အခန်း (၂၄၀)
Vol. 24 Ch. 240
လီမင်တုန်သည်လည်း သူ၏ ယောက္ခမ မိသားစု၏ အခြေအနေကို သိသောကြောင့် သူတို့က ပိုက်ဆံကြောင့် ရန်ဖြစ်မည်စိုး၍ လျင်မြန်စွာ အကြံပေးလိုက်သည် ။
“တကယ်တော့ အိမ်ဝယ်ဖို့ မလိုပါဘူး၊ ကျွန်တော်တို့ ညီအစ်ကိုတွေက ပေရှားဒေသမှာ မရှိဘူးလေ၊ အမေနှင့် အဖေတို့ ကျွန်တော်တိိ့ရဲ့အိမ်မှာ အရင်လာနေတာ ကောင်းပါတယ်”
လျိုချွန်ဟွားက စကားတစ်ခွန်းမျှ မပြောဘဲ ထရပ်၍ မီးဖိုချိတ် တစ်ချောင်းယူကာ မီးဖိုမှ အုတ်များကို တိုက်ရိုက် ဆွဲထုတ်၍ ရွှေငါးပုတ်သင်အကောင်ကြီး သုံးကောင်ကို ထုတ်ယူလိုက်သောကြောင့် ထိုအခိုက်တွင်တစ်မိသားစုလုံး ထိတ်လန့်သွားကြရသည် ။
ရွှေငါး တစ်ကောင်ကို ထုတ်ယူ၍ မင်တုန်ကို ပေးလိုက်ရင်း လျိုချွန်ဟွားက ပြောသည် ။
“ဒါတွေက ငါ့ရဲ့ ပိုင်ဆိုင်မှုတွေအကုန်ပဲ၊ ဒီရွှေငါးပုတ်သင်ကောင်ကို ပိုက်ဆံနဲ့ လဲပေးပြီး အိမ်သုံးလုံး ဝယ်ပေးပါ၊ ဝင်ထွက်သွားလာလို့ကောင်းမွန်တဲ့နေရာ ဖြစ်ရင် ပိုကောင်းတယ်၊
မင်းရဲ့အဖေနှင့် ငါ တွေးထားတာ ကွေ့ဟွား နဲ့ မင်းတို့အတွက် အိမ်တစ်လုံး၊ သူမရဲ့အကြီးဆုံးအစ်ကိုနဲ့ ဒုတိယအစ်ကိုတစ်ယောက်အတွက် တစ်လုံးစီရအောင် ဝယ်ပေးပါ၊ ကျန်တဲ့ပိုက်ဆံနဲ့ မြေယာတချို့ ဝယ်ပေးပြီး သူတို့နဲ့ ခွဲဝေပေးပါ၊ ဒါမှ ငါ စိတ်အေးရမယ်”
သူမက ကျန်ရှိသည့် ရွှေငါးပုတ်သင်နှစ်ကောင်ကို ရင်ခွင်ထဲသို့ ထည့်လိုက်ရင်း ဆက်ပြောခဲ့သည်။
“ဒီနှစ်ကောင်ကတော့ ငါနဲ့ မင်းအဖေအတွက် နောင်အနာဂတ် ပင်စင်စားဖို့ ပိုက်ဆံပဲ၊ အမေတို့နှစ်ယောက်လုံး တစ်သက်လုံး ပင်ပန်းခဲ့ကြပြီ၊ ဆေးရုံသွားတာ၊ ဆေးဝါးဝယ်တာတွေအတွက် ဒါကို သုံးမယ်၊ ဘယ်သူမှ ဂရုမစိုက်ကြတော့ရင်တောင် ဒါနဲ့ဆိုရင် ကိစ္စမရှိဘူး၊ နောက်ပြီး ဒါတွေက မင်းတို့ရဲ့ ပိုက်ဆံမပါဘူး”
ကွေ့ဟွား၏ အစ်ကိုကြီး နှစ်ဦးသည်ကား အရှင်းရှင်များကို ဖြိုဖျက်ကာ နှင်ထုတ်သည့်အချိန်တွင် ဆယ်ကျော်သက် အရွယ်လေးများအဖြစ်ရှိနေခဲ့ပြီ ။
