အပြစ်တင်ခြင်း
Vol. 139 Ch. 2071
“ ငါလည်း အဲ့တာကို စိတ်ပူနေတာ…” လင်းဟန် ပြောလိုက်ပြီး “ အထက်က ဝေကျန်းလုံကို ဖမ်းဖို့ ကိစ္စနဲ့ ပတ်သက်ပြီး တော်တော်လေး အာရုံစိုက်နေတယ်… အခု သူ့လို ပေါ့တီးပေါ့ပြက် ပုံစံနဲ့ တကယ်လို့ တစ်ခုခု မှားယွင်းသွားရင် ဘယ်သူ့အတွက်မှ ကောင်းမှာ မဟုတ်ဘူး …”
“ အဲ့တာလည်း နည်းနည်းတော့ ဇဝေဇဝါ ဖြစ်စရာပဲနော်… တကယ်လို့ သူသာ အဲ့လို လူစားမျိုးဆိုရင် နင်တို့ ခေါင်းဆောင်တွေက ဒီလို တုံးအတဲ့ ဆုံးဖြတ်ချက်မျိုးကို ချမှတ်မှာလား ….” ကျန်းယွီ့လင် ပြောဆိုလိုက်သည်။
“ သူတို့ ဘယ်လိုတွေ စဉ်းစားနေလဲ ဘယ်သူက သိနိုင်မှာမို့လို့ …” လင်းဟန် ခပ်ထေ့ထေ့ မှတ်ချက် ပြုလိုက်၏။
“ အထက် ခေါင်းဆောင်က အမျိုးသမီးဆိုတော့ အဲ့ကောင်ကို ချောတယ်ထင်နေလို့လားမှ မသိတာ …” ကျောက်စု ပြောလိုက်သည်။
“ အဲ့လိုဆိုရင်တော့ တကယ်ပဲ ဖြစ်နိုင်ချေရှိတယ်…” ကျန်းယွီလင် ပြောလိုက်ပြီး “ ဒီနေ့ခေတ်မှာ ရုပ်ချောတာကလည်း အားသာချက် တစ်ခုပဲလေ… ဒါပေမယ့် သိပ်ပြီးမှလည်း ပူမနေပါနဲ့ဟယ် .. ဒီခု နင့်နေရာနဲ့ နင်လုပ်စရာရှိတာပဲလုပ် … တကယ်လို့ ဒီစစ်ဆင်ရေး ကျရှုံးသွားခဲ့ရင် သူပဲ တာဝန်ယူရမှာ … နင့်အတွက် ပိုတောင် အဆင်ပြေသေးတယ်…”
“ အမှန်ပဲ …” လင်းဟန် သဘောတူလိုက်ပြီး ရှည်ရှည်ဝေးဝေး ထပ်ပြောမလာတော့ချေ။
သို့သော်လည်းပဲ ဤကိစ္စကြောင့်တော့ အနည်းငယ် စိတ်အနှောင့်ယှက် ဖြစ်နေမိဆဲ ဖြစ်၏။
ကျုံးဝေ့တပ်ဖွဲ့၏ လူရွေးပွဲက မကြာခင် စတင်တော့မည် ဖြစ်ပြီး ဤအမှုတွင် ရွပ်ရွပ်ချွံချွံ စွမ်းဆောင်ပြ၍ သူမ၏ ရဲအရာရှိ အလုပ်အကိုင်ကို အဆုံးသတ်ချင်သည်။ တစ်စုံတစ်ရာ မှားယွင်းခဲ့မည် ဆိုပါက သူမအတွက် အရုပ်ဆိုးသည့် မှတ်တိုင် တစ်ခု ဖြစ်သွားလိမ့်မည်။
ထိုသို့ ဖြစ်မည်အား လင်းဟန် လက်သင့်မခံနိုင်ချေ။
