← Chapters

အခန်း (၁၀၅+၁၀၆)

Vol. 5 Ch. 105+106

အခန်း (၁၀၅+၁၀၆)

Vol. 5 Ch. 105+106

အခန်း(၁၀၅) ချင်းယုကျီးရဲ့ စိတ်ဒဏ်ရာကို စူစူလေး ကုစားပေးနိုင်လောက်တယ်

ချင်းယုကျီး ကြက်သေသေသွားသည်။ စူစူလေး၏ စကားလုံးများက တဲ့တိုးဆန်ပြီး ရိုးရှင်းသည်။ သို့သော် သူ့နှလုံးသား တည့်တည့်ကို ထိမှန်သွားခဲ့ပါသည်။

စူစူလေးက ထပ်ပြောလိုက်၏။ “ငါ့တူလေး မတုံးနဲ့နော်။ ရိုးရိုးလေးပဲ ငါသင်ပေးမယ်။ နင့်ကို ထိုးတဲ့လူမှန်သမျှကို ပြန်ထိုး။ အမှားလုပ်မိတဲ့လူတိုင်းကို လက်သီးနဲ့ လွင့်သွားအောင်လုပ်လိုက်!”

ချင်းယုကျီးက စူစူလေးရဲ့ ငယ်ရွယ် တောက်ပသော မျက်နှာလေးကို ငေးကြည့်နေခဲ့သည်။ ထို ကြည်ကြည်လင်လင် မျက်လုံးလေးများမှာ မှန်တစ်ချပ်လို သူ့ရုပ်သွင်နဲ့ နှလုံးသားကို ပြန်မြင်နေရသည်။

စူစူလေး၏ အပြစ်ကင်းစင်သော အဖြေများက သူ့နှလုံးသားထဲ တောက်ပလာသည့် မျှော်လင့်ချက် အလင်းတန်းလေး တစ်ခုလိုပင်။

အဘိုးချင်းနဲ့ အဘွားချင်းတို့လည်း စိတ်တည်ငြိမ်သွားကြပြီဖြစ်သည်။

မြေးဖြစ်သူ၏ ရီဝေနေသော မျက်နှာကို မြင်ပြီးနောက် လူကြီးတွေ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အားလုံးကို လူနာခန်း အပြင်ဘက်သို့ ခေါ်သွားခဲ့ပါသည်။

ချင်းယုကျီးနဲ့ စူစူလေးတို့ကို နှစ်ယောက်တည်း ခဏနေခွင့် ပေးလိုက်ကြသည်။

လူကြီးတွေ အပြင်ရောက်တာနဲ့ တစ်ပြိုင်နက် အဘိုးချင်းက သက်ပြင်းချလိုက်သည်။ “ကြည့်ရတာ ယုကျီးရဲ့ စိတ်ဒဏ်ရာကို စူစူလေးက ကုစားပေးနိုင်လောက်မယ် ထင်တယ်”

“အဖေ တကယ်ပြောတာလား”။ ချင်းရှင်းကျစ်က စိတ်လှုပ်ရှားစွာ မေးလိုက်ပါသည်။

“ဖြစ်နိုင်ပါတယ်။ ခုနက ယုကျီးရဲ့ ပုံစံကို မမြင်ဘူးလား။ သူပြန်ပေးဆွဲခံရတုန်းက အဖြစ်အပျက်ကို သတိရနေတာ သိသာတယ်”။ အဘိုးချင်းက ပြောလိုက်သည်။

အဘွားချင်းကလည်း သူမ ယောက်ျားစကားကို ထောက်ခံလိုက်ပါသည်။ “စူစူလေးကော ယုကျီးကော နှစ်ယောက်စလုံး ပြန်ပေးဆွဲခံရဖူးတဲ့ အတွေ့အကြုံရှိတယ်။ ဧကန္တ ယုကျီးရဲ့ ရင်ထဲမှာ စူစူလေးပဲ သူ့ကို နားလည်ပေးနိုင်တယ်လို့ ထင်ကောင်းထင်နေလိမ့်မယ်”

