← Chapters

အခန်း (၁၀၁+၁၀၂)

Vol. 5 Ch. 101+102

အခန်း (၁၀၁+၁၀၂)

Vol. 5 Ch. 101+102

အခန်း(၁၀၁) စူစူလေးကို အရင်ဆုံး ရှာတွေ့တဲ့သူ

စူစူလေး ထိခိုက်မှုမရှိကြောင်းကို ချင်းမိသားစုဝင်များအား အကြောင်းကြားခဲ့ပါသည်။ သူတို့ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သော်လည်း အလုံးစုံ စိတ်လျှော့လိုက်လို့ မဖြစ်သေးပါ။

ချင်းယုဟွိုင်းနဲ့ ချင်းယုကျီးတို့က သူတို့အဖွဲ့နဲ့သူတို့ စတင်ရှာဖွေကြသည်။

သို့သော် စူစူလေးက ထင်ထင်ရှားရှား အမှတ်အသားမရှိသည့် တောနက်ထဲမှာ ရောက်နေတာဖြစ်သဖြင့် ရှာဖွေရတာ အလွန်ခက်ခဲခဲ့သည်။

အဘိုးချင်းနဲ့ အဘွားချင်းတို့ကတော့ အသက်အရွယ် ကြီးရင့်နေပြီဖြစ်တာကြောင့် သူများတွေ ဝန်ထုပ်ဝန်ပိုး ပိမည် ဆိုးသဖြင့် အိမ်မှာသာ နေခဲ့ကြပါသည်။

အချိန်စက္ကန့်တွေ တရိပ်ရိပ်ကုန်ဆုံးနေသော်လည်း စူစူလေး၏ သတင်းကို မကြားရသေးပါ။

“အဘိုးကြီး။ ကျွန်မတို့ ဘယ်လိုလုပ်ကြမတုန်း။ ကျွန်မတို့ သမီးလေး ပျောက်နေတာ တစ်ရက်နီးပါး ရှိတော့မယ်!” အဘွားချင်းက ပူပန်စွာ ပြောလိုက်ပါသည်။

“အေးပါ အဘွားကြီးရယ်။ အကောင်းဘက်ကလည်း တွေးကြည့်စမ်းပါဦး။ အခု စူစူလေး အသက်အန္တရာယ်တွေ ဘာတွေ ရှိမနေဘူး။ ငါတို့ သူ့ကို အမြန်ဆုံးရှာနိုင်ဖို့ပဲ လိုတာ!” အဘိုးချင်းက သူမကို အမြန် နှစ်သိမ့်လိုက်ပါသည်။

“ဟုတ်တယ်အမေ ယုကျီးက ရဲခေါ်ပြီးသွားပြီလို့ ပြောတယ်။ ရဲတွေလည်း လိုက်ရှာနေပါပြီ။ အဲ့တာကြောင့် မကြာခင် ရှာတွေ့တော့မှာပါ!” ချင်းရှင်းကျစ်ကလည်း သူ့အမေကို အားပေးစကား ပြောလိုက်သည်။

“အမေ စိတ်အရမ်း မဖိစီးပါနဲ့။ အစားတစ်ခုခု စားပါဦး။ တစ်ရက်လုံး အမေ ဘာမှမစားရသေးဘူး။ စူစူလေး ပြန်မလာခင် နေမကောင်း မဖြစ်စေနဲ့လေ”။ ဝမ်ချင်းက သူမ ယောက္ခမကို စိုးရိမ်စွာ ဖြောင်းဖြလိုက်၏။

“ငါမစားနိုင်ပါဘူးဟယ်”။ အဘွားချင်းက ခေါင်းခါလိုက်ပါသည်။

“အဘွားကြီး မင်းချွေးမပြောတာ မှန်တယ်။ မင်းတစ်ခုခု အရင်စားသင့်တယ်။ မင်းအစာမစားဘဲနေမှန်း ငါတို့ အဖိုးတန်လေး သိသွားရင် ဝမ်းနည်းသွားလိမ့်မယ်နော်!” အဘိုးချင်းကလည်း သူမကို တိုက်တွန်းပါသည်။