သူတို့က မည်သို့မျှ မတတ်နိုင်သော်လည်း ဆင်းရဲဒုက္ခများကိုရင်ဆိုင်နေရသည့်အချိန်တိုင်း ငယ်ရွယ်စဉ်က နေခဲ့ရသည့် ကောင်းမွန်သည့် နေ့ရက်များကို ပြန်စဉ်းစားခဲ့ကြပြီး ဂရုတစိုက် သတိရနေတတ်ကြသည် ။
တစ်နေ့နေ့တွင် သူတို့ ငယ်ငယ်စဉ်ကကဲ့သို့ နေထိုင်ခွင့် ရမည့် အခွင့်အရေးကို အမြဲ မျှော်လင့်နေတတ်ကြသည် ။
ထို့ကြောင့် ရွှေငါးပုတ့သင်ကြီးများကို မြင်သောအခါ အစ်ကို နှစ်ဦး၏ ပထမဆုံး အတွေးမှာ ဤသည်ကို အပြင်ဘက်၌ စွန့်စား လုပ်ကိုင်ရန် အရင်းအနှီးအဖြစ် သုံးရန်ပင်ဖြစ်သည် ။ လျိုချွမ်ဟွားက သူတို့၏ စကားကို ကြားသောအခါ မျက်ခုံးပင့်၍ ပြန်ပြောခဲ့သည်။
“မင်းတို့ ညီအစ်ကိုနှစ်ယောက်မှာ ဒီရွှေငါးပုတ်သင်အတွက် ဝေစု တချို့တဝက်စီရှိတယ်၊ ဒီဝေစုကို မင်းတို့ အိမ်ဝယ်မလား၊ အပြင်မှာ စွန့်စားမလားဆိုတာ မင်းတို့အပေါ် မူတည်တယ်၊
မင်းအဖေနဲ့ ငါ့မှာ ပင်စင်နဲ့ နာရေးစရိတ်ရှိတယ်၊ နောင်အနာဂတ်ကိုရောက်ရင် မင်းတို့ဆီက ငါမမျှော်လင့်ဘူး၊ မင်းတို့မှာ ကိုယ်ချင်းစာစိတ်ရှိရင် ပြန်လာကြည့်နိုင်တယ်”
မိဘများမှာ တစ်သက်လုံး ဆင်းရဲဒုက္ခ ရောက်ခဲ့ရသည်ကို သိ၍ အသက်ကြီးလာလျှင် ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်သင့်သည်ကို သိသော်လည်း အစ်ကိုနှစ်ဦးကမူ ကျောပူအောင် အလုပ်လုပ်၍ နေရသည်ကို မလိုလားကြပါချေ ။
ညီအစ်ကိုများက ရက်အနည်းငယ်ကြာအောင် ဆွေးနွေး တိုင်ပင်ခဲ့ကြကာ မိဘများကို ဦးညွှတ် ကန်တော့ပြီး သူတို့၏ ဇနီးများနှင့် ကလေးများနှင့်အတူ ထွက်သွားခဲ့ကြသည် ။
အဘိုးအဘွား နှစ်ဦးတည်းသာ ဖြစ်သောကြောင့် လီမင်တုန်က သူတို့ အိမ်ဝယ်သည်ကို ခွင့်မပြုခဲ့တော့ပေ ။
မင်တုန်က ကျောင်းတွင် ဆယ်စုနှစ်ကျော်ခန့် ကြိုးကြိုးစားစား လုပ်ကိုင်ခဲ့၍ သူတို့ ခွဲဝေရရှိထားသည့် အိမ်ကလည်း လုံလောက်အောင် ကြီးသည် ။
သူတို့ နှစ်ဦးက အဘိုးအဘွား နှစ်ဦးကို တိုက်ရိုက် အိမ်သို့ ခေါ်လာခဲ့ကြသည် ။ သူတို့က မပြောင်းချင်သော်လည်း ကျောင်းကန်တင်းတွင် စား၍ရကာ အရာရာတိုင်း အဆင်ပြေသည်ကိုပြားလျှင် လိုက်ဖို့ ဆုံးဖြတ်ခဲ့ကြသည် ။
မဒမ်လီ အံ့အားသင့်သွားသည် ။
