← Chapters

အခန်း (၁၀၉+၁၁၀)

Vol. 5 Ch. 109+110

အခန်း (၁၀၉+၁၁၀)

Vol. 5 Ch. 109+110

“ဒါက အဘိုးယန်လေ။ အဖေတို့ ရွာမှာနေတုန်းက ရင်းနှီးခဲ့တာ။ သူက စူစူလေးနဲ့ အရမ်းခင်တယ်။ ပြီးတော့ အဖေတို့ရဲ့ ဧည့်သည်ပဲ။ စူစူလေး ပြန်ပေးဆွဲခံရတဲ့အကြောင်းကြားတော့ သူ ဆေးရုံကို ချက်ချင်း ရောက်ချလာ”။ အဘိုးချင်းက ရှင်းပြလိုက်သည်။

တကယ်တော့ အဘိုးချင်းနဲ့ အဘွားချင်းတို့လည်း အဘိုးယန်အကြောင်း သိပ်မသိကြပါ။ စူစူလေးကသာ အဘိုးယန်နဲ့ ပိုရင်းနှီးတာဖြစ်သည်။

“ဪ… နားလည်ပါပြီ”။ ဝမ်ချင်း၏ အပြုံး အနည်းငယ် တောင့်တင်းသွားပါသည်။

သူမရဲ့ ယောက္ခမတွေက စူစူလေးကို အလွန် အလိုလိုက်လွန်းနေသည်။ ကလေးတွေက တွေ့သမျှလူနဲ့ မိတ်ဆွေ မဖွဲ့သင့်ပါ။ ဒါကို မိဘတွေက ဘာကြောင့် မဆုံးမရတာလဲ။

ဒီအဘိုးကြီးပုံစံက ပညာမတတ်သည့် သာမန် ရွာသား တစ်ယောက်ပုံစံဖြစ်သည်။ မကောင်းတဲ့ အကြံတွေ ရှိနေလျှင် ဘယ်လိုလုပ်မည်နည်း။

စူစူလေးကို မကောင်းကြံဖို့ ကြိုးစားမည့် နောက်ထပ်လူတစ်ယောက် ဖြစ်နေရင် ဘယ်လိုလုပ်မလဲ”

“အဘိုးချင်း၊ ကျုပ်အတွက် အဲ့လောက်ကြီး ပြင်ဆင်ပေးဖို့ မလိုပါဘူး”။ အဘိုးယန်က ပြောလိုက်သည်။

“အဲ့လိုမပြောပါနဲ့ အဘိုးယန်ရာ။ ခင်ဗျားက စူစူလေးရဲ့ မိတ်ဆွေဆိုတော့ ကျုပ်တို့ရဲ့ မိတ်ဆွေပဲလေ။ ကျုပ်တို့ လျစ်လျူရှုလို့ ဘယ်ဖြစ်ပါ့မလဲ!” အဘိုးချင်းက ပြတ်ပြတ်သားသား ပြောလိုက်ပါသည်။

“ဟားဟားဟား… ဟုတ်ပါပြီ ဟုတ်ပါပြီ. အဘိုးချင်းကတော့ စူစူလေးရဲ့ အဖေလို့ မပြောရဘူး။ အရမ်း သဘောကောင်း ရက်ရောတာပဲ!” အဘိုးယန်က ရယ်ရယ်မောမောဖြင့် ချီးမွမ်းလိုက်ပါသည်။

“ဟုတ်တယ်! အဲ့တာ သမီးဖေဖေ!” စူစူလေးက ဘေးမှ ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

“ဟားဟားဟား ဟုတ်ပါတယ်။ နင့်အဖေပါ နင့်အဖေက အရမ်းတော်တယ်နော်!” အဘိုးယန် ရယ်မောရင်း ဆက်ပြောလိုက်သည်။ “ကဲ မိုးလည်းချုပ်နေပြီ။ ဒီအဘိုးကြီး တစ်နေကုန် ခရီးနှင်လာရလို့ ပင်ပန်းနေပြီ။ ရေချိုးပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်ဦးမယ်ဗျာ။ မနက်ဖြန်ကျမှ ဆက်ကစားကြမယ်နော်”

