အခန်း (၁၀၇+၁၀၈)
Vol. 5 Ch. 107+108
အခန်း(၁၀၇) အဘိုးယန်
အဘိုးယန်၏ ကြောင်တောင်တောင် အမူအယာများကို ကြည့်ပြီး ချင်းယုဟွိုင်း မျက်မှောင်ကြုတ်လိုက်ကာ အဘိုးချင်းကို မေးလိုက်ပါသည်။ “အဘိုး အဲ့လူက လူကောင်းကော ဟုတ်ရဲ့လား”
“အဘိုးယန်က လူကောင်းပါကွ။ နည်းနည်းတော့ ကြောင်ပေမယ့် လူဆိုး မဟုတ်ဘူး”။ အဘိုးချင်းက ရှင်းပြလိုက်သည်။
ချင်းယုဟွိုင်းကတော့ သံသယ မကင်းသေးပါ။ အဘိုးယန်ဆိုသည့်လူ တစ်ခုခု ထူးဆန်းနေသည်ဟု သူခံစားနေရသည်။ အထူးသဖြင့် ထို ဆရာဝန်ဂျူတီကုတ်ကို ဘယ်ကရလာမှန်းမသိဘဲ ရဲခေါ်မှာကိုလည်း အလွန်ကြောက်နေတာကြောင့် ဖြစ်သည်။
လူနာခန်းထဲတွင် မိသားစု၏ တောင်းဆိုချက်ကြောင့် ဆေးစစ်မှု တစ်ပုံတစ်ခေါင်းကြီးကို ခံယူပြီး စူစူလေး အိပ်ငိုက် လာပါသည်။
သို့သော် အဘိုးယန် ရုတ်တရက် ရောက်လာသောအခါ စူစူလေး မျက်လုံးများ ပြန်ကျယ်သွားပြီး တောက်ပသွားသည်။
“ဦးလေး ပိုင်ဟူကျင်း!”
“စူစူလေး~ သမီးကို ဦးလေး ပိုင်ဟူကျင်း လာတွေ့တာ!”
“သမီး ဒီရောက်နေမှန်း ဦးလေးပိုင်ဟူကျင်း ဘယ်လို သိတာလဲ” စူစူလေးက မေးလိုက်သည်။
“သတင်းတွေ့လို့လေ။ သမီး ပြန်ပေးဆွဲခံရတဲ့ သတင်းက တစ်ရွာလုံးမှာ ပြန့်နေတာ!”
“သမီး သတင်းထဲမှာ ပါတယ်ဟုတ်လား။ သမီး ချစ်စရာကောင်းလားဟင်”
သူမ ကင်မရာထဲမှာ ကြည့်လို့ကောင်းပါ့မလားဆိုတာ စူစူလေး ပိုစိတ်ပူနေပါသည်။
“ဓာတ်ပုံမပါဘူး။ နင် ပြန်ပေးဆွဲခံရတဲ့အကြောင်းပဲ ပါတာ”
“ဟာ~”
စူစူလေး အနည်းငယ် စိတ်ပျက်သွားပါသည်။
“ဒီကောင်မလေးကတော့! ဓာတ်ပုံထဲမှာ ချစ်စရာကောင်းလားဆိုတာကို စိတ်ပူနေသေးတယ်ပေါ့။ နင့်ကြောင့် ငါတို့ သေမတတ် လန့်သွားတာ! အဲ့ဒီ မကောင်းတဲ့ကောင်တွေ နင့်ကို အနိုင်ကျင့်မှာ ငါတို့ စိုးရိမ်နေတာ!”
“စိတ်မပူပါနဲ့ သမီးက အားရှိပါတယ်! မမလှလှ သင်ပေးထားတဲ့ တိုက်ခိုက်နည်းတွေကိုတောင် သုံးခဲ့သေးတယ်!”
