်ခမ်းကို လှုပ်ရုံမျှနှင့် စကားလုံးသုံးလုံး ပြောကြားလိုက်သည်။

“စိတ်...ပုတ်...လေး...”

ကျန်းကျန်းက ဤစကားကို ပထမဆုံးအကြိမ် ပြောခြင်းမဟုတ်သော်လည်း ရှီကျွင်းကျဲကတော့ မှင်တက်နေဆဲပင်။ သူက ကျန်းကျန်းကို ပြုံး၍ ကြည့်လိုက်ပြီး လီမင်ရှီ မထွက်လာမီ သူမ၏ဆံပင်ကို အမြန်ထိလိုက်ပြန်သည်။

“ငါးထပ်ဖမ်းပြန်ပြီလား”

လီမင်ရှီက ခိုများကို ဆေးကြောပြီး မီးဖိုချောင်ကနေ အမြန်ထွက်လာတယ်။

“ခိုတွေက ဘယ်လို စားမှာလဲ၊ ကြည့်လိုက်ပါဦး”

အာဟာရပြည့်ဝသည့် ဘဲစွပ်ပြုတ် ရှိပြီးသားဖြစ်၍ ကျန်းကျန်း ခိုစွပ်ပြုတ်လုပ်ရန် စိတ်ကူးကို လက်လျှော့လိုက်သည်။

ကျန်းကျန်း လက်ဆေးပြီးနောက် စိမ်ထားသည့် ခိုများကို ကြည့်လိုက်လေ၏။ တစ်ကောင်ချင်းစီက အလေးချိန် တစ်ပိဿာခွဲကျော်လောက်စီ ရှိနေခဲ့သည်။ သူမက ရင်ဘတ်ရိုးနားမှ အသားကို လက်ဖြင့် ဖိကြည့်လိုက်သည်။

သွေးနှင့်ရေကို ဆေးကြောပြီးနောက် ကျန်းကျန်း ပြင်ဆင်ထားသည့် အိုးအတွင်းသို့ ရေနှင့် ဆာကို ထည့်၍ မီးဖိုပေါ်တွင် တင်လိုက်သည်။

ထို့နောက် ခိုဆယ်ကောင်ကို ပွက်ပွက်ဆူနေသည့် ဆားရည်အောက်တွင် ဖိထား၍ရေနွေးဖျောလိုက်လေ၏ ။

ဟင်းပွဲများစွာကို တစ်ပြိုင်တည်း ချက်ပြုတ်နေသည့်အတွက် မီးဖိုချောင်အတွင်း ဓာတ်ငွေ့မီးဖို လေးခုမှလွဲ၍ ကျန်သည့်အရာအားလုံး မီးထွန်းထားပြီး ထင်းမီးဖိုပင် အသုံးပြုထားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် အိမ်က မူလတုန်းက နန်းတော်တစ်ခုဖြစ်ပြီး မီးဖိုချောင်ကလည်း လုံလောက်စွာ ကျယ်ဝန်းသည့်အတွက် လူများစွာ ဝင်ကာ အလုပ်ရှုပ်နေသော်လည်း ကျဉ်းကျပ်ခြင်းမရှိပါချေ။

လီမင်ရှီသည် အသင့်လှီးဖြတ်ထားသည့် ငါးများကို ယူလာပေးခဲ့သည်။

ဟင်းသီးဟင်းရွက်များကို ယခုလေးတင်မှ ဆေးကြောပြီးစီးကာရောက်လာသည့် ရှဲ့ယန်နန်မှာ ငါးညှီနံ့ကိုရသည်နှင့် ရုတ်တရက် အော့အန်ချင်လာခဲ့ကာ ပါးစပ်ကို ပိတ်၍ ပြေးထွက်သွားခဲ့လေ၏။

လီမင်ရှီသည်လည်း ငါးဇလုံကို အမြန်ဘေးဖယ်ထားလိုက်ပြီး သူမ၏ ကျောကို ပုတ်ပေးရန်အတွက် အပြေးအလွှား ထွက်ခွာသွားခဲ့သည်။