ချင်းရှင်းကျစ်က ပြောလိုက်သည်။ “ဒါဆို သူတို့နှစ်ယောက်ကို ခဏလောက် တူတူနေခိုင်းလိုက်မယ်လေ။ ကျွန်တော်တို့ အနားမှာ မရှိရင် ယုကျီး သူ့ရင်ထဲက စကားတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောဖို့ ပိုလွယ်ကူနိုင်တယ်”

ချင်းရှင်းကျစ် အလွန်မျှော်လင့်မိပါသည်။ သူ့သားရဲ့ စိတ်ဒဏ်ရာတွေကိုသာ ကုစားနိုင်လျှင် တကယ်ပဲ ဝမ်းသာစရာ ဖြစ်သည်။

၁၀ မိနစ်ခန့်ကြာတော့ ဆရာဝန်က စူစူလေးကို လာကြည့်ပါသည်။

လူနာခန်းတံခါးဝကို ရောက်တော့ အခန်းထဲမှ အော်သံတွေ ထွက်လာတာကို ကြားလိုက်ရသည်။။

ဆရာဝန်က တံခါးရှေ့မှာ ရပ်နေသည့် ချင်းမိသားစုဝင်တွေကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

ချင်းရှင်းကျစ်က အနေခက်စွာ ပြုံးကာ ရှင်းပြလိုက်၏။ “စိတ်မပူပါနဲ့ ဒေါက်တာ။ အထဲမှာ ကလေး ၂ ယောက် ကစားနေကြတာနေမှာပါ”

ထို့နောက် ဆရာဝန်အတွက် ချင်းရှင်းကျစ်က တံခါးဖွင့်ပေးလိုက်ပါသည်။

တံခါးပွင့်သွားသောအခါ မြင်လိုက်ရသော မြင်ကွင်းကြောင့် ဆရာဝန်ကော ချင်းမိသားစုကော ဆွံ့အသွားကြသည်။

ချင်းယုကျီးက ကုတင်ပေါ် မှောက်ခုံလဲနေပြီး စူစူလေးက သူ့ကျောပေါ်မှာ တက်ထိုင်နေပါသည်။ ထို့နောက် စူစူလေး၏ လက်သေးသေးလေးများက ချင်းယုကျီး၏ ခြေထောက်နှစ်ဖက်ကို အပေါ်ဘက်သို့ အတင်းဆွဲဆန့်နေသည်။

ယောဂ ဗီဒီယိုတွေမှာသာ မြင်ရလေ့ရှိသည့် အနေအထားမျိုးရောက်အောင် ချင်းယုကျီးကို စူစူလေး ချုပ်နှောင်ထားတာ ဖြစ်သည်။

ခုနက အော်သံတွေကလည်း ချင်းယုကျီးတစ်ယောက် ဒေါ်လေးဖြစ်သူ၏ နှိပ်စက်မှုကြောင့် မနေနိုင်ဘဲ အော်မိသော အော်သံများဖြစ်ပါသည်။

ခဏကြာတော့ ဆရာဝန်က မေးလိုက်သည်။ “ဘယ်သူ့ကို ဆေးစစ်ပေးရမှာလဲ”

အဘိုးချင်းက မျက်နှာအုပ်ရင်း ပြန်ဖြေလိုက်သည်။ “ကျောပေါ်က ကလေးမလေးပါ”

သူတို့ မြေး စိတ်ဒဏ်ရာတွေ ပျောက်သွားပြီလားဆိုတာ မသိပါ။ သို့သော် အနည်းဆုံးတော့ အညောင်းအညာ ပြေသွားလောက်ပါပြီ။

--- --- ---

စူစူလေး ပြန်ပေးဆွဲခံရသည့် သတင်းက သတင်းစာခေါင်းစီးပိုင်းတွေဆီ ရောက်လာခဲ့သည်။

ချင်းမိသားစုမှာ ဟွာချန့်မြို့တွင် ပေါ့သေးသေး မိသားစု မဟုတ်သဖြင့် ထိုမိသားစုမှ သခင်မလေး ပြန်ပေးဆွဲခံရသည့် သတင်းက လူတိုင်းရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။