“ဟားဟားဟား! တော်ပါပေတယ်! စူစူလေးက အတော်ဆုံးပဲ!” အဘိုးယန်က ချီးကျူးလိုက်ပါသည်။
“ဒါပေါ့ တော်ရမှာပေါ့~” စူစူလေးက ခေါင်းလေးမော့ကာ ဂုဏ်ယူဝံ့ကြွားပြလိုက်ပါသည်။
“လာဦး စူစူလေး။ သမီးကို သွေးခုန်နှုန်း စစ်ပေးမယ်။ အဲ့ဒီ အရူးတွေက စက်တွေ ကိရိယာတွေနဲ့ပဲ အလုပ်လုပ်ကြတာ စိတ်မချရဘူး။ ဦးလေးကိုယ်တိုင် စစ်ပေးမယ်”
တံခါးဝမှာ ဘယ်သူမှ ကြည့်မနေတာကို အခွင့်ကောင်းယူပြီး အဘိုးယန်က စူစူလေး၏ လက်ကောက်ဝတ်လေးပေါ် သူ့လက်ချောင်းများနဲ့ စမ်းသပ်ကြည့်လိုက်သည်။
ထို့နောက် အဘိုးချင်းနဲ့ ချင်းယုဟွိုင်းတို့ ဝင်လာသောအခါ သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ဘာမှ မဖြစ်သလို ဟန်ဆောင်နေလိုက်ပါသည်။
အဘိုးယန် ဘာတွေလုပ်နေသလဲဆိုတာ ချင်းယုဟွိုင်း မမြင်လိုက်သော်လည်း သူ့မျက်လုံးထဲက ကွေ့လည်ကြောင်ပတ် အကြည့်ကို သတိထားမိပါသည်။
ထို့ကြောင့် ဒီအဘိုးကြီး တစ်ခုခု မူမမှန်မှန်း ချင်းယုဟွိုင်း ပိုသေချာသွားခဲ့သည်။
သူက လူဆိုးမဟုတ်ရင်တောင် တစ်ခုခု ဖုံးကွယ်ထားတာ ရှိရမည်။
“အဘိုးယန် အချိန်က နောက်တောင်ကျနေပြီပဲ။ ဒီနေ့ညတော့ ကျုပ်တို့အိမ်မှာပဲ လာတည်းလိုက်ပါလား”။ အဘိုးချင်းက ဖိတ်ကြားလိုက်ပါသည်။
ကျေးရွာဘက်မှ အဘိုးယန်က ညကြီးမင်းကြီး သူ့သမီးလေးထံ လာလည်တာ ကြည်နူးဖို့ကောင်းပါသည်။ ထို့ကြောင့် အဘိုးယန်ကို တည်းခိုခန်းမှာ တည်းခွင့် မပေးနိုင်ပါ။
“စူစူလေးကော ဒီနေ့ည အိမ်ပြန်ရမှာလား”။ အဘိုးယန် မေးလိုက်သည်။
“ပြန်ရမှာပါ။ ဆေးစစ်ပြီးသွားလို့ ဘာမှမဖြစ်မှန်း အတည်ပြုပြီးသွားရင် ဆေးရုံဆင်းလို့ ရပါပြီ”
“ကောင်းတာပေါ့ ကောင်းတယ်!” စူစူလေးလည်း အိမ်ပြန်မှာဖြစ်ကြောင်း သိလိုက်ရတော့ အဘိုးယန် အလွန်ပျော်ရွှင်သွားပါသည်။