ကျန်းကျန်းသည် အမြန်ထွက်ကြည့်လိုက်သော် ရှဲ့ယန်နန်မှ အချဉ်ရေများကို ဆက်တိုက်အန်နေသည်ကို တွေ့မြင်ရ၍ သူမ အမြန်ပြောလိုက်လေသည်။

“ဒုတိယအစ်ကို၊ ညီမရဲ့ ဒုတိယယောက်မကို အနားယူဖို့ အိမ်ကိုကူပြီး လိုက်ပို့ပေးလိုက်ပါ၊ ဒီမှာက ဘာမှ လုပ်စရာမရှိဘူး၊ ညီမလေး တစ်ယောက်တည်း လုပ်လိုက်လို့ရတယ်”

လီမင်ရှီသည်လည်း ခေါင်းညိတ်၍ ရှဲ့ယန်နန်ကို အိမ်သို့ သေသေချာချာ ဂရုစိုက်၍ ပြန်ခေါ်သွားခဲ့သည်။

ကျန်းကျန်း မီးဖိုချောင်သို့ ပြန်ဝင်လာပြီးနောက် ဝမ်ရှင်းဝမ့်မှ ဟင်းသီးဟင်းရွက် လှီးနေသည်ကို တွေ့မြင်ရသော် အမြန်ပြောလိုက်ရပြန်သည်။

“စတုတ္တယောက်မ၊ သိပ်ပြီး အလုပ်အပင်ပန်းမခံပါနဲ့၊ အခန်းကို ပြန်ပြီး အနားယူလိုက်ဦး၊ ကြာကြာရပ်နေရင် ခါးနာလိမ့်မယ်၊ ခဏစောင့်လိုက်ဦး၊ စတုတ္ထအစ်ကို ပုစွန်တွေ ယူလာပြီးရင် သူ့ကို ယောက်မနဲ့အတူ ပြန်လိုက်ဖို့ ပြောလိုက်မယ်”

ဝမ်ရှင်းဝမ့်တစ်ယောက် သူမသည်လည်း အမှန်တကယ်ပင် ခါးအနည်းငယ်နာနေသည့်အတွက် ရဲတင်းစွာ မလုပ်ဆောင်တော့ဘဲ သူမ၏ခါးကို ထောက်၍ ထွက်သွားဖို့ လုပာလိုက်လေသည်။

လီမင်ပေမှ ပုစွန်ပုံးနှင့် ပြန်လာသည့်အချိန်တွင် ကျန်းကျန်းက အမြန်ပြောလိုက်လေ၏။

“စတုတ္တအစ်ကိုနှင့် ယောက်မတို့နှစ်ယောက် အိမ်ကိုပြန်ပြီး ခဏနားလိုက်ကြဦး၊ ညစာစားဖို့ နီးရင် ညီမ လှမ်းခေါ်လိုက်မယ်။”

လီမင်ရှီနှင့် လီမင်ပေတို့ နှစ်ယောက်စလုံး ပြန်သွားပြီးနောက် မီးဖိုချောင်အတွင်း၌ ကျန်းကျန်းနှင့် ရှီကျွင့်ကျဲတို့သာ ကျန်ရှိတော့သည်။

ရှီကျွင်းကျဲက ကျန်းကျန်းကို ကြည့်၍ ပြုံးလိုက်သည်။

“ကိုယ် ဘယ်ဟင်းပွဲတွေကို ချက်ပေးရမလဲ”

ကျန်းကျန်း စားပွဲပေါ်မှ အမျိုးမျိုးသော ပါဝင်ပစ္စည်းများကို ကြည့်၍ ရှီကျွင့်ကျဲကို ပြန်ကြည့်လိုက်သည်။

“ရှင် ဘာပဲလုပ်လုပ် ရတယ်”

ကျန်းကျန်းက ရှီကျွင်းကျဲတစ်ယောက် အသုပ်ကဲ့သို့ ရိုးရှင်းသည့် ဟင်းပွဲအချို့ကိုသာ ချက်ပြုတ်တတ်မည်ဟု ထင်ခဲ့သည်။