သတင်းတွေပြန့်သွားသောအခါ ကျေးရွာဘက်မှာ နေထိုင်နေသည့် လူတွေတောင် ထိုသတင်းကို ကြားခဲ့ကြပါသည်။

ဆေးရုံ လျှောက်လမ်းတစ်ခုတွင် ရိုးရိုးရှင်းရှင်း အဝတ်အစားများကို ဝတ်ဆင်ထားပြီး မုတ်ဆိတ်ဖြူဖြူ ရှိသည့် လယ်သမားကြီးတစ်ဦးက ဟိုကြည့်ဒီကြည့်လုပ်နေသဖြင့် ဆေးရုံလုံခြုံရေး အစောင့်တွေ သတိထားမိသွားသည်။

“ဆရာကြီး ဘာတွေရှာနေတာလဲ မသိဘူး” လုံခြုံရေး အစောင့်က မေးလိုက်၏။

“ဘာမှမဟုတ်ပါဘူး ဘာမှမဟုတ်ပါဘူး။ ဒီတိုင်း ဖြတ်သွားဖြတ်လာပါ”

မုတ်ဆိတ်ဖြူ လယ်သမားကြီးက လှည့်ထွက်သွားလေသည်။

မိနစ် ၂၀ လောက်ကြာသောအခါ မုတ်ဆိတ်ဖြူ အဘိုးကြီး ဘယ်ကမှန်းမသိ ရလာသော အဖြူရောင် ကုတ်တစ်ထည်ကို ခြုံလျက် မျက်နှာမှာလည်း Mask တစ်ခု တပ်ထားပြီး ရုပ်ဖျက်ကာ ပြန်ဝင်လာခဲ့ပြန်သည်။

… … …

အခန်း(၁၀၆) မုတ်ဆိတ်ဖြူ လယ်သမားကြီး

ဆေးရုံကြီး၏ အတွင်းလူနာဆောင် လျှောက်လမ်းတွင် မုတ်ဆိတ်ဖြူ လယ်သမားကြီးက ရှေ့လျှောက်လိုက် နောက်လျှောက်လိုက် လုပ်နေပြီး တစ်စုံတစ်ခုကို ရှာဖွေနေသလို ပြုမူနေသည်။

ခဏကြာတော့ သူရပ်တန့်သွား၏။

အနားမှာ ဘယ်သူမှ မရှိမှန်းသေချာအောင် စစ်ပြီးမှ လူနာခန်းတစ်ခန်း၏ တံခါးကို နားဖြင့်ကပ်ကာ ခိုးနားထောင်ဖို့ ကြိုးစားလိုက်သည်။

အထဲက အသံကို အာရုံစိုက် နားထောင်နေသဖြင့် အနောက်မှ လူတစ်ယောက် ရောက်လာတာကိုပင် မုတ်ဆိတ်ဖြူ အဘိုးကြီး သတိမထားမိခဲ့ပါ။

“ခင်ဗျား ဘာလုပ်နေတာလဲ”။ ချင်းယုဟွိုင်းက အေးစက်သော အကြည့်ဖြင့် မေးလိုက်ပါသည်။

မုတ်ဆိတ်ဖြူ အဘိုးကြီး လန့်သွားပြီး ထွက်ပြေးဖို့ ကြိုးစားလိုက်သည်။

သို့သော် ချင်းယုဟွိုင်းက သူ့ကို ချုပ်ထားလိုက်ပါသည်။ “မေးတာကို ဖြေ။ မဖြေရင် ခင်ဗျား ဘယ်မှ မသွားရဘူး”

မကြာသေးခင်က ပြန်ပေးဆွဲမှုတစ်ခုဖြစ်ထားတာကြောင့် ဒီလို သံသယဖြစ်ဖို့ ကောင်းသူတွေကို ချင်းယုဟွိုင်း သူ့မိသားစုနား ကပ်ခွင့်ပေးမှာမဟုတ်ပါ။

“ငါ… ငါက ဆရာဝန်။ ဒီတိုင်း လူနာတွေကို အလှည့်ကြ စစ်ဆေးနေတာ!” မုတ်ဆိတ်ဖြူ အဘိုးကြီးက ရှင်းပြလိုက်သည်။