“ဒါဆို အန်းပေဒေသက မင်းယောက္ခမနဲ့ ယောက္ခမ(ထီး)တို့က ဘယ်လိုလဲ၊ အခု အဲဒီမှာပဲ နှစ်ယောက်တည်း ကျန်ခဲ့တာလား”
“ဟုတ်တယ်”
လီမင်တုန် ခေါင်းညိတ်လိုက်သည် ။
“အိုး၊ မင်းတို့နှစ်ယောက် ဘယ်လိုတွေ လုပ်နေကြတာလဲ”
မဒမ်လီက ဒေါသတကြီး ပေါင်ကို ရိုက်လိုက်သည် ။
“မင်းတို့က သူတို့ကို မခေါ်လာဘူးဆိုတော့ ဒီအထီးကျန်နေတဲ့ လူကြီး နှစ်ယောက်က နှစ်သစ်ကူးပွဲတော်ကို ဘယ်လိုလုပ်ပြီး ကျင်းပမှာတဲ့လဲ၊
မင်းတို့နှစ်ယောက်က ဘာလို့ ဒီလောက် မတွေးတောတတ်ရတာလဲ၊ အသိစိတ်လေး ရှိကြစမ်းပါ”
လီမင်တုန်မှာ အဆူခံရ၍ ခေါင်းပင်မဖော်နိုင်တော့ချေ ။ ကွေ့ဟွားက လျင်မြန်စွာ ရှင်းပြလာသည် ။
“အဖွား၊ ကျွန်မတို့က မိဘတွေကို လိုက်လာဖို့အတွက် အကြိမ်ကြိမ် ပြောခဲ့ပေမယ့် ကျွန်မရဲ့အမေက လိုက်ဖို့ကို မလုပ်ချင်ခဲ့တာပါ၊
သူမ ပြောတာက နှစ်ပေါင်းများစွာကြာပြီးမှ သူမနဲ့ကျွန်မအဖေ နှစ်သစ်ကူးကို နှစ်ယောက်တည်း ကျင်းပရတာတဲ့၊ ဒါက သန့်ရှင်းပြီး ပိုပြီး သက်သောင့်သက်သာရှိတယ်တဲ့၊ စားချင်တာ ဝယ်စားလို့ရတယ်၊ အိပ်ချင်သလောက် အိပ်လို့ရတယ်၊ ဘာမှ စိတ်ပူစရာ မလိုဘူးတဲ့”
ကွေ့ဟွား ခဏရပ်လိုက်၍ သူမ၏ မျက်နှာပေါ်တွင် ခါးသက်သည့် အပြုံးတစ်ခု ပေါ်လာသည် ။
“အဖွားလည်း အမေ့အကြောင်းကို သိတယ်မလား၊ သူမဆီမှာ ထူးထူးခြားပြီးခေါင်းမာတတ်တဲ့ စိတ်နေစိတ်ထားရှိတယ်၊ ခေါင်းကလည်း အရမ်းမာတယ်၊ ကျွန်မတို့မှာ သူမကို ချန်ထားခဲ့ဖို့ကလွဲပြီး တခြားရွေးစရာ မရှိဘူး၊
ကျွန်မတို့ မထွက်ခင်တုန်းက အစ်ကိုမင်တုန်က တီဗီလက်မှတ်ရခဲ့တဲ့အတွက် တီဗီတစ်လုံးဝယ်ပြီး သူတို့အတွက်အိမ်မှာ တပ်ဆင်ပေးခဲ့တယ်၊
ကျွန်မတို့ ထွက်လာတုန်းက တီဗီက တပ်ဆင်ပြီးသားဖြစ်နေပြီဆိုတော့ ဒီတစ်ခါ နှစ်ယောက်လုံး ပိုပြီးပျော်နေခဲ့ကြတယ်၊ မျက်လုံးတောင် မပွင့်ခင်ကတည်းက တီဗီကိုပဲ ကြည့်ချင်နေကြတာ”
မဒမ်လီ သက်ပြင်းချလိုက်သည် ။
“ကောင်းပြီ၊ မင်းတို့ ပျော်နေရင် ရပြီ၊ လာမယ့်နှစ် နွေရာသီကျောင်းပိတ်ရက်မှာတော့ သူတို့ကို ဒီကို ခေါ်လာခဲ့ကြ”