သူကိုယ်တိုင် ဘာမှမစားရသေးသော်လည်း သူ့မိန်းမအတွက် ပိုစိတ်ပူသည်။

အားလုံးရဲ့ တိုက်တွန်းမှုကြောင့် အဘွားချင်း အစာအနည်းငယ် စားလိုက်သည်။

ထို့အပြင် စူစူလေး ပြန်လာလျှင် နွေးနွေးထွေးထွေး စားသောက်ရအောင်လို့ မီးဖိုချောင်ထဲမှာ စူစူလေး အကြိုက်ဆုံး ဟင်းလျာတွေကို ချက်ပြုတ်ပြင်ဆင်ထားပါသည်။

--- --- ---

ဂွီ~ ဂွီ~

ဗိုက်ထဲမှ တဂွီဂွီ မြည်သံတွေ ထွက်ပေါ်နေသည်။

သို့သော် စူစူလေးရဲ့ ဗိုက်ထဲကမဟုတ်ဘဲ ပြန်ပေးသမားတွေရဲ့ ဗိုက်ထဲကဖြစ်ပါသည်။

နေ့လယ်ခင်းတောင် ရောက်နေပြီဖြစ်သော်လည်း မနက်ကတည်းက သူတို့ ရေတစ်စက်တောင် မသောက်ရသေးပါ။

သူတို့က စူစူလေးထက် ပိုပြီး စိုးရိမ်စရာကောင်းသည့် အခြေအနေမှာ ရှိနေပါသည်။

စူစူလေးကတော့ နည်းနည်းလေးတောင် ဗိုက်မဆာပါ။ အိမ်ပေါက်ဝမှာ ထိုင်ရင်း လက်လေးနှစ်ဖက်ဖြင့် မေးထောက်ကာ အပြင်ကို ငေးကြည့်နေသည်။

မြွေစိမ်းမြီးခြောက်ကလည်း ဘယ်မှမသွားဘဲ လိမ်လိမ်မာမာနဲ့ စူစူလေးဘေးမှာ ခွေနေပါသည်။

“ရှောင်းလု ငါအခု ဘာလုပ်ရမလဲ”။ စူစူလေး အခက်တွေ့နေသည်။

“ရှီးးးးး---”‌ မြွေစိမ်းမြီးခြောက်က တိုးညှင်းစွာ အသံပြုလိုက်သည်။

“နင် မသိဘူးပေါ့။ ဟူး… ငါလည်းမသိဘူး”။ စူစူလေး စိတ်ဓာတ်ကျသွားပြီး မျက်နှာလေး ညှိုးငယ်သွား၏။

“ရှီးးးး---”

“ငါ့တူလေးတွေ ငါ့ကို ရှာတွေ့ပါ့မလား”

“ရှီးးးးး---”

“ငါ့တူလေးကို စောင့်ရမလား ငါ့ဖာသာငါ အိမ်ပြန်လမ်း ရှာလိုက်ရမလား”

“ရှီးးးးး---”

“ဟူးးးး” စူစူလေး လူကြီးလေးလို သက်ပြင်းချလိုက်မိသည်။

ထိုစဉ် ရုတ်တရက် ဆိုသလို ခပ်လှမ်းလှမ်း မြေလမ်းလေးပေါ်မှာ အနက်ရောင်ကားတစ်စီး မောင်းနှင်လာတာကို အားလုံး သတိထားမိသွားသည်။

ထိုကားကို မြင်လိုက်သောအခါ အိမ်ပုလေးထဲက လူအားလုံး ခေါင်းထောင်သွားကြလေသည်။

ပြန်ပေးသမားတွေက ထိုကားပိုင်ရှင်ကို သူတို့နဲ့ သိသည့်လူတစ်ယောက်ယောက် ဖြစ်ဖို့ မျှော်လင့်နေကြသည်။ ဥပမာ ရှုယီဟောက်ရဲ့ အစ်ကိုတို့၊ အစ်ကိုပျောင်ရဲ့ နောက်လိုက်တွေတို့။

“ကားတစ်စီးပါလား!” စူစူလေးက စိတ်လှုပ်ရှားသွားပြီး အိမ်အပြင်သို့ ထွက်သွားလေသည်။

ခြေဖျားလေး ထောက်ကာ ကားကို လက်ပြလိုက်သည်။

“ကား! ကား! ရပ်ပါဦး!”

အနက်ရောင် ကားကြီးက အိမ်ရှေ့မှာ ရပ်တန့်လိုက်ပြီး နောက်တံခါးပွင့်သွားကာ စူစူလေး ရင်းနှီးနေသည့် လူတစ်ယောက်ကို မြင်လိုက်ရသည်။

ကားထဲက လူကို မြင်သောအခါ စူစူလေးမျက်လုံးများ ချက်ချင်း တောက်ပသွား၏။

… … …

အခန်း(၁၀၂) ကိုကြီးက အရမ်းတော်တာပဲ

“ကိုကြီးပါလား?!”