“ဆရာဝန် ဟုတ်လား”။ ချင်းယုဟွိုင်းက အဘိုးကြီးရဲ့ ကုတ်အင်္ကျီအဖြူကို ဆွဲလှန်ကြည့်လိုက်ရာ အောက်မှာ ဆေးပြယ်နေသော အဖြူရောင်နွမ်းနွမ်း အင်္ကျီကို တွေ့လိုက်ရသည်။ “ဆရာဝန်တွေက ဒီလို ဝတ်တယ်ပေါ့”

ဂျူတီကုတ်အောက်က အဝတ်အစားတွေက ကျိန်းသေပေါက် ဆရာဝန်တွေ ဝတ်တတ်သော အဝတ်အစားတွေ မဟုတ်ပါ။

“ဘာဖြစ်လို့လဲကွ။ ဂျူတီကုတ်အောက်မှာ ဆရာဝန်တွေ ဘယ်လိုဘယ်ပုံ ဝတ်ရမယ်ဆိုပြီး ဘယ်သူက စည်းကမ်း ထုတ်ထားလို့လဲ။ ငါကြိုက်တာငါ ဝတ်လို့ မရဘူးလား?!” မုတ်ဆိတ်ဖြူ အဘိုးကြီးက ပြန်ချေပလိုက်သည်။

“ခင်ဗျား အခုထိ အမှန်တိုင်း မပြောနိုင်သေးဘူးပေါ့။ ကျုပ် ရဲခေါ်လိုက်တော့မယ်”

စူစူလေး၏ ပြန်ပေးအမှုကို စစ်ဆေးနေကြသော ရဲတွေ ဆေးရုံမှာ ရှိနေပါသေးသည်။ စူစူလေးကြောင့် မဟုတ်ဘဲ ပြန်ပေးသမားတွေကြောင့်ဖြစ်သည်။ ပြန်ပေးသမားတွေက ဒဏ်ရာအပြင်းအထန် ရရှိထားသဖြင့် သူတို့ကို အမြန် ကုသပေးဖို့ လိုအပ်နေပါသည်။

ရဲခေါ်မည်ဟူသော အသံကို ကြားလိုက်ရသောအခါ မုတ်ဆိတ်ဖြူ အဘိုးကြီးက စိတ်ချောက်ချားသွား၏။ “မ- မလုပ်ပါနဲ့။ ရဲတော့ မခေါ်ပါနဲ့! ကျေးဇူးပြုပြီး!”

“ခင်ဗျားဘာမှ ဖုံးကွယ်မထားရင် ဘာလို့ ရဲအခေါ်ခံရမှာ ကြောက်နေတာလဲ”

မုတ်ဆိတ်ဖြူ အဘိုးကြီး၏ အပြုအမူကြောင့် ချင်းယုဟွိုင်း သံသယတွေ ပိုကြီးထွားလာခဲ့ပါသည်။

“ငါဘာမှ မဖုံးကွယ်ထားပါဘူးကွာ။ တရားမဝင်တာလည်း ဘာမှ မလုပ်ထားပါဘူး! ငါရဲတွေကို ကြောက်တာ မကြောက်တာ မင်းနဲ့ ဘာမှမဆိုင်ဘူး!” မုတ်ဆိတ်ဖြူ အဘိုးကြီးက မိမိကိုယ်ကို ကာကွယ်သည့်အနေဖြင့် ပြောလိုက်သည်။

တစ်ချိန်တည်းမှာပင် ချင်းယုဟွိုင်း၏ လက်မှ လွတ်အောင်လည်း ရုန်းကန်လေသည်။

ချင်းယုဟွိုင်းက သူ့ကို အသာတကြည်သွားခွင့် မပေးပါ။ ဒီအဘိုးကြီးက အတော်လေး သံသယဖြစ်စရာ ကောင်းနေသည်။ သူ အမှန်တရားကို သိရမှ ဖြစ်မည်။

သူတို့ ၂ ယောက်ထံမှ ထွက်လာသော ဆူညံသံတွေကြောင့် လူနာခန်းထဲက လူတွေ လန့်ကုန်ကြသည်။

အဘိုးချင်းက အခန်းထဲမှ ထွက်လာလေသည်။ “ယုဟွိုင်း ဘာတွေဖြစ်နေတာလဲ။ ငါ့သမီးလေး အိပ်နေတာကို ဘာလို့ ဆူညံနေတာလဲ”