ကလေးလေးတစ်ယောက်လို ဂနာမငြိမ် အပျော်လွန်နေသည်။
ဒါကိုကြည့်ပြီး ချင်းယုဟွိုင်း မျက်မှောင်တွေ ပိုကြုတ်သွားခဲ့ပါသည်။
… … …
--- --- ---
ည ၉ နာရီ ထိုးသောအခါ စူစူလေးနဲ့ မိသားစုတို့ ဆေးရုံမှ ပြန်သွားကြချိန် လုကျန်းယွီကို ဆေးကုပေးနေသော ဒေါက်တာပိုင်က ဆေးရုံသို့ အပြေးရောက်လာခဲ့ပါသည်။
အကြောင်းအရင်းကတော့ ဆေးရုံတွင် အချိန်အတော်ကြာ မဖွင့်ဘဲ သော့ပိတ်ထားခဲ့သည့် ရုံးခန်းတစ်ခန်း ဒီနေ့ကျမှ အလိုလို ပွင့်နေတာကြောင့်ဖြစ်သည်။
ထိုရုံးခန်းပိုင်ရှင်က တခြားသူမဟုတ်ဘဲ သူတို့ ရှာဖွေနေသည့် ဆရာကြီးရှုယီဖြစ်သည်။
တစ်ချိန်တုန်းက ဆရာကြီးရှုယီ ဒီဆေးရုံကြီးမှာ တာဝန်ကျဖူးပါသည်။ သူ မရှိတော့တာ အချိန်အတော်ကြာပြီ ဖြစ်သော်လည်း ဆေးရုံက သူ့ရုံးခန်းကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။
ရုံးခန်းရှေ့ကို ရောက်တော့ ရုံးခန်းတံခါးကို သော့ဖြင့် ဖွင့်သွားတာဖြစ်မှန်း ဒေါက်တာပိုင် အတည်ပြုနိုင်ခဲ့သည်။
ဆေးရုံ တာဝန်ခံများကလွဲပြီး ဒီရုံးခန်းကို ဖွင့်နိုင်သည့် တစ်ဦးတည်းသောသူက ဆရာကြီးရှုယီ ကိုယ်တိုင် ဖြစ်သည်။
“အထဲမှာ ပစ္စည်းတွေ ဘာတွေ ပျောက်သွားတာ ရှိလား”။ ဒေါက်တာပိုင်က လုံခြုံရေး အစောင့်ကို မေးလိုက်သည်။
“ကျွန်တော် သေချာစစ်ဆေးကြည့်ပြီးပြီ။ ဂျူတီကုတ်တစ်ထည်ပဲ ပျောက်နေတာပါ”။ လုံခြုံရေး အစောင့်က ပြောလိုက်ပါသည်။
… … …
အခန်း(၁၀၈) ဆရာကြီး ရှုယီကို ရှာဖို့ မျှော်လင့်ချက် ရှိသေးတယ်
“ဂျူတီကုတ်တ်တစ်ထည် ဟုတ်လား”။ ဒေါက်တာပိုင် ကြောင်စီစီဖြစ်သွားသည်။ “ဂျူတီကုတ် တစ်ထည်ပဲ ဘာလို့ ပျောက်သွားရတာလဲ။ အထဲမှာ ဆရာကြီးရှုယီရဲ့ ဆေးမှတ်တမ်းတွေ၊ ဆေးညွှန်းတွေ အများကြီးရှိတယ်။ အဲ့တာတွေက ဂျူတီကုတ် တစ်ထည်ထက် အများကြီး တန်ဖိုးရှိတာကို!”
အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက် လုမိသားစုရဲ့ လူကြီးပိုင်းတွေကို အသိပေးဖို့ ဒေါက်တာပိုင် ဆုံးဖြတ်လိုက်ပါသည်။
ဒီကိစ္စက သခင်လေးလု လမ်းပြန်လျှောက်နိုင်ခြင်း မလျှောက်နိုင်ခြင်းနဲ့ သက်ဆိုင်နေသည်။ မျှော်လင့်ချက် သေးသေးလေး ရှိနေသေးရင်တောင် သူတို့ လက်လျှော့လို့ မဖြစ်ပါ။
ထိုသတင်းကို ကြားသောအခါ လုမိသားစုကလည်း ဟွာချန့်မြို့ရှိ သူတို့ လူတွေကို ဆက်သွယ်လိုက်ပြီး ဆရာကြီး ရှုယီ ဘယ်မှာရှိနေသလဲဆိုတာကို အမြန်ဆုံး ရှာဖွေဖို့ အမိန့်ပေးလိုက်ပါသည်။
ထို့နောက် ဒေါက်တာပိုင်က လုကျန်းယွီကို ဖုန်းထပ်ဆက်ကာ ဒီနေ့ဖြစ်ပျက်သွားသည့် အဖြစ်အပျက်တွေအကြောင်း ပြောပြလိုက်ပါသည်။
ဒေါက်တာပိုင် ပြောပြတာတွေကို နားထောင်ပြီးတောင် လုကျန်းယွီ တည်ငြိမ်နေဆဲဖြစ်သည်။ “နားလည်ပါပြီ”
“သခင်လေး ဒါသတင်းကောင်းနော်။ ဆရာကြီးရှုယီ တကယ် ပြန်လာတာဆိုရင် သူ့ကို ရှာတွေ့နိုင်ချေ ရှိတယ်!”
“အဲ့လောက် အာရုံစိုက်ဖို့ မလိုပါဘူး။ သူ့ကို တွေ့ရင်တောင် မျှော်လင့်ချက်ရှိပြီလို့ အတပ်ပြောလို့ မရဘူး” လုကျန်းယွီက စိတ်ခံစားချက်မဲ့စွာ ပြောလိုက်ပါသည်။
“သခင်လေး လက်လျှော့လိုက်လို့ မဖြစ်ဘူးနော်! မျှော်လင့်ချက်က ဘယ်လောက်ပဲ သေးငယ်နေပါစေ မျှော်လင့်ချက် ရှိနေသေးသရွေ့ ကျုပ်တို့ အရှုံးပေးလို့ မဖြစ်ဘူး! အဘိုးချင်းတို့ လင်မယားကိုပဲ ကြည့်ပါဦး။ ကျုပ်တို့ ဆေးပညာအရဆိို သူတို့လို အသက်အရွယ်နဲ့ ကလေးရနိုင်ချေက အပုံ တစ်သန်းမှ တစ်ပုံပဲ ရှိတာ။ ဒါပေမယ့် သခင်မလေး စူစူ မွေးလာတာပဲ မဟုတ်လား။ ပြီးတော့ ကျန်းမာသန်စွမ်းပြီး အားလုံးက ဝိုင်းချစ်တာကို ခံနေရတာပဲ မဟုတ်လား”
ဒေါက်တာပိုင်၏ စကားလုံးများကြောင့် ဖုန်းတစ်ဖက်မှ လုကျန်းယွီ တိတ်ဆိတ်သွားခဲ့ပါသည်။
ယုံကြည်မှုအပြည့်ရှိသည့် အပြုံးလေးနဲ့ စူစူလေး၏ မျက်နှာက သူ့အာရုံထဲမှာ ချက်ချင်းဆိုသလို ပေါ်လာခဲ့သည်။
ခဏကြာတော့ လုကျန်းယွီ ပြန်ပြောလိုက်ပါသည်။ “ဒါဆိုလည်း ဦးလေးပိုင်ကို ဒုက္ခပေးရဦးမှာပေါ့”