“အွန်း! ကောင်းကောင်း အိပ်နော်~!” စူစူလေး ခေါင်းငြိမ့်ပြလိုက်ပါသည်။

ထို့နောက် အဘိုးယန်က ရေမိုးချိုးပြီး အနားယူဖို့အတွက် ချင်းမိသားစု အိမ်စေ တစ်ဦးနောက်သို့ လိုက်သွားခဲ့ပါသည်။

ထိုစဉ် ဟွော်ထျင်း ရောက်လာခဲ့သည်။

စူစူလေး ပြန်လာမှာကို သိသဖြင့် မနက််အစောကြီးကတည်းက ဟွော်ထျင်း ဧည့်ခန်းထဲမှာ စောင့်နေခဲ့တာ ဖြစ်သည်။

စူစူလေး အိမ်တံခါးမှ ဝင်လာတာနဲ့တစ်ပြိုင်နက် ဟွော်ထျင်း မြင်လိုက်ပါသည်။ စူစူလေး ခုန်ပေါက် ပျော်ရွှင်နေတာကို ကြည့်ခြင်းအားဖြင့် သူမ ဘာမှမဖြစ်ခဲ့မှန်း ဟွော်ထျင်း သိပါသည်။

ထို့နောက် စူစူလေး သူမ စိတ်နဲ့သူမ စကားလာပြောမှာကို ဟွော်ထျင်း ထိုင်စောင့်နေခဲ့သည်။

သို့သော်လည်း စောင့်ရင်းသာ အချိန်တွေ ကုန်သွားသည်။ စူစူလေးက အဘိုးကြီးကိုပဲ စကားပြောနေပြီး သူ့ကို လျစ်လျူ ရှုထားပါသည်။

နောက်ဆုံးတော့ အဘိုးကြီး ထွက်သွားတာတောင် သူ့ကို စူစူလေး သတိမထားမိသေးပါ။

ဟွော်ထျင်း သည်းမခံနိုင်တော့ဘဲ စူစူလေးဆီ လျှောက်သွားလိုက်သည်။ ထို့နောက် လက်ပိုက်လျက် စိတ်ကြီးဝင်စွာ ပြောလိုက်သည်။ “ဟဲ့ကောင်မလေး နင်ဒုက္ခရောက်တုန်းက ငါအများကြီး ကူညီပေးခဲ့တာ။ အဲ့တာကြောင့် အခုချိန်ကစပြီး ငါ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတာ ပိုကောင်းမယ်နော်!”

သူ့ဘက်က စူစူလေးကို စကားစပြောရသော်လည်း စိတ်အားထက်သန်နေပုံ ပေါက်လို့မရပါ။ သူ့မာနကို ထိန်းသိမ်းရမည်။ သူဘယ်လောက် အရေးပါလဲဆိုတာ ဒီကောင်မလေးကို သိစေချင်သည်။

“ဒါပေမယ့် ငါ့ကို ကယ်ပြီး ပြန်ခေါ်လာပေးတာ ကိုကြီးကျန်းယွီလေ…”။ စူစူလေးက မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်ရင်း ဟွော်ထျင်းကို ကြောင်စီစီ ကြည့်လိုက်ပါသည်။

“အဲ့ ဝှီးချဲနဲ့ကောင်အကြောင်းကလွဲလို့ နင့်မှာ တခြားပြောစရာ မရှိတော့ဘူးလား” ဟွော်ထျင်းက စိတ်ဆိုးမာန်ဆိုး မျက်နှာဖြင့် ပြောလိုက်ပါသည်။

ဒီဟာမလေးက ဘာလား။ ကမ္ဘာပေါ်မှာ အဲ့ဝှီးချဲနဲ့ကောင် တစ်ကောင်တည်း ရှိတာမို့လို့လား။ တခြားသူတွေ ဘယ်သူမှ မရှိတော့ဘူးလား။

“ကိုကြီး ကျန်းယွီက အရမ်းသဘောကောင်းတာ! ပြီးတော့ ငါ့ကို ကယ်ပြီး အိမ်ပြန်ပို့ပေးတာ တကယ် ကိုကြီး ကျန်းယွီပဲ!” စူစူလေးက ခါးထောက်ပြီး ဒေါသထွက်သလိုလို ဖြစ်လာပါပြီ။

“နင်ဘာလို့ သူ့ကို အဲ့လောက် ကာကွယ်ပြီး ပြောပေးနေရတာလဲ။ နင်ဘယ်လောက်ပဲ ကာကွယ်ပေးပေး သူ လမ်းလျှောက်နိုင်မှာ မဟုတ်ဘူး!”