လုကျန်းယွီကို မြင်သောအခါ စူစူလေး အံ့အားသင့်စွာ အော်လိုက်ပါသည်။

လုကျန်းယွီက စူစူလေးကို နူးညံ့စွာ ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် သူကားထဲမှ ထွက်လာခဲ့၏။ သူ့ ဝှီးချဲက လျှပ်စစ် ဝှီးချဲဖြစ်သဖြင့် သူ့လက်အောက် ခလုတ်တွေနဲ့ လှုပ်ရှားမှုတိုင်းကို ထိန်းချုပ်နိုင်ပါသည်။

လုကျန်းယွီက စူစူလေးရှေ့သို့ ရောက်လာပြီး သူမကို အကဲခတ်လိုက်ကာ ထိခိုက်ဒဏ်ရာ ရမထားတာကို အတည်ပြုလိုက်ပါသည်။

ထို့နောက် သူမနောက်က ပြန်ပေးသမားတွေကို လုကျန်းယွီ လှမ်းကြည့်လိုက်သည်။

ပြန်ပေးသမားတွေအကုန် စုတ်ပြတ်သပ်နေကာ ကြိုးတွေနဲ့ အထပ်ထပ် တုပ်ခံထားရသည်။ စူစူလေး၏ လက်ချက် ဖြစ်မှန်း သိသာပါသည်။

“ကိုကြီး ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ”။ စူစူလေးက မေးလိုက်သည်။

“နင့်မိသားစု ရဲတိုင်ပြီးတော့ ငါသတင်း ကြားလိုက်ရတယ်။ နင်တစ်ခုခုဖြစ်နေမှန်း သိလို့ ငါထွက်ရှာခဲ့တာ”။ လုကျန်းယွီက ပြန်ပြောလိုက်ပါသည်။

သူမကို ဘယ်လိုရှာတွေ့ခဲ့တာလဲ၊ ရဲတွေနဲ့ ချင်းမိသားစုထက်စောပြီး သူက အရင်ဘာကြောင့် ရှာတွေ့တာလဲ ဟူသည့် အသေးစိတ်အချက်တွေကို လုကျန်းယွီ ရှင်းမပြခဲ့ပါ။

သို့သော်လည်း စူစူလေး ဒါတွေ သိစရာ မလိုပါ။ သူမ ဘေးကင်းလျှင် လုံလောက်ပါပြီ။

“အစ်ကိုကြီးက အရမ်းတော်တာပဲ! သမီးကို ရှာတွေ့တယ်! အရမ်းတော်တယ်!”

စူစူလေးက ပျော်ရွှင်စွာ ခုန်ပေါက်လိုက်ပြီး လုကျန်းယွီကို အားရပါးရ ပြေးဖက်လိုက်ပါသည်။

လုကျန်းယွီ အနည်းငယ် လန့်သွားသည်။ သူ့ကို စူစူလေး ဒီလို ပြေးဖက်လိမ့်မည်ဟု ထင်မထားပါ။ စူစူလေး ချော်မလဲအောင် လုကျန်းယွီ အမြန် ထိန်းပေးထားလိုက်သည်။

ထို့နောက် သူ့ရဲ့ ပေါင်ပေါ်မှာ စူစူလေး ထိုင်နိုင်အောင် သေချာ နေရာပြန်ချပေးလိုက်ပါသည်။

ဒီကလေးမလေးရဲ့ ခန္ဓာကိုယ်က အလွန်နူးညံ့နေပြီး သူ့ကို ဖက်ထားရတာ အမွေးပွရုပ်လေး တစ်ရုပ်ကို ဖက်ထားရသလိုပင်။

“အစ်ကိုကြီး ကျေးဇူးတင်ပါတယ်!” စူစူလေးက စီစီရီရီသွားကလေးများဖြင့် ပြုံးပြလိုက်သည်။

သူမရဲ့ အပြုံးက အလွန် အပြစ်ကင်းစင်ပြီး ချစ်ဖို့ကောင်းပါသည်။

တော်သေးတာပေါ့…။

စူစူလေးကို ရှာတွေ့လျှင် သူမ စိတ်ချောက်ချားနေမှာကို လုကျန်းယွီ စိတ်ပူနေခဲ့တာဖြစ်သည်။ သို့သော်လည်း သူမက ရွှင်လန်း တက်ကြွနေဆဲဖြစ်၏။