“သံသယဖြစ်စရာလူ ဖမ်းမိထားလို့”။ ချင်းယုဟွိုင်းက ဖြေလိုက်ပါသည်။

သံသယဖြစ်စရာလူ ဟုတ်လား။ သူတို့ ရတနာလေးကို ထပ်ပြီး မကောင်းကြံနေကြပြန်ပြီလား။

အဘိုးချင်းက မုတ်ဆိတ်ဖြူ အဘိုးကြီးကို သေချာ ကြည့်လိုက်ပါသည်။

Mask တစ်ခု အုပ်ထားပြီး ဂျူတီကုတ်ကြီး ခြုံထားသော်လည်း မုတ်ဆိတ်ဖြူကြီးကို မြင်ရုံနဲ့ အဘိုးချင်း မှတ်မိသွားသည်။

“အဘိုးယန်လား? ခင်ဗျား အဘိုးယန်မလား?”

လူမိသွားပြီဖြစ်သဖြင့် မုတ်ဆိတ်ဖြူအဘိုးကြီးက သွားဖြီးကာ ပြုံးပြလိုက်သည်။ “ဟဲဟဲဟဲ အဘိုးချင်း မတွေ့တာတောင် ကြာပြီပဲ~”

“တကယ် ခင်ဗျားကိုး! ဘာလို့ ဒီလိုတွေ ဝတ်စားပြီး ဆေးရုံကို ရောက်လာတာတုန်း”

အဘိုးယန်ဆိုသူမှာ သူတို့ တောင်ပေါ်ဒေသတွင် နေထိုင်တုန်းက ရင်းနှီးခဲ့သော မိတ်ဆွေကြီး ဖြစ်သည်။ ကျေးရွာနဲ့ အနည်းငယ် ကွာဝေးသော တောင်စောင်းလေးတစ်ခုတွင် နေထိုင်သည့် အဘိုးယန်က အနည်းငယ် ကြောင်တောင်တောင် နိုင်သော်လည်း လူကောင်းသူကောင်း ဖြစ်ပါသည်။

ထို့အပြင် စူစူလေးကိုလည်း အလွန်ချစ်သည်။ မကြာခဏ သူတို့အိမ်ကို လာလည်ပြီး မုန့်တွေ လက်ဆောင် ပေးတတ်သည်။

“စူစူလေး ပြန်ပေးဆွဲခံရတဲ့အကြောင်း သတင်းစာထဲမှာ ဖတ်မိလို့။ အဲ့တာကြောင့် လာကြည့်တာပါ”။ အဘိုးယန်က ပြန်ပြောလိုက်သည်။

“စူစူလေးဆီ လာတာဆိုလည်း ဒီတိုင်း ပေါ်တင် လာလိုက်ပါလား။ ဒါတွေက ဘာတွေတုန်း”

“ကျုပ်- ကျုပ်နဲ့ သိတဲ့လူတချို့ ဒီမြို့မှာ ရှိတယ်။ ကျုပ်ကို မြင်သွားမှာ စိုးလို့ပါ” အဘိုးယန်က ရှင်းပြလိုက်သည်။

လူမြင်မှာ ကြောက်နေလို့တဲ့လား။ အကြွေးတွေဘာတွေ ဆပ်စရာ ရှိလို့လား။

အဘိုးချင်း ထပ်ပြီး မမေးမြန်းတော့ပါ။

“စူစူလေး ဘေးကင်းပါတယ်။ ခင်ဗျား ဝင်ကြည့်လို့ရတယ်။ ခင်ဗျားကိုတွေ့ရင် သူလည်း ပျော်သွားမှာ” အဘိုးချင်းက ပြောလိုက်သည်။

“ဟုတ်ပြီ!” ခွင့်ပြုချက် ရတာနဲ့ တစ်ပြိုင်နက် လူနာခန်းထဲ အဘိုးယန် လှစ်ခနဲ ဝင်သွားခဲ့ပါသည်။

All Chapters