သို့သော် ရှီကျွင်းကျဲက တရုတ်နှင့် အနောက်တိုင်း အစားအစာများ၌ အလွန်ကျွမ်းကျင်သည်ကို သူမ မသိခဲ့ပေ။

အရသာရှိသော ပုစွန်ဆီပြန်နှင့် ဟင်းပွဲများကို ချက်ပြုတာပြီးနောက်တွင် ရှီကျွင့်ကျဲ မီးဖိုကို ပိတ်လိုက်ပြီး အသင့်ပြင်ဆင်ထားသည့် ပန်းကန်ပေါ်သို့ ပုစွန်ဆီပြန်ဟင်းကို အမြန်လောင်းထည့်လိုက်သည်။

ကျန်းကျန်းအတွက် ပန်းကန်အသေးအတွင်း အနည်းငယ်ချန်ထားရန်လည်း မမေ့ခဲ့ပေ။

သူက ထိုပန်းကန်လေးကို သူမဆီကို ပေးလိုက်လေသည်။

“မလုပ်ဖြစ်တာ တော်တော်ကြာပြီ ၊ ဘယ်လိုအရသာရှိလဲတောင် မသိတော့ဘူး၊ မင်း ကိုယ့်အတွက် မြည်းစမ်းကြည့်ပြီး အကြံဉာဏ်လေး ပေးပါဦး”

အရောင်ကို ကြည့်ရုံ၊ အနံ့ကို ရှူရှိုက်ရုံနှင့်ပင် ဤပုစွန်ဆီပြန်ဟင်းသည်ကား လုံးဝအရသာရှိလိမ့်မည်းဖြစ်ကြောင်း သိသာလှသည်။

ရှီကျွင့်ကျဲက ကျန်းကျန်းကို အရင်ဆုံးမြည်းစမ်းကြည့်စေလို၍ ဆင်ခြေရှာခြင်းသာ ဖြစ်ပေသည်။

ကျန်းကျန်း ချက်ချင်း တူတစ်စုံ ကိုထုတ်၍ ပုစွန်ဆီပြန်တစ်ကောင်ကို ကောက်ယူပြီး ပါးစပ်အတွင်းသို့ ထည့်လိုက်လေသည်။

သူမက ပုစွန်အခွံပေါ်မှ လတ်ဆတ်ကာ အနည်းငယ်ငန်၍ ချိုမြိန်သည့် ဟင်းရည်ကို စုပ်ယူလိုက်သည်။

ကျန်းကျန်း ပုစွန်ခေါင်းမှ ဖောင်းကြွနေသည့်နေရာကို ညင်သာစွာ ကိုက်လိုက်သည်။ ထို့နောက် ပုစွန်သားကို ညင်သာစွာ ကိုက်ပြီးသည်နှင့် ပုစွန်အမြီးကို ဆွဲလိုက်သော် အခွံတစ်ခုလုံး ကျွတ်သွားခဲ့လေသည်။

ပါးစပ်အတွင်းမှ နူးညံ့သည့် ပုစွန်သားသာ ကျန်ခဲ့ပြီး နောက်ဆက်တွဲ အရသာက အာခံတွင်းတွင် ရှည်ကြာနေခဲ့သည်။

“အရမ်းကောင်းတယ်”

ကျန်းကျန်း နောက်ထပ် ပုစွန်ဆီပြန်တစ်ကောင်ကို ကောက်ယူ၍ သူမ၏ပါးစပ်အတွင်း ထည့်လိုက်ပြန်သည်။ ထို့နောက် ရှီကျွင့်ကျဲကို လက်မထောင်ပြလိုက်လေ၏။

အရသာမှာ အလွန်ကောင်းလွန်း၍ မျက်ရည်ကျလုနီးပါးပင် ဖြစ်နေရသည်။

“ဘယ်လိုလုပ်ပြီး ဒီလောက်ထိ အရသာရှိအောင် ချက်ပြုတ်တတ်ရတာလဲ”

*

All Chapters