ပြန်ပေးဆွဲမှုက သူမအပေါ် ဘာသက်ရောက်မှုမှ မရှိခဲ့ပါ။

“ရပါတယ်ဗျာ”။ လုကျန်းယွီ ပြန်ပြောလိုက်သည်။ “နင်က ငါ့ထက် ပိုသတ္တိရှိတာပဲ။ လူဆိုးတွေအများကြီးကို မကြောက်ဘဲ တစ်ယောက်တည်း ရင်ဆိုင်ခဲ့တာ”

“မကြောက်ပါဘူး! သမီးက အရမ်းကြမ်းတာ! သူတို့အကုန်လုံးကို လက်သီးတစ်ချက်တည်းနဲ့ အမှောက်ထိုးပစ်လိုက်တာ!”

စူစူလေးက သူမရဲ့ လက်သီးဆုပ်လေးနဲ့ လုကျန်းယွီကို သရုပ်ပြလိုက်ပါသည်။

လုကျန်းယွီ ပြုံးမိသွားပြီး စူစူလေးရဲ့ ရှုပ်ပွနေသော ဆံပင်များကို ပွတ်သပ်ပေးလိုက်ပါသည်။

ထို့နောက် လုကျန်းယွီက ဘေးမှာ ရပ်နေသည့် အိမ်တော်ထိန်းလောင်ကျန်းကို ပြောလိုက်သည်။ “ချင်းအိမ်တော်ကို ဖုန်းဆက်လိုက်ပါ”

“ဟုတ်ကဲ့ပါ သခင်လေး”

လောင်ကျန်း ချက်ချင်း ဖုန်းဆက်လိုက်ပြီး စပီကာဖွင့်ကာ စူစူလေးကို ပေးလိုက်သည်။

“ဟယ်လို--”

အဘိုးချင်း၏ စိုးရိမ်ပူပန်နေသော အသံထွက်ပေါ်လာသည်။

“ဖေဖေ!” စူစူလေးက ဖုန်းထဲ အော်ပြောလိုက်ပါသည်။

“သမီးလေးလား? သမီးလေး!”

“ဟုတ်တယ် သမီး!”

“ဖေဖေ့ သမီးလေး၊ သမီးလေး!” အဘိုးချင်းက ပျော်ရွှင်စွာ ခေါ်လိုက်ပါသည်။

အဘွားချင်းကလည်း အမြန် ဝင်ပြောလိုက်၏။ “မေမေ့ အဖိုးတန်လေး! ဘာဖြစ်သွားသေးလဲ?!”

“ဘာမှမဖြစ်ပါဘူး မေမေရဲ့! မငိုနဲ့နော်! သမီး ဘာမှမဖြစ်ဘူး!”

“မေမေ မငိုပါဘူး မငိုဘူး! မေမေ့သမီးလေး ဘေးကင်းရင် မေမေ မငိုပါဘူး” အဘွားချင်းက အမြန် ပြန်ပြောလိုက်သည်။

“သမီးလေး အခု ဘယ်မှာလဲ”။ အဘိုးချင်းက အမြန်မေးလိုက်သည်။

“သမီးအခု…” စူစူလေးက လုကျန်းယွီကို ကြည့်လိုက်သည်။

လုကျန်းယွီက ဖုန်းထဲ ပြောလိုက်သည်။ “အဘိုးချင်းနဲ့ အဘွားချင်းတို့။ အခုပြောနေတာ ဘေးအိမ်က လုကျန်းယွီပါ။ ကျေးဇူးပြုပြီး စိတ်ချပါ။ အခု စူစူလေး ကျွန်တော်နဲ့ လုံလုံခြုံခြုံ ရှိနေတယ်။ ခဏနေရင် ကျွန်တော် သူ့ကို ပြန်ခေါ်ခဲ့ပါ့မယ်”

အသက်် ၇ နှစ် ၈ နှစ်အရွယ် ကောင်လေးက လူကြီးတစ်ယောက်လို တည်တည်ငြိမ်ငြိမ်နဲ့ အကျိုးအကြောင်းသင့်စွာ ပြောဆိုလိုက်ခြင်းဖြစ်သည်။

All Chapters