သို့ပေမယ့်လည်း ကိစ္စရပ်တို့က ယခုလို အခြေအနေသို့ ရောက်ရှိလာသဖြင့် သူမ ကြိုပြောနိုင်တာ ဘာမျှ မရှိတော့ချေ။ တစ်ကြိမ်ကို ခြေတစ်လှမ်းပဲ လှမ်းဖို့သာ တတ်နိုင်တော့၏။
မကြာမီ ကားက တည်းခိုခန်းသို့ ရောက်ရှိလာခဲ့ပြီး လူတိုင်းက သူတို့၏ အထုပ်အပိုးများကို ချကာ ထပ်မံ၍ လူစုလိုက်ကြသည်။
“ ခေါင်းဆောင်လင်း … ငါက ရန်ကျင်းဘက်ခြမ်းက ဒီစစ်ဆင်ရေးအတွက် တာဝန်ခံပဲ … အရင်ဆုံး စားကြတာပေါ့ … ပြီးမှ စားရင်းနဲ့ ကိစ္စတွေ ဆွေးနွေးကြမယ် … ပါဝင်ပတ်သက်နေတဲ့ လူတိုင်းကို ငါတို့ အမိဖမ်းကြမယ်…” ဟောင်စုန့်ပိုင် ပြောဆိုလိုက်သည်။
“ ငါတို့ နောက်နေ့မှ ဆွေးနွေးရင်ကော မရဘူးလား …”
“ နောက်နေ့မှလား ….” ဟောင်စုန့်ပိုင် အံ့အားသင့်စွာ မေးမြန်းလာခဲ့ပြီး “ ခေါင်းဆောင်လင်းမှာ တခြား လုပ်စရာ ကိစ္စတွေ ရှိနေလို့လား …”
လင်းရီ ခေါင်းညိတ်လိုက်သည်။ “ ရန်ကျင်းမှာ ငါ့သူငယ်ချင်းတွေ ရှိတယ်လေ… ပြီးတော့ ဒီနေ့ ညစာအတူစားဖို့ ချိန်းထားတာ … ဒီတော့ နောက်နေ့မှ ပြောကြတာပေါ့ …”
ပြောဆိုပြီးနောက် လင်းရီသည် လီရှန်းဟွေ့ကို ကြည့်၍ “ ဒါမှမဟုတ် မင်း အစ်ကိုလီနဲ့ ဆွေးနွေးလို့လည်း ရတယ် … ငါဘေးထွက်နေလိုက်မယ်…”
လိုရင်းတိုရှင်း နှုတ်ဆက်စကား ပြောဆိုပြီးနောက်တွင် လင်းရီ တည်းခိုခန်းထဲက ထွက်ခွာလာခဲ့ပြီး လမ်းဘေး၌ တက္ကစီတစ်စင်း ငှား၍ သက်တောင့်သက်သာ အမူအရာနှင့် ထွက်ခွာသွားခဲ့သည်။
“ ဘာလား … သူက ဒီတိုင်းပဲ ထွက်သွားတယ်ပေါ့ …” ကျောက်စု ထေ့ငေါ့သည့် လေသံဖြင့် ပြောဆိုလိုက်၏။ လင်းရီ၏ အပြုအမူကို မနှစ်မြို့ဘဲ ဖြစ်နေသည်မှာ သိသာသည်။
မဟုတ်သေး။ စုန့်ကျန်း ရဲစခန်းရှိ လူတိုင်းက လင်းရီ၏ လုပ်ရပ်ကို မနှစ်မြို့ပဲ ဖြစ်နေကြသည်။
“ ခေါင်းဆောင်ဟောင် … လင်းရီက အမြဲအဲ့အတိုင်း ပေါ့ပေါ့ပါးပါးပဲ … တကယ်လို့ တစ်ခုခု ရှိတယ်ဆို ငါနဲ့ ဆွေးနွေးလည်း အတူတူပါပဲ …” လီရှန်းဟွေ့ အပြုံးလေးဖြင့် ပြောဆိုလိုက်သည်။
“ ဒါပေမယ့် ခေါင်းဆောင်လင်းရဲ့ သဘောထားက ….”