လုကျန်းယွီ သဘောထားအနည်းငယ် ပြောင်းလဲသွားတာကို ရိပ်မိပြီး ဦးလေးပိုင် ကျေနပ်သွားပါသည်။ “ဘာဒုက္ခမှ မဖြစ်ရပါဘူး။ သခင်လေးကို ကူညီနိုင်မယ်ဆို ဘာဒုက္ခမှ ကျုပ်မမှုဘူး”
လုမိသားစုက သူ့ဘဝကို ကယ်တင်ပေးဖူးသည်။ လုကျန်းယွီကိုသာ ကုသပေးနိုင်မည်ဆိုလျှင် သူ့အသက်ကိုသူတောင် စတေးရဲပါသည်။
--- --- ---
စူစူလေး အိမ်ပြန်ရောက်တာနဲ့ တစ်ပြိုင်နက် ဟူကျစ်လေးက သူမရဲ့ ဘောင်းဘီကို လက်ကလေးများနဲ့ လာပုတ်လေသည်။
“မြောင်~” ဟူကျစ်က သနားစရာ ကောင်းစွာ မြည်တမ်းလိုက်၏။
စူစူလေးက ဟူကျစ်ကို ချီလိုက်ပြီး ရင်ခွင်ထဲ ထည့်ပိုက်ထားလိုက်ပါသည်။
အဘိုးယန်က ဟူကျစ်ကို သကြားလုံးလေး တစ်လုံး ပေးလိုက်သည်။ သကြားလုံးကို မြင်သောအခါ ဟူကျစ် မျက်လုံးလေးများ ပျော်ရွှင်မှုဖြင့် တောက်ပသွား၏။
“မြောင်~~”
အဘိုးယန်၏ ကိုယ်တိုင်လုပ် သကြားလုံးများက အရသာ အလွန်ခါးသည်။ ထိုအရသာကို စူစူလေး မကြိုက်ပါ။ သို့သော် ဟူကျစ်ကတော့ အလွန်ကြိုက်ပါသည်။
“ကြောင်ဆိုးလေး။ အခုချိန်ထိ အကောင်းကြိုက်နေတုန်းပဲပေါ့ ဟုတ်လား!”။ သူဖန်တီးထားသည့်အရာကို အသိအမှတ်ပြုသည့် သူတစ်ယောက်ရှိတာ အဘိုးယန် ဝမ်းသာပါသည်။
အားလုံး ပြန်လာတာကို မြင်သောအခါ ဝမ်ချင်း အမြန်ပြေးလာပြီး စိတ်ပူစွာ ပြောလိုက်သည်။ “အဖေနဲ့ အမေတို့ တစ်နေကုန် အလုပ်များခဲ့လို့ ပင်ပန်းနေကြမှာပဲ။ နားလိုက်ကြပါဦး။ ကျန်းမာရေးက အရေးကြီးတယ်လေ”
အဘိုးချင်းက ခေါင်းငြိမ့်လိုက်သည်။ “အာ့ချင်း။ အဘိုးယန်အတွက် အိပ်ခန်းတစ်ခန်း ပြင်ပေးဖို့ အိမ်စေတွေကို ပြောလိုက်ပါ”
အဘိုးယန်?
စူစူလေးနဲ့အတူ ပါလာသော အဘိုးကြီးဆီ ဝမ်ချင်း ချက်ချင်း အကြည့်ရောက်သွားကာ မျက်မှောင်ကြုတ်သွားပါသည်။
အဘိုးကြီးက လယ်သမားတစ်ဦးလို ဝတ်ဆင်ထားသည်။ အဝတ်အစားများက အကြိမ်ရေပေါင်းများစွာ လျှောပ်ဖွပ်ထားသဖြင့် ဆေးတွေပြယ်ပြီး အဖြူရောင် သမ်းနေပါပြီ။
မျက်နှာနဲ့ အသားတွေကလည်း နေလောင်ထားတာကြောင့်လားမသိ၊ မည်းနက်နေသည်။
သို့သော် ဒီအဘိုးကြီးက စူစူလေးနဲ့ ပျော်ပျော်ရွှင်ရွှင်ကစားနေပြီး ဟူကျစ်နဲ့တောင် အတော်လေး ရင်းနှီးသည့်ပုံ ပေါက်သည်။
“အဖေ ဒီ အဘိုးယန်ဆိုတာက…” ဝမ်ချင်းက သိချင်စိတ်ဖြင့် မေးလိုက်ပါသည်။