မှောင်စပြုလာသည်ကို မြင်သော် ပဲမုန့်လုံးက ဖက်ထုပ်များနှင့် ဘီစကစ်တိုနှင့်အတူ ပြေးလာခဲ့ကြသည် ။
အသားမုန့်လုံးလည်း မီးပိတ်၍ အရှေ့ခြံဝင်းသို့ စကားပြောရန် ထွက်လာခဲ့သည် ။ သကြားမုန့်လုံးသည်လည်း မျက်လုံးများကို ပွတ်သပ်၍ ထလာသည် ။
ဝမ်စုဖန်း၊ ကျန်းကျန်းနှင့် ကွေ့ဟွားတို့က မီးဖိုချောင်သို့ ညစာ ချက်ပြုတ်ရန် သွားမည့် အချိန်တွင်ပင် ရှီကျွင့်ကျဲက ပစ္စည်းများ ပြည့်နှက်သည့် အိတ်များနှင့် ရုတ်တရက် ရောက်လာခဲ့သည် ။
အသားမုန့်လုံးက ပြတင်းပေါက်ဘက်သို့ မျက်နှာမူ၍ ထိုင်နေခဲ့လေသည် ။ လူတစ်ဦး ဝင်လာသည်ကို မြင်သောအခါ သူက လျင်မြန်စွာ အော်လိုက်သည် ။
“အန်တီလေး၊ တစ်ယောက်ယောက် လာနေသလိုပဲ”
သူ ပြောပြီးသည်နှင့် ထရပ်၍ တံခါးဖွင့်လိုက်သောအခါ တံခါး၌ အလွန်ပင် ချောမောခန့်ညားသည့် လူတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည် ။
အသက်နှစ်ဆယ်အရွယ် ကောင်လေး တစ်ဦးဖြစ်သော်လည်း လူငယ်ဆန်သည့် လန်းဆန်းမှုနှင့် လူကြီး တစ်ဦး၏ တည်ငြိမ်မှု နှစ်ခုစလုံးကို ပိုင်ဆိုင်ထားသည် ။
အသားမုန့်လုံးမှာ ပင်ချန်မြို့မှ မြို့ငယ်လေး သို့မဟုတ် လယ်ယာကြီး၌ နေခဲ့သည် ။ ဤနေရာ နှစ်ခုမှ လူများက ဆယ်ကျော်သက် ဖြစ်စေ၊ လူကြီး ဖြစ်စေ ရုပ်ရည်ကြမ်းတမ်း၍ ခတ်ထန်ကြသည် ။
ရှီကျွင့်ကျဲကဲ့သို့ ခန့်ညား၍ သိမ်မွေ့သည့် ပုံစံမျိုးကို အသားမုန့်လုံးက ပထမဆုံး အကြိမ် မြင်ဖူးသည်ဖြစ်၍ အံ့အားသင့်သွားသည် ။
ကျန်းကျန်းက အသားမုန့်လုံးကို ဘေးသို့ တွန်း၍ ရှီကျွင့်ကျဲ၏ ဘေးနားတွင် ချိုချိုသာသာ ဝင်ထိုင်လိုက်သည် ။
“ဘာလို့ ဒီလောက် နောက်ကျမှ ရောက်လာတာလဲ”
“မင်းတို့အိမ်ကို ဧည့်သည်တွေရောက်လာတယ်လို့ ကြားလို့ တမင်တကာ သစ်သီးတချို့ ပို့ပေးတာ”
ရှီကျွင့်ကျဲက သူ၏ လက်ထဲရှိ မြေအိုးကို ထပ်မံချလိုက်ပြန်သည် ။
“ပြီးတော့ တစ်နေကုန်တစ်ညလုံး နှပ်ထားတဲ့ ဗုဒ္ဓနံရံပေါ်ကခုန်ချဟင်းလည်း ပါသေးတယ်၊ ပူပူနွေးနွေးစားလိုက်ရင် ပင်ပန်းတာပြေပျောက်ဖို့ ကူညီပေးတယ်”
“ဗုဒ္ဓနံရံပေါ်ကခုန်ချဟင်း...”