ရှင်းရှန်းရဲစခန်းရှိ လူတိုင်းလည်း ဘာပြန်ပြောလို့ ပြောရမှန်း မသိ ဖြစ်နေကြသည်။ လင်းရီ၏ အပြုအမူက တကယ်လည်း မသင့်လျော်သည်မှာ အမှန်ပင်။
“ စိတ်ပူမနေနဲ့ … လင်းရီက တကယ်တော်တဲ့လူပါ … သူ ငါတို့ ရုံးခွဲကို ရောက်လာတာ မကြာသေးဘူး … အမှုကြီးတွေ အများကြီးကိုတောင် ဖြေရှင်းခဲ့ပြီးပြီ … ဖမ်းဆီးမယ့် အစီအစဉ် အကြောင်း အရင် ဆွေးနွေးကြတာပေါ့ … သူ ပြန်လာမှပဲ ငါ အသိပေးလိုက်မယ်…”
“ အဲ့လိုပဲ လုပ်ရတော့မှာပဲ … လူတိုင်းလည်း ဒီမှာ ရှိနေကြတယ်ဆိုတော့ အချိန်အကြာကြီး ဆွဲနေရင် မကောင်းလောက်ဘူး …”
“ ဟုတ်တယ် ဟုတ်တယ်… ငါ ပြောချင်တာလည်း အဲ့သဘောပဲ …”
ထို့နောက် အုပ်စုမှာ တည်းခိုခန်းဘေးကပ်ရပ်ရှိ စားသောက်ဆိုင်သို့ သွားကာ ညစာ အရင် သုံးဆောင်လိုက်ကြသည်။
………
ထိုအချိန်တွင် တက္ကစီစီးနေသည့် လင်းရီသည် ရင်းနှီးနေသည့် ‘ကွေ’ လမ်းရှိ ပင်လယ်စာ စားသောက်ဆိုင်သို့ ရောက်ရှိလာခဲ့သည်။
နင်ချဲ့ ၊ ချိုးယွီလော့နှင့် ထောက်ချိန်တို့အားလုံးက သူ ရောက်လာမည်ကို စောင့်ဆိုင်းနေခဲ့ကြသည်။
“ လာခဲ့ … ငါတို့ အကုန် မင်းကို စောင့်နေကြတာ …”
လင်းရီ ရောက်လာသည်ကို မြင်တော့ ထောက်ချိန် နွေးထွေးစွာ ကြိုဆိုလိုက်သည်။
“ အင်း … ကျုပ်က စစ်ဆင်ရေးကို ဦးဆောင်ရမယ့် ခေါင်းဆောင်ဆိုတော့ တချို့ ကိစ္စလေးတွေ လုပ်နေတာနဲ့ နည်းနည်းနောက်ကျသွားတယ်ဗျာ …”
ထိုင်ချပြီးနောက် လင်းရီ ဘီယာပုလင်းအား ဖွင့်ကာ အားပါးတရ တစ်ကျိုက်သောက်လိုက်ရင်း လည်ချောင်းရှင်းလိုက်၏။
“ ငါတော့ မလေးစားဘဲ မနေနိုင်ဘူး … မင်းမှာ ကိုယ်ပိုင် ကုမ္ပဏီလည်း ရှိတယ် .. အဲ့တာက ပေါ့သေးသေးလည်း မဟုတ်ဘူး… ဒါတောင် အခု ရဲအရာရှိ လုပ်နေလိုက်သေးတယ် …”
“ ဒီတိုင်း အချိန်တချို့ ဖြုန်းရုံသပ်သပ်ပါပဲ … မဟုတ်ရင် ကျုပ် ပျင်းပြီး သေသွားလိမ့်မယ်…” လင်းရီ ရယ်မောလိုက်ပြီး ထို့နောက် ချိုးယွီလော့ဘက်သို့ ကြည့်လိုက်သည်။
“ ငါမင်းကို ပြောထားတဲ့ ဝေလုံကျန်း အကြောင်းရော ရှာပြီးပြီလား ….”
“ ရှာပြီးတာ ကြာပေါ့ … ဒါပေမယ့် ဒီရက်ပိုင်းထဲ အလုပ်များနေတာနဲ့ နင့်ဆီ ပြောပြဖို့ မေ့သွားတာ …” ချိုးယွီလော့ တည်ငြိမ်အေးဆေးစွာ ဆိုလိုက်သည်။ “ သူက ဒီတိုင်း မူးယစ်ဆေး ရောင်းတာ ကျွမ်းတဲ့ အသေးအမွှားလေးပါပဲ … ဘာမှ ထွေထူးလည်း မရှိဘူး … မနက်ဖြန်ကျရင် ဗီယက်နမ် ကုန်တင်သင်္ဘောက ကုန်တွေ ပို့လာမယ်… အဲ့မှာ နင် သွားဖမ်းလိုက်ရင် တစ်ချက်တည်း ပွဲသိမ်းပြီ .. အသေးစိတ်ကိုတော့ နင့်ဖုန်းထဲ ပို့ထားပေးမယ်…”