ကျန်းယွီကို စူစူလေး ပိုကာကွယ်ပေးလေလေ ဟွော်ထျင်း ဒေါသပိုထွက်လာလေလေ ဖြစ်ပြီး သူ့စကားလုံးတွေလည်း ပိုပြီး ကြမ်းတမ်းလာလေလေ ဖြစ်သည်။

“ကိုကြီး ကျန်းယွီက လမ်းမလျှောက်နိုင်ရင်တောင် လူကောင်းတစ်ယောက်ပဲ! အရမ်းသဘောကောင်းတဲ့ လူကောင်းပဲ! နင်က ဆိုးတယ်! ငါနင့်ကို စကားမပြောတော့ဘူး!”

စူစူလေး မျက်နှာလွှဲကာ ဟွော်ထျင်းကို ကျောခိုင်းလိုက်ပါသည်။

“နင်တော့-!” ဟွော်ထျင်း အလွန်ဒေါသထွက်သွားသည်။ စူစူလေး၏ ဦးခေါင်းနောက်ကို ကြည့်ရင်း ပေါက်ကွဲချင်တောင် ပေါက်ကွဲလို့ မရပါ။

ဒါကိုမြင်တော့ အဘွားချင်းက ဝင်ပြီး ဖြေရှင်းပေးလိုက်ပါသည်။ “သမီးလေး စူစူ၊ ကိုကြီးဟွော်ထျင်းကလည်း သမီးလေးကို ကူပြီး ရှာပေးခဲ့ပါတယ်။ ပြီးတော့ သမီးလေး ပြန်လာမယ့် အချိန်ကို ဧည့်ခန်းထဲမှာ တစ်ချိန်လုံး စောင့်နေတာ။ သမီးလေးကို သူဂရုစိုက်ပါတယ်”

“ဟုတ်လား”။ စူစူလေးက ခေါင်းလေးစောင်းကာ ဟွော်ထျင်းကို သံသယဖြင့် ကြည့်လိုက်ပါသည်။

… … …

အခန်း(၁၁၀) ညီမလေးတစ်ယောက် ရထားတာ ကောင်းလိုက်တာ

“ကျွန်တော် သူ့ကို ဘာမှ ဂရုမစိုက်ဘူး! လုံးဝ ဂရုမစိုက်ဘူး!”။ ဟွော်ထျင်းက ချက်ချင်း ငြင်းဆန်လိုက်ပြီး မျက်နှာလွှဲလိုက်ပါသည်။

“ငါ့ကို ဂရုစိုက်ရင် ပွင့်ပွင့်လင်းလင်းပြောပါ မရှက်ပါနဲ့!” စူစူလေးက ပြောလိုက်သည်။

ဟွော်ထျင်း မျက်နှာ နီရဲသွားသော်လည်း ဆက်ငြင်းနေဆဲ။ “မစိုက်ဘူး မစိုက်ဘူး! လုံးဝ ဂရုမစိုက်ဘူး!”

“ဟုတ်ပြီလေ။ ဂရုမစိုက်လည်း ထားလိုက်တော့”

စူစူလေး ဆက်မမေးချင်တော့ဘဲ အဘွားချင်း၏ လက်ကို တွဲလိုက်ပါသည်။ “မေမေ ရေသွားချိုးရအောင်~”

စူစူလေး ရေမိုးချိုးပြီး အိပ်တော့မှာဖြစ်ကြောင်း ကြားလိုက်ရသောအခါ ဟွော်ထျင်း အမြန် ပြန်လှည့်ကြည့်လိုက်ပါသည်။

“ဟဲ့နေဦး!” ဟွော်ထျင်းက စူစူလေးကို လှမ်းတားလိုက်သည်။

စူစူလေး ခြေလှမ်းရပ်လိုက်ပြီး သူ့ကို ကြည့်လိုက်၏။

“နင်… ငါ… အာ…” ဟွော်ထျင်း စကားတွေထစ်ပြီး စကားလုံး တစ်လုံး နှစ်လုံးသာ နှုတ်မှ ထွက်နိုင်သည်။

“မြန်မြန်ပြော! နင်အရမ်းနှေးတာ စိတ်ရှုပ်ဖို့ အရမ်းကောင်းတာပဲ!” စူစူလေးက စိတ်မရှည်စွာ ပြောလိုက်သည်။

စူစူလေး၏ တိုက်တွန်းသံကို ကြားသောအခါ ဟွော်ထျင်း ပြောချင်စိတ် ပျောက်သွားလေသည်။

“ဘာမှမဟုတ်တော့ဘူး! ဂွတ်နိုက်!”