မြေအိုးအဖုံးကို လုံအောင် ပိတ်ထားသော်လည်း ကျန်းကျန်းက အနည်းငယ်လောက် ထွက်လာသည့် မွှေးရနံ့ကို ရနေဆဲဖြစ်သည် ။
“ဒီလောက်တောင် မွှေးတာ သေချာပေါက် အရသာရှိမှာပဲ”
ရှီကျွင့်ကျဲက သူမကို ပြုံး၍ ကြည့်လိုက်သည် ။
“မင်း မြည်းကြည့်ပြီး ကြည့်လိုက်လေ၊ မင်းကြိုက်ရင် ကိုယ် နောက်တစ်ခါ ထပ်လုပ်ပေးမယ်”
ကျန်းကျန်း ခေါင်းကို အမြန်ငြိမ့်ပြလိုက်သည် ။ ရှီကျွင့်ကျဲက သူမကို ပြုံးပြလိုက်၍ အခန်းကို မော့ကြည့်လိုက်သောအခါ လူတိုင်းက သူ့ကို ပါးစပ် အဟောင်းသားဖြင့် ကြည့်နေကြသည်ကိုတွေ့လိုက်ရလေ၏ ။ ထို့ကြောင့် ရှီကျွင့်ကျဲ ချောင်းဟန့်၍ ကျန်းကျန်းကို မျက်စိမှိတ်ပြလိုက်သည် ။
“ကျန်းကျန်း၊ ကိုယ့်ကို မိတ်ဆက်မပေးဘူးလား။”
ကျန်းကျန်းက ရှီကျွင့်ကျဲ၏ လက်ကို ဆွဲ၍ ရဲရဲဝံ့ဝံ့ ပြုံးလိုက်သည် ။
“ဒါက ကျွန်မရဲ့ ချစ်သူ ရှီကျွင့်ကျဲလေ”
အသားမုန့်လုံး ရုတ်တရက် သဘောပေါက်သွားခဲ့ရသည် ။
ဤသည်ကား ဒဏ္ဍာရီထဲမှ ဦးလေးငယ်လေးပင် ။
နေ့လည်ခင်းတွင် သူ၏ အန်တီဖြစ်သူမှ တစ်ဖက်လူမ၏ ကောင်းသည့် အချက်များစွာကို ဆိုကာ ချီးကျူးခဲ့သော်လည်းအဓိက အချက်ကိုတော့ မပြောဘဲချန်ထားခဲ့သည်ကို သူ ပြန်စဉ်းစားမိသည် ။
ဤကဲ့သို့ ချစ်ကြိုက်သွားရခြင်း၏ အဓိကအချက်မှာ တစ်ဖက်လူ၏ အလှအပကြောင့်သာ ဖြစ်သည် ။
ရှီကျွင့်ကျဲက ခဏလောက်သာ နေ၍ နှုတ်ဆက် ထွက်ခွာသွားခဲ့သည် ။
မည်သို့ပင်ဖြစ်စေ မိသားစုများက တစ်နှစ်တွကာ တစ်ကြိမ်သာ ပြန်ဆုံသောကြောင့် သူ့ကဲ့သို့ ပြင်ပလူ တစ်ဦးအနေနှင့် ဤနေရာတွင် အကြာကြီး နေသည် မသင့်တော်ပါချေ။
“ပြင်ပလူ” ဟူသည့် စကားလုံးကို တွေးလိုက်သောအခါ ရှီကျွင့်ကျဲ၏ ရင်ထဲတွင် ချဉ်တူးလာရသည် ။
ဘွဲ့ရရန် သုံးနှစ် ကျန်သေးသည်ဟု တိတ်တိတ်လေး တွက်ချက်ကြည့်လိုက်ပြီးနောက် ဇနီးယူရန်အတွက် လမ်းခရီးသည်ကား အလွန် ရှည်လျားနေသကဲ့သို့ ခံစားလိုက်ရသည် ။
လီမိသားစုမှ လူများက ရှီကျွင့်ကျဲ တံခါးဝမှ ထွက်သွားသည်ကို ကြည့်နေကြသော်လည်း လူတိုင်းက မည်သည့် စကားမျှ မပြောကြပါချေ ။ တစ်မိနစ်ခန့် ကြာသောအခါမှသာ အသားမုန့်လုံးက ရှီကျွင့်ကျဲ ဝေးဝေးရောက်သွားပြီဟု ခန့်မှန်း၍ မေးလိုက်သည် ။
“အန်တီလေး ဘာတွေလုပ်နေတာလဲ။ လူတွေကို လိမ်ညာပြီး ချစ်ကြိုက်ထားတာလား”
“နင် ဘာတွေပြောနေတာလဲ”
ကျန်းကျန်းက သူမ၏ ဖြူဖွေး နူးညံ့သည့် လက်ချောင်းများကို ဆန့်၍ အသားမုန့်လုံး၏ခေါင်းကို ထိုးလိုက်သည် ။
“ငါတို့ ချစ်ကြိုက်နေကြတာ၊ နားလည်လား၊ ပြီးတော့ သူကပဲ ငါ့ကို စတင်ပြီး လိုက်တာ”
“ချစ်တယ်” ဟူသည့် စကားလုံးကို ကြားလိုက်သောအခိုက်တွင် လီမူဝူနှင့် ဝမ်စုဖန်းတို့က သူတို့၏ မျက်နှာများကို လက်နှင့်အုပ်လိုက်မိကြသည် ။ ဤကောင်မလေးက ဤမျှ တိုက်ရိုက်ကျစွာပြောလာသောအချိန်တွင် တကယ်ကို တွေးတောစဥ်းစားခြင်းမရှိပါချေ။
*