( ရှေ့မှာ 'ယွဲ့နန်သား'ဆိုပြီး ကျနော်သုံးခဲ့ပါတယ်။ တကယ်တော့ အဲ့တာက တရုတ်အသံထွက်ပါဗျ။ ဘာသာပြန်ရရင် ဗီယက်နမ်သားပါ။ )
ချိုးယွီလော့၏ သတင်းစုဆောင်းရေးနှင့် ပတ်သက်၍တော့ လင်းရီ ယုံကြည်ချက် အပြည့်ရှိသည်။ ကျုံးဝေ့တပ်ဖွဲ့၏ ထောက်လှမ်းရေး အဖွဲ့က အထင်သေးလို့ မရတဲ့ထဲပါသည်။
“ နောက်တစ်ခု ရှိသေးတယ်…” လင်းရီ ပုစွန်ကို ခွာ၍ မြည်းရင်း ပြောလိုက်ပြီး “ မင်း အရင်တစ်ခါက ဘော့စ်လျို ငါနဲ့ တွေ့ချင်တယ် ပြောတယ်မလား … ဘာကိစ္စလဲ သိပြီလား …”
“ ဟင့်အင်း … ငါမသိဘူး …” ချိုးယွီလော့ ပြောလိုက်ပြီး “ အဲ့တုန်းက သူပြောတာ နင် အားရင် တစ်ချက်လောက် လာခဲ့ပါတဲ့ … အဲ့ကတည်းကရင် ငါ့ကို သတိလည်း မပေးသလို ဘာမှလည်း ထပ်မပြောတော့ဘူး … နင် မနက်ဖြန် အားတယ်ဆို တစ်ချက် သွားကြည့်ကြည့်လေ … ဝေကျန်းလုံ ကိစ္စကိုတော့ နင် အလုပ်ရှုပ်တယ်ထင်ရင် ငါတို့ ကူဖမ်းပေးလို့ ရတယ်…”
“ အဲ့လို လုပ်ဖို့ မလိုဘူး … သူ့လို အသေးမွှားလေးလောက်ကတော့ ပါးပါးလေးပဲ …”
“ အင်း .. ဟုတ်တယ်…”
ထို့နောက် လင်းရီတို့ လေးဦးလုံး ကျုံးဝေ့တပ်ဖွဲ့၏ လူသစ် ခေါ်ယူမည့် ကိစ္စနှင့် စပ်လျဉ်းပြီး စကားတွေ အများကြီး ပြောဆိုနေခဲ့ကြသည်။ ထို ညအရက်ဝိုင်းက ည ဆယ့်တစ်နာရီ ထိုးသည့် အချိန်မှသာ ပြီးဆုံးသွားခဲ့လေသည်။
စားသောက်ဆိုင်ထဲက ထွက်လာခဲ့ပြီးနောက် လေးဦးမှာ ကိုယ်စီ လမ်းခွဲလိုက်ကြသည်။
ချိုးယွီလော့နှင့် ထောက်ချိန်က အတူ ထွက်ခွာသွားပြီး လင်းရီနှင့် နင်ချဲ့တို့ကတော့ ပန်ဂုဟိုတယ်သို့ ဦးတည်လိုက်ကြ၏။
ညဉ့်နက်အချိန်ကို ထိုနေရာတွင် ကုန်ဆုံးခဲ့ကြသည်။
………
နောက်တစ်နေ့ နံနက်ခင်း ၊ ခုနစ်နာရီဝန်းကျင်တွင် လီရှန်းဟွေ့နှင့် အခြားသူတို့က တဖြည်းဖြည်းချင်း အိပ်ရာက နိုးလာခဲ့ကြသည်။ သူတို့ လင်းရီ၏ အခန်းဘက်သို့ သွားကြည့်ရာ သကောင့်သားက ညပြန်မလာသည်ကို သတိပြုမိလိုက်ကြသည်။
“ ဒီကောင်ကတော့ တကယ်ပါပဲ .. ရန်ကျင်းရောက်တာနဲ့ ပျောက်သွားလိုက်တာများ လှစ်ခနဲကို နေတာပဲ …” ကျန်းဟွေ့ မြည်တွန်တောက်တီးမိလိုက်၏။
“ ကျုပ်ကတော့ သူ့ အွန်လိုင်းရည်းစားနဲ့ သွားချိန်းတယ်ဆိုတာ ရဲရဲကြီး လောင်းကြေးထပ်ရဲတယ်…” ကျူးကျွင်းချီ ပြောလိုက်သည်။