ထိုသို့ပြောပြီးနောက် နောက်လှည့်ကာ ထွက်ပြေးသွားလေတော့သည်။ စူစူလေးကတော့ ဘာမှ နားမလည်ဘဲ ကြောင်စီစီ ကျန်ခဲ့သည်။

တော်တော် ထူးဆန်းတဲ့ ကောင်ပဲ!

“အဟမ်း--” အိမ်တော်ထိန်းလျို့ ချောင်းအနည်းငယ် ဟပ်လိုက်ပြီး ရင်ထဲမှာလည်း သက်ပြင်းချမိပါသည်။ သူတို့ သခင်လေး အရွယ်ရောက်လာလို့ ကောင်မလေးတွေ ပိုးပန်းရင်လည်း ဒီလိုပုံစံဖြစ်မနေပါစေနဲ့ဟု ဆုတောင်းမိသည်။ မဟုတ်ပါက တစ်သက်လုံး လူပျိုကြီးဘဝနဲ့ အရိုးထုတ်ရလိမ့်မည်။

--- --- ---

မနက်မိုးလင်းသောအခါ စူစူလေး အိပ်ရာနိုးလာပြီး ဟူကျစ်ကို ချီကာ အောက်ထပ်သို့ ဆင်းလာပါသည်။

အောက်ထပ်ကို ရောက်သောအခါ ခြံရှေ့မှ ဆူညံသံတွေကို ကြားလိုက်ရသည်။

“ဘာတွေဖြစ်နေတာလဲ”

“မြောင်~” ဟူကျစ်လည်း မသိပါ။

“သွားကြည့်ကြရအောင်~”

ဟူကျစ်ကို ပွေ့ချီလျက် စူစူလေး ခြံထဲ ဆင်းလာခဲ့ပါသည်။ ခြံရှေ့မှာ အလွန်ကြီးမားသည့် လူအုပ်ကြီးတစ်အုပ်ကို မြင်လိုက်ရလေသည်။

စူစူလေး ပြန်ပေးဆွဲခံရသည့် ကိစ္စနဲ့ ပတ်သတ်ပြီး ချင်းမိသားစုကို အင်တာဗျူးဖို့ ကြိုးစားနေကြသည့် ဂျာနယ်လစ်တွေ ဖြစ်ကြသည်။

သတင်းထောက်တချို့က စူစူလေးရဲ့ နောက်ကြောင်းကို ပိုမိုစုံစမ်းချင်နေကြသည်။ အကယ်၍ သူမသာ ချင်းမိသားစုရဲ့ သားတစ်ယောက်ယောက်မှ မွေးထားသည့် တရားမဝင် သမီးလေး ဖြစ်နေလျှင် သတင်းရေးလို့ ကောင်းမည်ဖြစ်သည်။

ချင်းမိသားစုမှာ သမီးမိန်းကလေး ရှိသည်ဟု တစ်ခါမှ မကြားဖူးပါ။

ယခု စူစူလေး ရုတ်တရက် ပေါ်ပေါက်လာမှုကြောင့် အားလုံး စိတ်ဝင်စားနေကြသည်။

စူစူလေးက ထိုလူတွေကို ဇဝေဇဝါဖြစ်စွာ ကြည့်လိုက်သည်။ သူတို့ ဘာတွေလုပ်နေကြတာလဲ သူမ မသိပါ။

“ဟိုမှာ ဟိုမှာ! အဲ့ဒီ ကောင်မလေး!”

လူအုပ်ထဲမှ တစ်ယောက်ယောက်က အော်လိုက်သည်။ ထို့နောက် ကင်မရာတွေက စူစူလေးဘက်ကို လှည့်လာပြီး လျှပ်စီးလက်သလို ကင်မရာမီးရောင်တွေနဲ့ တဖျပ်ဖျပ် ဓာတ်ပုံ ရိုက်ယူကြလေသည်။

ဆူညံသံတွေကို ကြားပြီး ချင်းရှင်းကျစ်လည်း အမြန်ရောက်လာကာ စူစူလေးကို ပွေ့ဖက်လိုက်ပြီး ကင်မရာ မီးရောင်တွေထံမှ ကာကွယ်ပေးလိုက်သည်။

“အစ်ကိုကြီး?”