“ တော်ပြီ .. ထားလိုက်တော့ …” လီရှန်းဟွေ့ လက်ကာပြလိုက်ပြီး “ ရေမိုးချိုးပြီး မနက်စာ အရင် စားကြစို့ … သူ ခဏနေ ပြန်လာလိမ့်မယ်…”
ရှန်းရှန်း ရဲစခန်းရှိ လူများအားလုံး ခေါင်းညိတ်၍ သူတို့၏ ကိုယ်စီ ကိစ္စများအား သွားရောက်လုပ်ဆောင်ကြတော့သည်။
သို့သော် မနက်ခင်း ကိုးနာရီအချိန်၊ သူတို့ အကုန်လုံး မနက်စာ စားပြီးသည့်တိုင် လင်းရီက ပြန်ရောက်လာမည့် အရိပ်အယောင်တို့ ထွက်ပေါ်မလာချေ။ လူတိုင်း စတင်၍ ဂနာမငြိမ် ဖြစ်လာကြတော့သည်။
“ ကပ္ပတိန်လီ … ဒီလောက် နောက်ကျနေပြီကို လင်းရီက အခုထိ ပေါ်မလာသေးဘူးလား … သူ ဘာတွေ လုပ်နေတာလဲတဲ့ …” လင်းဟန် မနေနိုင်ဘဲ မေးမိတော့သည်။
“ ခဏ … ငါ ဒီကောင့်ကို ဖုန်းတစ်ချက် ဆက်လိုက်ဦးမယ်…”
အခြေအနေ သိပ်မဟန်သည်ကို သိတော့ လီရှန်းဟွေ့ ဖုန်းထုတ်၍ လင်းရီကို ဆက်သွယ်လိုက်သည်။
“ ဟယ်လို …”
သို့သော် တစ်ဖက်က ဖုန်းကိုင်လာသည့်လူမှာ လင်းရီ မဟုတ်ပါဘဲ လေးတွဲ့တွဲ့ အသံနှင့် နင်ချဲ့ ဖြစ်နေခဲ့၏။
ဖုန်းကိုင်သည့် လူက လင်းရီ မဟုတ်သည်ကို သိတော့ လီရှန်းဟွေ့ တုံ့ဆိုင်းသွားခဲ့ပြီး သူ နံပါတ်မှား မှားယွင်းနှိပ်မိသွားလားဟု သံသယ ဝင်သွားခဲ့ရကာ ဖုန်းအား နားနှင့် ခွာ၍ နောက်တစ်ကြိမ် ပြန်စစ်ကြည့်လိုက်၏။ ဖုန်းမမှားပေ။
“ လင်းရီနဲ့ ဖုန်းပြောချင်လို့ပါ …”
“ သူ အခု အိပ်နေလို့ ခဏမှ ထပ်ခေါ်လိုက်နော်…”
နင်ချဲ့ ရှည်ရှည်ဝေးဝေး စဉ်းစားမနေဘဲ ပြောပြီးသည်နှင့် ချက်ချင်း ဖုန်းချပစ်လိုက်၏။
ဖုန်းချသွားသည့် တတီတီ မြည်သံကို နားထောင်ရင်း လီရှန်းဟွေ့ ကူကယ်ရာမဲ့စွာဖြင့် ကျန်သူများ ဘက်သို့ လှည့်ရင်း “ ကောင်မလေး တစ်ယောက် ဖုန်းကိုင်လာတယ် … လင်းရီ အိပ်နေတယ် ပြောပြီး ဖုန်းချသွားတာပဲ ….”
“ ကောင်မလေး တစ်ယောက် ဟုတ်လား …” ကျောက်စု ဒေါပုံတကြီး ဖြစ်စွာဖြင့် “ ဒီလို အချိန်မျိုးမှာတောင် ကောင်မလေးတွေနဲ့ အလေလိုက်နေသေးတယ်… ဒါ တာဝန်မသိတာပဲ ….”
အခြားသူများ၏ စွပ်စွဲမှုနှင့် ရင်ဆိုင်လိုက်ရတော့ လီရှန်းဟွေ့လည်း ဘာပြန်ပြောလို့ ပြောရမှန်း မသိ ဖြစ်သွားခဲ့ရသည်။ မည်သို့ပင်ဆိုစေ ဤကိစ္စတွင် မှားယွင်းသည့်လူက လင်းရီ ဖြစ်နေခဲ့လေသည်။
ကလင် ကလင် ကလင် ..
ထိုအချိန်မှာပဲ လီရှန်းဟွေ့၏ ဖုန်းသံ ပြန်မြည်လာခဲ့၏။
လင်းရီ ပြန်ခေါ်လာခြင်းပင်။