“အပြင်ကို မကြည့်နဲ့။ လိမ္မာတယ်။ အထဲပြန်ဝင်ကြမယ်နော်”။ ချင်းရှင်းကျစ်က စူစူလေးကို သိမ်မွေ့စွာ ပြောလိုက်သည်။

ဘာမှ သိပ်မတွေးဘဲ စူစူလေးလည်း ခေါင်းငြိမ့်လိုက်ပါသည်။

ချင်းရှင်းကျစ် စူစူလေးကို ပွေ့ချီကြည့်ခါမှ သူမရဲ့ ခန္ဓာကိုယ် နူးနူးညံ့ညံ့လေးက သူ့သားတွေကို ပွေ့ဖက်ရသည့် ခံစားချက်နဲ့ လုံးဝ ကွာခြားနေမှန်း သိလိုက်ရပါသည်။

အနံ့လေးကလည်း မွှေး၊ ခန္ဓာကိုယ်လေးကလည်း နူးညံ့ပြီး အသံလေးကလည်း ချိုသာနေလိုက်တာ~ ပြီးတော့ ပျော်ပျော်နေတတ်ပြီး လိမ်လည်း လိမ္မာတယ်~ ညီမလေး တစ်ယောက် ပိုင်ဆိုင်ထားရတာ ကောင်းလိုက်တာ~

အိမ်ထဲ ရောက်တာတောင် ချင်းရှင်းကျစ် စူစူလေးကို မလွှတ်ပေးချင်သေးပါ။

“အစ်ကိုကြီး” စူစူလေးက ချင်းရှင်းကျစ်ကို အူတူတူ ကြည့်ကာ ခေါ်လိုက်ပါသည်။

“အား! ဘာမှ မဖြစ်ဘူး ဘာမှ မဖြစ်ဘူး”။ ချင်းရှင်းကျစ် စူစူလေးကို အမြန် အောက်ချပေးလိုက်ပြီး စိတ်နဲ့လူနဲ့ ပြန်ကပ်လိုက်ပါသည်။

ချင်းရှင်းကျစ်၊ ချင်းရှင်းကျစ် မင်းအသက်အရွယ် ဘယ်လောက်ရှိနေပြီလဲ?! တည်တည်ငြိမ်ငြိမ် ရင့်ရင့်ကျက်ကျက် နေစမ်းးပါ! ဆန်ကုန်မြေလေး သားတွေ သိသွားရင် မင်းကို လှောင်လိမ့်မယ်! မဖြစ်ဘူး မဖြစ်ဘူး ငါ့ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားမှ ရမယ်။ အသက် ၅၀ ကျော် ယောက်ျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းရမယ်!

“အစ်ကိုကြီး ဒီနေ့ ချောနေတယ်~” စူစူလေး မြှောက်ပင့် ပြောဆိုလိုက်သည်။

“တကယ်? ဒီနေ့ အဝတ်အစားဝတ်ထားတာ ကြည့်လို့ကောင်းလား။ အပြာရင့်ရောင် Suit က ငါနဲ့ လိုက်လို့လား”။ ချင်းရှင်းကျစ် ချက်ချင်း မျက်လုံးများ အရောင်တောက်သွားသည်။

“အွန်း! ချောတယ်!” စူစူလေးက အမြဲတမ်း ပွင့်ပွင့်လင်းလင်း ပြောတတ်သည်။ သူမ ချောသည်ဟု ထင်သည့် လူတွေကိုသာ ချောသည်ဟု ပြောတတ်သည်။

“ဟားဟားဟား ဒါဆို ကောင်းတာပေါ့~” ချင်းရှင်းကျစ် ပိုပျော်သွားသည်။

ချင်းရှင်းကျစ် စိတ်ရွှင်နေစဉ် အလွန် စိတ်သောက ရောက်နေသည့် လူတစ်ယောက် အိမ်ထဲ ပြေးဝင်လာသည်။

“အစ်ကိုကြီး!!! သတင်းမှာ သူတို့ပြောနေတာတွေ အမှန်ပဲလား?!”

All Chapters